Sky Sports ရုပ်သံဌာနမှ တင်ဆက်သော ‘The Big Interview’ အစီအစဉ်တွင် ချယ်လ်ဆီးအသင်းမှ အာဂျင်တီးနား လူငယ်ကွင်းလယ် ကစားသမား အင်ဇို ဖာနန်ဒက်စ် နှင့် အီကွေဒေါ ကွင်းလယ် ကစားသမား မွိုက်စ် ကိုင်ဆီဒို တို့က အီကွေဒေါ ကွင်းလယ် ကစားသမား၏ အပြောင်းအရွှေ့တွင် အင်ဇို ဖာနန်ဒက်စ် ၏ အခန်းကဏ္ဍ၊ ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲများအပေါ် သူတို့၏ ထင်မြင်ချက်များနှင့် အနာဂတ် မျှော်လင့်ချက်များကို အခုလိုဖြေကြားခဲ့ပါသည်..။
မေး - တောင်အမေရိကတိုက်မှာ ရှိနေစဉ်အခါက ပရီးမီးယားလိဂ် ပြိုင်ပွဲတွေကို TV ကနေ ကြည့်ဖြစ်သေးလားရှင့်…? ဒါမှမဟုတ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ အိပ်မက်တွေ ရှိခဲ့ဖူးလား..?
အင်ဇို ဖာနန်ဒက်စ် - Yes.. ကျွန်တော့်ရဲ့အဖေနဲ့အတူ ပရီးမီးယားလိဂ်ပွဲတွေကို ပုံမှန်ကြည့်ဖြစ်ပါတယ်…။ မနက်ဝေလီဝေလင်း အချိန်တွေမှာ ပရီးမီးယားလိဂ်ပွဲတွေ ထပြီးကြည့်ဖြစ်တာ မှတ်မိနေပါသေးတယ်..။ အထူးသဖြင့် ဆာဂျီယို အဂွဲရိုး (မန်ချက်စတာ စီးတီး)၊ ကားလို့စ် တီဗက်ဇ် (မန်ချက်စတာ ယူနိုက်တက်) တို့ ပါဝင်တဲ့ပွဲတွေဆိုရင် မလွတ်တမ်း ထကြည့်ဖြစ်ပါတယ်..။ သူတို့နှစ်ယောက်စလုံးဟာ ကျွန်တော်အတုယူ၊ အားကျခဲ့ရတဲ့ စံပြပုဂ္ဂိုလ်တွေလည်း ဖြစ်ကြပါတယ်..။
မွိုက်စ် ကိုင်ဆီဒို - ကျွန်တော်လည်း အတူတူပါပဲ..။ ပရီးမီးယားလိဂ်ပွဲတွေကို ကြည့်ဖြစ်သလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားခွင့်ရဖို့ အိပ်မက်မက်ခဲ့ပါတယ်..။ အထူးသဖြင့် ပရီးမီးယားလိဂ်ပွဲတွေရဲ့ အမြန်နှုန်းနဲ့ ခွန်အားသုံး ကစားပုံတွေကို ကျွန်တော်အထူးနှစ်သက်ခဲ့ပါတယ်..။ ကျွန်တော်ကိုင်တိုင်ကလည်း ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ခွန်အားသုံး ကစားတာကို အားသန်ခဲ့တာကိုးဗျ..။
ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ အန်တိုနီယို ဗလင်စီယာ (မန်ချက်စတာ ယူနိုက်တက်) ဟာ ကျွန်တော်တို့ အီကွေဒေါနိုင်ငံသားတွေရဲ့ ရှေ့ဆောင်လမ်းပြ၊ သူရဲကောင်း တစ်ယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူပါဝင်တဲ့ ပွဲစဉ်တွေကို မလွတ်တမ်းကြည့်ဖြစ်အောင် အိပ်ယာကနေ အစောကြီးထ ကြည့်ရတာပေါ့ဗျာ..။ သူကစားတာကို ကြည့်နေရင်း ပရီးမီးယားလိဂ်ပွဲတွေမှာ ပါဝင်ခွင့်ရချင်တဲ့ဆန္ဒ အရမ်းကိုပြင်းပြခဲ့ရပါတယ်..။ သူ့လိုမျိုး အောင်မြင်မှုတွေ ရရှိချင်ခဲ့တာပေါ့ဗျာ..။
