Sky Sports ရုပ်/သံဌာနမှ တင်ဆက်ခဲ့သော ‘Monday Night Football’ အစီအစဉ်တွင် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် ဝုလ်ဖ်အသင်းနည်းပြ ဂယ်ရီ အိုနေးလ် တို့က ချယ်လ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်မှ နည်းပြမော်ရစ္စစီယို ပိုချက်တီနို နှင့် မီခေးလ် အာတီးတာ တို့၏ ပွဲချဉ်းကပ်ပုံ၊ အခင်းအကျင်းနှင့် ပွဲအတွင်း ပြုလုပ်ခဲ့သော နည်းစနစ်ပိုင်း အပြောင်းအလဲများ၊ ပွဲ၏အခြေအနေကိုလိုက်ပြီး အပြောင်းအလဲပြုနိုင်မှု၏ (adaptability) အရေးပါမှုအကြောင်းကို အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။
ဒေးဗစ် ဂျုံးစ် - ပြီးခဲ့တဲ့စနေနေ့က ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ စတန်းဖို့ဒ် ဘရစ်ချ်ပွဲစဉ်မှာဆိုရင် ချယ်လ်ဆီးအသင်းသားတွေဟာ ပွဲအပြီးမှာ အနိုင်ရလဒ်ကို မဆောင်ယူနိုင်ခဲ့တဲ့အပေါ် အထူးစိတ်ပျက်မိခဲ့ကြမှာပါပဲ..။ အဲဒီပွဲမှာ သူတို့အသင်းကစားသွားခဲ့တဲ့ ခြေစွမ်းဟာ တကယ့်ကို ကောင်းမွန်ခဲ့တာပါ..။ ဂျေမီ ရေ… နည်းပြမော်ရစ္စစီယို ရဲ့ အခင်းအကျင်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံအပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြနိုင်မလား..?
ဂျေမီ ကာရေဂါ - ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကောင်းမွန်ခဲ့သလို အဲဒီပွဲစဉ်ဟာ တကယ့်ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ အထူးသဖြင့် ဒီပွဲနဲ့ပတ်သက်ပြီး မန်နေဂျာနှစ်ယောက်ရဲ့ ပွဲရဲ့အခြေအနေကိုလိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပုံ (adaptable) ကို အရမ်းသဘောကျမိပါတယ်..။ ဂယ်ရီ ရေ.. ‘မန်နေဂျာတစ်ယောက်ဟာ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်း (adaptability) ရှိရမယ်..’ လို့ ခုနကပဲ ခင်ဗျားပြောခဲ့သေးတယ်နော်..။ မော်ရစ္စစီယို ပိုချက်တီနို ဆိုရင် အဲဒီလို ပြောင်းလွယ်၊ ပြင်လွယ်ဖြစ်ခဲ့လို့လည်း ဒီပွဲကိုအနိုင်ရလုနီးနီး အခြေအနေ ရောက်လာခဲ့သလို မီခေးလ် အာတီးတာ ဆိုရင် နှစ်ဂိုးရှုံးနေရကနေ သရေရလဒ် ပြန်လည်ရရှိအောင် အပြောင်းအလဲ ပြုလုပ်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်..။
အဲဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူးစစ်စစ် မပါဝင်ခဲ့ပဲ ကွင်းလယ်အခင်းအကျင်းကို လေးယာက်နဲ့ စတုဂံပုံစံ (box midfield) ခင်းကျင်းခဲ့ပါတယ်..။ သူတို့ရဲ့ပထမဂိုး.. ပင်နယ်တီရရှိစေတဲ့ တိုက်စစ်ဆင်မှုမှာ ကွင်းလယ်က box midfield အခင်းအကျင်းဟာ ဘယ်လိုနည်းနဲ့ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့လည်းဆိုတာ လေ့လာကြည့်ရအောင်…
