feature-image

‘တယ်ရီ နဲ့ မီခေးလ်’ တို့ရဲ့ အပြာရောင်ရွှေခေတ် ဇာတ်လမ်းစုံ (၇)

အခန်း (၁၀) - လူတွေမသိတဲ့ ဂျွန် တယ်ရီ ရဲ့ အဇ္ဇတရုပ်ပုံလွှာ..  

ခရစ်စ် မက်ခ်ဟာဒီ - ဟုတ်ကဲ့ပါ..။ JT ရေ..၊ ခင်ဗျားနဲ့ရင်းနှီးပြီး ခင်ဗျားရဲ့အကြောင်းကို ကောင်းကောင်းသိတဲ့ လူအတော်များများနဲ့ စကားပြောဖူးပါတယ်..။ အားလုံးဟာ ခင်ဗျားနဲ့ပတ်သက်ရင် ပွင့်ပွင့်လင်းလင်းနဲ့ အရှိကိုအရှိအတိုင်း ပြောတတ်တယ်..၊ တာဝန်ယူမှု.. တာဝန်ခံမှု အပြည့်ရှိတဲ့သူ တစ်ယောက်လို့ပဲ ကျွန်တော့်ကို ပြန်ပြောခဲ့ကြပါတယ်..။ ခင်ဗျားနဲ့မရင်းနှီးတဲ့သူတွေ၊ အဝေးမှာရှိနေတဲ့ ပရိသတ်တွေအနေနဲ့ကရော သူတို့မြင်ဖူးကြခဲ့တဲ့ ဂျွန် တယ်ရီ ဟာ ‘တကယ့်ပကတိ ဂျွန် တယ်ရီ အစစ်အမှန်’ လို့ ပြောနိုင်မလား..?

ဂျွန် တယ်ရီ - ‘No..’၊ မဟုတ်ပါဘူး..။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျွန်တော်ဟာ မြေအောက်ရထားစီးနေရင်း အမျိုးသမီးကြီး တစ်ယောက်နဲ့ စကားလက်ဆုံကျဖြစ်ပါတယ်..။ ‘သူကမင်းဟာ စကားပြော အရမ်းချိုသာပြီး အရမ်းကို ခင်မင်၊ ရင်းနှီးဖို့ကောင်းတယ်..’ လို့ မှတ်ချက်ပေးသွားပါတယ်..။ တကယ်တော့ အဲဒီလိုမဟုတ်ဘူးလို့ ထင်တာပါပဲ..။ ကျွန်တော်ဟာ ကလေးတွေနဲ့၊ မိသားစုနဲ့ ပြည့်ပြည့်စုံစုံ.. သာသာာယာယာမလို့ အဲဒီလိုများ ထင်မြင်သွားတာလား.. မပြောတတ်ပါဘူး..။

ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်ကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် ဘောလုံးကစားဖို့အတွက် အားလုံးကို ရင်းနှီးမြုပ်နှံခဲ့တယ်..၊ ချယ်လ်ဆီးအသင်းကို စိတ်နဲ့နှစ်ပြီး ချစ်မြတ်နိုးခဲ့တယ်..၊ အသင်းအတွက် အလုံးစုံပေးဆပ်ခဲ့ပါတယ်..။ တစ်ချို့ပွဲတွေမှာ မျက်နှာကြီးနီရဲ စိတ်ဆိုးခဲ့တယ်..၊ ဒေါသတွေထွက်ခဲ့ပြီး အော်ကြီးဟစ်ကျယ်.. စိတ်လိုက်မာန်ပါ ဖြစ်ခဲ့တာ‌တွေ ရှိခဲ့ပါတယ်..။ ကျွန်တော်ဟာ ကိုယ့်ရဲ့အကောင်းဆုံး ခြေစွမ်းကို ရရှိနိုင်ဖို့ အဲဒီလိုပြင်းပြတဲ့စိတ်ဓါတ်နဲ့ မာကျော၊ ကြမ်းတမ်းမှုရှိဖို့ လိုအပ်ခဲ့ပါတယ်..။

