feature-image

ရုပ်လုံးပေါ်လာပြီဖြစ်တဲ့ ပိုချက်တီနို ရဲ့ နည်းစနစ် အစီအမံများ…

“သူတို့နဲ့ အဝေးကြီးမှာ ရှိနေပါသေးတယ်..။ မန်ချက်စတာ စီးတီးအသင်းကိုမှီဖို့ အများကြီးလိုနေပါသေးတယ်..။” မန်ချက်စတာ စီးတီးအသင်းနဲ့ တစ်ဘက်လေးဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ချယ်လ်ဆီးအသင်းရဲ့ စီမံချက်နဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ နည်းပြမော်ရစ္စစီယို ပိုချက်တီနို က အခုလိုပဲ ဖြေကြားခဲ့ပါတယ်..။

“ဒါပေမယ့် ဒီနေ့ပွဲရလဒ်ဟာ ကျွန်တော့်တို့အတွက် ယုံကြည်မှုကောင်းတွေ ရရှိနိုင်ဖို့ ‘စမှတ်’ တစ်ခု ဖြစ်နိုင်သလို ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေအပေါ် ယုံကြည်မှုတွေ ပိုပြီးရရှိစေပါလိမ့်မယ်..။”

အဲဒီပြောကြားချက်ဟာ သူတို့ရဲ့လုပ်ဆောင်မှုအပေါ် ဖိအားလျော့နည်းအောင် ရှောင်လွှဲတဲ့သဘော ဖြစ်နိုင်ပါတယ်..။ လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းဟာ မတည်ငြိမ်ခဲ့တဲ့ ရလဒ်တွေကြောင့် အမှတ်ပေးဇယား အဆင့် (၁၀) မှာ ရပ်တည်နေပြီး ထိပ်ဆုံးက (၅) သင်းနဲ့ (၉) မှတ်ကွာနေပေမယ့် အသင်းရဲ့ကစားပုံကို သေသေချာချာ စောင့်ကြည့်၊ လေ့လာကြည့်မယ်ဆိုရင် မော်ရစ္စစီယို ပိုချက်တီနို နည်းစနစ် အစီအမံတွေဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာနေတာကို မြင်တွေ့ရပါလိမ့်မယ်..။

အခုအချိန်မှာ ချယ်လ်ဆီးအသင်းဟာ အသင်းလိုက် စုစည်းမှုနဲ့ နားလည်မှုပိုင်းမှာ အားနည်းချက်တွေ ရှိနေသေးသလို နော့တင်ဟမ် ဖောရက်စ်၊ ဘရန့်တ်ဖို့ဒ် တို့လို မိမိအသင်းရဲ့ ဂိုးဧရိယာထဲမှာ ပိတ်ဆို့၊ ခံစစ်ဆင်တဲ့ (deep block) အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲတွေမှာ ရုန်းကန်ခဲ့ရပါတယ်..။ ဒါပေမယ့် အာဂျင်တီးနားနည်းပြကြီးရဲ့  ချယ်လ်ဆီးအသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရောက်ရှိနေတဲ့အကြောင်း ညွှန်ပြနေတဲ့ အချက်အလက်များကို လေ့လာကြည့်ပါမယ်..



အကောင်အထည် မြင်တွေ့နေရတဲ့ ပိုချက်တီနို ရဲ့ နည်းစနစ်ပိုင်း ချဉ်းကပ်ပုံများ…

လွန်ခဲ့တဲ့ တစ်ပတ်ကျော် တနင်္ဂနွေနေ့က မန်ချက်စတာ စီးတီးအသင်းနဲ့ သရေပွဲဟာ မာဆယ်လ်လို ဘီယယ်လ်ဆာ ရဲ့ တပည့်သာဝက တစ်ဉီးပီပီ အလွန်အမင်း ဖိအားပေး ကစားခြင်း (hard pressing)၊ မြန်နှုန်းမြင့် ထိုးဖောက်ကစားခြင်းနဲ့ ကစားသမားတွေကို နေရာစုံ ရွှေ့လျား ကစားစေခြင်း ဆိုတဲ့ အယူအဆ၊ ဒဿနတွေကို အကောင်အထည် ဖော်နေတဲ့ နည်းပြပိုချက်တီနို ရဲ့ နည်းစနစ်လမ်းကြောင်းကို ညွှန်ပြ၊ ပြသနေခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်..။

