ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းတစ်သင်း ဖြစ်လာစေဖို့ မစ္စတာ ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ငွေကြေးသုံးစွဲမှုများနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ထပ်မံပေါ်ထွက်လာခဲ့ရာမှာ ချယ်လ်ဆီးအသင်းဟာ ‘ဘဏ္ဍာရေးမျှခြေ (financial fair play)’ သတ်မှတ်ချက်များ အပါအဝင် ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ချိုးဖောက်ခဲ့သလား..? ဆိုတဲ့ မေးခွန်းတွေ ထပ်မံ ထွက်ပေါ်လာပါတယ်..။
ရိုမန် အေဘရာမိုဗစ်ချ် ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်ငွေပေးချေခဲ့မှုတွေကို Cyprus Confidential ဆိုတဲ့အဖွဲ့ကနေ ရယူခဲ့တဲ့ နိုင်ငံရပ်ခြား ငွေလွှဲပြောင်းမှုများဆိုင်ရာ မှတ်တမ်းအချက်တွေကို International Consortium of Investigative Journalists (ICU) အဖွဲ့၊ ဂျာမနီအခြေစိုက် Paper Trail Media အဖွဲ့တို့က The Guardian သတင်းဌာနနဲ့ ပူးပေါင်းပြီး ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်..။
အဲဒီဖော်ထုတ်ခဲ့တဲ့ အချက်အလက်တွေထဲမှာ ရိုမန် အေဘရာမိုဗစ်ချ် ဟာ သူပိုင်ဆိုင်ခဲ့တဲ့ အခြားနိုင်ငံတွေမှာရှိတဲ့ ကုမ္ပဏီတွေကို အသုံးချပြီး ပြုလုပ်ခဲ့တဲ့ စတာလင်ပေါင် မီလီယံ ဆယ်ဂဏန်းရှိတဲ့ ပေးချေမှုတွေ ပါဝင်ခဲ့ပါတယ်..။ အဲဒီပေးချေမှုတွေဟာ ချယ်လ်ဆီးအသင်းရဲ့ အကျိုးအတွက် ပြုလုပ်ခဲ့တယ်လို့ ယူဆခဲ့ရပြီး ပေးချေမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကို အသိပေး၊ အကြောင်းကြားခဲ့ခြင်း ရှိ၊ မရှိ မသိခဲ့ရပါဘူး..။
အဆိုပါပေးချေမှုတွေထဲမှာ အီဒင် ဟာဇက် ရဲ့ အေးဂျင့်၊ မန်နေဂျာ အန်တိုနီယို ကွန်တီ နဲ့ အခြားချယ်လ်ဆီးအသင်း အရာရှိတစ်ချို့ကို ပေးချေခဲ့မှုတွေအပြင် ဝီလီယံ၊ ဆမ်မြူရယ် အီတိုး တို့ကို ခေါ်ယူခဲ့စဉ်က ပြုလုပ်ခဲ့တဲ့ ငွေပေးချေမှုတွေ ပါဝင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းမှတ်ရာ အချက်အလက်တွေကိုတော့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က သေသေချာချာ စစ်ဆေးမှုတွေ ပြုလုပ်ပြီးပြီလို့ သိရပါတယ်..။ ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်များဟာ ရိုမန် အေဘရာမိုဗစ်ချ် လက်ထက်က အသိပေးဖို့ကျန်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းအချက်အလက်တစ်ချို့ကို ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ သီးခြားအစီရင်ခံ တင်ပြထားပြီး ဖြစ်ပါတယ်..။