ဒါပေမယ့် ကွင်းပြင်ပမှာတော့ (၁၀၀ %) ရာခိုင်နှုန်းပြည့် ဂျွန် တယ်ရီ စစ်စစ်ကို ပရိသတ်တွေ မမြင်တွေ့ခဲ့ရပါဘူး..။ အခုခေတ်မှာတော့ လူတွေဟာ တစုံတယောက်ကို သူတို့တွေမြင်တဲ့အတိုင်းပဲ လွယ်လွယ်ကူကူ ပုံဖော်တတ်ကြပါတယ်..။ ဒါပေမယ့် လူတစ်ယောက်၊ ဒါမှမဟုတ် အဖြစ်အပျက်တစ်ခုကို သေသေချာချာ သိချင်တယ်ဆိုရင် နှစ်ဘက်မြင်၊ သုံးဘက်မြင်.. ရှုထောင့်စုံကနေ ကြည့်ရှုဖို့ လိုအပ်နေပြီး ကျွန်တော့်ဘက်က ဘယ်လိုမြင်လဲ..? အခြားဆန့်ကျင်ဘက် ရှုထောင့်ကနေ ဘယ်လိုမြင်လဲ..? ကြားထဲက လူတစ်ယောက်ရဲ့ အမြင်က ဘယ်လိုရှိမလဲ..? စသဖြင့် ‘အဏုလုံ ပဋိလုံ’ သုံးသပ်နိုင်ဖို့ လိုအပ်ပါတယ်..။



အခုဆိုရင် ဒေးဗစ် ဘက်ခမ် ရဲ့ မှတ်တမ်းရုပ်ရှင်လို Documentary တွေ အများကြီး ပေါ်ထွက်လာနေပါတယ်..။ ဘက်ခမ် ရဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားဆိုရင် သူ့ရဲ့ဘဝအကြောင်း၊ သူ့ရဲ့မိသားစုအကြောင်းတွေ သေသေချာချာ အသေးစိတ်.. ခရေတွင်းကျ ရိုက်ကူးထားပြီး အင်မတန်မှ ကြည့်လို့ကောင်းပါတယ်..။ ဒါ့ကြောင့်ပြီးခဲ့တဲ့ နှစ်ပါတ်၊ သုံးပါတ်အတွင်းမှာ ကျွန်တော့်ကိုအဲဒီလို Documentary ရုပ်ရှင်တွေရိုက်ဖို့ ကမ်းလှမ်းခဲ့တဲ့ ကုမ္ပဏီ (၄) ခု၊ (၅) ခုလောက် ရှိခဲ့ပါတယ်..။ ကျွန်တော့်ရဲ့စိတ်ထဲမှာ အဲဒီလိုမှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ဆန္ဒရှိပေမယ့် တစ်ဘက်က ကျတော့လည်း အလုံးစုံ ဖွင့်ဟပြရဲတဲ့ သတ္တိမရှိခဲ့ပါဘူး..။

ဂျွန် အိုဘီ မီခေးလ် - ခင်ဗျားနဲ့အတူ ကစားခဲ့တဲ့ အသင်းဖော် တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ မာကျောတဲ့၊ သန်မာတဲ့၊ ခေါင်းဆောင်မှုစွမ်းအား အပြည့်ပေးနိုင်တဲ့ အရိပ်အာဝါသအောက်မှာ မှီခိုနိုင်ဖို့ လိုအပ်ခဲ့ပါတယ်..။ တကယ်လို့ ခင်ဗျားဆီက အဲဒီလိုတွန်းအားတွေ၊ မောင်းနှင်မှုတွေ၊ ခေါင်းဆောင်ပေးနိုင်မှုတွေကိုသာ မရရှိခဲ့ဘူးဆိုရင် အခုကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ မထင်မိပါဘူး..။ ဥပမာဗျာ… ပထမပိုင်းမှာ ကျွန်တော်တို့ ရှုံးနေခဲ့တယ်..၊ ဒါပေမယ့် ဒုတိယပိုင်းမှာ အဝတ်လဲခန်းထဲက ပြန်ထွက်လာတဲ့အချိန် ကျွန်တော်တို့အသင်းဟာ ပထမပိုင်းကအသင်းနဲ့ ဘာမှမဆိုင်တော့ပါဘူး..။

