“ချယ်လ်ဆီးအသင်းက ဒီဒီယာ ကို ဘယ်လောက်တောင် လွမ်းဆွတ်ကြမလဲ..? ကျွန်တော်မသိပါဘူး..။ ဒါပေမယ့် သူမရှိတော့တာ ကျွန်တော်ကတော့ ဝမ်းသာပါတယ်..။ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲတိုင်းလိုလို သူဟာကျွန်တော်တို့ကို ဒုက္ခကောင်းကောင်းပေးခဲ့တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်ခဲ့ပါတယ်..။”
အပြာရောင်တို့ရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး ချယ်လ်ဆီးအသင်းကနေ ၂၀၁၂ ခုနှစ်မှာ ထွက်ခွာသွားခဲ့တဲ့အချိန်က အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး အာစင် ဝင်းဂါး ပြောကြားခဲ့တဲ့ မှတ်ချက်စကား ဖြစ်ပါတယ်..။ ဒါပေမယ့် အိုင်ဗရီကို့စ် တိုက်စစ်မှူးကြီးဟာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်း ရှန်ဟွာအသင်းကနေ ၂၀၁၃ ခုနှစ်မှာ ဂါလာတာစာရေးအသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ အင်းမရိတ် ဖလားပွဲမှာ နောက်ထပ်တစ်ဂိုးသွင်းကာ အပိုဆုပေးခဲ့ပါသေးတယ်..။
၂၀၀၄ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ဒီဒီယာ ဒရော့ဘာ ဟာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ (၁၅) ပွဲမှာ သွင်းဂိုး (၁၅) ဂိုး ရရှိခဲ့ပြီး အံ့အားသင့်လောက်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်..။
အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်တွေ့တိုင်း သွင်းဂိုးတွေ ဘာကြောင့်မြူးရတာလဲ..? ဆိုတာ မေးခွန်းကို အပြာရောင် ဂန္တဝင်တိုက်စစ်မှူးကြီးက ချယ်လ်ဆီးအသင်း official website နဲ့ ပြုလုပ်တဲ့ တွေ့ဆုံခန်းတစ်ခုမှာ အခုလို ဖြေကြားထားခဲ့ပါတယ်..။
“ဘာကြောင့်လဲဆိုတာ ကျွန်တော်မပြောတတ်ပါဘူး..။ ဒါပေမယ့်အာဆင်နယ်အသင်းရဲ့ ကစားပုံဟာ ကျွန်တော့်အတွက် ပိုပြီးအဆင်ပြေနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်..။ ဒါ့အပြင်သူတို့နဲ့တွေ့တဲ့ပွဲစဉ်တိုင်း ကျွန်တော်ဟာ ဂိုးရမယ့်ကံတရား ရှိနေပုံရပါတယ်..။ အဲဒီလိုသွင်းဂိုးတွေအတွက် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ အသင်းဖော်တွေနဲ့ ကျွန်တော့်ကို ကစားခွင့်ပေးခဲ့တဲ့ အသင်းမန်နေဂျာအဆက်ဆက်ကို ကျေးဇူးတင်ရမှာပါပဲ..။ ပွဲတွေမှာ ဝင်ကစားခွင့်ရမှာလည်း ကျွန်တော်ဟာ သွင်းဂိုးတွေ ရမှာပါ..။”
