feature-image

In Focus: ‘ကော်နာ ဂါလက်ချာ’ ၏ ပြောင်းလဲ၊ တိုးတက်လာမှုကို လေ့လာခြင်း

ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကွင်းလယ် ကစားသမားလေးမှာ ရာသီစတင်ချိန်က အဝေဖန်ခံခဲ့ရသော်လည်း ယခုအချိန်တွင် အသင်းအတွက် အမြဲတမ်းလိုလို ပါဝင်ခွင့်ရခဲ့ပြီး ပရိသတ်အား ဖမ်းစားနိုင်ခဲ့သည့် ခြေစွမ်းကို ပြသနိုင်ခဲ့သည်..။ ထို့အပြင် နည်းပြမော်ရစ္စစီယို ပိုချက်တီနို ၏ လမ်းညွှန်မှုအောက်မှာ အသက် (၂၃) နှစ်အရွယ် အင်္ဂလန်ကွင်းလယ် ကစားသမား၏ ခြေစွမ်းမှာ နောက်ထပ်တစ်ဆင့်သို့ တိုးတက် ရောက်ရှိသွားခဲ့သည်ဟု ပြောနိုင်ပေသည်..။

ကော်နာ ဂါလက်ချာ မှာ ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) ပွဲစလုံးတွင် ပါဝင်ကစားခဲ့ရပြီး သူ့လိုပင် ပရီးမီးယားလိဂ် ပွဲစဉ်အားလုံး ပါဝင်ခွင့်ရခဲ့သည့် အခြားကစားသမား (ဂိုးသမားမပါ) မှာ သီယာဂို ဆေးလ်ဗား ဖြစ်ခဲ့သည်..။ လူငယ်ကွင်းလယ် ကစားသမားလေးမှာ ဝက်စ်ဟမ်း၊ နော့တင်ဟမ် ဖောရက်စ် အသင်းများကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်များတွင်သာ လူစားလဲခံခဲ့ရသည်..။

နည်းပြပိုချက်တီနို မှာ ရာသီအစပိုင်းတွင် အင်ဇို ဖာနန်ဒက်စ် နှင့် ကော်နာ ဂါလက်ချာ တို့၏ ကွင်းလယ်အထိုင်ဖြင့် ၃- ၄- ၃ ကစားကွက်ကို အသုံးပြုခဲ့သော်လည်း မွိုက်စ် ကိုင်ဆီဒို ကြံ့ခိုင်မှုပြည့်ဝလာချိန်တွင် ၄- ၃- ၃ ကစားကွက်ကို ပြောင်းလဲသုံးစွဲခဲ့သည်..။ အဆိုပါကစားကွက် အခင်းအကျင်းတွင် ဂါလက်ချာ မှာ ကွင်းလယ်သုံးယောက်၏ ဘယ်ဘက် ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့ရပါသည်..။



ယခုနောက်ဆုံး ကစားခဲ့သည့် အာဆင်နယ်၊ တော့တင်ဟမ် နှင့် မန်ချက်စတာ စီးတီးအသင်းတို့နှင့် ပွဲစဉ်များတွင် လူငယ်အကယ်ဒမီ ကွင်းလယ် ကစားသမားမှာ ၄- ၂- ၃- ၁ ကစားကွက် အခင်းအကျင်း၏ တိုက်စစ်အားသန် ကွင်းလယ် ကစားသမားအဖြစ် ကွင်းလယ်သုံးယောက်တန်း အလယ်ဗဟိုတွင် တိုက်စစ်မှူးနှင့် အနီးကပ်တွဲဖက်ကစားခဲ့ရသည်..။ ကွင်းလယ်တွင် ခံစစ်ပိုင်း အားပြုကစားရသည်ဖြစ်စေ၊ တိုက်စစ်ပိုင်းတွင် ပိုမိုလိုက်ပါရသည်ဖြစ်ပါစေ.. ဂါလက်ချာ မှာ ကွင်းလယ်တွင် အသင်းအတွက် ကြီးကြီးမားမား အကျိုးပြုနိုင်ခဲ့သည်..။ အထူးသဖြင့် မိမိအသင်း၏ တိုက်စစ်ဇုန် (final third) ထဲတွင် ဘောလုံးပြန်လည်အရယူနိုင်မှု (won possession) အများဆုံးပြုလုပ်နိုင်ခဲ့သည့် ကစားသမားအဖြစ် ဘောလုံးပြန်လည် လုယူနိုင်မှု အကြိမ် (၂၀) ပြုလုပ်နိုင်ခဲ့သည်…။ အဆိုပါစွမ်းဆောင်ရည် အချက်အလက်မှာ အသင်း၏ဖိအားပေး ကစားရာတွင် (pressing) သူ၏လုပ်အားနှုန်း ပါဝင်မှုကောင်းမွန်ခြင်းနှင့် ထိရောက်မှုရှိခြင်းကို ပြသနေခြင်းဖြစ်ပါသည်..။