အဲဒီလိုစွမ်းအားတွေ၊ ပြောင်းလဲမှုတွေဟာ ခင်ဗျားဆီက စတင်ပေါက်ဖွားလာတဲ့ တွန်းအားတွေ၊ ပေါက်ကွဲမှုတွေ၊ ရုန်းအားတွေကြောင့် ဖြစ်ပါတယ်..။ အဝတ်လဲခန်းထဲက တစ်ယောက်နဲ့တစ်ယောက် အငြင်းအခုန်တွေ၊ အချင်းချင်းကြားက တိုက်ပွဲတွေ၊ တုံဏိဘာဝေ လုပ်နေတဲ့သူတွေဆီ ခင်ဗျားက လျှောက်သွားပြီး.. ‘ဟေး… မင်းအိပ်ယာကနိုးဖို့ အချိန်တန်ပြီ..၊ အခုပြန်စရင် ဒီထက်ကောင်းအောင် ကစားပြဖို့ လိုအပ်နေပြီ..၊ အခုကစပြီး အသင်းအတွက် အစွမ်းကုန် ကြိုးစားပေးပါ..၊ ပေးဆပ်ပေးပါ..’ စသဖြင့် တွန်းအားပေးမှုတွေကို ကျွန်တော်တို့ အကောင်းဆုံး နာခံယူခဲ့၊ လက်ခံယူခဲ့ပါတယ်..။

JT နဲ့ ပတ်သက်ပြီး ကျွန်တော်အကြိုက်ဆုံးက ‘ဘယ်သူ့ကိုမှ ကြောက်ရွံ့ခြင်းမရှိတဲ့’ သူ့ရဲ့ပင်ကိုယ် အရည်အချင်းပဲ ဖြစ်ပါတယ်..။ ဒီဒီယာ ခြေစွမ်းညံ့နေရင်လည်း ‘ဟေး.. ဒီဒီ.. ဒီပွဲဟာ တကယ့်ပွဲကြီးဟ..၊ မင်းဆီကနေ ဒီထက်ပိုပြီး ကြိုးစားမှုတွေ လိုအပ်နေပြီ..’ စသဖြင့် သွားပြီး ပြောတာပါပဲ..။ ဒုတိယပိုင်း ပြန်စတာနဲ့ ဒီဒီယာ ဒရော့ဘာ ဟာ ပထမပိုင်းက ဒီဒီယာ နဲ့ မတူတော့ပါဘူး...။ တကယ်လို့ JT သာ အဲဒီလိုမာကျောမှုမရှိဘူး..၊ ကြမ်းတမ်းမှု မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး..။



ခရစ်စ် မက်ခ်ဟာဒီ - ခုနကကျွန်တော်တို့ ဆွေးနွေးသွားခဲ့ကြတဲ့ ၂၀၀၈ ခုနှစ်၊ မော်စကိုက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တကယ်တမ်း အဆုံးအဖြတ် ပင်နယ်တီကို လွဲချော်ခဲ့တာက ‘နီကိုလပ်စ် အနယ်လ်ကာ’ ပါ..။ ဒါပေမယ့် အဲဒီပွဲအကြောင်း ပြောကြပြီဆိုရင် လူတိုင်းအာရုံစိုက်ခဲ့တဲ့အရာက နံပါတ် (၅) လုံးမြောက် ပင်နယ်တီကို လွဲချော်ခဲ့တဲ့ ‘JT’ ပဲ ဖြစ်နေခဲ့ပါတယ်..။

အဲဒီလိုဖြစ်နေခဲ့တာနဲ့ ပတ်သက်ပြီး မေးချင်တာက ခင်ဗျားဟာ ဂျွန် အိုဘီ မီခေးလ် အပါအဝင် ချယ်လ်ဆီးအသင်း ကစားသမားတွေကို ‘ကြက်မကြီး တစ်ကောင်’ အလား ရင်အုပ်မကွာ စောင့်လျှောက်ပြီး ဖိအားတွေ မကျရောက်လာအောင် ကာကွယ်ပေးခဲ့တဲ့အပေါ် ခင်ဗျားအနေနဲ့ သက်တောင့်သက်သာ ရှိခဲ့ရဲ့လား..? ဒါမှမဟုတ် ခင်ဗျားရဲ့ကိုယ်ရည်ကိုယ်သွေးကြောင့် ကစားသမားတွေအပေါ် အဲဒီလိုကာကွယ်မှု ပေးနိုင်ခဲ့တာလား..?

