အာဂျင်တီးနား နည်းပြကြီး မော်ရစ္စစီယို ပိုချက်တီနို မှာ ချယ်လ်ဆီးအသင်း Official website နှင့် မကြာသေးမီက ပြုလုပ်ခဲ့သော တွေ့ဆုံခန်းတွင် အသင်းပရိသတ်အပေါ် သူ၏သဘောထား၊ ကစားသမားတစ်ဉီးချင်းစီနှင့် ဆက်ဆံရေးကောင်းမွန်မှု အရေးပါပုံနှင့် အာဆင်နယ်အသင်းနှင့်ပွဲမှ စတင်မည့် ပွဲကြပ်များအပေါ် သူ၏မျှော်လင့်ချက်များကို ယခုလိုပြောပြခဲ့ပါသည်..။
မေး - မော်ရစ္စစီယို ရေ.. ပထမဆုံးမေးချင်တာက အခုဆိုရင် ခင်ဗျားတို့ဟာ သုံးပွဲဆက်တိုက် အနိုင်ရခဲ့ပြီဆိုတော့ အသင်းသားတွေအချင်းချင်းကြားက ယုံကြည်မှု (belief)၊ တစ်ဉီးချင်းစီရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု (confidence) ပိုင်းတွေမှာ ဘာတွေအပြောင်းအလဲ ရှိသွားခဲ့လဲ..?
“နိုင်ပွဲတွေဟာ ကျွန်တော်တို့တွေအတွက် တစ်ဉီးချင်းစီရော၊ အသင်းလိုက် ယုံကြည်မှုတွေကို ပိုမိုရရှိစေသလို ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်၊ လုပ်ငန်းတွေဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတာ အနိုင်ရလဒ်တွေဟာ ရောင်ပြန်ဟပ်စေပါတယ်..။ ဒါ့အပြင်ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှု ပိုမိုရရှိစေလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်..။
အခုထက်ပိုပြီး တိုးတက်လာအောင် ကျွန်တော်တို့ ကြိုးစား၊ ဆောင်ရွက်ရဉီးမယ့် လုပ်ငန်းတွေအများကြီး ရှိနေပါသေးတယ်…။ ဒါပေမယ့် အရင်လအတွင်းက ရရှိခဲ့တဲ့ သုံးပွဲဆက်တိုက် အနိုင်ပွဲရလဒ်တွေဟာ လျှောက်လှမ်းရမယ့် အနာဂတ်လမ်းကြောင်းအတွက် အရေးပါတဲ့ တွန်းအားတွေလို့ ယူဆပါတယ်..။ ပရိသတ်တွေရဲ့ ထင်မြင်ချက်၊ ယူဆချက်တွေဟာ ကျွန်တော်တို့အတွက်၊ အသင်းအတွက် သိပ်ကိုအရေးကြီးပါတယ်..။ ကစားသမားတွေအနေနဲ့ ပရိသတ်ဟာ သူတို့ကိုအမြဲတမ်း ထောက်ခံ၊ အားပေးနေတယ်.. ဆိုတဲ့ ခံစားချက်ရရှိနေလို့ လိုအပ်ပါတယ်..။
ဒါပေမယ့် ချယ်လ်ဆီးပရိသတ်တွေဟာ ကျွန်တော်တို့ရလဒ်တွေ ဆိုးရွားနေချိန်မှာတောင် အမြဲတမ်းထောက်ခံ အားပေးနေပြီး အသင်း၊ ကစားသမားတွေရဲ့နောက်မှာ အမြဲတမ်းရှိနေခဲ့တာဟာ တကယ့်ကို မယုံကြည်နိုင်စရာပါပဲ..။ သူတို့တွေရဲ့ ဝေဖန်မှုတွေဆိုတာ အသင်းအပေါ် ချစ်မြတ်နိုးစိတ်အပြည့်နဲ့ ဂရုဏာဒေါဿောကြောင့် ခံစားချက်တွေ မြိုသိပ်မထားနိုင်ဖို့ ပွင့်ထွက်လာတဲ့ တုံ့ပြန်မှုတွေ ဖြစ်ပါတယ်..။ အဲဒီလိုဝေဖန်မှုတွေ၊ ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့အပေါ် ဂရုစိုက်လို့၊ အသင်းရဲ့ရလဒ် အကောင်းဆုံး ဖြစ်စေချင်လို့ ပြောကြားကြတာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ ပရိသတ်တွေရဲ့ စကားတစ်ခွန်းစီကို အကောင်းဆုံး ကျိုးနွံစွာနဲ့ နာခံပါတယ်..။
အခုတစ်ကြိမ် နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ တကယ့်ပွဲကြီးပွဲကောင်းတွေ အများကြီးယှဉ်ပြိုင်ရတော့မှာပါ..။ အဲဒီပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ဆောင်ယူနိုင်ဖို့ဆိုရင် ပရိသတ်ကြီးရဲ့ ထောက်ခံအားပေးမှုနဲ့ တခဲနက်ပံ့ပိုးမှုတွေ ရရှိဖို့လိုအပ်ပါတယ်..။”
မေး - အခုလက်ရှိအသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျေနပ်မှုရှိရဲ့လား..? ဘယ်လိုနေရာတွေမှာ တိုးတက်မှုရှိဖို့ လိုအပ်နေသေးတယ်လို့ ထင်မြင်မိပါလဲ..?