အဲဒီသွင်းဂိုး (၁၅) ဂိုးထဲကနေ သူ့အတွက် အမှတ်တရအဖြစ်ဆုံးနဲ့ အနှစ်သက်ဆုံး သွင်းဂိုး (၅) ဂိုးကို မေးမြန်းရာမှာတော့ အိုင်ဗရီကို့စ် တိုက်စစ်မှူးကြီးက အခုလိုထုတ်နှုတ်၊ တင်ဆက်ပေးခဲ့ပါတယ်..။
(၅) - ၂၀၀၅ ခုနှစ်၊ ဩဂုတ်လ (ချယ်လ်ဆီး ၁ - ၀ အာဆင်နယ်)
“ကျွန်တော့်ရဲ့အာဆင်နယ်အသင်းဘက်ကို သွင်းယူပေးခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုး ဖြစ်ပါတယ်..။ ကွင်းလယ်သာသာမှ ပြစ်ဒဏ်ဘော ရခဲ့တာကို ဖရန့် လမ်းပတ် က အမြန်ကန်တင်ပေးလိုက်ပါတယ်..။ ကျွန်တော်က ဘောလုံးကိုထိန်းဖို့ ကြိုးစားလိုက်တာပါပဲ..၊ ဒါပေမယ့် ကျွန်တော်နဲ့အနီးဆုံးမှာရှိနေတဲ့ နောက်ခံလူ (ဖီလစ်ပီ ဆန်းဒရို့စ်) က တွန်းလိုက်တာကြောင့် ဟန်ချက်ပျက်သွားခဲ့ပါတယ်..။ ဖြစ်ချင်တော့ ဘောလုံးက ကျွန်တော့်ရဲ့ရှေ့မှာ ခုန်သွားခဲ့ပြီး ညှိုးသကျည်းနဲ့ထိခဲ့တာ လမ်းကြောင်းပြောင်းသွားပါတယ်..။ ကျွန်တော်တင်မကပါဘူး.. ဂိုးသမားပါ အံ့အားသင့်သွားခဲ့ပြီး ဂိုးဝင်သွားခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ အာဆင်နယ်အသင်းနဲ့ ပတ်သက်ရင် ကံကောင်းခြင်းတွေနဲ့ပဲ စတင်ခဲ့တယ်လို့ ပြောရမလိုပါပဲ..။”
(၄) - ၂၀၀၅ ခုနှစ်၊ ဩဂုတ်လ (ချယ်လ်ဆီး ၂ - ၁ အာဆင်နယ်၊ Charity Shield ပြိုင်ပွဲ)
“ဒုတိယဂိုးကတော့ အဲဒီ ၂၀၀၅ ခုနှစ်၊ ကွန်မြူနတီဖလားပြိုင်ပွဲမှာ သွင်းယူပေးခဲ့တဲ့ဂိုး (အဆိုပါပွဲတွင် သူသွင်းယူခဲ့သော ဒုတိယဂိုး) ဖြစ်ပါတယ်။ အဲဒီသွင်းဂိုးဟာ ကြိုက်နှစ်သက်ရတဲ့ အကြောင်းရင်းက ချယ်လ်ဆီးအသင်းနဲ့ ပထမဘောလုံးရာသီအပြီးမှာ ကျွန်တော်ဟာ ဘယ်လောက်အထိ တိုးတက်လာခဲ့တယ်ဆိုတာ သက်သေပြနိုင်ခဲ့တဲ့ သွင်းဂိုးဖြစ်နေတာကြောင့်ပါ..။
ဒါ့အပြင်အာဆင်နယ် နောက်ခံလူတွေနဲ့ တွန်းတိုက်ရင်း အဲဒီလိုသွင်းယူနိုင်ခဲ့တာကြောင့် ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုမိုရရှိလာခဲ့ပါတယ်..။ ကျွန်တော်ဟာ သူတို့ထက်ပိုပြီး သန်မာတယ်..၊ ဂိုးတွေသွင်းယူနိုင်တယ်..၊ ကိုလို တိုရေး တို့လို တကယ့်ကိုသန်မာတဲ့ ထိပ်တန်းအဆင့် နောက်ခံလူတွေကို ရင်ဆိုင်ပြီး ဘောလုံးအရယူကျော်ဖြတ်နိုင်တယ်.. ဆိုတဲ့အပေါ် အထူးကျေနပ်ခဲ့ရပါတယ်..။ အာဆင်နယ်အသင်းဟာ အဲဒီအချိန်တုန်းက အရမ်းကိုတောင့်တင်းပြီး ဆုဖလားတွေကို စိန်ခေါ်နေတဲ့ အသင်းတစ်သင်း ဖြစ်နေတာကလည်း ကျွန်တော့်ရဲ့သွင်းဂိုးတွေနဲ့ ကြိုးစားအားထုတ်မှုတွေကို ပိုမိုတန်ဖိုး ရှိစေခဲ့ပါတယ်..။”