ဘောလုံးအဖွဲ့ချုပ် (FA) ကလည်း ချယ်လ်ဆီးအသင်းကို ‘စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်..’ ဆိုတဲ့အကြောင်း အတည်ပြုခဲ့သလို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကတော့ ရိုမန် အေဘရာမိုဗစ်ချ် လက်ထက်က အသိပေး၊ အကြောင်းကြားဖို့ ပျက်ကွက်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် (၈.၆) သန်း ဒဏ်ကြေးသတ်မှတ်ခဲ့ပါတယ်…။ UEFA အနေနဲ့ အသင်းတစ်သင်းရဲ့ အချက်အလက်ကို သုံးနှစ်စာအထိပဲ ပြန်လည်ကြည့်ရှုနိုင်ခွင့်ရှိတယ်လို့ သိရပါတယ်..။
ဘဏ္ဍာရေး ရှင်းတမ်းတွေမှာ မပါဝင်ခဲ့တဲ့ ပေးချေမှုများ (off-book payments)
The Guardian သတင်းဌာန၊ Bureau of Investigative Journalism (TBIJ) နဲ့ Cyprus Confidential အဖွဲ့တွေရဲ့ စုံစမ်းမှုတွေအရ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့မှာ မစ္စတာ အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ ဗြိတိသျှ ဗာဂျင်းစ် ကျွန်းစုအခြေစိုက် Conibair Holdings ကုမ္ပဏီဟာ အီတလီဘောလုံးအေးဂျင့် ဖရက်ဒရစ်ကို ပက်စ်တယ်လို နဲ့ သဘောတူစာချုပ်တစ်ခု ချုပ်ဆိုနိုင်ခဲ့ပါတယ်..။
အေးဂျင့်ပက်စ်တယ်လို ဟာ မန်နေဂျာ အန်တိုနီယို ကွန်တီ နဲ့ နီးစပ်သူဖြစ်ပြီး အီတလီနည်းပြနဲ့ ချယ်လ်ဆီးအသင်းတို့ ဆွေးနွေးမှု ပြုလုပ်နေတဲ့အကြောင်း မီဒီယာတွေကို အသိပေးခဲ့သူလည်း ဖြစ်ခဲ့ပါတယ်..။ အဲဒီသဘောတူစာချုပ်မှာ Conibair Holdings ကုမ္ပဏီဟာ အေးဂျင့် ပက်စ်တယ်လို ကို စတာလင်ပေါင် (၁၀) သန်းတန်ကြေးရှိတဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Excellence Investment Fund (EIF) ရဲ့ ရှယ်ယာ (၇၅%) ရာခိုင်နှုန်းကို ပေးချေခဲ့ပါတယ်..။
အဲဒီနေ့မှာပဲ ချယ်လ်ဆီးအသင်းဟာ နည်းပြအန်တိုနီယို ကွန်တီ ကို တစ်နှစ်မှာ စတာလင်ပေါင် (၉.၆) သန်းနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ခဲ့တယ်လို့ ကြေငြာနိုင်ခဲ့ပါတယ်..။ နည်းပြအန်တိုနီယို ကွန်တီ ဟာ ၂၀၁၆/ ၁၇ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။
အဲဒီသဘောတူညီမှုနှစ်ခုဟာ ဆက်စပ်မှုရှိရဲ့လား..? လို့ အေးဂျင့် ပက်စ်တယ်လို လို မေးမြန်းရာမှာ ‘ကျွန်တော်ဟာ အန်တိုနီယို ကွန်တီ ရဲ့ ကိုယ်စားလှယ် မဟုတ်ပါဘူး..’ လို့ပဲ ဖြေကြားခဲ့ပါတယ်..။
ဘယ်လ်ဂျီယမ် လူငယ်ကြယ်ပွင့် အီဒင် ဟာဇက် ဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၂ ခုနှစ်မှာ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၅) သန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်..။ အဲဒီအပြောင်းအရွှေ့မှာ အရေးပါတဲ့သူ့ရဲ့အေးဂျင့် ဂျွန် ဘီကို-ပီနာကေး ဟာ ကော်မရှင်ကြေး စတာလင်ပေါင် (၆) သန်းလောက် ရရှိချင်နေပါတယ်..။