“အသင်းရဲ့လက်ရှိ စွမ်းဆောင်ရည်အပေါ် ကျေနပ်မိပါတယ်..။ သူတို့ဟာ ကောင်းမွန်တဲ့ခြေစွမ်းတွေ ပြသနေသလို ဂိုးတွေအများကြီး ခွင့်ပြုနေရတာ မရှိတော့ပါဘူး..။ ဒါ့အပြင် သွင်းဂိုးတွေ ပြန်လည်ရရှိနေသလို အသင်းရဲ့ ကွင်းလယ်ပိုင်း အချိတ်အဆက် ပိုမိုကောင်းမွန်လာတယ်…၊ နားလည်မှု ပိုကောင်းလာတယ်လို့ ထင်မိပါတယ်..။ ဒါ့အပြင် ကိုးလ် ပါးမား ဟာ ကွင်းလယ်နဲ့ တိုက်စစ်ကို အကောင်းဆုံး ချိတ်ဆက်ပေးနိုင်တဲ့ ကစားသမားအဖြစ် စွမ်းဆောင်ပြနေတာကို သတိပြုမိပါတယ်..။
ကျွန်တော်တို့ဟာ သူ့ကိုအသင်းရဲ့ ညာတောင်ပံ ကစားသမားအဖြစ် နေရာချထားခဲ့တယ်.. ဆိုပေမယ့် သူ့ကိုကွင်းထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှား၊ ကစားခွင့် ပေးထားပါတယ်..။ သူဟာ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကြောင်းနဲ့ ကွင်းလယ်ကြားက နေရာလွတ်တွေကို (between the lines) အကောင်းဆုံး အသုံးချ၊ လှုပ်ရှားနိုင်တဲ့သူ ဖြစ်သလို အသင်းရဲ့လိုအပ်ချက်တွေကို တမဟုတ်ချင်းသိရှိတယ်..၊ ဖြည့်ဆည်းပေးနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။ ဒါ့အပြင် သူ့ရဲ့ရွှေ့လျားမှု၊ လှုပ်ရှားမှုတွေကို ပြိုင်ဘက်နောက်ခံလူတွေအနေနဲ့ ကြိုတင်ခန့်မှန်းနိုင်ဖို့ (unpredictable) မလွယ်ပါဘူး..။ ဘောလုံးပွဲတစ်ပွဲမှာ ကိုယ့်အသင်းရဲ့ တိုက်စစ်လမ်းကြောင်းကို ပြိုင်ဘက်အသင်းက ခန့်မှန်းဖို့မလွယ်တာ အကောင်းဆုံးပါ..၊ သူဟာပြိုင်ဘက်အသင်း ခန့်မှန်းလို့မရနိုင်တဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖန်တီးပေးနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။”
မေး - ကော်နာ ဂါလက်ချာ နဲ့ ပတ်သက်ပြီး နည်းနည်းမေးချင်ပါတယ်..။ သူဟာခင်ဗျားတို့အသင်းရဲ့ ကွင်းလယ်တိုက်စစ်ပိုင်းမှာ ဘယ်လိုနည်းနဲ့ ပံ့ပိုးမှုတွေ ပေးနေလဲ..? ဆိုတာ ပြောပြပေးနိုင်မလား..?