မေး - အခုဆိုရင် ရှင်တို့နှစ်ယောက်စလုံး ချယ်လ်ဆီးအသင်းမှာ ရောက်ရှိနေပြီဆိုတော့ ငယ်တုန်းကတည်းက မက်ခဲ့တဲ့ ပရီးမီးယားလိဂ် အိပ်မက်တွေ ပြည့်စုံခဲ့ပြီလို့ ပြောလို့ရပါတယ်ရှင့်..။ ဒါ့အပြင်ရှင်တို့ နှစ်ယောက်စလုံး ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) ကျော်နဲ့ ရောက်ရှိလာခဲ့ကြတာပါ..။ အဲဒီလိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးဟာ ရှင်တို့အတွက် ဖိအားတွေ ဖြစ်ခဲ့လား..?
မွိုက်စ် ကိုင်ဆီဒို - နည်းနည်းတော့ ဖိအားရှိတယ်လို့ ထင်ပါတယ်..။ တခြားသူတွေထက် ကိုယ့်ကိုယ်ကို ပိုပြီးတွန်းအားပေးရတယ်..၊ မောင်းနှင်ခဲ့ရပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဟာ ကွင်းထဲမှာ စံမူနာကောင်းတွေအဖြစ် ပြသနိုင်ဖို့ လိုအပ်နေလို့ပါပဲ..။ ဒါ့အပြင် တကယ့်ပွဲကြီးတွေမှာလည်း ကိုယ့်ရဲ့ခြေစွမ်းဟာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြနိုင်ဖို့လည်း လိုအပ်နေပါတယ်..။ အဲဒါကြောင့် ကျွန်တော်တို့လည်း အစွမ်းကုန် ကြိုးစား၊ အားထုတ်နေကြပါတယ်..။ ကျွန်တော်တို့ဘက်က ပြောနိုင်တာက အသင်းအတွက် နေ့စဉ်နေ့တိုင်း အစွမ်းကုန် ကြိုးစား၊ ပေးဆပ်ရင်း အသင်းရဲ့ တိုးတက်မှုမှာ တစ်တပ်တစ်အားနဲ့ ပါဝင်နိုင်ခွင့်ရရှိအောင် စွမ်းဆောင်နေတယ်.. ဆိုတာပါပဲ..။
အင်ဇို ဖာနန်ဒက်စ် - ကျွန်တော့်ရဲ့ တစ်ဉီးချင်းအမြင်အရဆိုရင် ကျွန်တော်တို့ရဲ့ ခြေစွမ်းဟာ ပေးလိုက်ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တယ်ဆိုတာ ပြသခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်ပါတယ်..။ အခုခေတ် ဘောလုံးလောကမှာ ကျွန်တော်တို့လို ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေ အများကြီးပါပဲ..။ ဒါပေမယ့် မွိုက်စ် နဲ့ ကျွန်တော်တို့ဟာ နေ့စဉ်နေ့တိုင်း အစွမ်းကုန်ကြိုးစားပြီး အသင်းက ပေးအပ်ထားတဲ့ တာဝန်တွေကို ကွင်းတွင်း၊ ကွင်းပြင်ပမှာပါ ကျေပွန်အောင် ထမ်းရွက်နေကြပါတယ်..။