ဖော်ထုတ်တွေ့ရှိခဲ့တဲ့ မှတ်တမ်းတွေအရ ရိုမန် အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ ဗြိတိသျှ ဗာဂျင်းစ် ကျွန်းစုအခြေစိုက် Leiston Holdings ကုမ္ပဏီကနေ ဒူဘိုင်းအခြေစိုက် ‘Gulf Value FZE’ ဆိုတဲ့ အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုကို “အားကစားဆိုင်ရာ သုတေသန လုပ်ငန်းနှင့် ပတ်သက်သည့် ပေးချေမှု..” စတဲ့ ခေါင်းစဉ်အောက်ကနေ ယူရို (၇) သန်း လွှဲပြောင်းပေးခဲ့ပါတယ်..။ အဲဒီကုမ္ပဏီက ဘီကို-ပီနာကေး ရဲ့ ကိုယ်စား အဲဒီသဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့ပါတယ်..။
အေးဂျင့် ဘီကို-ပီနာကေး ဟာ အဲဒီပေးချေမှုနဲ့ ပတ်သက်တဲ့ မေးမြန်းချက်ကို အကြောင်းပြန်ကြားလာခဲ့ခြင်း မရှိတာကြောင့် အဆိုပါပေးချေမှုဟာ ဘောလုံးအဖွဲ့ချုပ် (FA) အပါအဝင် အခြားသက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အသီးသီးကို အသိပေးခဲ့ခြင်းရှိ၊ မရှိ မသိခဲ့ရပါဘူး..။
အဲဒီ Leiston Holdings ကုမ္ပဏီဟာ ကစားသမား ဘာထရန် ထရာအိုရေး ရဲ့ အသင်းဟောင်းဖြစ်တဲ့ Association des Jeunes Espoirs de Bobo အသင်းအတွက် စတာလင်ပေါင် (၁) သန်းကို ထရာအိုရေး ရဲ့ အစ်ကိုဖြစ်တဲ့သူ ဒေးဗစ် ကနေတဆင့် ပေးချေခဲ့တာ ရှိပါတယ်..။ အဲဒီကစားသမားဟာ နောက်ထပ်နှစ်လအကြာမှာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်..။
ဒါ့အပြင် ၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်းမှာ ရိုမန် အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကနေတဆင့် ဇိုရန် လီမစ် နဲ့ ဗလာဒီကာ လီမစ် ဆိုတဲ့ မစ္စတာရိုမန် ရဲ့ အနီးကပ် အကြံပေးပုဂ္ဂိုလ်ဆီ ယူရို (၇) သန်းခန့်ရှိတဲ့ ငွေကြေးလွှဲပြောင်းမှုတွေ အများကြီးရှိခဲ့ပါတယ်..။ ဗလာဒီကာ လီမစ် ဟာ အာဂျင် ရော်ဘင်၊ ဘရာနီဆလပ်ဗ် အိုင်ဗန်နိုဗစ်၊ နီမန်ဂျာ မာတစ် နဲ့ ကာလို အန်စလော့တီ တို့နဲ့ ဆက်စပ်မှုရှိခဲ့ပြီး ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာအောင် စည်းရုံးနိုင်ခဲ့ပါတယ်..။
ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ အားကစား ဒါရိုက်တာဟောင်း ဖရန့်ခ် အာနီဆင် ဆီကို စတာလင်ပေါင် (၂၅၀,၀၀၀) သီးခြားငွေပေးချေမှုတစ်ခုကို အပိုဆုကြေး (bonus) အနေနဲ့ ပြုလုပ်ထားခဲ့တာ ရှိပါတယ်..။ ဒါပေမယ့် အဲဒီပေးချေမှုကို အခွန်ဆောင်ရန် (taxes) ဆိုတဲ့ ခေါင်းစဉ်ပြထားတာ တွေ့ရှိခဲ့ပါတယ်..။