(၃) - ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (ချယ်လ်ဆီး ၂ - ၁ အာဆင်နယ်၊ League Cup ဖလား၊ ဗိုလ်လုပွဲ)
“ကျွန်တော်တို့ကို ဒုတိယမြောက် ကားလင်းဖလား ဆွတ်ခူးစေခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုး ဖြစ်ပါတယ်..။ အာဆင်နယ်အသင်းနဲ့ ရခဲ့တဲ့သွင်းဂိုးတွေထဲမှာ အဲဒီဂိုးကိုလည်း နှစ်ခြိုက်ပါတယ်..။ အာဂျင် ရော်ဘင် ရဲ့ ဖြတ်တင်ဘော ပေးပို့မှုက အရမ်းကိုကောင်းတာဗျ..။ ဒါ့ကြောင့်ကျွန်တော်ဟာ နောက်ခံလူရဲ့ရှေ့ကို ဖြတ်ပြေးရင်း ဘယ်နေရာကို ခေါင်းတိုက်မယ်.. ဆိုတာ သေသေချာချာ ရွေးချယ်ပြီး ခေါင်းတိုက်ခွင့်ရခဲ့တာပါ..။ အဲဒီလိုပေးပို့မှုမျိုးတွေကတော့ ဘယ်လိုတိုက်စစ်မှူးမဆိုအတွက် အကောင်းဆုံး ပေးပို့မှုတွေ ဖြစ်ပါလိမ့်မယ်..။ ဒါ့အပြင် ဖလားရစေတဲ့ အဆုံးအဖြတ်ဂိုး ဆိုတော့လည်း အတိုင်းထက်အလွန်ပေါ့ဗျာ..။”
(၂) - ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (အာဆင်နယ် ၀ - ၃ ချယ်လ်ဆီး၊ ပရီးမီးယားလိဂ်)
“၂၀၀၉ ခုနှစ်တုန်းက အာဆင်နယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ အက်ရှ်လေ ကိုးလ် ရဲ့ ဖြတ်တင်ဘောကနေ သွင်းယူပေးခဲ့တဲ့ အဖွင့်ဂိုးကို ဒုတိယအကြိုက်ဆုံးပါ..။ အက်ရှ် ရဲ့ ဖြတ်တင်ဘောကို ညာခြေခွင်နဲ့ အပေါ်ထောင့်ထဲ ပိတ်သွင်းပေးလိုက်တဲ့ ကျွန်တော့်ရဲ့ အဆုံးသတ်ပိတ်သွင်းမှုကို သဘောကျမိတာပါ…။ အက်ရှ် ပေးပို့မှုက အတိအကျဖြစ်ခဲ့ပြီး အရမ်းကိုကောင်းတာကြောင့် တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးရကို ရရလိမ့်မယ်.. ဆိုပြီး အပြည့်အဝ မျှော်လင့်နိုင်တဲ့ သွင်းဂိုးမျိုး ဖြစ်ပါတယ်..။ တိုက်စစ်မှူးတစ်ယောက်ရဲ့ သွင်းဂိုးစစ်စစ်ပါပဲ..။”
(၁) - ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (အာဆင်နယ် ၀ - ၃ ချယ်လ်ဆီး၊ ပရီးမီးယားလိဂ်)
“ကျွန်တော်ရဲ့အကြိုက်ဆုံး သွင်းဂိုးကတော့ အဲဒီပွဲမှာပဲ ရရှိခဲ့တဲ့ တတိယဂိုး ဖြစ်ပါတယ်..။ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းရယူခဲ့တာ ဖြစ်ပါတယ်..။ ကျွန်တော်ဟာ တိုက်စစ်မှူးတစ်ယောက် ဖြစ်တာနဲ့အညီ ရွှေ့လျားနေတဲ့ ဘောလုံးတွေကနေ သွင်းဂိုးတွေအများကြီး ရရှိခဲ့ပါတယ်..။ အခုဒီဂိုးကတော့ တည်ထားတဲ့ ဘောလုံးကိုကန်သွင်းပြီး ရယူခဲ့တာဖြစ်သလို အဲဒီသွင်းဂိုးနောက်ပိုင်းမှာ ကျွန်တော့်ရဲ့ ပြစ်ဒဏ်ဘောကန်တဲ့ အရည်အသွေးကို ပိုပြီးအသိအမှတ်ပြုခံခဲ့ရပါတယ်..။”