“ကော်နာ ဟာ တစ်ကွင်းလုံးအနှံ့ မနားတမ်းပြေးလွှားနေနိုင်ပြီး လုပ်အားနှုန်း အထူးကောင်းမွန်တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်အသင်းမှာ သူ့ရဲ့အခန်းကဏ္ဍ အရမ်းကြီးမားသလို ခံယူချက်နဲ့ စိတ်ဓါတ်ပိုင်း အထူးကောင်းမွန်တယ်..၊ အသင်းအတွက် အစွမ်းကုန်ပေးဆပ် ကစားတဲ့သူလည်း ဖြစ်ပါတယ်..။ နောက်ပြီးသူဟာ ကွင်းလယ်မှာ နေရာစုံ ကစားပေးနိုင်တဲ့သူ ဖြစ်တာကြောင့် ‘No.10’ အဖြစ်နဲ့ရော၊ ‘No.8’ နေရာ၊ ‘No.6’ နေရာတွေမှာ ရွှေ့လျား၊ ကစားပေးနေတာကို တွေ့ရမှာပါ..။
သူဟာ box to box ကွင်းလယ် ကစားသမားအဖြစ် အတက်အဆင်းလုပ်.. ကစားပေးနိုင်ပြီး ခံစစ်ကိုလည်း ကူနိုင်တယ်..၊ တိုက်စစ်မှာလည်း အကောင်းဆုံး ပံ့ပိုးနိုင်တယ်..၊ အဆုံးသတ်ဂိုးသွင်းနိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်..။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲစဉ်မှာဆိုရင် ကော်နာ ဟာ ရာဟင်း စတာလင်း အတွက် တိတိကျကျ ဖန်တီးပေးလိုက်နိုင်တာကို ခင်ဗျားတို့တွေ့လိုက်မှာပါ..။ သူဟာကျွန်တော်တို့အသင်းကို အကောင်းဆုံး ကြိုးစားပေးဆပ်နေတဲ့သူလည်း ဖြစ်တာကြောင့် သူ့ရဲ့ခြေစွမ်းအပေါ် အထူးကျေနပ်ပါတယ်..။”
မေး - ဟုတ်ကဲ့ပါ..။ ကစားသမား တစ်ဉီးချင်းစီရဲ့ အသေးစိတ်တွေကအစ အားလုံးသိရှိအောင် ကြိုးစားပြီး တစ်ဉီးချင်းစီရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ရရှိလာအောင် ပံ့ပြင်၊ ထိမ်းကြောင်းတတ်တဲ့ ခင်ဗျားရဲ့ ကစားသမား အုပ်ချုပ်မှုပုံစံ (man management) အကြောင်းကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါသေးတယ်..။ ပြီးခဲ့တဲ့လတွေဟာ အသင်းရလဒ်တွေ ဆိုးရွားနေချိန်မှာ ခင်ဗျားအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ၊ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်.. ဆိုတာ ပြောပြပေးနိုင်မလား..?
“စိန်ခေါ်မှုတွေ၊ အခက်အခဲတွေဆိုတာ အမြဲတမ်းရှိနေမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အသင်းဟာ ငယ်ရွယ်တဲ့ လူငယ်ကစားသမား အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ အသင်းသစ်တစ်သင်း ဖြစ်နေတာကြောင့်ပါပဲ..။ ကစားသမားတွေတွေဟာ သူတို့အချင်းချင်းလည်း တစ်ယောက်အကြောင်းတစ်ယောက် သေသေချာချာ သိထားရပါလိမ့်မယ်..။ အဲဒီအခက်အခဲမျိုးကို ကျော်ဖြတ်နိုင်ဖို့ အချိန်ပေးရမှာ ဖြစ်တဲ့အပြင် လေ့ကျင့်ခန်းအစီအစဉ်တွေ အထပ်ထပ်အခါခါ ပြုလုပ်ရင်းနဲ့ပဲ ရင်ဆိုင်ရပါမယ်..။
