feature-image

ချယ်လ်ဆီးအသင်း ပြန်လည်နိုးထလာမှုမှာ အဓိကကျခဲ့တဲ့ ‘ပါးမား နဲ့ ဂါလက်ချာ’

လုပ်အားနှုန်း (work rate) နှင့် ကြိုးစားအားထုတ်မှု ကောင်းမွန်တဲ့ အင်္ဂလန်လူငယ် ကစားသမားနှစ်ယောက်ဖြစ်တဲ့ ‘ကိုးလ် ပါးမား’ နဲ့ ‘ကော်နာ ဂါလက်ချာ’ တို့ဟာ မော်ရစ္စစီယို ပိုချက်တီနို ရဲ့ ပွဲထွက်အခင်းအကျင်းမှာ ပါဝင်ခွင့် ပိုမိုရလာခဲ့ပါတယ်..။ သူတို့နှစ်ယောက်ရဲ့ ပါဝင်လာမှုဟာ အသင်းရဲ့ခြေစွမ်းကောင်း၊ ပုံစံကောင်းတွေ ရရှိလာခဲ့တဲ့အချိန်နဲ့ ထပ်တူကျခဲ့ပြီး အရင်လတွေမှာ ဂိုးမိုးခေါင်ခဲ့လို့ အဝေဖန်ခံနေခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့သုံးပွဲမှာ (၈) ဂိုးသွင်းနိုင်ခဲ့သလို တိုးတက်မှုတွေရှိလာတဲ့အကြောင်း ပြသနိုင်ခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ လာမယ့်စနေနေ့မှာ ဘရန့်တ်ဖို့ဒ် အသင်းနဲ့ အနောက်လန်ဒန်ဒါဘီပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်..။ သူတို့နှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံးသုံးပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဘရန့်တ်ဖို့ဒ်အသင်းကို အနိုင်မရခဲ့သလို မနက်ဖြန်မှာ ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ အဲဒီမှတ်တမ်းဆိုးကို ချေဖျက်နိုင်ဖို့ဆိုရင် အင်္ဂလန်လူငယ် ကစားသမားလေးနှစ်ယောက်ရဲ့ လုပ်အားနှုန်း၊ ကြိုးစားပေးဆပ်မှုနဲ့ သူတို့နှစ်ယောက်ရဲ့ ပါဝင်မှုဟာ အဓိကကျနိုင်ပါတယ်..။

ခံစစ်ကြောင်းကို တိုက်စစ်ကနေ စတင်မယ်…

ချယ်လ်ဆီးအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ (၉) ပွဲအတွင်း ပြိုင်ဘက်အသင်းကို ဂိုးပေါက်ကန်သွင်းခွင့် (၆၆) ကြိမ် ခွင့်ပြုထားခဲ့ရပြီး အဲဒီအချက်အလက်ပိုင်းမှာ သူတို့ထက်နည်းတဲ့ အသင်းဆိုလို့ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ် နှစ်သင်းသာ ရှိနေပါတယ်..။ အဲဒီလိုခံစစ်ပိုင်း စွမ်းဆောင်ရည် ကောင်းမွန်ရခြင်းရဲ့ အကြောင်းရင်းထဲမှာ ပိုချက်တီနို ရဲ့ ကစားကွက်အခင်းအကျင်းနဲ့ သက်ဆိုင်နေသလို တိုက်စစ်ပိုင်းက ကစားသမားတွေရဲ့ လုပ်အားနှုန်းနဲ့ ဖိအားပေးကစားပုံ (pressing) ကောင်းမွန်မှုတွေဟာ အဓိကအချက်အနေနဲ့ ပါဝင်ပါတယ်..။

ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန်မှာ ဘောလုံးပြန်ပြီး လုယူနိုင်တဲ့ (high turnovers) အကြိမ်ရေပေါင်း (၉၅) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အသင်းတွေထဲမှာ တတိယမြောက် high turnovers အများဆုံးအသင်း ဖြစ်ပါတယ်..။ အဲဒီအချက်အလက်ဟာ ချယ်လ်ဆီးအသင်း ကစားသမားတွေရဲ့ work rate နဲ့ pressing ကောင်းမွန်မှုနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်..။ ကိုးလ် ပါးမား ဟာ ပြိုင်ဘက်အသင်း ကစားသမားတွေကို လိုက်လံပိတ်ဆို့နိုင်စွမ်း (closed down) အထူးကောင်းမွန်ပြီး အချက်အလက်တွေအရ သူဟာချယ်လ်ဆီးအသင်း ကစားသမားတွေထဲမှာ pressing အကောင်းဆုံး ကစားသမားအဖြစ် ဉီးဆောင်နေပါတယ်..။


ပြိုင်ဘက်ကစားသမားတွေကို ပိတ်ဆို့တဲ့နေရာမှာ ဘောလုံးပေးပို့မယ့်နေရာ၊ ဆွဲထွက်မယ့်နေရာကို ချိန်သားကိုက် အရှိန်မြှင့်ပြေးလွှားနိုင်စွမ်း အဓိကကျပြီး ပြိုင်ဘက်ကစားသမားတွေကို အေးအေးဆေးဆေးနဲ့ ဘောလုံးကိုင်ခွင့်မရအောင် ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်..။ ဒါ့ကြောင့်လည်း ပိုချက်တီနို ဟာ ကော်နာ ဂါလက်ချာ ကို ကွင်းလယ်မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်..။ အသက် (၂၃) နှစ်အရွယ် အင်္ဂလန်လူငယ် ကွင်းလယ် ကစားသမားဟာ ချယ်လ်ဆီးအသင်း ကစားသမားတွေထဲမှာ လုပ်အားနှုန်း အကောင်းဆုံး ကစားသမားဖြစ်နေပြီး တစ်ပွဲကိုပျမ်းမျှ (၁၁.၅) ကီလိုမီတာခန့် ပြေးလွှားခဲ့တာကို တွေ့ခဲ့ရပါတယ်…။

ဒါ့အပြင် အချက်အလက်တွေအရ ကိုးလ် ပါးမား နဲ့ ကော်နာ ဂါလက်ချာ တို့ဟာ ချယ်လ်ဆီးအသင်း ကစားသမားတွေအနက် မိမိအသင်းရဲ့ တိုက်စစ်ဇုန်ထဲမှာ ဘောလုံးပြန်လည်လုယူနိုင်မှု (possession won in final third) အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားတွေ ဖြစ်ခဲ့ပါတယ်..။


ဒါပေမယ့် အခုလာမယ့် စနေနေ့မှာတော့ ဘရန့်တ်ဖို့ဒ် အသင်းရဲ့ကစားပုံကြောင့် သူတို့နှစ်ယောက်ဟာ အဲဒီလိုပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန်မှာ ဘောလုံးအရယူဖို့ အခွင့်အလမ်း သိပ်ပြီးရနိုင်ဖို့ မရှိပါဘူး..။ အရင်အပါတ်က ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ခံစစ်ဇုန်ထဲမှာ ဘောလုံးကိုင်ထားပြီး play from the back ကစားခဲ့တာကြောင့် ကိုးလ် ပါးမား ဟာ ဂိုးသမား ဒေးဗစ် ရာဟာ ကနေ ဒက်ကလန် ရိုက်စ် ဆီ ဘောလုံးပေးပို့မှုကို ဖြတ်တောက်နိုင်ခဲ့ပြီး ဂိုးရလုနီးနီး အခြေအနေ ရောက်ရှိခဲ့ပါတယ်…။



နည်းပြမော်ရစ္စစီယို အနေနဲ့ အဲဒီလိုကြိုးစားအားထုတ်မှုနဲ့ အခွင့်အရေး အရယူနိုင်မှုတွေကို ကျေနပ်အားရမိမှာဖြစ်ပေမယ့် အခုလာမယ့်ပွဲစဉ်တွေမှာ အဲဒီလိုအခွင့်အရေးကောင်းတွေ ရရှိလာခဲ့ရင် အမိအရ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။ ဒါ့အပြင် အာဆင်နယ်အသင်းနဲ့ပွဲမှာ ပါးမား နဲ့ ဂါလက်ချာ တို့နှစ်ယောက်ကို ‘False 9 နှစ်ယောက် (twin false 9)’ အဖြစ် နေရာချထားခဲ့တဲ့ အာဂျင်တီးနား နည်းပြကြီးရဲ့ အခင်းအကျင်းဟာ လေ့လာသူတွေကို အံ့အားသင့်‌စေခဲ့သလို မီခေးလ် အာတီးတာ ကို နည်းစနစ်ပိုင်းအရ အငိုက်ဖမ်းနိုင်ခဲ့ပါတယ်..။

