feature-image

FFP မချိုးဖောက်ပဲ ကစားသမားသစ်တွေ ထပ်မံဝယ်ယူနိုင်သေးတဲ့ ‘ချယ်လ်ဆီး’

အဲဗာတန်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်အပြီးတွင် နည်းပြမော်ရစ္စစီယို ပိုချက်တီနို က ချယ်လ်ဆီးအသင်းမှာ လာမည့်အပြောင်းအရွှေ့ရာသီတွင် ကစားသမားသစ်များ ထပ်မံခေါ်ယူဖို့ လိုအပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပေါ် အံ့အားသင့်သူများပြားခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ တော့ဒ် ဘိုလေး နှင့် ဘီဒက် အက်ဂ်ဘာလေ တို့ အသင်းကိုဝယ်ယူပြီးနောက်ပိုင်း ကစားသမား အပြောင်းအရွှေ့အတွက် စတာလင်ပေါင် (၁) ဘီလီယံကျော် အကုန်အကျခံ ဖြည့်တင်းခဲ့သည်.။ ထို့အပြင် အသင်းမှဝယ်ယူခဲ့သည့် ကစားသမားအများစုမှာ အသက် (၂၅) နှစ်အောက်အရွယ် လူငယ်ကစားသမားများဖြစ်ပြီး နှစ်ရှည်သက်တမ်း စာချုပ်များနှင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်…။ သို့သော် အတွေ့အကြုံရင့်ကျက်မှုပိုင်းတွင် အားနည်းမှုကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲများတွင် လုံလောက်သည့် ယှဉ်ပြိုင်နိုင်စွမ်းကို မပြသနိုင်ပဲ လာမည့်ရာသီ ဥရောပပြိုင်ပွဲ ဝင်ရောက်ခွင့်အတွက် အခက်အခဲရှိနိုင်မည့် အလားအလာ ရှိနေခဲ့သည်..။

သို့သော်ဘောလုံးအားကစား ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင် ကီရန် မက်ဂွိုင်းယား က ချယ်လ်ဆီးအသင်းမှာ လာမည့်အပြောင်းအရွှေ့ကာလတွင် ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းသတ်မှတ်ချက်များကို (finanicial fiar play- FFP) ချိုးဖောက်ခြင်းမရှိပဲ ကြီးမားသည့် ငွေကြေးသုံးစွဲမှုများကို ဆက်လက်ပြုလုပ်စွမ်း ရှိနေကြောင်းကို အောက်ပါအတိုင်း ပြောကြားခဲ့သည်..။

“ချယ်လ်ဆီးနဲ့ ပတ်သက်ရင် လူတွေအားလုံးက ကစားသမားအဝယ် ‘ကြမ်း’ တဲ့ အသင်းအဖြစ်ပဲ မြင်ကြပါတယ်..။ တကယ်တော့ ချယ်လ်ဆီးအသင်းဟာ ကစားသမားအရောင်းနဲ့ ပတ်သက်ရင် ပရီးမီးယားလိဂ်မှာ အအောင်မြင်ဆုံးအသင်း ဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ (၁၀) နှစ်အတွင်းက ချယ်လ်ဆီးအသင်းရဲ့ ကစားသမား ရောင်းရငွေစုစုပေါင်းကို FFP စည်းမျဉ်းတွေအတိုင်း တွက်ချက်ကြည့်ရာမှာ စတာလင်ပေါင် (၇၀၆) သန်း ရှိပါတယ်..။

အဲဒီပမာဏဟာ ကစားသမား ရောင်းချရာမှာ ဒုတိယအအောင်မြင်ဆုံးဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ ကစားသမား အရောင်းကနေ စတာလင်ပေါင် (၃၈၇) သန်းပဲ ရရှိခဲ့တာကြောင့် ချယ်လ်ဆီးရဲ့ တစ်ဝက်လောက်ပဲ ရှိသလို မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကစားသမားအရောင်းကနေ စတာလင်ပေါင် (၁၃၃) သန်းပဲ ရရှိခဲ့ပါတယ်…။

အဲဒီကစားသမား ရောင်းချထားရတဲ့ စာရင်းရှိဝင်ငွေတွေဟာ ချယ်လ်ဆီးအသင်းကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ အခွင့်အရေးတွေကို ရရှိစေပါလိမ့်မယ်..။”

သို့သော်နည်းပြမော်ရစ္စစီယို ပိုချက်တီနို အနေဖြင့် လာမည့်အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူပေးရန် တောင်းဆိုနိုင်ဖွယ် မရှိသလို ယခင်အပြောင်းအရွှေ့ ကာလများကဲ့သို့ ကစားသမား အဝင်အထွက် များပြားနိုင်ဖွယ်မရှိကြောင်း ခန့်မှန်းနေကြသည်..။