အသင်းမှာ လေ့ကျင့်ခန်း အစီအစဉ်တွေဟာ သိပ်ကိုအရေးကြီးပါတယ်..။ လေ့ကျင့်ခန်းအစီအစဉ်တွေကနေ အသင်းရဲ့လိုအပ်ချက်ကို သိရှိနိုင်မယ်..၊ အသင်းရဲ့လိုအပ်ချက်တွေကို ပြောပြနိုင်ပါမယ်..။ အဲဒီလိုအပ်ချက်တွေကို ကျော်လွှားနိုင်ဖို့ဆိုတာလည်း အချိန်ပေးဖို့ လိုအပ်တာပါပဲ..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ စိတ်အေးအေးထားနိုင်ရမယ်..၊ အသင်းသားတွေအားလုံး တစိတ်တဝမ်းထဲ ရှိနေရပါမယ်..။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသင်းတစ်သင်းအနေနဲ့ ပိုပြီးတိုးတက်လာတယ်လို့ ခံစားမိပါတယ်..။ အခုလက်ရှိအချိန်မှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ၊ ခြေစွမ်းအတက်အကျတွေ ရှိနေတယ်ဆိုပေမယ့် မကြာတော့မယ့်အချိန်မှာ ကောင်းမွန်တဲ့ အသီးအပွင့်တွေ စတင်ခံစားရလိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။ ကျွန်တော်တို့ဟာ အဲဒီလိုကောင်းမွန်တဲ့ အသီးအပွင့်တွေကို အောင်မြင်မှုတွေအထိ ဆက်လက်သယ်ဆောင် သွားနိုင်ရပါလိမ့်မယ်..။”
မေး - ကစားသမားတွေနဲ့ တစ်ဉီးချင်းဆက်ဆံမှု ကောင်းမွန်ခြင်းဟာ နည်းပြတစ်ယောက်အတွက် ဘယ်လောက်အရေးပါတယ်လို့ ထင်မိပါလဲ..? ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားဟာ ကစားသမား တစ်ယောက်ချင်းစီနဲ့ အရမ်းကိုရင်းနှီး ကျွမ်းဝင်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်တာကို သတိပြုမိတာကြောင့် ဖြစ်ပါတယ်..။
“ဒီနေ့ခေတ် လူငယ်ကစားသမားတွေဆီမှာ တောင်းဆိုမှုတွေ အရမ်းများပါတယ်..။ ဒါ့ကြောင့်သူတို့တွေဟာ အသင်းမှာ သက်တောင့်သက်သာနဲ့ ကစားနိုင်ပြီး ယုံကြည်မှုအပြည့် ရှိနေဖို့ဆိုရင် သူတို့ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မယ့်၊ အကောင်းဆုံး အကူအညီပေးနိုင်မယ့်သူတွေ၊ သူတို့အတွက်အချိန်ပေးနိုင်တဲ့သူတွေ အနားမှာရှိနေဖို့ လိုအပ်ပါတယ်..။ ကစားသမားတွေ လိုအပ်တဲ့အထောက်အပံ့တွေ အမြဲတမ်း ပေးအပ်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ နည်းပြအဖွဲ့ဝင်တွေရဲ့ ကြီးမားတဲ့တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်..။”
မေး - ခင်ဗျားဟာ အင်ဇို ဖာနန်ဒက်စ် နဲ့လည်း ဆက်ဆံရေးအရမ်းကို ကောင်းမွန်နေတာ တွေ့ခဲ့ရပါတယ်..။ သူဟာခင်ဗျားနဲ့ ဇာတိမြေ အာဂျင်တီးနားသားချင်း အတူတူဖြစ်နေတာကလည်း အကြောင်းရင်းတစ်ချက်အနေနဲ့ ပါဝင်ခဲ့လား..?
“No.. မဟုတ်ပါဘူး..။ ကျွန်တော်နဲ့ အင်ဇို ဟာ တစ်နိုင်ငံတည်းသား ဖြစ်နေတာကြောင့် ဘာသာစကား၊ ဆက်သွယ်မှု ကောင်းမွန်ခဲ့တာ မှန်ပေမယ့် ကျွန်တော်တို့ နည်းပြတွေအနေနဲ့ ကစားသမားတိုင်းနဲ့ ဆက်ဆံရေး ကောင်းမွန်နေဖို့ လိုအပ်ပါတယ်..။ သူနဲ့တစ်ယောက်ထဲ ထူးခြားပြီးကောင်းမွန်နေလို့ မရပါဘူး..။”
မေး - အခုယှဉ်ပြိုင်နေတဲ့ နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးသွားရင် ခင်ဗျားတို့ဟာ အသင်းကြီးတွေနဲ့ ဆက်တိုက် ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်..။ ပထမဆုံးရင်ဆိုင်ရမယ့်ပွဲစဉ်က အာဆင်နယ်အသင်းနဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဒီနှစ်သင်းကြားက ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ အစဉ်အလာ လန်ဒန်ဒါဘီ ပွဲစဉ်ဆိုတဲ့ နောက်ခံအချက်အလက်အပေါ် ခင်ဗျားအနေနဲ့ ဘယ်လိုယူမိလဲ မသိဘူး..?