ဒါ့အပြင် ကျွန်တော်တို့ဟာ လူငယ် ကစားသမားတွေအတွက် စံနမူနာကောင်းတွေ ဖြစ်နေရပါမယ်..။ ကျွန်တော်တို့ကတော့ ချယ်လ်ဆီးအသင်းမှာ ရှိနေမယ့် နောက်ဆုံးနေ့အထိ အသင်းရဲ့အောင်မြင်မှုတွေ ဆက်လက်ရရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစား၊ ပေးဆပ်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်..။
မေး - မွိုက်စ် ရေ.. ဖိအားတွေနဲ့ ပတ်သက်ပြီး နောက်ထပ်တစ်ခု မေးချင်တာက ချယ်လ်ဆီးအသင်းမှာ ရှင်ဝတ်ဆင်ထားတဲ့ ကျောနံပါတ် (၂၅) ဟာ အသင်းရဲ့ အကောင်းဆုံး ဂန္တဝင်ကစားသမားကြီး တစ်ယောက်ဖြစ်တဲ့ ‘ဂီယန်ဖရန်ကို ဇိုလာ’ ဝတ်ဆင်ခဲ့တဲ့ နံပါတ်ဖြစ်ပါတယ်..။ အဲဒီကျောနံပါတ်ကို မဝတ်ဆင်ခင် ဇိုလာ ဆီကို ဖုန်းဆက်ပြီး ခွင့်ပြုချက် ကြိုတင်တောင်းခံခဲ့သေးတယ်.. ဆိုတဲ့ သတင်းဟာ မှန်ခဲ့လား..?
မွိုက်စ် ကိုင်ဆီဒို - Yes.. မှန်ပါတယ်..။ သူ့ဆီကနေ ခွင့်ပြုချက် ကျွန်တော်တောင်းခံခဲ့ပါတယ်..။ တကယ်လို့ သူသာငြင်းပယ်ခဲ့မယ်ဆိုရင် ကျွန်တော်ဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို လေးစားရမှာပါ..။ ဒါပေမယ့် ဇိုလာ ဟာ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို လက်ခံပေးခဲ့တာကြောင့် အခုဝတ်ဆင်နေတဲ့ ကျောနံပါတ် (၂၅) ကို ဂုဏ်ယူ၊ ဝမ်းမြောက်စွာနဲ့ ဝတ်ဆင်ရမှာပါ..။ ခုနက အင်ဇို ပြောခဲ့သလိုပါပဲ.. ကျွန်တော်ဟာ အသင်းမှာရှိနေတဲ့ နောက်ဆုံးနေ့အထိ အသင်းအတွက် အစွမ်းကုန်ကြိုးစား၊ ပေးဆပ်သွားမှာ ဖြစ်ပါတယ်..။ ဒါ့အပြင် ကျွန်တော်ဝတ်ဆင်နေတဲ့ အင်္ကျီကျောနံပါတ်ဟာ အသင်းရဲ့သမိုင်းဝင် ဂန္တဝင်ကစားသမားကြီးရဲ့ အောင်မြင်မှု ရရှိခဲ့တဲ့ နံပါတ်ဖြစ်တာကြောင့် ကျွန်တော့်အနေနဲ့ ပိုပြီးတာဝန်ကြီးပါတယ်..။
မေး - အင်ဇို ရေ.. ရှင်ကတော့ အသင်းကိုရောက်လာတဲ့အချိန်မှာ ကျောနံပါတ် (၅) က လွတ်နေတာကြောင့် ကံကောင်းခဲ့တာပေါ့..။ ရှင့်ရဲ့အကြိုက်ဆုံး ကျောနံပါတ်က ‘နံပါတ် (၅)’ လို့ သိထားတယ်လေ..၊ ဟုတ်တယ်မလား..?
အင်ဇို ဖာနန်ဒက်စ် - ဟုတ်ပါတယ်..။ ကျွန်တော်ဟာ ကျောနံပါတ် (၅) ကို ဝတ်ဆင်နေကျ ဖြစ်ပေမယ့် အခုကျတော့ ဖရန့် လမ်းပတ် ရဲ့ ကျောနံပါတ် (၈) ကို ဝတ်ဆင်နေပါတယ်..။
မေး - ဒါဆိုရင် ဖရန့် လမ်းပတ် ဆီကို ခွင့်တောင်းခဲ့သေးလား..?