သူတို့နှစ်ယောက်ဟာ ‘False 9’ ဒါမှမဟုတ် ’No.10’ နေရာကနေ အာဆင်နယ်အသင်း ကွင်းလယ်ကြောကနေ ထိုးဖောက်လို့မရအောင် ပိတ်ဆို့နိုင်ခဲ့ပါတယ်..။

သူတို့နှစ်ယောက်ရဲ့ စိတ်ချရတဲ့ ပေးဆပ်မှု (productivity)

 ပါးမား နဲ့ ဂါလက်ချာ တို့ဟာ လျှင်မြန်မှုနဲ့ တစ်ဉီးချင်းဘောလုံးစွမ်းရည်တွေမှာ တခြားအသင်းဖော်တွေလောက် မကောင်းပေမယ့် တဒင်္ဂအတွင်း ဆုံးဖြတ်ချက်ချနိုင်တဲ့ အပိုင်းမှာ အထူးကောင်းမွန်တာကို သတိပြုမိပါတယ်..။ အချက်အလက်တွေအရဆိုရင် ထိရောက်တဲ့ တိုက်စစ်ဇုန် ပေးပို့မှု (successful passess into final third) အပိုင်းမှာ အင်ဇို ဖာနန်ဒက်စ် ကပဲ သူတို့နှစ်ယောက်ထက် ပိုပြီးသာလွန်ခဲ့ပါတယ်..။


အထူးသဖြင့် ကော်နာ ဂါလက်ချာ ဟာ ဖူးလ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့သလို ဘန်လေအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ရာဟင်း စတာလင်း သွင်းယူပေးခဲ့တဲ့ တတိယဂိုးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ကိုးလ် ပါးမား ဟာ ဘရိုက်တန်အသင်းကို အနိုင်ရခဲ့တဲ့ EFL ဖလားပွဲစဉ်မှာ တိုက်စစ်မှူး ဂျက်ဆင် သွင်းယူပေးခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့သလို ဘန်လေအသင်းနဲ့ ပွဲစဉ်မှာလည်း စတုတ္ထဂိုးကို ထပ်မံဖန်တီးပေးခဲ့ပြန်ပါတယ်..။



နွေရာသီအပြောင်းအရွှေ့ ပြီးဆုံးခါနီးမှ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ကိုးလ် ပါးမား ဟာ အသင်းရဲ့ညာတောင်ပံမှာ ကစားနေရင်း တစ်ပွဲကိုပျမ်းမျှ (၃.၃၂) ကြိမ် ဂိုးကန်သွင်းခွင့်မှု (shots) နဲ့ အခွင့်အရေး ဖန်တီးပေးမှု (chances created) (၂.၂၂) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်း ကစားသမားတွေမှာ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား ဖြစ်နေပါတယ်..။

ဒါ့ကြောင့် အင်္ဂလန်လူငယ် ကစားသမား နှစ်ယောက်ဖြစ်တဲ့ ကိုးလ် ပါးမား နဲ့ ကော်နာ ဂါလက်ချာ တို့ဟာ ကစားပုံ ထိရောက်မှုရှိပြီး (efficient)၊ လုပ်အားနှုန်းနဲ့ ပေးဆပ်မှု (energetic) အထူးကောင်းမွန်မှုတွေကြောင့် နည်းပြမော်ရစ္စစီယို ပိုချက်တီနို ရဲ့ ယုံကြည်အားကိုးမှုကို အရယူနေနိုင်ပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ်..။

(Premier League Official website မှ ဆောင်းပါးရှင် Adrian Clarke ၏ ‘How Palmer and Gallagher are forming the perfect partnership’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)