“သိပ်ကိုပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကိုယ့်ရဲ့အသင်းကို သဲကြီးမဲကြီး အားပေးကြမယ့် ပရိသတ်ကြီးကို အရင်ဆုံးရင်ဆိုင်ရပါမယ်..။ ဒါပြီးရင်လက်ရှိအချိန်မှာ ခြေစွမ်းကောင်းတွေရနေတဲ့ အသင်းကြီးတစ်သင်းနဲ့ ရင်ဆိုင်ရမှာပေါ့ဗျာ..။ သူတို့အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ သိပ်ကိုကောင်းမွန်တဲ့ အသင်းကောင်းတစ်သင်းအဖြစ် တိုးတက်လာခဲ့ပြီး မီခေးလ် အာတီးတာ ကလည်း တကယ့်နည်းပြကောင်း တစ်ယောက် ဖြစ်ပါတယ်..။ သူဟာကျွန်တော်နဲ့ အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်တာနဲ့အညီ သူ့ရဲ့အကြောင်းကို ကျွန်တော်ကောင်းကောင်းသိထားပါတယ်…။
အခုနောက်ပိုင်း ဘောလုံးရာသီတွေမှာ သူတို့အသင်းဟာ ခြေစွမ်းကောင်းတွေ ပြသနေသလို အခုဆိုရင် တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတွေကို စိန်ခေါ်မယ့်အသင်းတစ်သင်းအဖြစ် ပေါ်ထွက်နေပါပြီ…။ အဲဒီအတွက် ကျွန်တော်ဟာ လာမယ့်စနေနေ့မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအတွက် အရမ်းကိုစိတ်လှုပ်ရှားနေရပါတယ်..။ ကျွန်တော်တို့အသင်းရဲ့ ပြန်လည်တည်ဆောက်နေတဲ့ အနေအထားက သူတို့တွေနဲ့ မတူညီပါဘူး..။ ဒါပေမယ့် အခုလာမယ့်ပွဲစဉ်ဟာ ကျွန်တော့်ကစားသမားတွေအတွက် ကိုယ့်ထက်ပိုပြီး ရင့်ကျက်၊ ကောင်းမွန်တဲ့ အသင်းကြီးတစ်သင်းကို ရင်ဆိုင်ရတဲ့အချိန်မှာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရမလဲ..? ဆိုတာ ကောင်းကောင်းသိနားလည်ရမယ့် အချိန်လည်းဖြစ်ပါတယ်..။”
မေး - ချယ်လ်ဆီးအသင်းဟာ အနာဂတ်မှာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ စီမံချက်တစ်ခုကို အကောင်အထည်ဖော်နေတဲ့ ကာလမှာ ရှိနေတယ်လို့ ခင်ဗျားပြောခဲ့ပါတယ်..။ အခုလက်ရှိ အနေအထားမှာ ခင်ဗျားတို့အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးတွေကို ပခုံးချင်းယှဉ်နိုင်ဖို့ ဘယ်လောက်လိုသေးတယ်လို့ ခင်ဗျားယူဆမိလဲ..?