The Guardian သတင်းဌာနက တိုင်ပင်ခဲ့တဲ့ အားကစားဆိုင်ရာ ဥပဒေပညာရှင်၊ ရှေ့နေတွေကတော့ ချယ်လ်ဆီးအသင်းရဲ့ ငွေပေးချေမှုတစ်ချို့ဟာ ပရီးမီးယားလိဂ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) တို့ရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ ငြိစွန်းနိုင်ဖွယ်ရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်း အမှန်တကယ် ပြုလုပ်ခဲ့တဲ့ ဝင်ငွေ/ထွက်ငွေစာရင်း၊ အသင်းဘက်က တုံ့ပြန်မှုနဲ့ ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအတိုင်း အေးဂျင့်တွေကို အမှန်တကယ် ပေးချေမှုတွေ ပြုလုပ်ခဲ့လား..? စတဲ့အချက်တွေကို သေသေချာချာ သိရှိမှသာ တိကျတဲ့အဖြေပေးနိုင်လိမ့်မယ်လို့ ပြောကြပါတယ်..။
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ အသင်းများအတွက် လိုက်နာရမယ့် ‘ဘဏ္ဍာရေးမျှခြေ (financial fair play)’ သတ်မှတ်ချက် စည်းမျဉ်းတွေကို ၂၀၁၁/၂၀၁၂ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး ပရီးမီးယားလိဂ်ကတော့ ၂၀၁၃/၁၄ ဘောလုံးရာသီမှာ စတင်ကျင့်သုံးခဲ့ပါတယ်..။
ရိုမန် အေဘရာမိုဗစ်ချ် ဟာ FFP စည်းမျဉ်းဖောက်ဖျက်မှုနဲ့ ပတ်သက်ပြီး တရားစွဲခံခဲ့ရမှုတွေကို ပယ်ချခံရအောင် ငွေကြေးပေးပြီး ဆောင်ရွက်ခဲ့သေးတယ်လို့ သူတို့တွေ့ရှိထားတဲ့ အချက်အလက်တွေအရ သိခဲ့ရပါတယ်..။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ Leiston Holdings ကုမ္ပဏီဟာ ယန်း-လူဝီ ဒူးပွန့် ဆိုတဲ့ ရှေ့နေဆီကို စတာလင်ပေါင် (၁၀၀,၀၀၀) တန်ကြေးရှိတဲ့ ငွေပေးချေမှုတစ်ခု ပြုလုပ်ခဲ့တာပါ..။ အဲဒီရှေ့နေဟာ FFP ရဲ့ တရားဝင်မှုအနေအထားကို ဥရောပကော်မရှင်ထံ ကန့်ကွက်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်..။ Leiston Holdings နဲ့ ရှေ့နေဒူးပွန့် တို့ရဲ့ စာချုပ်မှာတော့ ‘လုပ်ငန်းအတွက် အကျိုးရှိမည့် ကိစ္စရပ်အတွက် ပံ့ပို့မှု’ အဖြစ် ဖော်ပြထားပါတယ်..။
အီတိုး နဲ့ ဝီလီယံ
၂၀၁၃ ခုနှစ်၊ နွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းဟာ ဆယ်မြူရယ် အီတိုး နဲ့ ဝီလီယံ တို့ကို ရုရှသူဌေးကြီး ဆူလီမန် ကယ်ရီမော့ဗ် ပိုင်ဆိုင်တဲ့ အန်ဇီ အသင်းကနေ ခေါ်ယူခဲ့ပါတယ်..။ ကင်မရွန်း တိုက်စစ်မှူးက အရင်ရောက်လာခဲ့ပြီး နောက်ထပ်နှစ်ရက်အကြာမှာ ချယ်လ်ဆီးအသင်းဟာ တော့တင်ဟမ် အသင်းနဲ့ စာချုပ်လက်မှတ်ထိုးတော့မယ့် ဝီလီယံ ကို ကြားဖြတ်ခေါ်ယူခဲ့ပါတယ်..။ ဝီလီယံ ကို ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ သူဌေးကြီး ကယ်ရီမော့ဗ် ကိုယ်တိုင်ဖုန်းဆက်ခဲ့တယ်လို့ သိခဲ့ရပါတယ်..။
အီတိုး၊ ဝီလီယံ တို့ အပြောင်းအရွှေ့မတိုင်ခင် နှစ်လအလိုမှာ ကယ်ရီမော့ဗ် ပိုင်ဆိုင်တဲ့ Tobeo Services Inc နဲ့ Fernington Invest Corp ကုမ္ပဏီနှစ်ခုဆီကို Leiston Holdings ကုမ္ပဏီကနေ ယူရို (၁၂) သန်း တန်ကြေးရှိတဲ့ ငွေလွှဲပြောင်းမှုတွေကို ၂၀၁၃ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ တွေ့ရှိခဲ့ရပါတယ်..။ ပေးချေမှုခေါင်းစဉ်ကတော့ ‘ဘောလုံးကစားနည်းနှင့် ပတ်သက်သည့် ပေးချေမှုများ..၊ ကစားသမား စောင့်ကြည့် ကင်းထောက်ခြင်း (scouting)၊ အကြံပေးခြင်း လုပ်ငန်းများ အပါအဝင်..’ ဆိုပြီး ဖြစ်ပါတယ်..။