အဲဒီနေ့ကပွဲမှာ နည်းပြပက်ပ် ဂွာဒီယိုလာ ရဲ့ မန် စီးတီးအသင်းဟာ ဘတ်စ်ကတ်ဘောပွဲ တစ်ပွဲအလား သူတင်၊ ကိုယ်တင် အပြန်အလှန် ထိုးဖောက်ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ ပိုချက်တီနို ရဲ့ နည်းစနစ် ချဉ်းကပ်ပုံကို ပြန်မလှန်နိုင်ခဲ့တာကြောင့် တခြားပွဲတွေမှာလို ပွဲရဲ့အရှိန် (tempo) ကို မထိန်းချုပ်နိုင်ခဲ့ပါဘူး..။ ကိုးလ် ပါးမား၊ ကော်နာ ဂါလက်ချာ နဲ့ ရာဟင်း စတာလင်း တို့ရဲ့ အကောင်းဆုံးခြေစွမ်း၊ လူငယ်ကစားသမားတွေရဲ့ ဆာလောင်စိတ်အပြည့်နဲ့ ကြိုးစားမှုတွေကြောင့်အပြင် ကွင်းလယ်မှာ တိုက်စစ်အားသန်တဲ့ ဂျူလီယန် အယ်လ်ဗာရက်ဇ်၊ ဘာနာဒို ဆေးလ်ဗား တို့ကို ထည့်သွင်းပြီး ကွင်းလယ်အဖျက်မှာ ရိုဒရီ တစ်ယောက်ထဲသာ ထားရှိခဲ့တဲ့ နည်းပြပက်ပ် ဂွာဒီယိုလာ ရဲ့ ဆုံးဖြတ်ချက်ကြောင့် မန် စီးတီးအသင်းဟာ ချယ်လ်ဆီးရဲ့ ကွင်းလယ်ကစားအားနဲ့ ကို မောင်းနှင်မှုကို မထိန်းချုပ်နိုင်ခဲ့ပါဘူး..။

အဲဒီပွဲမှာ ပိုချက်တီနို ဟာ ၄- ၂- ၃- ၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တောင်ပံကစားသမား နှစ်ယောက်ဖြစ်တဲ့ ရာဟင်း စတာလင်း နဲ့ ကိုးလ် ပါးမား တို့ကို အတွင်းဘက်ကို တိုးဝင်ပြီး (ပူးတွဲပုံ - ၁) ကွင်းလယ်နဲ့ နောက်တန်းကြားက နေရာလွတ်တွေကို အသုံးချ၊ လွတ်လွတ်လပ်လပ် ရွှေ့လျား ကစားစေခဲ့ပါတယ်..။ ဒါ့အပြင် မန် စီးတီးအသင်း ဘောလုံးရသွားတာနဲ့ လုံးဝအနားမပေးပဲ အစွမ်းကုန် ဖိအားပေး (hard pressing) ကစားခဲ့သလို ပိုချက်တီနို ဟာ ကစားသမားတစ်ဉီးချင်းစီရဲ့ နေရာချ၊ ရွှေ့လျားမှုတွေကို အသေးစိတ် စီမံပေးခဲ့ (detail positional coaching) ပါတယ်..။ ဒါ့ကြောင့်ဘောလုံးပြန်ရတာနဲ့ အရှိန်အဟုန်မြှင့် (quick tempo) တိုက်စစ်ဆင်၊ ထိုးဖောက်နိုင်ခဲ့ပြီး မန် စီးတီးအသင်းကို တစ်ချိန်လုံးလိုလို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်..။