ဂျွန် တယ်ရီ - အသင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိလာပြီဆိုရင် ဟိုဆေး မော်ရင်ဟို ဟာ ကျွန်တော်တို့တွေရဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ဖိအားတွေကို ရှောင်လွှဲစေခဲ့တယ်..။ အားလုံးရဲ့အာရုံစိုက်မှုဟာ သူ့ရဲ့အပေါ်ကို ရောက်ရှိသွားအောင် လွှဲချယူခဲ့ပါတယ်..။ အဲဒါဉပမာနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော်ဟာ အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ကစားသမားတွေကို အပြည့်အဝ အကာအကွယ် မပေးနိုင်ခဲ့ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်..။

အထူးသဖြင့် ကျွန်တော်တို့ရှုံးပွဲနဲ့တွေ့ပြီဆိုရင် ပွဲအပြီးမှာ မီဒီယာတွေနဲ့ တွေ့ပေးပါလား..၊ တခုခုပြောပေးပါလား.. စသဖြင့် တောင်းဆိုလာပြီဆိုရင် ကျွန်တော်ဟာ လက်ခံလေ့မရှိခဲ့ပါဘူး..။ အခုအချိန်ပြန်စဉ်းစားမိတဲ့အခါ နောင်တရမိသလိုလို ရှိခဲ့ပေမယ့် အဲဒီလိုအချိန်တွေမှာ ကျွန်တော်ဟာ စိတ်လှုပ်ရှားတွေများပြီး စိတ်ခံစားမှု မြင့်တက်နေတာကြောင့် အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ အငြင်းပွားဖွယ် ဖြစ်ရပ်တွေ၊ အငြင်းအခုန်တွေမှာ ပါဝင်ချင်စိတ်မရှိခဲ့တာ ဖြစ်ပါတယ်..။

ကိုယ့်အသင်း အနိုင်ရတဲ့ပွဲ၊ ခြေစွမ်းကောင်းတဲ့ပွဲတွေဆိုရင်     တခါတလေ ထွက်ပြီးကစားပြောပါတယ်..။ များသောအားဖြင့် တခြားလူငယ် ကစားသမားတွေကိုပဲ ‘ဒီတစ်ခါတော့ မင်းပဲသွားပြီး ပြောတော့..’ စသဖြင့် မီဒီယာ အတွေ့အကြုံရအောင် စေခိုင်းတာများပါတယ်..။ ဒါ့ကြောင့်ခြုံပြီးပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကစားသမားတွေအပေါ် ကျရောက်လာမယ့် ဖိအားတွေကို ကိုယ့်ရဲ့အပေါ် မရှောင်လွှဲပေးစေချင်လို့ မဟုတ်ပါဘူး..။ အဲဒီအချိန်တုန်းက အဲဒီလိုပြုလုပ်လို့ရမှန်း မသိခဲ့တာပါ.. လို့ပဲ ဝန်ခံရမှာပါပဲ..။ ကျွန်တော်လုပ်စရာရှိတဲ့ အရာတွေအကုန် လုပ်ပေးနိုင်ရင် တာဝန်ကျေပြီလို့ပဲ မှတ်ယူခဲ့ပါတယ်..။