ပွဲချိန် (၁၅) မိနစ်လောက်မှာ ချယ်လ်ဆီးအသင်းဟာ နောက်တန်းကနေ ကစားကွက် တည်ဆောက်လာရာမှာ ဂိုးသမားဆန်းချက်ဇ် က ဘယ်တောင်ပံမှာရှိနေတဲ့ မူဒရပ်ခ် ဆီကို အဝေးဘောနဲ့ ပေးပို့လိုက်ပါတယ်..။ အဲ… ပွဲပြီးခါနီးမှာလည်း အဲဒီလိုမျိုးသာ အတိအကျ ပေးပို့နိုင်ခဲ့ရင် သိပ်ကောင်းခဲ့မှာပဲ… ဆိုပြီး ကြိတ်မနိုင်၊ ခဲမရ ဖြစ်နေပါလိမ့်မယ်..။ မူဒရပ်ခ် က ခေါင်းတိုက်ပြီး ပြန်ချပေးပါတယ်..။ အခုပြထားတဲ့ပုံ (ပုံ- ၁) မှာဆိုရင် ကွင်းလယ်က ‘No.10’ နေရာမှာ ကိုးလ် ပါးမား နဲ့ ကော်နာ ဂါလက်ချာ တို့ ရှိနေပါတယ်..။
သူတို့နှစ်ယောက်ရဲ့ နေရာယူထားပုံကို ကြည့်မယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ ဗဟိုနောက်ခံလူ နှစ်ယောက်ဟာ သူတို့ဆီကို ပြေးပြီးလူကပ်ကစားဖို့ ဆုံးဖြတ်ရဲမှာ မဟုတ်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့နှစ်ယောက်သာ ရှေ့ကိုတက်သွားခဲ့မယ်ဆိုရင် ချယ်လ်ဆီးရဲ့ ဘယ်၊ ညာတောင်ပံ နှစ်ယောက်ဖြစ်တဲ့ မိုင်ဟေးလ်လို မူဒရပ်ခ် နဲ့ ရာဟင်း စတာလင်း တို့ဟာ လွတ်သွားတဲ့ နေရာလွတ်၊ ကွက်လပ်တွေကနေ အရှိန်မြှင့် ထိုးဖောက်သွားကြမှာ ဖြစ်ပါတယ်..။
မူဒရပ်ခ် ရဲ့ ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို ကော်နာ ဂါလက်ချာ က တစ်ချက်ထိန်းပြီး လှည့်ထွက်သွားခဲ့တယ်..၊ သူကနေ ကိုးလ် ပါးမား.. အဲဒီကနေတဆင့် ရာဟင်း စတာလင်း ရဲ့ ညာတောင်ပံက ဖြတ်တင်ပေးပို့မှုကို မူဒရပ်ခ် ပြေးဝင်ခေါင်းတိုက်ရာမှာ ပင်နယ်တီရခဲ့ပါတယ်…။ ပင်နယ်တီပေးခဲ့တဲ့ အဆုံးအဖြတ်အပေါ် သဘောထားအမြင်တွေ ကွဲပြားမှုရှိနေပါတယ်..။ ဒါပေမယ့် ကြိုက်သည်ဖြစ်စေ..၊ မကြိုက်သည်ဖြစ်စေ.. အခုလက်ရှိ စည်းမျဉ်းတွေအရ ပင်နယ်တီပေးမှာပါပဲ.။ ဒါ့ကြောင့်အဲဒီအဆုံးအဖြတ်အပေါ် ကျွန်တော့်ဘက်က အထွေအထူးပြောစရာ မရှိပါဘူး..။
ဒေးဗစ် ဂျုံးစ် - ဒါဆိုရင် VAR ပြန်ကြည့်ကတည်းက ပင်နယ်တီပေးလိမ့်မယ်လို့ ခင်ဗျားမျှော်လင့်ပြီးသားပေါ့..။ ပင်နယ်တီရခဲ့ပြီး ကန်တော့မယ့်အချိန် ချယ်လ်ဆီးကစားသမားတွေကြားမှာ အငြင်းအခုန်လေး ဖြစ်သွားခဲ့တာက စိတ်ဝင်စားဖို့ အကောင်းသားဗျ..။ ခင်ဗျားရော ဘယ်လိုမြင်မိလဲ..?
ဂျေမီ ကာရေဂါ - ကျွန်တော်ကတော့ မကြိုက်ပါဘူး..။ ကစားသမားတွေကြားထဲမှာ ပင်နယ်တီရခဲ့ရင် ဘယ်သူကန်မယ်.. ဆိုတာ ပွဲမစခင်ကတည်းက သေသေချာချာ သိထားပြီး ဖြစ်ရပါမယ်..။ အဲဒီအငြင်းအခုန်လေးမှာ ကျွန်တော်သဘောကျမိတဲ့သူက ‘အင်ဇို ဖာနန်ဒက်စ်’ ပါ..။ သူဟာအသင်းခေါင်းဆောင် တစ်ယောက်အလား ကြားဝင်ပြီး ဝါရင့် ကစားသမား တစ်ယောက်ဖြစ်တဲ့ ရာဟင်း စတာလင်း ကို ‘ဟေး…! ကိုးလ် ပါးမား ကန်ရမယ်..’ လို့ ဆုံးဖြတ်ပေးခဲ့ပါတယ်..။ တကယ့်ကို အသက် (၃၀) ကျော် ဝါရင့်ကစားသမားကြီး တစ်ယောက်လိုပါပဲ..။