မန် စီးတီးအသင်းနဲ့ပွဲကို ကျော်လွန်ပြီး ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကို လေ့လာကြည့်မယ်ဆိုရင် ပိုချက်တီနို ရဲ့ လူငယ်ကစားသမားများဟာ ဘေးတိုက်ပေး၊ နောက်ပြန်ပေးများကို အားမသန်ပဲ အခွင့်အရေးရတိုင်း မြန်နှုန်းမြင့် ထိုးဖောက်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါလိမ့်မယ်..။ ဒါ့ကြောင့်စွမ်းဆောင်ရည် အချက်အလက်ပိုင်းအရ ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ through balls ပေးပို့မှုတွေမှာ (၄၁) ကြိမ်နဲ့ ပရီးမီးယားလိဂ်မှာ အများဆုံးဖြစ်နေပြီး ပြိုင်ဘက်နောက်ခံလူတွေကို တစ်ဉီးချင်း ကျော်ဖြတ်ရန် ကြိုးစားမှု (attempted take-ons) အချက်အလက်မှာ (၂၆၉) ကြိမ်နဲ့ စတုတ္ထအများဆုံး အသင်းဖြစ်ပါတယ်..။

ဒါ့အပြင် မိမိအသင်းရဲ့ တိုက်စစ်ဇုန်သို့ ဘောလုံးသယ်ယူမှု (progressive carries) ပြုလုပ်နိုင်စွမ်းမှာ (၃၀၂) ကြိမ်နဲ့ ပရီးမီးယားလိဂ်မှာ တတိယမြောက်အများဆုံး ဖြစ်သလို အခြားဆန့်ကျင်ဘက် အချက်အလက်အနေနဲ့ဆိုရင် ဘောလုံးအထိန်းအသိမ်း၊ ပေးပို့မှု အမှားအယွင်း (၁၉၉) ကြိမ်နဲ့ ပရီးမီးယားလိဂ်မှာ အများဆုံးအသင်း ဖြစ်နေပါတယ်..။

ကွင်းလယ်သုံးယောက်အားနဲ့ ထမ်းပိုးထားတဲ့ ပိုချက်တီနို ရဲ့ တိုးတက်မှု..

အထက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ ချယ်လ်ဆီးအသင်းဟာ လျှင်လျှင်မြန်မြန် တိုက်စစ်ဆင် ထိုးဖောက်မှုကို အားသန်တဲ့အသင်း ဖြစ်နေပေမယ့် ပြီးပြည့်စုံတဲ့ တိုက်စစ်တွဲလုံးတွေ ဖန်တီးတဲ့နေရာမှာ လိုအပ်ချက်တွေ ရှိနေတာကို တွေ့နိုင်ပါတယ်..။ ဒါပေမယ့် အကောင်းဆုံးတွဲလုံး၊ နားလည်မှုနဲ့ ထိရောက်ပြည့်စုံတဲ့ ထိုးဖောက်မှု ဖြစ်လာနိုင်မယ့် အရိပ်လက္ခဏာတွေ မြင်တွေ့နေရချိန် အနာဂတ်အတွက် မျှော်လင့်ချက် အကောင်းဆုံးက အသင်းရဲ့ ‘ကွင်းလယ်ဗဟိုချက် အတွဲအစပ် (central midfield)’ ပဲ ဖြစ်ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား အများအပြား ထပ်မံဝယ်ယူခဲ့ပေမယ့် အာဂျင်တီးနား နည်းပြကြီးဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ် (၁၂) ပွဲအတွင်း ပွဲထွက်လူစာရင်းမှာ ကစားသမား (၁၄) ယောက်ကိုသာ သုံးစွဲခဲ့ပါတယ်..။ အဲဒီအထဲမှာ အပြောင်းအလဲအနည်းဆုံး၊ တည်ငြိမ်မှုအရှိဆုံးနေရာက ‘ကွင်းလယ်’ ဖြစ်ပါတယ်..။ ကော်နာ ဂါလက်ချာ၊ အင်ဇို ဖာနန်ဒက်စ် နဲ့ မွိုက်စ် ကိုင်ဆီဒို တို့ရဲ့ ကွင်းလယ်သုံးယောက် အတွဲအစပ်ဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်အားနှုန်း အကောင်းဆုံး ကွင်းလယ် အခင်းအကျင်းထဲမှာ ပါဝင်ခဲ့ပါတယ်..။