နောက်ပြီးကျွန်တော်ဟာ ကစားသမား ဘဝတစ်လျှောက်မှာ အမှားတွေအများကြီး လုပ်ခဲ့ဖူးပါတယ်..။ ကိုယ့်ဟာကိုယ် သင်ယူရင်း ပိုပြီးတိုးတက်တဲ့သူတစ်ယောက်၊ ပိုပြီးရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာအောင် ပြောင်းလဲယူရတာပါပဲ..။ ဒါ့အပြင်ကျွန်တော့်အတွက်တော့ ပရိသတ် (၄၄,၀၀၀) ကျော်ဆန့်တဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကြီးထဲမှာ အကောင်းဆုံးခြေစွမ်းနဲ့ ပရိသတ်တွေကို အကောင်းဆုံး ပေးဆပ်နိုင်ခဲ့တာ၊ ပရိသတ် (၈၀,၀၀၀) ကျော်ဆန့်တဲ့ ဝင်ဘလေကွင်းကြီးထက်မှာ ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေခွင့်ရခဲ့တဲ့ ညချမ်းတွေဟာ ကျွန်တော့်အတွက် ခံစားချက်တွေကို ဖွင့်ထုတ်ခွင့်ရခဲ့တဲ့ အခွင့်အရေးတွေ ဖြစ်ခဲ့ပါတယ်..။



ကျွန်တော့်အပေါ် ဝေဖန်မှုတွေကို ခြေစွမ်းနဲ့ပဲ ကျွန်တော်ဟာ အမြဲတမ်း တုံ့ပြန်၊ သက်သေပြခဲ့ပါတယ်..။ ဒါပေမယ့် ကစားသမားဘဝကနေ အနားယူပြီးတဲ့အချိန်ကျတော့ ကျွန်တော်တို့ဟာ အဲဒီလိုဝေဖန်မှုတွေကို တုံ့ပြန်နိုင်မယ့် နည်းလမ်းမရှိတော့ပါဘူး..။ သူများပြောသမျှကို ငုတ်တုတ်ထိုင်ပြီး နားထောင်နေရတဲ့သဘော ဖြစ်နေပါတယ်..။ ကျွန်တော်တို့အတွက် ခက်ခဲပါတယ်..၊ အရမ်းကိုခက်ခဲပါတယ်..။ အထူးသဖြင့် ကွင်းလုံးပြည့် ပရိသတ်တွေရဲ့ရှေ့မှာ ခြေစွမ်းပြခွင့်ရတဲ့ ခံစားမှု၊ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရမှုတွေကို ဘာနဲ့မှမလဲနိုင်ခဲ့ပါဘူး..။

ခရစ်စ် မက်ခ်ဟာဒီ - အိုဘီ ရေ.. ခင်ဗျားရော JT ပြောခဲ့သလို ကွင်းလုံးပြည့်ပရိသတ်တွေရဲ့ရှေ့ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့ ကစားသမားဘဝ ခံစားချက်တွေကို ပြန်ပြီးအမှတ်ရနေတုန်းပါပဲလား..?

ဂျွန် အိုဘီ မီခေးလ် - သေချာတာပေါ့ဗျာ..။ အထူးသဖြင့် ချန်ပီယံလိဂ် ညချမ်းတွေဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ စစ်ချီတေးသွားသံကို မြက်ခင်းစိမ်းပေါ်က နားထောင်ခဲ့ရတဲ့ ခံစားချက်၊ ချန်ပီယံလိဂ် တေးသွားနဲ့အတူ ကစားသမားတွေရဲ့ရှေ့ကိုဖြတ်ပြီး ရိုက်သွားခဲ့တဲ့ ကင်မရာရိုက်ချက်တွေဟာ ကစားသမားတိုင်းမက်ခဲ့တဲ့ အိပ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်..။ အဲဒီချန်ပီယံလိဂ် တေးသွားသံဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေကို မြင့်တက်လာစေတယ်..၊ အိုကေ… ဒီနေ့ပွဲဟာ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တယ်..၊ ပရီးမီးယားလိဂ်ပွဲစဉ် မဟုတ်ဘူး..၊ ဒါ့ကြောင့်တစ်ပွဲဆိုရင် တစ်ပွဲဆိုသလောက် အကောင်းဆုံးစွမ်းရည်ကို ထုတ်ပြနိုင်မှဖြစ်မယ်.. ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေ ရရှိခဲ့ပါတယ်..။