ထို့အပြင်ယခုနောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် (၅) ပွဲတွင် ဂိုးဖန်တီးမှု (assists) (၄) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ခံစစ်ပိုင်းသာမက တိုက်စစ်ပိုင်း ပံ့ပိုးမှုကောင်းမွန်ခြင်းကိုပါ သက်သေပြနိုင်ခဲ့သည်..။ ကော်နာ ဂါလက်ချာ မှာ မနှစ်ကဘောလုံးရာသီတွင် ထိရောက်သည့် ပေးပို့မှု (key passes) တစ်ပွဲလျှင်ပျမ်းမျှ (ဝ.၆) ကြိမ်သာ ပြုလုပ်နိုင်ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် key passes တစ်ပွဲလျှင်ပျမ်းမျှ (၁.၆) ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်သည်..။

ယခုကဲ့သို စွမ်းဆောင်ရည်ပိုင်းတွင် တိုးတက်လာရခြင်းမှာ ဘောလုံးကိုပိုပြီး ပိုင်ဆိုင်ခွင့်ရခြင်းကြောင့် ဖြစ်သလို ကော်နာ ဂါလက်ချာ မှာ ဘောလုံးပေးပို့မှု (passes) တစ်ပွဲလျှင်ပျမ်းမျှ (၅၃.၈) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ကွင်းလယ်ကို ထိန်းကျောင်းနိုင်စွမ်းရှိခြင်းကိုပါ ပြသနိုင်ခဲ့သည်..။ အင်္ဂလန်ကွင်းလယ် ကစားသမားမှာ မနှစ်ကဘောလုံးရာသီတွင် ဘောလုံးပေးပို့မှု စုစုပေါင်း (၂၃၁) ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည့်အတွက် သူ၏ကွင်းလယ်ကို ထိန်းကျောင်းပေးနိုင်မှုစွမ်းရည်မှာ ယခုနှစ်တွင် အထူးတိုးတက်ကောင်းမွန်လာသည်ကို အငြင်းပွားစရာ မရှိခဲ့ပေ..။



နည်းပြမော်ရစ္စစီယို ပိုချက်တီနို မှာ ဂါလက်ချာ အား ဘောလုံးရွှေ့လျားမှုနှင့် အနီးကပ်လိုက်ပါပြီး အသင်းဖော်များအား အကူအညီပေးရန် မှာကြားခဲ့သဖြင့် သူ့အားဘယ်၊ ညာတောင်ပံများတွင်ပါ အစွန်ထိထွက်ပြီး တိုက်စစ်ကစားသမားများနှင့် တွဲဖက်ကစားနိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်..။ တိုက်စစ်မှူးများနှင့် တွဲဖက်ကစားရာတွင် သူ၏ဂိုးပေါက်ကိုကျောပေးရင်း ဘောလုံးကိုလက်ခံယူနိုင်သည့် စွမ်းရည်ပိုင်းတွင်ပါ တိုးတက်လာခဲ့သလို အသင်းဖော်များအတွက် နေရာလွတ်များကိုပါ ဖန်တီးပေးနိုင်လာခဲ့သည်..။

ထို့အပြင် အသက် (၂၃) နှစ်အရွယ် ကွင်းလယ်ကစားသမားမှာ ဘောလုံးပေးပို့မှုအပိုင်းတွင် ပိုမိုသပ်ရပ်လာခဲ့ပြီး ယခုနှစ်ရာသီတွင် မိမိအသင်းဖော်များထံ ရောက်ရှိအောင် ပေးပို့နိုင်ခဲ့မှုနှုန်း (pass completion rate) မှာ (၉၀.၇ %) ရာခိုင်နှုန်းအထိ ရှိခဲ့သည်..။ ကော်နာ မှာ ၂၀၂၁/၂၂ ရာသီတွင် pass completion rate (၈၁. ၂ %) ရာခိုင်နှုန်းသာ ရှိခဲ့ပြီး မနှစ်က ၂၀၂၂/၂၃ ရာသီတွင် (၈၄.၅ %) ရာခိုင်နှုန်း ရှိခဲ့သည်..။ မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲတွင် ဘောလုံးပေးပို့မှု (passes) အကြိမ် (၄၀) ပြုလုပ်ခဲ့ရာ မိမိအသင်းဖော်များထဲ (၃၈) ကြိမ် ရောက်ရှိခဲ့သဖြင့် အဆိုပါပွဲတွင် ဂါလက်ချာ ၏ pass completion rate မှာ (၉၅ %) ရာခိုင်နှုန်း ရှိခဲ့သည်..။ အထူးသဖြင့် မန်ချက်စတာ စီးတီးအသင်းလို ပြိုင်ဘက်ကောင်းနှင့် ရင်ဆိုင်ရချိန်တွင်လည်း သူ၏ဘောလုံးပေးပို့မှုမှာ သပ်ရပ်၊ ကောင်းမွန်ဆဲဖြစ်သည်ကို တွေ့ခဲ့ရပါသည်..။