အင်္ဂလန်ကွင်းလယ် ကစားသမား ကော်နာ ဂါလက်ချာ ဟာ ပိုချက်တီနို ရဲ့ အပြင်းအထန် pressing ပေးကစားတဲ့ ကစားဟန်၊ ဘောလုံးရတာနဲ့ တိုက်စစ်ကိုပဲ ရှေးရှုတဲ့ ကစားဟန်နဲ့ အံဝင်မှုအရှိဆုံး ကစားသမားအဖြစ် အကောင်းဆုံးခြေစွမ်း ပြသနေပါတယ်..။ အချက်အလက်အားဖြင့် ဘောလုံးဖျက်ထုတ်မှု (tackles) (၃၄) ကြိမ်၊ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု (interceptions) (၁၉) ကြိမ်၊ ဘောလုံးပြန်လည် အရယူနိုင်မှု (recoveries) (၈၅) ကြိမ် ပြုလုပ်ထားပြီး ချယ်လ်ဆီးအသင်း ကစားသမားတွေထဲမှာ ဘောလုံးလုယူနိုင်မှု အကောင်းဆုံး ကစားသမား ဖြစ်နေသလို အခြားတစ်ဖက်ကလည်း ပြစ်ဒဏ်ဘော (fouls) (၂၆) ကြိမ်နဲ့ ချယ်လ်ဆီးအသင်းမှာ ပြစ်ဒဏ်ဘောအများဆုံး ကျူးလွန်ထားတဲ့ ကစားသမား ဖြစ်နေပါတယ်..။



သူ့ရဲ့လုပ်အားနှုန်းနဲ့ box to box မနားတမ်း ရွှေ့လျားနိုင်မှုနဲ့ လိုက်ဖက်ညီခဲ့တဲ့ ကစားသမားကတော့ ‘မွိုက်စ် ကိုင်ဆီဒို’ ဖြစ်ပါတယ်..။ အီကွေဒေါ ကွင်းလယ် ကစားသမားဟာ ပြိုင်ဘက်ကစားသမားတွေရဲ့ pressing ပေးကစားမှုကို ခံနိုင်ရည်အရှိဆုံး ကစားသမားတစ်ယောက်ဖြစ်တာနဲ့အညီ ဖိအားပေးမှုတွေကြားမှာ မိမိအသင်းသားတွေဆီကို ဘောလုံးပေးပို့နိုင်မှု (၉၁.၃ %) ရာခိုင်နှုန်း ပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ တတိယမြောက်‌ ဘောလုံးပေးပို့မှု စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား ဖြစ်နေပါတယ်..။

သူတို့နှစ်ယောက်ကို အားဖြည့်ပေးနေတဲ့သူကတော့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ကစားသမား ‘အင်ဇို ဖာနန်ဒက်စ်’ ပါပဲ..။ သူဟာ မိမိအသင်းရဲ့ တိုက်စစ်ဇုန်ကို ပေးပို့မှု (progressive passes) (၉၇) ကြိမ် ပြုလုပ်ထားပြီး ပရီးမီးယားလိဂ်မှာ သူ့ထက်ပို ဖန်တီးပေးနိုင်မှုကောင်းတဲ့ ကစားသမားဆိုလို့ ဘရူနို ဖာနန်ဒက်စ် တစ်ယောက်ထဲပဲ ရှိပါတယ်..။ ဒါ့အပြင် သူဟာ ဘယ်ညာထောင့်ဖြတ်ပေးပို့မှု (switches) (၁၂) ကြိမ်နဲ့ through balls ပေးပို့မှု (၁၀) ကြိမ် ပြုလုပ်ထားပြီး အဲဒီစွမ်းဆောင်ရည် အချက်အလက်တွေဟာ အသင်းရဲ့တိုက်စစ်ဖန်တီးမှုအပိုင်းမှာ သူ့ရဲ့အရေးပါပုံကို ပြသနေတာပါပဲ..။  