ချယ်လ်ဆီးအသင်း ပြောရေးဆိုခွင့်ရှိသူကတော့ ‘ယခုဖော်ပြခဲ့တဲ့ တွေ့ရှိချက်များဟာ လက်ရှိအသင်းပိုင်ရှင် လက်ထက်က ဆောင်ရွက်မှုတွေ မဟုတ်တဲ့အပြင် အသင်းဘက်က လွှဲပြောင်း၊ ဖော်ပြခြင်းမရှိခဲ့တဲ့ အချက်အလက်၊ မှတ်တမ်းမှတ်ရာများ ဖြစ်တဲ့အပြင် လက်ရှိအသင်းမှာရှိနေတဲ့သူ တစ်ဉီးတစ်ယောက်နဲ့မှ သက်ဆိုင်ခြင်းမရှိပါ..’ ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်..။
ဒါ့အပြင် အမေရိကန်အခြေစိုက် စွန့်ဉီးလုပ်ငန်းရှင် တော့ဒ် ဘိုလေး တို့ အသင်းကိုဝယ်ယူတဲ့အချိန်မှာ ‘ယခင်အသင်းပိုင်ရှင် လက်ထက်မှာ ပြုလုပ်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တစ်ချို့ ပြည့်စုံခဲ့ခြင်း မရှိတာကြောင့် ငွေကြေးလွှဲပြောင်းမှုအချို့အပေါ် စိုးရိမ်စိတ်များ ရှိခဲ့ကြောင်း၊ အဲဒီအတွက် အသင်းကိုဝယ်ယူမှု ပြီးစီးသွားတဲ့အချိန်မှာ အဲဒီတွေ့ရှိချက်တွေကို မိမိတို့ကိုယ်တိုင် အသိစိတ်နဲ့ သက်ဆိုင်သူတွေဆီ အသိပေး၊ အကြောင်းကြားခဲ့ခြင်းဖြစ်တယ်..’ လို့ ချယ်လ်ဆီးအသင်း ပြောရေးဆိုခွင့်ရှိတဲ့သူက ထပ်ပြောပါတယ်..။
ပရီးမီးယားလိဂ် အဖွဲ့ချုပ်ကတော့ စုံစမ်း၊ စစ်ဆေးမှု ပြုလုပ်နေဆဲ ဖြစ်တဲ့အတွက် ‘သီးခြားမှတ်ချက်ပေးဖို့ မရှိဘူး’ လို့ အကြောင်းပြန်ခဲ့သလို ဘောလုံးအဖွဲ့ချုပ် (FA) ပြောရေးဆိုခွင့်ရှိသူကလည်း ‘စုံစမ်း၊ စစ်ဆေးနေဆဲ’ ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်..။
မစ္စတာ ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ကိုယ်စားလှယ်တွေကို The Guardian သတင်းဌာနက ဆက်သွယ်ခဲ့ရာမှာ အကြောင်းပြန်ကြားခြင်း မရှိခဲ့သလို ရုရှသူဌေးကြီး ဆူလီမန် ကီမာရော့ဗ် ရဲ့ ရှေ့နေတွေကလည်း မေးမြန်းချက်တွေကို မတုံ့ပြန်ခဲ့ပါဘူး..။ ဘာထရန် နဲ့ ဒေးဗစ် ထရာအိုရေး တို့ကို အက်စ်တွန် ဗီလာအသင်းကနေတဆင့် ဆက်သွယ်ရာမှာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့သလို ဇိုရန် လီမစ် ရဲ့ Top Sports Consulting Group ကလည်း The Guardian ရဲ့ တွေ့ရှိချက်တွေအပေါ် မှတ်ချက်တောင်းဆိုမှုကို ပြန်လည်ဖြေကြားရန် ငြင်းဆန်ခဲ့ပါတယ်..။
(The Guardian သတင်းဌာနမှ ဆောင်းပါးရှင် Rob Davies နှင့် Simon Lock တို့၏ ‘Chelsea FC face new questions over how Roman Abramovich funded success’ သတင်းဆောင်းပါးကို ပြန်ဆိုပါသည်..။)