အင်ဇို ဖာနန်ဒက်စ် - No.. သူ့ဆီက ခွင့်မတောင်းခဲ့ပါဘူး..။ ဒါပေမယ့် သူဟာအသင်းရဲ့ သမိုင်းတစ်လျှောက် အောင်မြင်မှု အရရှိဆုံး ကစားသမား တစ်ယောက် ဖြစ်ခဲ့တာကြောင့် ကျွန်တော်တို့ဟာ သူ့ကိုလေးစားရမှာပါ..။
မေး - ချယ်လ်ဆီးအသင်းရဲ့ အခုနှစ်ရာသီအစ ရလဒ်တွေဟာ မျှော်လင့်ထားသလို မဖြစ်လာသေးပါဘူး..။ ဒါပေမယ့် ရှင်တို့အသင်းမှာ ပင်ကိုယ်အရည်အသွေး အရမ်းကောင်းမွန်တဲ့ ကစားသမားတွေ အများကြီးရှိနေပါတယ်..။ ဒါ့ကြောင့်ရှင်တို့အသင်းဟာ တစ်ချိန်ကျရင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်လာနိုင်ဖို့ ရှိနေလား..?
အင်ဇို ဖာနန်ဒက်စ် - မှန်တာပေါ့..။ ကျွန်တော်တို့အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်လာမှာပါ..။ ဘယ်အချိန်ကျမှ အဲဒီလိုဖြစ်လာမလဲ? ဆိုတာကိုသာ မပြောနိုင်သေးတာပါ..။ ဒါပေမယ့် ကြိုးစား၊ အားထုတ်မှုအပြည့်နဲ့ တစိုက်မတ်မတ် ပေးဆပ်နေမယ်ဆိုရင် မျှော်မှန်းထားတဲ့အတိုင်း ကျွန်တော်တို့ စွမ်းဆောင်နိုင်ပါလိမ့်မယ်..။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်လာပါလိမ့်မယ်..။
မွိုက်စ် ကိုင်ဆီဒို - (၁၀၀ %) ရာခိုင်နှုန်းပြည့် သဘောတူပါတယ်..။ အင်ဇို ပြောခဲ့သလို အချိန်တစ်ခုတော့ ပေးရပါလိမ့်မယ်..။ ကျွန်တော်တို့အပေါ် သံသယရှိနေသူတွေရဲ့ ဒွိဟစိတ်တွေကို ချေဖျက်ပြနိုင်မှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အားလုံးဟာ ချယ်လ်ဆီးအသင်းကို ထိုက်တန်တဲ့နေရာတစ်ခုကို ပြန်လည် ရောက်ရှိနိုင်ဖို့ အစွမ်းကုန် ပေးဆပ်၊ ကြိုးစားနေကြတာကြောင့် ဖြစ်ပါတယ်..။
မေး - ရှင်တို့နှစ်ယောက် ပါဝင်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်အထိုင်အပေါ် သုံးသပ်ပေးပါဉီး..။ တစ်နေ့ထက်တစ်နေ့ ပိုပြီးကောင်းမွန်လာတယ်လို့ ခံစားမိနေလား..?