အဲဒီပွဲမှာ ကိုးလ် ပါးမား ရဲ့ ခြေစွမ်းဟာ သွင်းဂိုးနဲ့ထိုက်တန်ပါတယ်…။ ဒါပေမယ့် အဓိကပြောချင်တာက အဲဒီဂိုးဟာ အသင်းရဲ့ တိုက်စစ်ကစားပုံ အခင်းအကျင်းကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်..။ မော်ရစ္စစီယို ဟာ ကွင်းလယ်မှာ စတုဂံပုံစံ box midfield ခင်းကျင်းရတဲ့ အကြောင်းရင်းက ဘယ်တောင်ပံကနေ အတွင်းကိုဝင်ပြီး ကစားလေ့ရှိတဲ့ အိုလက်ဇန်းဒါး ဇီချန်ကို ကို ထိန်းချုပ်ချင်လို့ ဖြစ်ပါတယ်..။ ယူကရိန်း ဘယ်နောက်ခံလူဟာ ပထမပိုင်းတစ်ပိုင်းလုံး ဘာမှလှုပ်မရခဲ့တဲ့အပြင် ရာဟင်း စတာလင်း ဟာ သူ့ကိုတစ်ချိန်လုံး ဒုက္ခပေးနေခဲ့တာကြောင့် လူစားလဲခဲ့ပါတယ်…။
ဒုတိယပိုင်းမှာ ဇီချန်ကို ရဲ့အစား တိုမီယာဆု လူစားဝင်လာခဲ့ပေမယ့် သူဟာအခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၂) ထဲကလို ကွင်းလယ်အဖျက် ကစားသမားအဖြစ် တာဝန်ယူရပါတယ်..။ ဒါ့ကြောင့်သူတို့ရဲ့မူရင်း ပွဲကြိုအစီအစဉ်အတိုင်း ဘာမှမပြောင်းသွားပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ box midfield က ပိတ်ဆို့မှု ကောင်းလွန်းခဲ့တဲ့အပြင် ဘယ်၊ ညာတောင်ပံ ကစားသမားတွေကလည်း လိုအပ်သလို အတွင်းကိုဝင်ပြီး အားဖြည့်တာကြောင့် အာဆင်နယ်အသင်းရဲ့ အဓိကကွင်းလယ် ကစားသမား မာတင် အိုဒီဂါတ် ဟာ ချယ်လ်ဆီးရဲ့ ကွင်းလယ်နဲ့နောက်တန်းကြားမှာ (between the line) ဘောလုံးကိုမရခဲ့ပါဘူး..။
အဲဒီပုံ (၂) မှာဆိုရင် ဘောလုံးရထားတဲ့ ဂျော်ဂင်ဟို ဟာ ရှေ့ကိုပေးလို့မရတာကြောင့် နောက်ခံလူ ဆာလီဘာ နဲ့ ပြန်ပြီးတွဲရတယ်..၊ ဆာလီဘာ ကလည်း ရှေ့ကိုပေးလို့မရတဲ့အတွက် ညာတောင်ပံက ဘင် ဝှိုက် ဆီကိုပဲ ခုတ်တင်ပေးရပါတယ်..။ ဘင် ဝှိုက် ဆီ ဘောလုံးရောက်တဲ့အချိန် အာဆင်နယ်ဘက်က ဘင် ဝှိုက် နဲ့ အိုဒီဂတ် တို့နှစ်ယောက်ဟာ ကူကူရယ်လာ၊ မူဒရပ်ခ်၊ အင်ဇို နဲ့ ကော်နာ ဂါလက်ချာ တို့လေးယောက်နဲ့ 4 vs 2 အခြေအနေ ဖြစ်သွားတာကြောင့် ချယ်လ်ဆီးဘက်ကိုပဲ ဘောလုံးပြန်ပါသွားခဲ့ပါတယ်..။
ကော်နာ ဂါလက်ချာ က ဘယ်တောင်ပံကနေ ဘောလုံးဆွဲပြီး တိုက်စစ်ဆင်လာပါတယ်..။ အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်အခင်းအကျင်းကို ကြည့်မယ်ဆိုရင် အထောင်တိုက်စစ်မှူးနေရာမှာ ဘယ်သူမှရှိမနေပဲ သူတို့ရဲ့အဓိက ထိုးဖောက်မယ့်လမ်းကြောင်းဟာ မူဒရပ်ခ် နဲ့ စတာလင်း တို့ ဖြစ်တာကို တွေ့ရမှာပါ..(ပုံ- ၃)။
အဲဒီလို ထိုးဖောက်မှုပုံစံဟာ ဘရိုက်တန်အသင်းရဲ့ တိုက်စစ်ကစားကွက်နဲ့ သွားပြီးဆင်တူနေတာကို သတိပြုမိပါတယ်..။ တိုက်စစ်မှူးမရှိခြင်းရဲ့ အားသာချက်က မူဒရပ် နဲ့ စတာလင်း တို့ဟာ ရွှေ့လျားနိုင်ဖို့ နေရာလွတ်တွေ အများကြီးရှိနေခဲ့ခြင်း ဖြစ်ခဲ့ပါတယ်…။ နည်းပြမော်ရစ္စစီယို ပိုချက်တီနို ကတော့ ယူကရိန်း တောင်ပံ ကစားသမားဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ကန်သွင်းခဲ့တာလို့ ပြောပါတယ်..။ ကျွန်တော်ကတော့ သိပ်မသေချာပါဘူး..။ ဒါပေမယ့် ဂိုးဝင်သွားဖို့ အဓိက..၊ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး..။
