feature-image

‘Sorry Mr. Jackson’: တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ကို ဝေဖန်ခဲ့တဲ့ ‘အလန် ရှီးယားရား’

မနေ့ကယှဉ်ပြိုင်ခဲ့သော ချယ်လ်ဆီးအသင်းက ဘရန့်တ်ဖို့ဒ် အသင်းကို ရှုံးနိမ့်ခဲ့သော ပွဲစဉ်မှ အဓိကတိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ၏ ဂိုးဧရိယာအတွင်း လှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့သည့်အပေါ် အင်္ဂလန်အသင်း ဂန္တဝင်တိုက်စစ်မှူးဟောင်း အလန် ရှီးယားရား က BBC သတင်းဌာန၏ ‘Match of the Day’ အစီအစဉ်မှတဆင့် ယခုလိုဝေဖန် ပြောကြားခဲ့ပါသည်..။

အလန် ရှီးယားရား - တိုက်စစ်မှူးတစ်ယောက်ဟာ ဂိုးသွင်းကောင်းပြီး ထက်မြက်နေဖို့ (prolific) ဆိုရင် ဂိုးရရှိနိုင်မယ့် နေရာတွေ (goal scoring positions) ကို ချိန်သားကိုက် ရောက်ရှိနေနိုင်ဖို့ လိုအပ်ပါတယ်..။ ဒါမှလည်း ဂိုးတွေသွင်းယူပေးနိုင်မှာ ဖြစ်ပါတယ်..။ ဒီနေ့ပွဲမှာ သူ့ကိုကြည့်ရတာ ဘာမှလှုပ်ရှားမှု မရှိသလိုပါပဲ..။ အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ- ၁) မှာဆိုရင် ချယ်လ်ဆီးအသင်းဟာ တန်ပြန်တိုက်စစ်ကနေတဆင့် အခွင့်အရေးကောင်းတစ်ကြိမ် ရလာခဲ့ပါတယ်..။



ဘယ်တောင်ပံကနေ ရာဟင်း စတာလင်း ဘောလုံးဆွဲယူလာချိန်မှာ ချယ်လ်ဆီးအသင်းဟာ 3 vs 2 နဲ့ လူတစ်ယောက် အသာရထားတယ်လို့တောင် ပြောလို့ရပါတယ်..။ အဲဒီလိုအနေအထားမှာ သူသာ ဘရန့်တ်ဖို့ဒ် အသင်းရဲ့နောက်ခံလူနှစ်ယောက်ရှေ့ကနေ အယောင်ပြအနေနဲ့ ဖြတ်ပြေးသွားဖို့ ကြိုးစားပေးခဲ့မယ်ဆိုရင် ညာဘက်အစွန်ဆုံးမှာ ရှိနေတဲ့ ကိုးလ် ပါးမား အတွက် လုပ်ရကိုင်ရ ပိုပြီးလွယ်ကူသွားပါလိမ့်မယ်..။

တိုက်စစ်မှူးဆိုတာဟာ တခါတလေမှာ ကိုယ့်ရဲ့အသင်းဖော်တွေ နေရာလွတ်ပိုပြီး ရရှိနိုင်ဖို့ နောက်ခံလူတွေကို ဆွဲထုတ်သွားတဲ့ အယောင်ပြ ပြေးထွက်မှုတွေ ပြုလုပ်ပေးနိုင်ဖို့ လိုအပ်ပါတယ်..။ အယောင်ပြပြေးတယ်.. ဆိုပေမယ့် သူ့အတွက်လည်း အခွင့်အရေးရလာနိုင်တာပဲလေ..။ သူ့ရဲ့နေရာယူ၊ ပြေးလွှားပုံကို ကြည့်ရတာ အရမ်းကို အကြမ်းထည် (raw) ဆန်လွန်းပါတယ်..။ အချိန်အတော်များများမှာ ဂိုးဧရိယာထဲ ရောက်နေပေမယ့် ဘာဆက်လုပ်ရမှန်း မသိတဲ့ပုံစံ ဖြစ်နေပါတယ်..။

