feature-image

ချယ်လ်ဆီးအသင်းရဲ့ တိုးတက်မှုကို တိုင်းတာနိုင်မယ့် အာဆင်နယ်အသင်းနဲ့ပွဲစဉ်

နိုင်ငံတကာ ပွဲစဉ်တွေမတိုင်ခင် ယှဉ်ပြိုင်ခဲ့တဲ့ Turf Moor ကွင်းမှာ ဘန်လေအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်ရလဒ်ဟာ အောက်မှာဖော်ပြထားတဲ့ အချက်တွေကြောင့် ချယ်လ်ဆီးအသင်းအတွက် အရေးပါခဲ့ပါတယ်..။

ပထမဆုံးအနေနဲ့ အပြာရောင်တွေဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ဒုတိယမြောက် သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အခုအနိုင်ရလဒ်ဟာ ဘရိုက်တန်နဲ့ Carabao ဖလားပွဲစဉ်၊ ဖူးလ်ဟမ်းအသင်းနဲ့ ပွဲစဉ်တွေအပြီးမှာ ဆက်တိုက်အနိုင်ပွဲရခဲ့ခြင်း ဖြစ်ပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ၂၀၂၂ ခုနှစ်၊ မတ်လမှာ ဆောက်ပ်သမ်တန်အသင်းကို ၆ဂိုး- ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲထဲမှာ သုံးဂိုးထက်ပိုပြီး သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ခဲ့ပါတယ်..။

အဲဒီအချိန်နောက်ပိုင်းကစလို့ ချယ်လ်ဆီးအသင်းရဲ့ ဆိုးရွားမှုအကြောင်းတွေကိုပဲ ဋီကာချဲ့နေကြတဲ့သူတွေအတွက် ဘန်လေအသင်းနဲ့ပွဲရလဒ်ဟာ စတန်းဖို့ဒ် ဘရစ်ချ်အသင်းရဲ့ ပြီးခဲ့တဲ့ (၁၉) လအတွင်း ပထမဆုံးအကြိမ် နှစ်ပွဲဆက်တိုက် (back to back) အနိုင်ရခဲ့ခြင်းလည်း ဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒီရလဒ်တွေကိုကြည့်ပြီး ချယ်လ်ဆီးအသင်းဟာ အမှန်တကယ် ခြေစွမ်းထက်မြက်လာခဲ့တာလား..? နိုင်သင့်တဲ့ အသင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်တွေကြောင့်၊ ပွဲချောင်ခဲ့လို့ ရရှိလာခဲ့တဲ့ ရလဒ်တွေလား..? ဆိုတာ ဝေခွဲလို့ ခက်ခဲနေနိုင်ပါသေးတယ်..။

အဲဒီပုစ္ဆာရဲ့ အဖြေဟာ အခုလာမယ့်စနေနေ့၊ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ အာဆင်နယ်အသင်းနဲ့ ဆုံတွေ့မယ့်ပွဲစဉ် ဖြစ်လာနိုင်သလို အဲဒီပွဲစဉ်ပြီးတဲ့အချိန်ကျရင် နည်းပြပိုချက်တီနို နဲ့ ချယ်လ်ဆီးအသင်းသားတွေဟာ အခုနှစ်ဘောလုံးရာသီအတွက် ယုံကြည်မှုတွေ ပိုပြီးရရှိသွားကြမလား..? အနာဂတ်စီမံချက်အတွက် မျှော်မှန်းခဲ့ကြတဲ့ အိပ်မက်ကောင်းတွေ ပြိုကျသွားမလား..? အဖြေပေါ်သွားပါလိမ့်မယ်..။



အသင်းရဲ့ အခြေခံအုတ်မြစ်ကောင်းတွေ တည်ဆောက်ပေးနိုင်ခဲ့တဲ့ နည်းပြမော်ရစ္စစီယို ပိုချက်တီနို…