နီကိုလပ်စ် ဂျက်ဆင် နဲ့ ဖြေရှင်းရမယ့် အဆုံးသတ်ဂိုးသွင်းမှုပြဿနာ…

အခုဆိုရင် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်အထိုင်ဟာ ကျစ်လျစ်မှုရှိလာပြီ ဖြစ်သလို အသင်းဟာ ၄- ၂- ၃- ၁/ ၃- ၄- ၃ ပြောင်းလဲကစားနေတဲ့ အခင်းအကျင်းမှာ အံဝင်အောင် ကစားလာနေနိုင်ပြီ ဖြစ်ပါတယ်..။ ဒါ့အပြင် ပိုချက်တီနို ရဲ့ စနစ်ကျတဲ့ high press ကစားပုံကြောင့် ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်အသင်း ခံစစ်ဇုန်မှာ ဘောလုံးအရယူနိုင်မှု (high turnovers) (၁၂၈) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်..။ အသင်းရဲ့ခံစစ်ပိုင်း မာကျော၊ ကျစ်လျစ်လာခဲ့သလို ပြိုင်ဘက်အသင်းတွေကို လူကျွံဘော (၃၅) ကြိမ် ဖမ်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ လူကျွံဘောရရှိမှုအများဆုံး အသင်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်..။

ဒါ့အပြင် အမြင့်ဘော ဖျက်ထုတ်နိုင်မှုတွေရဲ့  (၅၈ %) ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အမြင့်ဘော ဖျက်ထုတ်နိုင်မှု (percentage of aerial duels won) အကောင်းဆုံး အသင်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ပိုချက်တီနို ရဲ့ တိုက်စစ်အားသန် အတင်းလိုက်ဖိအားပေး ကစားတဲ့ high-line ခံစစ်အထိုင် အခင်းအကျင်းဟာ အလုပ်ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်..။

အဲဒီလိုခံစစ်ပိုင်း၊ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် အချက်အလက်တွေ ကောင်းမွန်နေပေမယ့် အမှတ်ပေးဇယား ရပ်တည်မှုမကောင်းမွန်ခြင်းရဲ့ အဓိကအကြောင်းရင်းက ‘ဂိုးသွင်းအဆုံးသတ် ညံ့ဖျင်းခြင်း’ ပါပဲ..။ အချက်အလက်တွေအရ ချယ်လ်ဆီးအသင်း ‘ရသင့်တဲ့သွင်းဂိုး (expected goals- xG)’ ဟာ (၂၅.၂) ဂိုး ရှိပေမယ့် အမှန်တကယ် ရရှိခဲ့တဲ့သွင်းဂိုး (၂၀) ပဲ ရှိခဲ့ပြီး (- ၅.၂) ဂိုးနဲ့ ပရီးမီးယားလိဂ်မှာ ရသင့်တဲ့သွင်းဂိုးနဲ့ အမှန်တကယ် ရရှိခဲ့တဲ့သွင်းဂိုး ကွာခြားချက်အများဆုံးအသင်း ဖြစ်နေပါတယ်..။

နီကိုလပ်စ် ဂျက်ဆင် ရဲ့ နေရာယူ၊ လှုပ်ရှားမှုတွေနဲ့ နောက်ခံလူတွေကို တစ်ဉီးချင်း ထိုးဖောက်နိုင်စွမ်းတွေ တိုးတက်လာနေပေမယ့် ချယ်လ်ဆီးအသင်းကို မရောက်လာခင်က ထိပ်တန်းအဆင့်ပွဲတွေမှာ (၂၈) ပွဲပဲ ကစားဖူးထားတဲ့ လူငယ်တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်မှူး အဆင့်ကိုမှီနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်..။ ဒါပေမယ့် အခုနောက်ဆုံးကစားခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲမှာ အရေးပါတဲ့သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့သလို တော့တင်ဟမ်အသင်းနဲ့ပွဲမှာ hattrick ရခဲ့တဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် သူ့ရဲ့တိုးတက်မှုနှုန်းဟာ မြန်ဆန်တယ်လို့ ပြောနိုင်ပါတယ်..။



ပိတ်ဆို့ကစားတဲ့ အသင်းတွေအတွက် ခရစ္စတိုဖာ အန်ကန်းကူ ဟာ အဖြေဖြစ်နိုင်မလား..?