ကျွန်တော်ကတော့ ပွဲကိုကြည့်နေရင်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ ပွဲချဉ်းကပ်ပုံနဲ့ နည်းစနစ်ပိုင်း စီမံချက်တွေကို အရမ်းနှစ်ခြိုက်မိပါတယ်..။ သူတို့တွေရဲ့ လူစားလဲမှုတွေကို ကြည့်မယ်ဆိုရင် မူဒရပ်ခ် ရဲ့အစား နီကိုလပ်စ် ဂျက်ဆင် ဝင်လာပါတယ်..။ ဒါဆိုရင် ဂျက်ဆင် ဟာ အစွန်ဘက်ကို ထွက်ကစားပြီး သူတို့ရဲ့ box midfield အထိုင်ပုံစံကို ဆက်ထိန်းထားလိမ့်မယ်လို့ပဲ ကျွန်တော် တွက်ဆခဲ့ပါတယ်..။ ဒါပေမယ့် သူတို့ဟာ ၄- ၂- ၃- ၁ ပုံစံ ပြောင်းလဲ ကစားသွားခဲ့ပါတယ်…။ အဲဒီမှာ ဘာတွေပြောင်းလဲသွားခဲ့လဲ..? အခုအောက်မှာပြထားတဲ့ ပူးတွဲပုံ (ပုံ- ၄) နဲ့ လေ့လာကြည့်ရအောင်…
အဲဒီပုံရဲ့ ဘယ်ဘက်ခြမ်းမှာ ပွဲချိန် (၆၆) မိနစ်အထိ နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို ပြသထားပြီး ညာဘက်ခြမ်းကတော့ ပွဲချိန် (၆၆) မိနစ်နောက်ပိုင်း အချက်အလက်တွေ ဖြစ်ကြပါတယ်..။ ချယ်လ်ဆီးအသင်းက နှစ်ဂိုးအသာရထားပေမယ့် ဂိုးကန်သွင်းချက် (shot) တွေမှာ နှစ်သင်းစလုံး (၉) ကြိမ်စီ အတူတူ ဖြစ်ပါတယ်..။ ပြိုင်ဘက်အသင်း ပင်နယ်တီဧရိယာထဲမှာ ဘောလုံးထိချက် (touches in opposition box) တွေမှာလည်း သိပ်မကွာပါဘူး..။ ဒါပေမယ့် ဘောလုံးပိုင်ဆိုင်မှု (possession) နဲ့ ပြိုင်ဘက်အသင်း ကွင်းဘက်ခြမ်းက ဘောလုံးပိုင်ဆိုင်မှု (field tilt) တွေမှာ အာဆင်နယ်အသင်းက သိသိသာသာ သာလွန်နေခဲ့တာ တွေ့ရပါလိမ့်မယ်..။
ဒေးဗစ် ဂျုံးစ် - ‘field tilt’ အကြမ်းဖျင်း ရှင်းပြပါမယ်..။ ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်ခြမ်းက ဘောလုံးပိုင်ဆိုင်မှု ကို တွက်ချက်တဲ့နေရာမှာ ကွင်းလယ်ခြမ်းမှာ ပြုလုပ်နေခဲ့တဲ့ ဘောလုံးအပေးအယူတွေကို ဖယ်ထုတ်ထားပြီး ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ဇုန် (final third) ထဲက ဘောလုံးပိုင်ဆိုင်မှုတွေကို သီးခြားဖော်ပြထားတာ ဖြစ်ပါတယ်…။
ဂျေမီ ကာရေဂါ - ဟုတ်ကဲ့..၊ ပြိုင်ဘက်အသင်းအတွက် အန္တရာယ်ရှိနိုင်တဲ့ ဘောလုံးပိုင်ဆိုင်မှု (dangerous possession) ကို ဆိုလိုပါတယ်..။ ကဲ.. ခုနကစကားကို ပြန်ဆက်ရမယ်ဆိုရင် တိုက်စစ်မှူး ဂျက်ဆင် ကို လူစားသွင်းခဲ့ပြီးနောက်ပိုင်း ကျန်တဲ့တခြားအချက်အလက်တွေမှာ အရမ်းကြီးမပြောင်းလဲသွားပေမယ့် field tilt နဲ့ possession ပိုင်းမှာ ချယ်လ်ဆီးဘက်က သိသိသာသာကို အသာစီးရသွားခဲ့ပါတယ်..။ ဒါ့ကြောင့်အချက်အလက်တွေအရဆိုရင် ချယ်လ်ဆီးအသင်းဟာ လူစားလဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း တိုက်စစ်ပိုင်း ပိုပြီးကောင်းမွန်လာခဲ့တယ်လို့တောင် ပြောလို့ရပါတယ်…။ အံ့ဩစရာတော့ ကောင်းသားဗျ…