အခုနှစ်ဘောလုံးရာသီ စကတည်းက ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကို တစိုက်မတ်မတ် ကြည့်ခဲ့မယ်ဆိုရင် နည်းပြမော်ရစ္စစီယို ပိုချက်တီနို ဟာ အပြာရောင်တွေကို တိုးတက်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဆိုတာ လက်ခံကြပါလိမ့်မယ်..။ ရလဒ်ပိုင်းအနေနဲ့ကတော့ သူဟာပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲမှာ (၂) ပွဲပဲ အနိုင်ရရှိခဲ့ပါတယ်..။ ဒါပေမယ့် လက်ရှိအသင်းရဲ့ကစားပုံဟာ ဂရေဟမ် ပေါ်တာ၊ ဖရန့် လမ်းပတ် တို့အသင်းတွေထက် ပိုပြီးကြည့်ရတာ အဆင်ပြေခဲ့ပါတယ်..။

ဒီနှစ်ဘောလုံးရာသီ ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို အရင်နှစ်က စွမ်းဆောင်ရည်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နည်းပြမော်ရစ္စစီယို ပိုချက်တီနို ဟာ အသင်းကို ကဏ္ဍစုံ တိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဆိုတာ အခုပူးတွဲပုံ (ပုံ- ၁) မှာပါတဲ့ စွမ်းဆောက်ရည် အချက်အလက်တွေက သက်သေပြနေပါတယ်..။ ချယ်လ်ဆီးအသင်းဟာ မနှစ်က ဘောလုံးရာသီမှာ အဆင့် (၁၂) နဲ့ ဇာတ်သိမ်းခဲ့သလို စွမ်းဆောင်ရည်တွေဟာ တကယ့်ကို အမှတ်ပေးဇယား အလယ်အလတ် အသင်းတစ်သင်းရဲ့ စွမ်းဆောင်ရည်မျိုး ဖြစ်နေတာ သတိပြုမိပါလိမ့်မယ်..။



အခုနှစ်ရာသီမှာတော့ တစ်ပွဲမှာရသင့်တဲ့ ပျမ်းမျှသွင်းဂိုး (expected goals) နဲ့ တစ်ပွဲမှာ ခွင့်ပြုသင့်တဲ့ ပျမ်းမျှပေးဂိုး (expected goals conceded) အရေအတွက်တွေကို မနှစ်ကဘောလုံးရာသီက စွမ်းဆောင်ရည်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိသိသာသာ တိုးတက်မှု ရရှိလာတာ တွေ့ပါလိမ့်မယ်..။ အထူးသဖြင့် ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန်ထဲမှာ ဘောလုံးအရယူနိုင်မှု (possession won in attacking third) အပိုင်းမှာဆိုရင် မနှစ်ကဘောလုံးရာသီမှာ တစ်ပွဲကိုပျမ်းမျှ (၅,၃၇) ကြိမ် ပြန်လည်အရယူနိုင်ခဲ့ရာကနေ အခုနှစ်ဘောလုံးရာသီမှာ (၇.၅) ကြိမ်အထိ တိုးတက်လာခဲ့တာကို ကြည့်မယ်ဆိုရင် အသင်းဟာ ပြိုင်ဘက်အသင်းကို ဖိအားပေးကစားတဲ့ (pressing) အပိုင်းမှာ တိုးတက်လာတယ်ဆိုတာ ပြသနေပါတယ်..။

ဒါပေမယ့် နည်းပြပိုချက်တီနို ဟာ ဂရေဟမ် ပေါ်တာ လက်ထက်ကတည်းက ရှိနေခဲ့တဲ့ ဂိုးရှေ့ရောက်လာရင် စွမ်းဆောင်ရည်မကောင်းတတ်တဲ့ နာတာရှည်ပြဿနာကြီးကို ဆက်လက်သယ်ဆောင်နေဆဲ ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ အမှန်တကယ်ရရှိခဲ့တဲ့ သွင်းဂိုးနဲ့ ရသင့်တဲ့ဂိုး အရေအတွက် ခြားနားချက် (expected goals differentials) ကို အခြားအသင်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကိုယ့်ထက်ဆိုးတာ အဲဗာတန်အသင်း တစ်သင်းထဲ ရှိနေပါတယ်..။

ဒါ့ကြောင့်နည်းပြပိုချက်တီနို အနေနဲ့ တစ်ပွဲထဲနဲ့ လေးဂိုးရခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်း ဂိုးမိုးရွာတော့မယ့် နိဒါန်းအစ ဖြစ်လာမယ်လို့ မျှော်လင့်နေမှာ အသေအချာပါပဲ..။



ကွင်းလယ်က အဓိကကစားသမား ‘အင်ဇို ဖာနန်ဒက်စ်’ နဲ့ ဘယ်နေရာကနေ သွင်းဂိုးတွေရမလဲ..?