အင်ဇို ဖာနန်ဒက်စ် - Yes.. ကျွန်တော်တို့အချင်းချင်းက အရင်ကတည်းက တစ်ယောက်အကြောင်းတစ်ယောက် သိထားပြီးသားပါ..။ မွိုက်စ် ဟာ ဘရိုက်တန်အသင်းမှာ ရှိနေစဉ်က ချယ်လ်ဆီးအသင်းက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်.. ဆိုတဲ့ သတင်းတွေကို ကြားမိတဲ့အချိန်မှာ ကျွန်တော်တို့ဆီကို လာခဲ့ဖို့ သူ့ကိုပြောခဲ့ဖူးပါတယ်..။ ကျွန်တော်ဟာ သူ့ဆီကို ဖုန်းဆက်ပြီး ချယ်လ်ဆီးအသင်းဘက်ကသာ အမှန်တကယ် ကမ်းလှမ်းလာခဲ့ရင် မဖြစ်မနေ လက်ခံလိုက်ဖို့ တိုက်တွန်းခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းဟာ တကယ့်ထိပ်တန်း အသင်းကြီးတစ်သင်း ဖြစ်သလို ရည်မှန်းချက်လည်း ကြီးမားပါတယ်..။
အခုတော့ မွိုက်စ် နဲ့အတူတူ ချယ်လ်ဆီးအသင်းမှာ ကစားခွင့်ပေးသနားခဲ့တဲ့အပေါ် ဘုရားသခင်ကို ကျေးဇူးတင်ရမှာပါပဲ..။ မွိုက်စ် ဟာ ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်သလို ခံယူချက်နဲ့ စိတ်ဓါတ် ကောင်းမွန်တယ်..၊ ကွင်းပြင်ပမှာလည်း စံနမူနာပြ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် နေထိုင်နိုင်သူ ဖြစ်တယ်ဆိုတာ သိထားပြီး ဖြစ်ပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းကို ရွေးချယ်ပေးခဲ့တဲ့ မွိုက်စ် ကိုလည်း အထူးကျေးဇူးတင်မိပါတယ်..။
မေး - ဒါဆိုရင် ‘အေးဂျင့် အန်ဇို’ လို့ ခေါ်ရတော့မှာပေါ့ရှင့်.. ဟားဟား..။ မွိုက်စ် ရေ.. အဲဒီအချိန်တုန်းက ရှင်တို့ပြောခဲ့ကြတဲ့ စကားတွေကို မှတ်မိသေးလား..?
အင်ဇို ဖာနန်ဒက်စ် - ငါ့ကို (၂၀ %) ရာခိုင်နှုန်း ကော်မရှင်ပေးဖို့ ပြောခဲ့သေးတယ်နော်.. ဟားဟား..
မွိုက်စ် ကိုင်ဆီဒို - မှန်ပါတယ်..။ အဲ… (၂၀ %) ရာခိုင်နှုန်း တောင်းတာ မဟုတ်ဘူးနော်… ဟားဟား..။ အင်ဇို က ကျွန်တော့်ဆီ ဖုန်းခေါ်ပြီး ချယ်လ်ဆီးအသင်းက အကြောင်းတွေကို ပြောပြပါတယ်..။ ဒါ့အပြင် လက်ရှိကမ္ဘာ့ ချန်ပီယံ တစ်ယောက်၊ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား တစ်ယောက်က ကျွန်တော့်ကို စတင်ပြီး ဖုန်းဆက်တယ်ဆိုတာ အဓိပ္ပါယ်အများကြီး ရှိပါတယ်..။ (အင်ဇို - အေးပါ.. အခုလို မြှောက်ပင့်ပေးတာ ကျေးဇူးပါ.. ဟားဟား..)