ဒက်ကလန် ရိုက်စ် ရဲ့ ပထမချေပဂိုးဟာ ဘယ်လိုမှမျှော်လင့်မထားတဲ့အချိန်မှာ (freak) ရသွားခဲ့တဲ့ဂိုး ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အဲဒီဂိုးပေးလိုက်ရပေမယ့် အသာစီးကနေ ကစားနေနိုင်ဆဲ ဖြစ်ပါတယ်..။ အာဆင်နယ်အသင်းဟာ အီမီးလ် စမစ် ရိုး၊ လီယန်ဒရို ထရော့ဆာ့ဒ် နဲ့ ကိုင် ဟာဇာ့ဇ် တို့ကို ထပ်ပြီးထည့်သွင်းခဲ့ပေမယ့် သူတို့ကစားနေတဲ့ ကစားကွက်အထိုင်ဟာ ပြောင်းမသွားခဲ့ပါဘူး..။ အဲဒီအချိန်မှာ မီခေးလ် အာတီးတာ ရဲ့ ကွင်းဘေးကနေ ညွှန်ကြားချက်တစ်ခုကို ကျွန်တော်သတိပြုမိပါတယ်..။
အခုပြထားတဲ့ ပူးတွဲပုံ (ပုံ - ၅) မှာဆိုရင် ကွင်းလယ်မှာ အီမီးလ် စမစ် ရိုး၊ ဒက်ကလန် ရိုက်စ် နဲ့ ကိုင် ဟာဗာ့ဇ် တို့ သုံးယောက်နဲ့ သူတို့ကစားနေကျ ၄- ၃- ၃ ကစားကွက်ပါပဲ..။ အဲ… ချယ်လ်ဆီးဘက်က လူစားလဲဖို့ ပွဲကိုခဏနားတဲ့အချိန်မှာ မီခေးလ် အာတီးတာ ဟာ ကွင်းဘေးကနေ အချက်လှမ်းပြလိုက်ပါတယ်..။ သူ့ရဲ့လက်ဟန်ခြေဟန်နဲ့ အချက်ပေးလိုက်တာကိုမြင်လိုက်တာနဲ့ ကိုင် ဟာဗာ့ဇ် ဟာ ညာဘက်မှာ ရှိနေတဲ့ စမစ် ရိုး ဆီကို ပြေးသွားပြီး နည်းပြရဲ့မှာကြားချက်တွေ သွားပြောလိုက်ပုံရပါတယ်..။
ကျွန်တော်က ဘယ်၊ ညာ ဆိုက်ဒ် ချိန်းခိုင်းတာလို့ပဲ ထင်လိုက်ပေမယ့် ကိုင် ဟာဗာ့ဇ် က တိုက်စစ်ကို တက်သွားပြီး စမစ် ရိုး က ကွင်းလယ်မှာ ဒက်ကလန် ရိုက်စ် နဲ့ double pivot ပုံစံ ပြန်ပြီးထိုင်လိုက်ပါတယ်..။ ဒါ့ကြောင့်အခုအောာက်မှာ ပြထားတဲ့ပုံ (ပုံ -၆) မှာဆိုရင် အာဆင်နယ်အသင်းရဲ့ ကစားကွက်ဟာ တိုက်စစ်မှာ ကိုင် ဟာဗာ့ဇ် နဲ့ အန်ကတ်တီးယား တို့နဲ့ ၄- ၂- ၄ (ဒါမှမဟုတ်) ၄- ၄- ၂ ပုံစံပြောင်းသွားပါတယ်..။
မီခေးလ် အာတီးတာ ဟာ လူစားလဲမှုတွေ ပြုလုပ်ခဲ့ပေမယ့် အသင်းရဲ့ကစားပုံ ပြောင်းမသွားခဲ့တဲ့အပြင် ချယ်လ်ဆီးဘက်ကတောင် ပိုပြီးဖိကစားလာနိုင်တဲ့ အခြေအနေ ဖြစ်နေတာကြောင့် သူ့ရဲ့နောက်ဆုံး ဝှက်ဖဲကို ထုတ်သုံးလိုက်ပုံ ရပါတယ်..။ အဲဒီဝှက်ဖဲကတော့ ကိုင် ဟာဗာ့ဇ် ဆီကို အဝေးဘောတွေနဲ့ တိုက်ရိုက်ပေးပို့ (direct attack) ထိုးဖောက်တာပဲ ဖြစ်ပါတယ်..။
သူတို့ရသွားခဲ့တဲ့ ဒုတိယဂိုးဟာ ဂိုးသမား ရာယာ ကန်တင်လိုက်တဲ့ အဝေးဘောကို ကိုင် ဟာဗာ့ဇ် က ရင်ဘတ်နဲ့ထိန်းပြီး အန်ကတ်တီးယား ဆီကို ချပေးလိုက်တဲ့ ဘောလုံးကနေ စတင်ခဲ့တာပါ..။ ညာတောင်ပံကနေ ဘင် ဝှိုက် က ကိုင် ဟာဗာ့ဇ် ဆီကို ပြန်လည်ပေးပို့လိုက်တဲ့ ဘောလုံးဟာ သိပ်ကိုကောင်းပါတယ်..။ အဲဒီအချိန်မတိုင်ခင်အထိ အာဆင်နယ်အသင်းဟာ အခုလိုမျိုး ကွင်းလယ်နဲ့ နောက်တန်းကြားမှာ ဘောလုံးကိုင်ခွင့် တခါမှမရခဲ့ဖူးပါဘူး..။ ဒါ့ကြောင့်အဲဒီဒုတိယချေပဂိုးမှာ ကိုင် ဟာဗာ့ဇ် ရဲ့ second ball..၊ ဘင် ဝှိုက် ရဲ့ ပေးပို့မှုတွေဟာ အဓိကကျခဲ့သလို ထရော့ဆာ့ဒ် ကလည်း ဆာကာ ရဲ့ အတိအကျ ပေးပို့လိုက်တဲ့ ဖြတ်တင်ဘောကို မာလို ဂတ်စ်တို ရဲ့နောက်ကနေ ပါးပါးနပ်နပ် ပြေးထွက်သွားပြီး သွင်းယူပေးခဲ့ပါတယ်..။