နည်းပြမော်ရစ္စစီယို ပြုလုပ်ခဲ့တဲ့ ထင်ရှားတဲ့အပြောင်းအလဲတစ်ခုက အာဂျင်တီးနား ကွင်းလယ် ကစားသမား ‘အင်ဇို ဖာနန်ဒက်စ်’ ရဲ့ တာဝန်ယူပုံ အခန်းကဏ္ဍဖြစ်ပါတယ်..။ အသက် (၂၂) နှစ်အရွယ် လူငယ်ကွင်းလယ် ကစားသမားဟာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ‘No.8’ နေရာကနေ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဟာ နောက်တန်းခံစစ်ကြောင်းရဲ့ရှေ့မှာ ကစားရတဲ့ ဂျော်ဂင်ဟို ရဲ့နေရာကို အစားထိုးဖို့ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့ပါတယ်..။

ဒါပေမယ့် နည်းပြပိုချက်တီနို ကတော့ အင်ဇို ဖာနန်ဒက်စ် ရဲ့ အကောင်းဆုံးခြေစွမ်းကိုရရှိဖို့ ‘No.8’ နေရာကသာ အကောင်းဆုံးဖြစ်တယ် ဆိုတဲ့အကြောင်းကို အသင်းကိုရောက်လာခဲ့တဲ့အချိန်ကတည်းက တောက်လျှောက် ပြောကြားခဲ့ပါတယ်..။ ဒါ့အပြင် ဖူးလ်ဟမ်းနဲ့ ဘန်လေအသင်းတို့ကို အနိုင်ရခဲ့တဲ့ပွဲစဉ်တွေဟာ အာဂျင်တီးနားနည်းပြကြီးရဲ့  မွိုက်စ် ကိုင်ဆီဒို ကို pivot မှာထားပြီး ကော်နာ ဂါလက်ချာ၊ အင်ဇို ဖာနန်ဒက်စ် တို့နဲ့ သုံးယောက်တန်း ကွင်းလယ် (three-player midfield) အခင်းအကျင်းကို အသုံးပြုခဲ့တဲ့ပွဲစဉ်တွေ ဖြစ်နေတာကို သတိပြုမိကြပါလိမ့်မယ်..။

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ် ကစားသမားဆု ရရှိခဲ့တဲ့ ပါရမီရှင်ကွင်းလယ် ကစားသမားဟာ အခုအချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားကွက်ကို ဖန်တီးပေးတဲ့ အဓိကကစားသမားဖြစ်ခဲ့ပြီး သူဟာအခု ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဘောလုံးပေးပို့မှု ဒုတိယအကောင်းဆုံး (second for completed passes) နဲ့ တိုက်စစ်ဇုန်ပေးပို့မှု တတိယအကောင်းဆုံး (third for final-third completed passes) ကွင်းလယ် ကစားသမားဖြစ်ခဲ့ပါတယ်..။



ဒါပေမယ့် အင်ဇို ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးသလို ဂိုးဖန်တီးမှု (assist) နှစ်ကြိမ်သာ ရရှိထားပါသေးတယ်..။ ဒါ့ကြောင့်သူ့အနေနဲ့ အဝေးကန်ချက်၊ အနီးကန်ချက်တွေ အပါအဝင် ဂိုးသွင်းအဆုံးသတ်တဲ့အပိုင်း၊ တိုက်စစ်ဖန်တီးပေးတဲ့ အပိုင်းတွေမှာ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်..။

နည်းပြပိုချက်တီနို ဟာ သူ့ရဲ့အသင်းကို အခုထက်ပိုပြီး တိုးတက်အောင် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေထဲမှာ အာဂျင်တီးနား ကွင်းလယ်ကစားသမားလေးရဲ့ အကောင်းဆုံးစွမ်းရည်ကို ဖော်ထုတ်နိုင်ဖို့.. ဆိုတဲ့ တာဝန်တစ်ရပ်ဟာ အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုအဖြစ် ပါဝင်နေပါလိမ့်မယ်..။

လူငယ်ကစားသမားတွေကို ဉီးဆောင်မှုပေးနိုင်ရမယ့် ‘ရာဟင်း စတာလင်း’..