ခရစ်စ် မက်ခ်ဟာဒီ - ဗုဒ္ဓဟူးနေ့မှာ အနိုင်ရပြီးတဲ့နောက် စနေနေ့ကျရင် ထပ်ပြီးယှဉ်ပြိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲတွေကျရော..?
ဂျွန် အိုဘီ မီခေးလ် - အဲဒီစနေ၊ တနင်္ဂနွေ ညနေခင်းတွေ၊ ညချမ်းတွေဟာလည်း တကယ့်ကို အမှတ်ရစရာတွေ အများကြီးပါပဲ..။ အခုလက်ရှိအချိန်မှာ ကစားသမားတွေရဲ့ အလေ့အထ ဘယ်လိုပြောင်းလဲသွားလဲ ကျွန်တော်မသိတော့ပါဘူး..။ ကျွန်တော်တို့တုန်းက စနေနေ့ညပွဲပြီးရင် လန်ဒန်မြို့ကို လေယာဉ်နဲ့ညတွင်းချင်း ပြန်လာပါတယ်..။ ပြန်ရောက်တာနဲ့ ကစားသမားတွေအကုန် ထွက်လည်ကြတာပါပဲ..။

အဲ… ကစားသမား အများစုဆုံရာအရပ်ဖြစ်တဲ့ Mayfair အရပ်က ဘားတွေကိုရောက်ပြီဆိုရင် အာဆင်နယ် ကစားသမားတွေ၊ မန်ချက်စတာ ကစားသမားတွေ၊ လီဗာပူးလ် ကစားသမားတွေ.. အစုံပါပဲ..။ လန်ဒန်မြို့ဟာ ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ ဆုံရပ်လို ဖြစ်နေခဲ့ပါတယ်..။

ဂျွန် တယ်ရီ - ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုရင် ချယ်လ်ဆီးအသင်းကို မော်ရင်ဟို ပထမအကြိမ် ကိုင်တွယ်စဉ်တုန်းက စတန်းဖို့ဒ် ဘရစ်ချ်မှာ ကန်ရမယ့်ပွဲတွေဆိုရင် အနိုင်ရမယ်ဆိုတာ ကြိုပြီးသိနေတာကြောင့် ပွဲပြီးတာနဲ့ တစ်ခါထဲ ဘားတွေ၊ ကလပ်တွေ သွားပြီး ‘ကဲ’ လို့ရအောင် အဝတ်အစားတွေကိုပါ အိမ်ကနေ တစ်ခါတည်း ယူလာခဲ့ကြပါတယ်..။ ကျွန်တော်တို့အသင်းဟာ အဲဒီအချိန်က အဲဒီလောက်အထိ ခြေစွမ်းကောင်းမွန်ခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအရမ်း ကြီးမားခဲ့ကြပါတယ်..။ နောက်ပြီးစနေနေ့ အိမ်ကွင်းမှာ အနိုင်ရပြီဆိုရင် မော်ရင်ဟို ဟာ တနင်္ဂနွေနေ့ကို အားလပ်ရက် (day off) ပေးပြီး ကစားကွင်းကို လာခိုင်းမှာ မဟုတ်ဘူးဆိုတာ ကြိုပြီးသိထားတာကြောင့်လဲ ပါဝင်ပါတယ်.. ဟားဟား..။



ကျွန်တော်တို့ ကစားသမားအချင်းချင်းဟာ အဲဒီစနေနေ့ညတွေမှာ တစ်ညလုံးသောက်လိုက်၊ စားလိုက်နဲ့ ခင်မင်ရင်းနှီးမှုတွေ၊ ညီရင်းအစ်ကိုလို နားလည်မှုတွေ ပိုပြီးခိုင်မာလာခဲ့ကြပါတယ်..။ အဲ.. အင်္ဂါ၊ ဗုဒ္ဓဟူးတွေမှာ ကစားတဲ့ ချန်ပီယံလိဂ် ပွဲတွေကျတော့ အဲဒီလိုလုပ်လို့ မရခဲ့ပါဘူး..။ ကျွန်တော်တို့တွေဟာ ပျော်တတ်တယ်..၊ ရွှင်တတ်တယ်.. ဆိုပေမယ့် မှန်ကန်တဲ့အချိန်မှာ သင့်တော်တဲ့ ပျော်ရွှင်မှုတွေ ဖန်တီးနိုင်ဖို့လည်း လိုအပ်ခဲ့ပါတယ်..။ အဲ.. တစ်ချို့ချန်ပီယံလိဂ် ပွဲကြီးပွဲကောင်းတွေ ပြီးတဲ့အချိန်မှာ တခါတလေ အပြင်ထွက်ကြတာ၊ လည်ပတ်တာတွေ ရှိတတ်ပါတယ်..။ ဒါပေမယ့် အဲဒီအချိန်ကျ ကျွန်တော်တို့ လုံးဝအသောက်အစား မရှိကြပဲ အိမ်ကိုစောစောပြန်ပါတယ်..။