နောက်ထပ်ထူးခြားချက်တစ်ခုကို ထပ်ပြီးပြောချင်ပါတယ်..။ ပွဲပြီးခါနီးမှာ အာဆင်နယ်အသင်းဟာ ပြစ်ဒဏ်ဘော ကန်တင်ခွင့်ပါတယ်..။ ဂိုးသမား ရာယာ ကန်တင်ဖို့ပြင်တယ်..၊ မီခေးလ် အာတီးတာ က ဘယ်အစွန်မှာ နေရာယူနေတဲ့ ထရော့ဆာ့ဒ် ကို အတွင်းဘက် ဝင်ခိုင်းလိုက်ပါတယ်..(ပုံ- ၇)။ ပုံမှန်အားဖြင့် အာဆင်နယ် အသင်းဟာ ကစားကွက်လှလှပပနဲ့ ကစားတတ်တဲ့အသင်း.. ဆိုပြီး သိထားပေမယ့် သူတို့ဟာ ကိုင် ဟာဗာ့ဇ် ရဲ့ ခေါင်းပေါ်ကိုပဲ တိုက်ရိုက်ကန်တင်ပြီး ထိုးဖောက်ဖို့ ကြိုးစားတော့တာ တွေ့မိပါတယ်..။
ကျွန်တော်တို့ဟာ အခုဆိုရင် သက္ကရာဇ် ၂၀၂၃ ခုနှစ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် အဲဒီပွဲကနာကျင်အချိန်ပိုမှာတော့ ၁၉၉၃ ခုနှစ်ကိုပြန်ပြီး ရောက်သွားသလိုပါပဲ.. ဟားဟား..။ အဲဒါဟာ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး..။ အထူးသဖြင့် နည်းပြနှစ်ယောက်စလုံးဟာ အနိုင်ရဖို့အတွက် နည်းမျိုးစုံသုံးပြီး ကြိုးစားအားထုတ်ခဲ့တာကို လေးစားမိပါတယ်..။
အခုပူးတွဲပုံ (ပုံ- ၈) မှာ ပြထားတဲ့ ဂိုးသမား ဒေးဗစ် ရာယာ ရဲ့ ဘောလုံးပေးပို့မှု အချက်အလက်တွေကို ကြည့်မယ်ဆိုရင် သူဟာဒုတိယပိုင်းအစ (၄၅) မိနစ်ကနေ မိနစ် (၈၀) အထိ ပြုလုပ်ခဲ့တဲ့ ဘောလုံးပေးပို့မှုတွေ (passes) ထဲမှာ အဝေးဘောပေးပို့မှု (long passes) (၂) ကြိမ်၊ ဘောလုံးပေးပို့မှု စုစုပေါင်းရဲ့ (၁၂ %) ရာခိုင်နှုန်းသာ ပြုလုပ်ခဲ့ပါတယ်..။ ဒါဟာအသင်းကြီးတစ်သင်းရဲ့ ပုံမှန်ကစားနေကျ ပုံစံပါပဲ..။ ဒါပေမယ့် ပွဲပြီးခါနီး (၁၀) မိနစ်.. နာကျင်အချိန်ပိုတွေနဲ့ဆိုရင် (၁၅) မိနစ်ဝန်းကျင်အတွင်းမှာ သူဟာအဝေးဘော ကန်တင်မှု (၅) ကြိမ်နဲ့ ဘောလုံးပေးပို့မှုပေါင်းရဲ့ (၇၁ %) ရာခိုင်နှုန်း ပြုလုပ်ခဲ့ပါတယ်..။
ကျွန်တော်ကတော့ နည်းပြမီခေးလ် အာတီးတာ ရဲ့ ပွဲချိန်အတွင်း အခြေအနေနဲ့လိုက်ပြီး ပြုလုပ်ခဲ့တဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲကို သဘောကျမိပါတယ်..။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်နေတဲ့ မန်နေဂျာ တစ်ယောက်အနေနဲ့ ခုနကခင်ဗျားပြောခဲ့သလို ပွဲချဉ်းကပ်ပုံ၊ နည်းစနစ်ပိုင်းတွေမှာ အခြေအနေကိုလိုက်ပြီး ပြောင်းလွယ်ပြင်လွယ် (adaptability) ရှိဖို့ လိုအပ်ပါတယ်လို့ သုံးသပ်ချင်ပါတယ်.. ဂယ်ရီ ရေ..