တကယ်ပါ..။ ကျွန်တော့်ရဲ့ ခံစားချက်အမှန်ကို ပြောပြတာပါ..။ သူ့ဆီကနေ အဲဒီလို ချယ်လ်ဆီးကို လာခဲ့ဖို့ တိုက်တွန်းလာတဲ့ ဖုန်းခေါ်ဆိုမှုကို ရရှိလာတဲ့အချိန်မှာ အရမ်းကို ကြည်နူး၊ ပီတိ ဖြစ်ရသလို ချယ်လ်ဆီးအသင်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်မှာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တာ အမှန်ပါပဲ..။ အခုဆိုရင် ကျွန်တော်ဟာ သူနဲ့အတူတူ တွဲဖက်ကစားနေရတဲ့အပေါ် ၊ သူနဲ့အတူတူ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခွင့် ရနေတဲ့အပေါ် အထူးကျေးဇူးတင်မိပါတယ်..။ ကျွန်တော်တို့နှစ်ယောက်ဟာ လေ့ကျင့်ကွင်းမှာ နှစ်ဘက်ခွဲပြီး ဂိုးကျဉ်းကစားတာ၊ ခွေးရူးကစားတာ (rondos) ကအစ တစ်ဘက်တည်းမှာပဲ အတူတူကစားလေ့ ရှိပါတယ်..။
အခုလို အင်ဇို နဲ့အတူတူ တွဲဖက်ကစားဖို့ အခွင့်အရေးကို ပေးသနားခဲ့တဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလည်း ချီးမွမ်းပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာကျွန်တော်တို့နှစ်ယောက်ကို ဒီအချိန်၊ ဒီနေရာမှာ အတူတကွ ဆုံစည်းနိုင်ဖို့ စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်..။ ဘုရားသခင်ဆီမှာ ကျွန်တော်တို့နှစ်ယောက်အတွက် ကြံစည်ထားတဲ့ ကြီးမားတဲ့ အနာဂတ်တစ်ခု ဆက်ပြီးရှိနေပါလိမ့်မယ်..။
အခုအချိန်မှာ ကျွန်တော်တို့ မမြင်နိုင်သေးပေမယ့် ဘဘုရားက ပေးသနား ကြီးမားတဲ့ ဆုလာဘ်ကို မံရရှိလိမ့်ဉီးမယ်ဆိုတာ အပြည့်အဝ ယုံကြည်ထားပါတယ်..။ အဲဒီအတွက် အထူးဝမ်းသာ၊ ပီတိ ဖြစ်ရပါတယ်..။ ကျွန်တော်တို့ဘက်ကလည်း တတ်စွမ်းနိုင်သမျှ နေ့စဉ်နေ့တိုင်း အကောင်းဆုံး ကြိုးစား၊ ပေးဆပ်သွားမှာပါ..။ ခုနက အင်ဇို ပြောခဲ့သလို ကျွန်တော်တို့ဟာ တစ်ရက်ထက်တစ်ရက် ပိုပြီးကောင်းမွန်အောင် ကြိုးစားသွားရမှာ ဖြစ်သလို အသင်းမှာ စံပြပုဂ္ဂိုလ်တွေအဖြစ် အများကရှုမြင်နိုင်အောင် ကျင့်ကြံ၊ နေထိုင်သွားနိုင်ရပါမယ်..။
မေး - အင်ဇို က ချယ်လ်ဆီးအကြောင်း ဘာတွေပြောခဲ့သလဲ..? ရှင့်ရဲ့စိတ်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ အရာတွေက ဘာတွေဖြစ်ခဲ့သလဲ..?