ဒေါ့မွန်အသင်းနဲ့ ရာသီကြိုပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ပြင်သစ်တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကန်းကူ ဟာ မကြာခင်မှာ အသင်းနဲ့အတူ ပြန်လည်ပါဝင်လာနိုင်တော့မှာပါ..။ ဒါပေမယ့် သူ့ကိုဘယ်နေရာမှာထားပြီး ကစားမလဲ..? ဆိုတာဟာ နည်းပြပိုချက်တီနို အတွက် ခေါင်းစားစရာတစ်ခု ဖြစ်လာပါလိမ့်မယ်..။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲ အချက်အလက်တွေအရဆိုရင် သူဟာဘယ်တောင်ပံ ကစားသမား (left winger) အဖြစ် (၂၈) ပွဲကစား၊ (၇) ဂိုးသွင်း၊ (၈) ဖန်တီးပေးနိုင်ခဲ့သလို တိုက်စစ်အားသန် ကွင်းလယ်ကစားသမား (attacking central midfielder) အဖြစ် (၁၁၉) ပွဲမှာ (၃၆) ဂိုးသွင်း၊ (၃၂) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ အချက်အလက်တွေအရ သူ့ရဲ့စွမ်းဆောင်ရည် အကောင်းဆုံးနေရာကတော့ နောက်ချန်တိုက်စစ်မှူး (withdrawn/ second striker) ဖြစ်ပြီး (၅၉) ပွဲမှာ (၃၇) ဂိုးသွင်း၊ (၂၁) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်..။

သူဟာနွေရာသီ အမေရိကန်ပြည်ထောင်စု ခရီးစဉ်တစ်လျှောက်မှာ ဘယ်တောင်ပံ ကစားသမားအဖြစ် အများဆုံးကစားခဲ့ပေမယ့် အခြားတိုက်စစ်နေရာတွေနဲ့ ကွင်းလယ်မှာလည်း စမ်းသပ်၊ ကစားခဲ့ပါသေးတယ်..။ သူ့ရဲ့နေရာစုံ ကစားပေးနိုင်တဲ့စွမ်းရည် (versality) ဟာ အသင်းအတွက် အားသာချက်ဖြစ်ပေမယ့် လက်ရှိအသင်းက ဘယ်သူ့နေရာကို အစားထိုးရမလဲ..? စဉ်းစားစရာ ရှိပါတယ်..။

ချယ်လ်ဆီးအသင်းပရိသတ်တွေရဲ့ online စစ်တမ်းတစ်ခုမှာတော့ လက်ရှိအသင်းရဲ့ အခင်းအကျင်းမှာ သူ့ကိုအထောင်တိုက်စစ်မှူး (lone striker) အဖြစ် ကစားစေချင်တဲ့ ဆန္ဒရှိသူတွေ ပါဝင်ခဲ့ပါတယ်..။ အန်ကန်းကူ ဟာ အထောင်တိုက်စစ်မှူးအဖြစ် (၉) ပွဲကစားခဲ့ဖူးပြီး (၃) ဂိုးသွင်း၊ (၂) ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် စွမ်းဆောင်ရည် အချက်အလက်တွေအရ အဆိုးကြီးမဟုတ်ပါဘူး..။ လက်ရှိကစားကွက်ထဲမှာ သူ့ကို အထောင်တိုက်စစ်မှူးအဖြစ် ဒါမှမဟုတ် နောက်ကျန်တိုက်စစ်မှူး (withdrawn forward/ false 9) အနေနဲ့ ကစားစေမယ်ဆိုရင် အတွင်းကိုဝင်ပြီး နေရာလွတ်တွေကို အသုံးချတတ်တဲ့ ရာဟင်း စတာလင်း၊ ကိုးလ် ပါးမား တို့အတွက်လည်း အဆင်ပြေနိုင်ပါတယ်..။