ခရစ်စ် မက်ခ်ဟာဒီ - အိုဘီ ရေ.. စနေ၊ တနင်္ဂနွေပွဲတွေပြီးလို့ အပြင်ထွက်ကြပြီဆိုရင် အာဆင်နယ် ကစားသမားတွေ၊ တော့တင်ဟမ် ကစားသမားတွေနဲ့ ကလပ်တွေမှာ တွေ့ကြတယ်လို့ ခင်ဗျားပြောခဲ့တယ်နော်..။ သူတို့လည်း သူတို့ဝိုင်းကိုယ်စီ၊ ခင်ဗျားတို့လည်း ကိုယ့်ဝိုင်းနဲ့ကိုယ်ပေါ့ဗျာ..။ တစ်ဝိုင်းနဲ့တစ်ဝိုင်း ရောပြီးသောက်ကြတာ..၊ ပျော်ပါးကြတာ ရှိခဲ့လား..?

ဂျွန် အိုဘီ မီခေးလ် - No.. အဲဒီလို မရောနှောဖြစ်ခဲ့ကြပါဘူး..။ အဲဒီအချိန်တုန်းက တစ်သင်းနဲ့တစ်သင်းကြားမှာ ပြိုင်ဆိုင်မှု (rivalry) တွေ အရမ်းပြင်းထန်ခဲ့တာကြောင့် တစ်သင်းနဲ့တစ်သင်း ရောနှောပြီး စကားစမြည်ပြောနိုင်ဖို့ မဖြစ်နိုင်လောက်အောင်ပါပဲ..။ ကျွန်တော်တို့အတွက်က အာဆင်နယ် ကစားသမားတွေဟာ မဟာရန်သူတော်တွေ သတ်မှတ်ထားတာကြောင့် သူတို့တွေနဲ့ သာကြောင်း၊ မာကြောင်းတွေ ပြောချင်စိတ်လည်း မရှိကြပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ကွင်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် သတ်တော့မယ့် ဖြတ်တော့မယ့်အတိုင်း အနိုင်မခံ၊ အရှုံးမပေး ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတဲ့ နောက်ဆက်တွဲကြောင့် အပြင်မှာပြန်တွေ့ရတဲ့အခါ မခေါ်နိုင်၊ မပြောနိုင်တွေ ဖြစ်ရပါတယ်..။

ဒါပေမယ့် အခုခေတ်မှာကျတော့ ပွဲပြီးတဲ့အချိန်တောင် မဟုတ်တော့ဘူး..၊ ပွဲမစခင်တို့၊ ပထမပိုင်းအပြီး လျှောက်လှမ်းမှာတောင် တစ်ယောက်နဲ့တစ်ယောက် ဖက်လှဲတကင်း နှုတ်ဆက်ကြ၊ ရယ်ရယ်မောမာနဲ့ စကြနောက်နေကြပါတယ်..။ အဲဒီမြင်ကွင်းတွေကို ပိုပိုပြီးမြင်တွေ့လာခဲ့တာဟာ ကျွန်တော့်အတွက် အဆင်မပြေလှပါဘူး..။ ကျွန်တော်တို့တုန်းကလည်း ပြိုင်ဘက်ကစားသမားတွေနဲ့ အဲဒီလိုစလား၊ နောက်လားတွေ မလုပ်ခဲ့ဖူးပါဘူး..။

အပိုင်း (၈) ဆက်လက်ဖော်ပြပါမည်..။