“ပထမဆုံးအနေနဲ့ ကျွန်တော်တို့အသင်းမှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေအကုန် ပြန်လည်ကောင်းမွန်လာပြီး အင်ပြည့်အားပြည့် ကစားနိုင်ဖို့ လိုအပ်ပါတယ်..။ အသင်းမှာ အဓိကကစားသမား အများအပြား ပါဝင်ကစားနိုင်ခြင်း မရှိသလို အသင်းနဲ့လေ့ကျင့်မှု မပြုလုပ်နေတဲ့ ကစားသမား အရေအတွက် အများကြီးရှိနေပါတယ်..။ အဲဒီအချက်ဟာ အရေးကြီးပါတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ မန်ချက်စတာ စီးတီးလို အသင်းကြီးမှာတောင် ရိုဒရီ နဲ့ ဒီဘရိုင်း တို့ မပါနိုင်ရင် အသင်းရဲ့ကစားပုံအပေါ် သက်ရောက်မှု ဘယ်လောက်ကြီးသလဲ..? ခင်ဗျားတို့ မြင်တွေ့ခဲ့ကြရတာပါပဲ..။
ဒါတောင်သူတို့အသင်းမှာ အဲဒီနှစ်ယောက်ပဲ မပါနိုင်သေးတာပါ..။ ကျွန်တော်တို့အသင်းမှာ အဓိက ကစားသမား အများအပြား ဒဏ်ရာကြောင့်အနားယူနေရပါတယ်..။ အဲဒီကစားသမားတွေဟာ အသင်းကို အခုထက်ပိုပြီး တိုးတက်အောင် ကူညီ၊ စွမ်းဆောင်ပေးနိုင်မယ့် ကစားသမားတွေ ဖြစ်ကြပါတယ်..။ ဒါ့ကြောင့်အဲဒီ ကစားသမားတွေ အမြန်ဆုံးပြန်လည်သက်သာလာအောင် ကြိုးစားရပါလိမ့်မယ်..။ အဲဒီအချိန်ကျရင် ကျွန်တော်တို့အသင်းဟာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိလာအောင် စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်..။ ဒါပေမယ့် ကစားသမားတွေ မစုံလင်သေးတဲ့ အခုအချိန်မှာတောင် ကျွန်တော်တို့ဟာ ထိပ်တန်းအသင်းကြီးတွေကို အကောင်းဆုံး စိန်ခေါ်နိုင်မယ်၊ ဆုဖလားကြီးတွေ.. အောင်မြင်မှုကြီးတွေ ရရှိနိုင်စွမ်းရှိတယ်ဆိုတာ ယုံကြည်ထားရမှာပါ..။”
မေး - နောက်ဆုံးအနေနဲ့ မေးချင်တာက အခုလက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ လာမယ့်စနေနေ့ကျရင် စတင်ရင်ဆိုင်ရတော့မယ့် ပွဲကြီးပွဲကောင်းတွေဟာ ခင်ဗျားကို နည်းပြတစ်ယောက်အနေနဲ့ ဘယ်လိုတွေ တိုးတက်မှုတွေ ရရှိစေလဲ..? ဘယ်လိုအရာတွေ မျှော်လင့်ပေးလို့ ရနိုင်မလဲ..? ပြောပြပေးနိုင်မလား..?
“အခုလာမယ့်ပွဲစဉ်တွေဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေ ဖြစ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာ နေ့စဉ်နေ့တိုင်း ပိုမိုတိုးတက်နေတယ်လို့ ခံစားမိနေပါတယ်..။ ဒါ့အပြင်လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဆိုရင် ကျွန်တော်တို့ နည်းပြတွေသာမက အသင်းတစ်သင်းလုံးကပါ စုစည်း၊ ညီညွတ်မှုအပြည့်နဲ့ တစ်စည်းထဲတစ်လုံးထဲ ကိုင်တွယ်ဖြေရှင်းနိုင်ရမှာပါ..။
ကျွန်တော်တို့အနေနဲ့က ကိုယ့်ဆီမှာရှိနေတဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ အရေးအကြီးဆုံး ဖြစ်ပါတယ်..။ ကျွန်တော်ဟာ လက်ရှိအသင်းရဲ့ အနာဂတ်စီမံချက်ကို ကျေနပ်အားရပါတယ်..။ ဒါ့အပြင်အခုအချိန်မှာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ ကျွန်တော်တို့ရဲ့ဘဝမှာ အကောင်းဆုံးနဲ့ အကြီးကျယ်ဆုံး စိန်ခေါ်မှုတွေ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့အနေနဲ့ ချယ်လ်ဆီးအသင်းကို သူနဲ့ထိုက်တန်တဲ့ နေရာတစ်ခု၊ အသင်းနဲ့ထိုက်တန်တဲ့ အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ပြီဆိုရင် ကျွန်တော်တို့အတွက်လည်း ကောင်းမွန်တဲ့ခြေလှမ်းတစ်ရပ်ကို လှမ်းလျှောက်နိုင်ခဲ့တယ်.. လို့ ပြောရမှာပါ..။”