အခုပြထားတဲ့ပုံ (ပုံ- ၂) မှာဆိုရင်လည်း အဲဒီအတိုင်းပါပဲ..။ မာဒူအီကေး ဟာ ညာတောင်ပံကနေ ထိုးဖောက်လာပါတယ်..။ ဂိုးဧရိယာထိပ်မှာရှိနေတဲ့ ဂျက်ဆင် ဟာ ဒီအတိုင်း ရပ်မနေသင့်ပဲ အခုမြှားနဲ့ပြထားသလို အနီးဆုံးနောက်ခံလူရဲ့နောက်ကို အသင့်ပြေးဝင်၊ နေရာယူတာပဲဖြစ်ဖြစ်၊ မာဒူအီကေး ရဲ့ ဖြတ်တင်ဘောကို ချိန်သားကိုက်ပိတ်ဆို့နိုင် နောက်ခံလူရှေ့က ဖြတ်ပြေးတာပဲဖြစ်ဖြစ် တစ်ခုခု လုပ်ပေးရပါလိမ့်မယ်..။



ဒါပေမယ့် သူ့ဘက်က ရွှေ့လျားမှုဘာမှလုပ်မပေးတဲ့အတွက် မာဒူအီကေး ဟာ သူ့ဟာသူ တစ်ယောက်ထဲ ဆွဲဝင်လာပြီး ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းတယ်..၊ ဘားတန်းထိပြီး ပြန်ထွက်သွားခဲ့ပါတယ်..။ ဂျက်ဆင် ကို ကြည့်ရတာ သူများတွေ ဘာလုပ်မလဲ..? ဆိုပြီး ရပ်ကြည့်နေတာ များပါတယ်..။ သူဟာအထောင် တိုက်စစ်မှူး တစ်ယောက် ဖြစ်တာနဲ့အညီ သူ့အတွက်ရော၊ အသင်းဖော်တွေအတွက်‌ပါ တိုက်စစ်လမ်းကြောင်းတွေ ပွင့်လာအောင် လှုပ်ရှားမှုတွေ ပြုလုပ်ပေးရမှာပါ..။

အခုပူးတွဲပုံ (ပုံ- ၃) မှာဆိုရင် ဘယ်တောင်ပံက ရာဟင်း စတာလင်း ထိုးဖောက်လာချိန်မှာ ကော်နာ ဂါလက်ချာ နဲ့ ကိုးလ် ပါးမား တို့က နောက်ခံအစွန်လူ နဲ့ ဗဟိုနောက်ခံလူကြားက နေရာလွတ် (channels) တွေဆီကို ပြေးဝင်ဖို့ အသင့်ဖြစ်နေပါပြီ..။



ဒါဆိုရင် သူဘာလုပ်မလဲ..? တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးဧရိယာထဲမှာ အသေကြီးရပ်ကြည့်နေမယ့်အစား ဂါလက်ချာ နဲ့ ပါးမား တို့ ဂိုးဧရိယာထဲ ပြေးဝင်သွားလို့ ပေါ်ပေါက်လာမယ့် ဧရိယာထိပ်က နေရာလွတ်တွေဆီကို ပြန်ဆုတ်ပြီး အသင်းဖော်တွေ တွဲလာမယ့် ဘောလုံးတွေကို စောင့်နိုင်ရမှာ ဖြစ်ပါတယ်..(ပုံ- ၄)။



အထောင်တိုက်စစ်မှူးတွေဟာ ရပ်ကြည့်နေလို့မရပါဘူး..။ ပြိုင်ဘက်အသင်း နောက်ခံလူတွေ အလုပ်ရှုပ်နေအောင် အမြဲတမ်း ရွှေ့လျားနေရမယ်..၊ နေရာလွတ်တွေ ပေါ်လာမယ့် နေရာတွေကို ရှာဖွေနိုင်စွမ်း ရှိရပါမယ်..။