မွိုက်စ် ကိုင်ဆီဒို - ချယ်လ်ဆီးအသင်းဟာ တကယ့်ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်တယ်.. ဆိုတဲ့အကြောင်း သူပြောပါတယ်..။ အသင်းမှာ အရည်အသွေးမြင့် လူငယ်ကစားသမားတွေ အများကြီးရှိနေပြီး စုစည်းမှု ကောင်းမွန်တယ်..။ အသင်းမှာ တစ်ယောက်နဲ့တစ်ယောက် စည်းစည်းလုံးလုံး၊ တစ်သားတည်း ရှိနေတာကို နှစ်သက်မိတဲ့အကြောင်း ကျွန်တော့်ကို ပြောပါတယ်..။
အသင်းကို ရောက်ရှိလာတဲ့အခါမှာလည်း ကျွန်တော်တို့အားလုံး စုစုစည်းစည်းနဲ့ တစ်သားတည်း အမှန်တကယ် ရှိနေခဲ့ပါတယ်..။ ကျွန်တော်တို့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေ၊ အခက်အခဲတွေကိုလည်း အားလုံးရဲ့ စည်းလုံး ညီညွတ်မှု စွမ်းအားနဲ့ အတူတကွ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။ သူပြောသွားခဲ့တဲ့ အဲဒီအချက်တွေဟာ ချယ်လ်ဆီးအသင်းကို ရွေးချယ်စေဖို့အတွက် စိတ်အားထက်သန် စေခဲ့ပါတယ်..။
မေး - အင်ဇို ရေ… အဲဒီဖုန်းခေါ်ခဲ့မှုအတွက် မော်ရစ္စစီယို ပိုချက်တီနို က ရှင့်ကိုဆုချခဲ့သေးလား..? ဟားဟား…
အင်ဇို ဖာနန်ဒက်စ် - ဟားဟား.. No.. No.. ကျွန်တော်သူ့ဆီကို ဖုန်းဆက်တဲ့အချိန်တုန်းက မော်ရစ္စစီယို ရောက်မလာသေးပါဘူး..။ နွေရာသီ၊ အားလပ်ရက် အတွင်းမှာ ဖြစ်ပါတယ်..။
မေး - ဟုတ်ကဲ့ပါ..။ ရှင်တို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ဘယ်လိုအောင်မြင်မှုတွေ ရရှိနိုင်ဖို့ မျှော်လင့်ထားသေးလဲ..?
မွိုက်စ် ကိုင်ဆီဒို - နိုင်ပွဲတွေ ရရှိနိုင်သမျှ ဆောင်ယူပေးနိုင်ဖို့၊ အသင်းနဲ့အတူ ဆုဖလားတွေ ရရှိနိုင်သမျှ ဆွတ်ခူးပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်..။ အသင်းကိုရောက်လာတုန်းကလည်း ဆုဖလားတွေ အများကြီးရရှိဖို့..၊ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် ဆုဖလားတွေ ရရှိနိုင်ဖို့ မျှော်လင့်ထားတဲ့အကြောင်း ပြောခဲ့ပါသေးတယ်..။ ဒါ့အပြင် အသင်းရဲ့သမိုင်းကြောင်းသစ်ကို ရေးထိုးနိုင်မယ့် မျိုးဆက်သစ် အပြာရောင်သွေးသစ်တွေထဲမှာ တစ်ယောက်အဖြစ် ပါဝင်နိုင်ဖို့ကိုလည်း ရည်မှန်းထားပါတယ်..။ အခုလက်ရှိ ချယ်လ်ဆီးအသင်းဟာ မျိုးဆက်သစ်တွေနဲ့ တည်ဆောက်နေတဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ အသင်းတစ်သင်း ဖြစ်နေတာကြောင့်ပါပဲ..။
အင်ဇို ဖာနန်ဒက်စ် - ကျွန်တော်ဟာ အသက်ငယ်ငယ်နဲ့ ဆုဖလားတွေ အများကြီးကို အချိန်တိုအတွင်း ဆွတ်ခူးနိုင်ခဲ့ပေမယ့် အဲဒီအောင်မြင်မှုတွေဟာ အတိတ်ကာလမှာ ကျန်ရစ်ခဲ့ပါပြီ..။ ကျွန်တော်လည်း အရင်က ရွှေရောင်နေ့ရက်တွေကို မေ့လိုက်ပါပြီ..။ နောက်ထပ်အောင်မြင်မှု အသစ်တွေအတွက် ကဏ္ဍသစ်စတင်ရမယ့် အချိန်လို့ ပြောရမှာပါပဲ..။ ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ဆုဖလားတွေကို ရရှိနိုင်သမျှ ဆွတ်ခူးသွားနိုင်ဖို့ အစွမ်းကုန် ကြိုးစားရမှာ ဖြစ်ပါတယ်..။