ဒါပေမယ့် သူ့ကိုတိုက်စစ်မှူးအဖြစ် ကစားစေမယ်ဆိုရင် အဝေးဘောတွေနဲ့ တိုက်ရိုက်ထိုးဖောက်နိုင်စွမ်း၊ hold up play တွေနဲ့ နောက်ခံလူတွေကို ဖိအားပေး ကစားနိုင်စွမ်းတွေမှာ လျော့နည်းသွားနိုင်သလို နီကိုလပ်စ် ဂျက်ဆင်၊ အာမန်ဒို ဘရိုဂျားစ် တို့ကို အရန်ကစားသမားအဖြစ် အသုံးပြုသွားရဖို့ရှိပါတယ်..။ သူဟာတိုက်စစ်အားသန် ကွင်းလယ် ကစားသမားနေရာမှာ ကစားပေးနိုင်ပေမယ့် နည်းပြပိုချက်တီနို ဟာ လုပ်အားနှုန်း၊ ခံစစ်ပိုင်းကူညီမှု ကောင်းမွန်တဲ့ ကော်နာ ဂါလက်ချာ ရဲ့ နေရာကို အစားထိုးမှာ မဟုတ်ပါဘူး..။

ခရစ္စတိုဖာ အန်ကန်းကူ ဟာ ဘယ်တောင်ပံ ကစားသမားနေရာမှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်..။ အချက်အလက်တွေအရ သူဟာ နောက်ခံလူတွေကို တစ်ဉီးချင်းကျော်ဖြတ်မှု  (take-ons) တစ်ပွဲမှာပျမ်းမျှ (၄.၂၂) ကြိမ် ပြုလုပ်ခဲ့ပြီး ကျော်ဖြတ်၊ ဆွဲပြေးမှုတွေရဲ့ (၆၂ %) ရာခိုင်နှုန်း အောင်မြင်မှုရရှိခဲ့ပါတယ်.။ ရာဟင်း စတာလင်း ဟာ တစ်ပွဲမှာ take-ons (၂.၂၁) ကြိမ် ပြုလုပ်ခဲ့ပြီး (၄၂.၇ %) ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်..။ မိုင်ဟေးလ်လို မူဒရပ်ခ် ကတော့ take-ons (၅.၂၂) ကြိမ် ပြုလုပ်ခဲ့ပေမယ့် (၃၆.၉ %) ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ပါတယ်..။ ဒါ့ကြောင့်လက်ရှိအနေအထားအရ နည်းပြပိုချက်တီနို အတွက် ဖြစ်နိုင်ခြေအများဆုံးကတော့ ပြိုင်ဘက်အသင်းနဲ့ ပွဲစဉ်အနေအထားပေါ်မူတည်ပြီး ကစားသမားတွေကို အလှည့်ကျ သုံးစွဲသွားဖို့ပဲ ဖြစ်ပါလိမ့်မယ်..။



ခရစ္စတိုဖာ အန်ကန်းကူ လို တစ်ဉီးချင်းစွမ်းရည်၊ တိကျတဲ့ ဂိုးသွင်းအဆုံးသတ်နဲ့ ဖန်တီးပေးနိုင်မှုအား ကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ရရှိခဲ့ခြင်းဟာ ခံစစ်အသေထိုင်ပြီး ပိတ်ဆို့ကစားတတ်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ အခက်တွေ့ခဲ့တဲ့ ပိုချက်တီနို ရဲ့ ချယ်လ်ဆီးအသင်းအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်လာပါလိမ့်မယ်..။