နည်းပြမော်ရစ္စစီယို ပိုချက်တီနို က ပွဲချိန်မိနစ် (၆၀) ကျော်လာချိန်တွင် အင်ဇို ဖာနန်ဒက်စ် အား မိုင်ဟေးလ်လို မူဒရပ်ခ် နှင့် လူစားလဲ၊ တိုက်စစ်မြှင့်ခဲ့သည်..။ အဆိုပါကစားကွက် အပြောင်းအလဲတွင် ကော်နာ ဂါလက်ချာ မှာ မွိုက်စ် ကိုင်ဆီဒို နှင့်အတူ ကွင်းလယ်နှစ်ယောက်အထိုင်ဖြင့် ခံစစ်ပိုင်းကို ပိုမိုအားပြုခဲ့သည်..။ မန်ချက်စတာ စီးတီးအသင်းနှင့်ပွဲစဉ်တွင် ကော်နာ ဂါလက်ချာ ၏ ဘောလုံးပြန်လည်အရယူနိုင်ခဲ့သည့် (recoveries) နေရာများကို လေ့လာကြည့်မည်ဆိုပါက ခံစစ်၊ တိုက်စစ်နေရာစုံတွင် သူ၏လွှမ်းမိုးနိုင်မှု ရှိနိုင်စွမ်းကို တွေ့နိုင်ပါသည်..(ပူးတွဲပုံ)။



အထူးသဖြင့် သူ၏တစ်ကွင်းလုံးအနှံ့ ပြေးလွှားကစားနိုင်စွမ်းရှိသည့် လုပ်အားနှုန်းနှင့် ပေးဆပ်မှုတို့မှာ အသင်းအတွက် အရေးပါခဲ့သည့် အားဖြည့်မှုတစ်ရပ် ဖြစ်ခဲ့ပါသည်..။ ဘောလုံးဆုံးရှုံးချိန် (out of possession) စွမ်းဆောင်ရည် အချက်အလက်များကို လေ့လာကြည့်မည်ဆိုပါက ဘောလုံးဖျက်ထုတ်နိုင်မှု (tackles) (၃၄) ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး (တစ်ပွဲလျှင် ပျမ်းမျှဘောလုံးဖျက်ထုတ်နိုင်မှု (၂.၈) ကြိမ်) လက်ရှိပရီးမီးယားလိဂ် ပြိုင်ပွဲ၏ နံပါတ် (၆) ယောက်မြောက် ဖျက်ထုတ်မှု အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သည်..။ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု (interceptions) တွင် ကော်နာ မှာ (၁၉) ကြိမ်ဖြင့် ပရီးမီးယားလိဂ်၏ တတိယမြောက် interceptions အများဆုံး ပြုလုပ်နိုင်ခဲ့သည့် ကစားသမား ဖြစ်နေခဲ့ပါသည်..။



ထို့ကြောင့် လုပ်အားနှုန်းနှင့် ပေးဆပ်မှု ကောင်းမွန်သလို ဘောလုံးပေးပို့မှု၊ ဖြန့်ဝေမှုပိုင်းတွင်ပါ တိုးတက်လာခဲ့သည့် ကွင်းလယ်ကစားသမား ကော်နာ ဂါလက်ချာ မှာ နည်းပြမော်ရစ္စစီယို ပိုချက်တီနို ၏ လူငယ်သွေးသစ် ချယ်လ်ဆီးအသင်းတွင် အဓိကအရေးပါ‌သော ကစားသမားအဖြစ် ခြေစွမ်းပြသလျှက် ရှိပါသည်..။

ထို့အပြင် ချယ်လ်ဆီးလူငယ် အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမားပီပီ အသင်းခေါင်းဆောင်နှင့် လက်ထောက် အသင်းခေါင်းဆောင်များ မပါဝင်နိုင်သည့် ပွဲစဉ်များတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ကြိုးစားမှု၊ ခံယူချက်၊ စိတ်ဓါတ်ကောင်းမွန်မှုနှင့် ခေါင်းဆောင်နိုင်မှု စွမ်းရည်တို့ကို ကိုယ်တိုင်စံနမူနာပြအဖြစ် စွမ်းဆောင်ပြနိုင်ခဲ့ပြီး အမြင့်ဆုံးအဆင့် ပွဲစဉ်များနှင့် ထိုက်တန်သည့် ကစားသမားအဖြစ် သက်သေပြသလျှက် ရှိပါကြောင်း တင်ဆက်လိုက်ရပါသည်..။

(Chelsea Official website မှ ‘In focus: The evolution of Conor Gallagher’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)