အခုပူးတွဲပုံ (ပုံ - ၅) မှာဆိုရင် ကိုးလ် ပါးမား ဟာ ညာတောင်ပံမှာ အသင့်ရှိနေတဲ့ ဒီဆာဆီ ဆီကို ဘောလုံးဖြန့်ပေးလိုက်ပါတယ်..။ အဲ… ရှေ့ကိုလည်း လှမ်းကြည့်လိုက်ရော.. ဂျက်ဆင် ဟာ နောက်ခံလူတွေရဲ့ နောက်ကျောကနေ ပြေးထွက်နိုင်ဖို့ အသင့်ရှိမနေပါဘူး..။ ဒါ့ကြောင့်သူဟာ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ဒီဆာဆီ အတွက် ဘောလုံးပေးလို့ရအောင် လမ်းကြောင်းဖွင့်ပေးဖို့ ဂျက်ဆင် ကို လှမ်းပြီးပြောနေတာ တွေ့ရပါလိမ့်မယ်..။ ဒါပေမယ့် ဂျက်ဆင် ဟာ ဘရန့်တ်ဖို့ဒ် အသင်းရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်မယ့် အခွင့်အရေးကို မမြင်မိတာကြောင့် ချယ်လ်ဆီးအသင်းအတွက် အခွင့်အရေးတစ်ကြိမ် နစ်နာခဲ့ရတယ်လို့ပဲ ပြောရမှာပါ..။



အခုပူးတွဲပုံ (ပုံ - ၆) မှာဆိုရင် ကိုးလ် ပါးမား ဟာ ဘယ်တောင်ပံကနေ ဂိုးရှေ့ကိုဖြတ်တင်ဘော ပေးပို့ဖို့ အသင့်ဖြစ်နေပါပြီ…။ ဂိုးသွင်းချင်တဲ့သူဆိုရင် ဂိုးဧရိယာထဲမှာ ရှိနေရပါမယ်..။ ဂိုးဧရိယာထိပ်မှာတင် ရစ်သီရစ်သီ လုပ်နေလို့က ဘောလုံးရောက်လာမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် သူဟာဂိုးဧရိယာထိပ်မှာပဲ ဆက်ပြီးရပ်နေရမလား..? ဂိုးဧရိယာထဲကို ပြေးဝင်ရမလား..? ဆိုတာ ဝေခွဲမရ ဖြစ်နေခဲ့ပုံ ရပါတယ်..။ ဒါ့ကြောင့် ကိုးလ် ပါးမား ဖြတ်တင်တော့မှ ဂိုးဧရိယာထဲ ပြေးဝင်သွားတော့ နောက်ကျသွားတာပေါ့..။ အဲဒီဘောလုံးကို သူပြန်ပြီး အရဆယ်နိုင်လိုက်ပေမယ့် ဂိုးရနိုင်မယ့် အခွင့်အရေး မဟုတ်တော့ဘူး ဖြစ်သွားတာပေါ့ဗျာ..။



ဒါ့ကြောင့်ဘရန့်တ်ဖို့ဒ် နဲ့ပွဲက ဂျက်ဆင် ရဲ့နေရာယူ၊ လှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် အဲဒီရွှေ့လျားမှုတွေ ပြုလုပ်နေတဲ့ ပုံစံနဲ့ တိုက်စစ်လမ်းကြောင်း ပိုပြီးကျပ်သွားမှာ ဖြစ်တာကြောင့် သူ့ဆီကနေ ဂိုးတွေရလာဖို့ ဘယ်လိုနည်းနဲ့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး..။

နည်းပြပိုချက်တီနို အနေနဲ့ အဲဒီပွဲက တိုက်စစ်ထိုးဖောက်ပုံတွေကို သေသေချာချာပြန်လည်လေ့လာ၊ သုံးသပ်ပြီး သူ့ရဲ့ကစားသမားတွေ တိုက်စစ်ကစားသမားတွေရဲ့ ဂိုးဧရိယာထဲမှာ လှုပ်ရှားပုံတွေ (inside the box movement) တွေကို ပြန်လည်လေ့ကျင့်ပေးဖို့ လိုအပ်နေပါပြီ..။