ချယ်လ်ဆီးအသင်းဟာ အခုနှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဘောလုံးပိုင်ဆိုင်မှု (ball possession) (၆၄ %) ရာခိုင်နှုန်းကျော် ရရှိခဲ့တဲ့ပွဲ (၆) ပွဲ ရှိခဲ့ပေမယ့် လူတန် တောင်း အသင်းနဲ့တစ်ပွဲထဲသာ အနိုင်ရရှိခဲ့ပါတယ်..။ ကျန်တဲ့ (၅) ပွဲမှာ (၂) မှတ်ပဲ ရခဲ့သလို (၂) ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်..။ အချက်အလက်တွေအရဆိုရင် အဲဒီ (၆) ပွဲမှာ ရသင့်တဲ့ဂိုး (xG) (၁၂.၁) ဂိုး ရှိခဲ့တာကြောင့် (၇.၁) ဂိုး နစ်နာခဲ့ရတယ်လို့ ပြောနိုင်ပါတယ်..။

ဒါ့ကြောင့်ပိုချက်တီနို ရဲ့ high press နဲ့ ခံစစ်ကြောင်းရဲ့နောက်က နေရာလွတ်တွေဆီကို through balls တွေ ပေးပို့တဲ့ တိုက်စစ်အခင်းအကျင်းဟာ ပိတ်ဆို့ကစားတတ်တဲ့ deep block အသင်းတွေနဲ့ ရင်ဆိုင်ရာမှာလည်း အလုပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်..။ တခြားနည်းနဲ့ အဓိပ္ပါယ်ဖွင့်မယ်ဆိုရင် အဲဒီလို ဘောလုံးပိုင်ဆိုင်မှု (၆၄ %) ရာခိုင်နှုန်းကျော် ရရှိခဲ့တဲ့ပွဲတွေမှာလည်း အခုထက်ပို ကောင်းမွန်တဲ့ ဂိုးသွင်းအဆုံးသတ် စွမ်းရည်ရှိခဲ့ရင် အနိုင်ရနိုင်တယ်လို့ ဖွင့်ဆိုနိုင်ပါတယ်..။

အခုဆိုရင် ကိုးလ် ပါးမား ဟာ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်အဖြစ် အသင်းရဲ့ကစားကွက် ဖန်တီးပေးနိုင်စွမ်းကို ပခုံးထမ်းတာဝန်ယူနိုင်နေသလို ရာဟင်း စတာလင်း ဟာလည်း သူ့ရဲ့အကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိနေပြီ..။ တိုက်စစ်မှူး ဂျက်ဆင် ဟာ ဂိုးတွေပြန်လည် သွင်းယူနေတဲ့အပြင် ကာလရှည်ဒဏ်ရာတွေနဲ့ အနားယူနေရတဲ့ ခရစ္စတိုဖာ အန်ကန်းကူ တို့လို ကစားသမားတွေ ပြန်လည်ပါဝင်နိုင်ခြင်းဟာ ချယ်လ်ဆီးပရိသတ်တွေရဲ့ စိုးရိမ်၊ ပူပန်စိတ်တွေကို လျော့ပါးစေမှာ ဖြစ်ပါတယ်..။

အခုအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မျှော်လင့်နိုင်ဖို့ မရှိတော့ပေမယ့် ဥရောပပြိုင်ပွဲ ဝင်ရောက်ခွင့် တစ်နေရာကို မျှော်လင့်နိုင်ဆဲဖြစ်သလို လာမယ့် ၂၀၂၄/၂၅ ရာသီကနေ စတင်လို့ လူငယ်သွေးသစ် ကစားသမားလေးတွေနဲ့အတူ တောက်ပတော့မယ့် အနာဂတ်တစ်ခုကို လှမ်းမျှော်ကြည့်နေနိုင်ပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။


Reference
=======
- How Pochettino's vision is coming together for Chelsea, by Alex Keble, Premier Legue Official website
 - Chelsea 4-4 Man City: How Guardiola was unable to bring control to the chaos, , by Alex Keble, Premier Legue Official website
- The Christopher Nkunku Conundrum: He certainly comes in, but where?, by adthecouch, We Aint Got No History
- Chelsea glimpse bright future under Mauricio Pochettino as Man City draw highlights signs of progress, by Nick Wright, Sky Sports