ပူးတွဲအသင်းပိုင်ရှင်တွေဖြစ်တဲ့ တော့ဒ် ဘိုလေး နဲ့ ဘီဒက် အက်ဂ်ဘာလေ တို့ရဲ့  မဟာဗျူဟာတစ်ခုကတော့ အရည်အသွေးမြင့် လူငယ်ကစားသမားတွေနဲ့ အသင်းကိုပြင်ဆင်ဖွဲ့စည်းဖို့ ဖြစ်ပါတယ်..။ အဲဒီမဟာဗျူဟာရဲ့ အနာဂတ်အနေအထားကို အခုအချိန်မှာ ကြိုတင်ခန့်မှန်းလို့ မရသေးပေမယ့် ရာဟင်း စတာလင်း ကတော့ အသက် (၂၈) နှစ်အရွယ်နဲ့ ချယ်လ်ဆီးအသင်းရဲ့ တတိယအသက်အကြီးဆုံး ကစားသမား ဖြစ်နေခဲ့ပါတယ်..။

မန်ချက်စတာ စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ဆုဖလားလေးကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ နည်းပြသောမတ်စ် တူခယ်လ် ရဲ့ လက်အောက်မှာ တိုက်စစ်မှူးအဖြစ် ကစားခဲ့ရသလို နည်းပြဂရေဟမ် ပေါ်တာ ကတော့ wing back အဖြစ် အသုံးပြုခဲ့ပါတယ်..။ သူဟာမနှစ်က ဘောလုံးရာသီမှာ အသင်းနဲ့အတူ ပျောက်ဆုံးနေခဲ့သလို ဒဏ်ရာအနာတရတွေကလည်း ခြေစွမ်းတည်ငြိမ်မှုရရှိအောင် ကြိုးစားမှုတွေကို အနှောက်အယှက် ပေးခဲ့ပါတယ်..။

ဒါပေမယ့် နည်းပြပိုချက်တီနို ကတော့ ရာဟင်း ကို သူအကြိုက်ဆုံးနေရာဖြစ်တဲ့ ‘တောင်ပံ ကစားသမား’ အဖြစ် သုံးစွဲခဲ့ပြီး အင်္ဂလန်အသင်းရဲ့ လျစ်လျူရှုခြင်း ခံနေရတဲ့အပေါ် မခံချင်စိတ်နဲ့ တောက်ပနေခဲ့တဲ့ ဂျမေကာဖွား တောင်ပံ ကစားသမားဟာ လက်ရှိချယ်လ်ဆီးအသင်း ကစားသမားတွေထဲမှာ သွင်းဂိုးအများဆုံး ရရှိထားတဲ့သူဖြစ်တယ်..၊ တစ်ဉီးချင်းကျော်ဖြတ်မှု (successful take-ons) အများဆုံးပြုလုပ်ထားနိုင်တဲ့ ကစားသမား ဖြစ်နေပါတယ်..(ပူးတွဲပုံ- ၂)။ ဒါ့အပြင် သူဟာချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးတွေထဲမှာ ရသင့်တဲ့သွင်းဂိုး အရေအတွက် (expected goals) အမှန်တကယ်သွင်းဂိုး ပိုမိုရရှိထားတဲ့ (outperforming) ရှားရှားပါးပါး ကစားသမား ဖြစ်နေခဲ့ပါတယ်..။



ရာဟင်း စတာလင်း ဟာ ဒဏ်ရာပြဿနာတွေကနေ ရုန်းထွက်နိုင်အောင် ရာသီကာလမှာကတည်းက နေထိုင်၊ စားသောက်မှုပုံစံတွေ အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်..။ အခုအချိန်မှာတော့ သူဟာလူငယ်ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကို ခေါင်းဆောင်မှုပေးနိုင်မယ့် ကစားသမားအဖြစ်၊ အသင်းရဲ့ အဆုံးအဖြတ် အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်မယ့် ကစားသမားအဖြစ် ပေါ်ထွက်လာနိုင်ဖို့ပဲ လိုအပ်ပါတော့တယ်..။

လာမယ့်စနေနေ့ကျရင် အပြာရောင်တွေရဲ့ တိုးတက်မှုကို မြင်တွေ့ခွင့်ရနိုင်မလား..?