ဂယ်ရီ အိုနေးလ် - ဟုတ်ကဲ့ပါ..။ အဝေးဘောတွေနဲ့ ကိုင် ဟာဗာ့ဇ် ရဲ့ ခေါင်းပေါ်ကိုတင်ပေးပြီး ပြန်ကျလာတဲ့ ဘောလုံးတွေကို (second balls) အရယူမယ်ဆိုတာ မီခေးလ် အာတီးတာ ရဲ့ ပထမဉီးစားပေး ကစားနည်း မဟုတ်နိုင်ပါဘူး..။ ဒါပေမယ့် ပွဲရဲ့အနေအထားအရ နောက်တန်းကနေ ကစားကွက်တည်ပြီး (play from the back) ထိုးဖောက်ရခက်နေတယ်..၊ ဒါ့အပြင်ဂိုးသမား ရာယာ အနေနဲ့ကလည်း ပွဲပြီးတော့မယ့် အနေအထားမှာ အဝေးဘောတွေကန်တင်ပြီး ထိုးဖောက်ရတာ ပိုပြီးလွယ်ကူနိုင်ပါလိမ့်မယ်..။
အဲဒီလိုအဝေးဘောတွေနဲ့ ထိုးဖောက်ပြီး ပြန်ကျလာတဲ့ second balls တွေကို အရယူနိုင်ဖို့ဆိုရင် အခုအောက်က ပြထားတဲ့ပုံ (ပုံ - ၉) ထဲကလို ကိုယ့်ရဲ့ကစားသမားအားလုံးကို ဧရိယာကျဉ်းကျဉ်းလေးထဲမှာ နေရာယူထားနိုင်ဖို့ လိုတာပေါ့..။ ‘မကောင်းသူထိပ်၊ ကောင်းသူထိပ်’ ဆိုတဲ့ပုံစံ ဖြစ်နေတယ် ဆိုပေမယ့် ဘောလုံးပြန်ကျလာမယ့်နေရာမှာ ကိုယ့်လူတွေများများ ရှိနေမှလည်း second ball တွေ ပြန်ရနိင်ဖို့ အခွင့်အရေးပိုများမယ်..၊ ရလာတဲ့ ဘောလုံးတွေကို ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာထဲကို ပြန်လည်ထိုးဖောက်နိုင်ပါမယ်..။
ဂျေမီ ကာရေဂါ - တစ်ခုရှိတာက အာဆင်နယ်အသင်းဟာ အခုအချိန်မှာ ပုံစံကောင်းတွေ ရရှိနေပြီး နိုင်ပွဲတွေအများအပြား ရရှိထားတဲ့အတွက် မီခေးလ် အနေနဲ့ ပွဲချိန်အတွင်းမှာ မူရင်းကစားနေတဲ့ပုံစံနဲ့ လုံးဝကွဲပြား ခြားနားတဲ့ ကစားကွက်ပုံစံတစ်ခုကို အပြောင်းအလဲ ပြုလုပ်နိုင်ဖို့ လွယ်ကူမှာပေါ့..။
တကယ်လို့ ကိုယ့်ရဲ့အသင်းဟာ အခြေအနေမကောင်းနေတဲ့ မန်နေဂျာတစ်ယောက်၊ ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ ဝုလ်ဖ်အသင်းလို အမှတ်ပေးဇယားရဲ့ အောက်ပိုင်းက (bottom half of the table) အသင်းတစ်သင်းအနေနဲ့ အခုလိုမျိုး အပြောင်းအလဲတွေ ပြုလုပ်ချင်တဲ့အခါ ကိုယ့်ရဲ့လမ်းညွှန်ချက်အတိုင်း ကစားသမားတွေ လိုက်နာ၊ ပြောင်းလဲလာအောင် ဘယ်လိုပုံစံနဲ့ စွမ်းဆောင်ပေးနိုင်ခဲ့လဲ..?