နည်းပြမော်ရစ္စစီယို ပိုချက်တီနို ရဲ့လက်အောက်က ချယ်လ်ဆီးအသင်းရဲ့ တိုးတက်မှုတွေကို သုံးသပ်ကြည့်မယ်ဆိုရင် ရာဟင်း စတာလင်း၊ အင်ဇို ဖာနန်ဒက်စ် တို့ဟာ ခြေစွမ်းကောင်းတွေ ပြသနေသလို သူ့ရဲ့အကောင်းဆုံး (၁၁) ယောက်လူစာရင်း ပေါ်ထွက်လာနေပြီလို့ ပြောနိုင်ပါတယ်..။ ဒါ့အပြင် အသင်းရဲ့စွမ်းဆောင်ရည် အချက်အလက်ပိုင်းတွေမှာလည်း ကောင်းမွန်နေပါတယ်..။ ဒါပေမယ့် အခုမှပွဲစဉ် (၈) ပွဲပဲ ရှိသေးတာ ဖြစ်တဲ့အတွက် ချယ်လ်ဆီးအသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ပြီလား..? လို့ ပြောနိုင်ဖို့ စောနေပါသေးတယ်..။

ဖူးလ်ဟမ်းအသင်းနဲ့ ဘန်လေအသင်းတို့အပေါ် အနိုင်ပွဲတွေအပေါ် ကျေနပ်၊ အားရနေမယ့် ချယ်လ်ဆီးအသင်း ပရိသတ်ကို သတိပေးချင်တာကတော့ အဲဒီနှစ်သင်းစလုံးဟာ အမှတ်ပေးဇယား အဆင့် (၁၀) အောက်က အသင်းတွေ (bottom half  of the table) ဖြစ်နေတဲ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အချက်အလက်တွေကို ပံ့ပိုးနေတဲ့ Opta ရဲ့ တွက်ချက်မှုတွေအရ ပြီးခဲ့တဲ့ (၇) ပွဲမှာ ချယ်လ်ဆီးအသင်းဟာ တတိယမြောက် ပွဲအချောင်ဆုံး အသင်းဖြစ်နေပါတယ်..(ပူးတွဲပုံ - ၃)။



ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ အမှန်တကယ် တိုးတက်လာမှု ရှိ၊ မရှိ ဆိုတဲ့အချက်ဟာ အခုလာမယ့် စနေနေ့ကနေ ခရစ္စမတ် ကာလအတွင်းမှာ အဖြေပေါ်သွားပါလိမ့်မယ်..။ ချယ်လ်ဆီးအသင်းဟာ အဲဒီကာလအတွင်းမှာ စတုတ္ထမြောက် ပွဲအကျပ်ဆုံး အသင်းဖြစ်နေပြီး (ပူးတွဲပုံ - ၄) အာဆင်နယ်၊ တောတ့င်ဟမ်၊ မန်ချက်စတာ စီးတီး၊ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်..။



စနေနေ့မှာ ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံ (၈) ပွဲမှာ (၆) ပွဲ အနိုင်ရထားသလို စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၃) ပွဲစလုံးမှာ အနိုင်ရရှိထားပါတယ်..။

ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ အနိုင်ရသင့်တဲ့ အမှတ်ပေးဇယား အောက်ခြေက အသင်းတွေကို အနိုင်ရရှိလာတာဟာ အသင်းသားတွေနဲ့ ပရိသတ်ကို ယုံကြည်မှုပိုမို ရရှိစေခဲ့ပါတယ်..။ ဒါပေမယ့် အခုစနေနေ့မှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ အာဆင်နယ်အသင်းနဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ရင်ဆိုင်ရတိုင်း ရလဒ်တွေဆိုးရွားနေတဲ့ မှတ်တမ်းဆိုးကို ချေဖျက်ပြနိုင်ခဲ့ဆိုရင် အပြာရောင်ခြင်္သေ့တွေဟာ လမ်းကြောင်းမှန်ပေါ် အမှန်တကယ် ရောက်ရှိလာပြီး တိုးတက်မှုတွေကို ပြသနေပြီဆိုတာ စတင်အသိအမှတ်ပြုရမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Sky Sports မှ ဆောင်းပါးရှင် Joe Shread ၏ ‘Chelsea vs Arsenal: Enzo Fernandez and Raheem Sterling impress but Blues must back up progress against Gunners’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)