ဂယ်ရီ အိုနေးလ် - ပထမဆုံးအနေနဲ့ ပွဲရဲ့အခြေအနေပေါ်လိုက်ပြီး ကစားနည်းပုံစံအမျိုးမျိုးကို ပြောင်းလဲ၊ ကစားနိုင်ဖို့ လိုအပ်တဲ့အကြောင်းကို ကစားသမားတွေ နားလည်၊ လက်ခံလာအောင် အရင်ဆုံး ရှင်းပြဖို့ လိုအပ်ပါတယ်..။ ပြီးရင်ဇာတ်တိုက် လေ့ကျင့်ရမှာပေါ့ဗျာ..။ ဥပမာ- ကျွန်တော်တို့ ဝုလ်ဖ်အသင်းနဲ့ လူတန် တောင်းပွဲစဉ်ကလို တစ်ယောက်လျော့ (၁၀) ယောက်နဲ့ ကစားနေရပါတယ်.. ဆိုပါစို့..။ ဒါဆိုရင် သူတို့ရဲ့ဂိုးဧရိယာထဲကို အကွက်ကျကျနဲ့ ထိုးဖောက်နိုင်ဖို့ မလွယ်ပါဘူး..။ ဒါ့ကြောင့်အဝေးဘောတွေနဲ့ ထိုးဖောက်ရပါတော့မယ်..။
အဝေးဘောတွေနဲ့ ထိုးဖောက်ပြီဆိုရင် အဝေးဘောတွေ ပေးပို့တဲ့နေရာနဲ့ second balls တွေကို အရယူနိုင်တဲ့ နေရာတွေမှာ ကောင်းမွန်ဖို့ လိုအပ်ပါတယ်..။ အထူးသဖြင့် ပြစ်ဒဏ်ဘောတွေ၊ တည်ကန်ဘောတွေပေါ့ဗျာ..။ ဂိုးသမားက ကန်တင်ရမယ့် ဂိုးလွန်ဘောတွေမှာလည်း play from the back ပုံစံနဲ့ ကိုယ့်အသင်းရဲ့ ခံစစ်ဇုန်ထဲက ထိုးဖောက်ကြည့်လို့ရမလား..? Ok.. မရဘူးဆိုရင် အာတီးတာ တို့ ကစားသွားတဲ့ပုံစံအတိုင်း အမြင့်ဘောနဲ့ခေါင်းတိုက်ဘောတွေ အရယူတဲ့နေရာမှာ ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဆီကို ဉီးတည်ပြီး ကျန်တဲ့ကစားသမားတွေနဲ့ နေရာကျဉ်းကျဉ်းလေးမှာ secnd balls တွေ အရယူမယ့် နည်းဗျူဟာကို ပြောင်းလဲသုံးစွဲရတာပါပဲ...။
ဒါ့အပြင် ပွဲရဲ့အခြေအနေကို နားလည်ပြီး ပြောင်းလဲရတယ်ဆိုတဲ့အချက်ကို ဥပမာပေးရမယ်ဆိုရင် ကိုယ့်အသင်းက တစ်ဂိုးအသာနဲ့ ဉီးဆောင်နေတယ်..၊ ပွဲပြီးဖို့ကလည်း သုံးမိနစ်လောက်ပဲ လိုတော့တယ်..၊ အဲဒီလိုအခြေအနေမျိုးဆိုရင် ကိုယ့်အသင်းရဲ့ဂိုးပေါက်ရှေ့မှာ အပေးအယူလုပ်ပြီး အန္တရာယ်ကို ဖိတ်ခေါ်သင့်ပါ့မလား..? ကျွန်တော့်အသင်း ရှေ့တန်းက ဆာဆာ ကာလာဒစ်ဇ် တို့၊ မက်သီးယပ်စ် ကွန်ညာ တို့လို အမြင့်ဘောအသုံးချတာ ကောင်းမွန်တဲ့ တိုက်စစ်မှူးတွေဆီကို တိုက်ရိုက်ကန်တင်၊ ပေးပို့ပြီး ထိုးဖောက်ပုံ ပြောင်းလဲတာမျိုးကိုလည်း စဉ်းစားရပါတယ်..။ ဒါ့ကြောင့်ပွဲတစ်ပွဲကို စီမံခန့်ခွဲတဲ့နေရာမှာ ပွဲရဲ့အခြေအနေ (state of the play) နဲ့ ပွဲရဲ့အရှိန် အတင်အချ (momentum) ကို နားလည်ပြီး ထိန်းချုပ်၊ ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်..။