feature-image

‘Match of the Day’ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး vs ဘရိုက်တန်)

တနင်္ဂနွေနေ့က Stamford Bridge ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက  ဘရိုက်တန်အသင်းကို ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ဒုတိယပိုင်းတွင် ချယ်လ်ဆီးအသင်း ရရှိခဲ့သော ပင်နယ်တီပြစ်ဒဏ်ဘော နှင့် ချယ်လ်ဆီးအသင်း၏ ကစားပုံအပေါ် နယူးကာဆယ် ယူနိုက်တက်အသင်း ကွင်းလယ် ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ် နှင့် အဲဗာတန်အသင်း တိုက်စစ်မှူးဟောင်း လီယွန် အော့စ်မန်း တို့က BBC Sports သတင်းဌာန၏ ‘Match of the day’ စကားဝိုင်း အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။

မာ့ခ် ချက်ပ်မန်း - ဒီနေ့ပွဲအပြီးမှာ ဘရိုက်တန်နည်းပြ ရော်ဘတ်တို ဒီ ဇာဘီ ကတော့ သူတို့အသင်းဟာ ချယ်လ်ဆီးအသင်းထက် ကစားပုံ ပိုပြီးကောင်းခဲ့ပေမယ့် အမှားသုံးကြီး ကျူးလွန်ခဲ့မိတာကြောင့် ရှုံးနိမ့်ခဲ့ရတယ်လို့ ပြောသွားပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ တတိယဂိုးမှာ ခွင့်ပြုလိုက်ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောဟာ ချယ်လ်ဆီးဘက်က ကြည့်မယ်ဆိုရင် ပင်နယ်တီ ဖြစ်လိမ့်မယ်.. ဒါပေမယ့် သူတို့အသင်းအနေနဲ့ တစ်ဘက်ကအသင်းက တန်ပြန်တိုက်စစ်ဆင်လာတဲ့ အဲဒီလိုအခြေအနေမျိုးမှာ ခွင့်မပြုခဲ့သင့်ဘူးလို့ ပြောသွားခဲ့ပါတယ်..။

ဒုတိယပိုင်း မိနစ် (၆၀) ကျော်မှာ ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောမှာ ချယ်လ်ဆီးအသင်း ထိုးဖောက်သွားခဲ့တဲ့ တန်ပြန်တိုက်စစ်က တကယ့်ကို မြန်ဆန်၊ ကောင်းမွန်ခဲ့ပါတယ်..။ ဒါပေမယ့် မိုင်ဟေးလ်လို မူဒရပ်ခ် ကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ နောက်ခံလူ ဂျိမ်းစ် မီလ်နာ ဖျက်ထုတ်မှုကို ပင်နယ်တီပေးခဲ့တာဟာ ပြင်းထန်တယ်လို့ မထင်မိဘူးလား..?

လီယွန် အော့စ်မန်း - ကျွန်တော်ကတော့ ပင်နယ်တီပေးသင့်တဲ့ ဖျက်ထုတ်မှုလို့ မထင်မိပါဘူး..။ နီကိုလပ်စ် ဂျက်ဆင် ကနေ မူဒရပ်ခ် ရဲ့ ပြေးလမ်းထဲကို ချပေးခဲ့တဲ့ တန်ပြန်တိုက်စစ် ထိုးဖောက်မှုကတော့ တကယ့်ကို ကောင်းပါတယ်..။ မူဒရပ်ခ် က ဘောလုံးကိုထုတ်ပြီး ပြေးတဲ့အချိန်မှာ ဘောလုံးလမ်းကြောင်း နည်းနည်းရှည်သွားခဲ့ပါတယ်..။ ဂျိမ်းလ် မီလ်နာ ဟာ ဝါရင့်နောက်ခံလူ တစ်ယောက် ဖြစ်တာနဲ့အညီ အဲဒီလိုဘောလုံးနဲ့ ဝေးသွားတဲ့ အခွင့်အရေးကို အရယူပြီး ကြားထဲကနေ သူ့ရဲ့လက်ကိုသုံး..၊ ခန္ဓာကိုယ် ‘ခု’ နိုင်ဖို့ ကြိုးစားခဲ့တာခင်ဗျ..။



အဲဒီဖျက်ထုတ်မှုအပေါ် အမြင်အမျိုးမျိုး ကွဲပြားနိုင်ပါတယ်..။ ဒါပေမယ့် ကွင်းလယ်ဒိုင်လူကြီး ခရိတ်ခ် ပေါ်ဆင် ဟာ မီလ်နာ ရဲ့ ဖျက်ထုတ်မှုကို ကောင်းကောင်းမြင်နိုင်ခဲ့တဲ့ အနေအထားမှာ ရှိနေတယ် ဆိုတာကို အခုပြထားတဲ့ပုံတွေမှာ (ပုံ- ၁ နဲ့ ပုံ -၂) တွေ့နိုင်ပါတယ်..။ ဒါ့ကြောင့်အဲဒီလို ရှင်းရှင်းလင်းလင်း အနေအထားမှာ သူဆုံးဖြတ်ပြီးပြီဆိုရင် ဘာကြောင့် VAR ပြန်ပြီးကြည့်နေရသေးတာလဲ..? ကျွန်တော်လုံးဝ နားမလည်နိုင်ခဲ့ပါဘူး..။ ကျွန်တော့်ရဲ့ တစ်ကိုယ်ရည်အမြင်နဲ့ဆိုရင် ပင်နယ်တီပြစ်ဒဏ်ဘော မဟုတ်ဘူးလို့ ယူဆမိပါတယ်..။



ဂျာမိန်း ဂျီးနပ်စ် - မှန်ပါတယ်..။ VAR ပြန်ကြည့်ပြီးတော့ မူလဆုံးဖြတ်ချက်ကို ပြန်ပြီးပြင်ဆင်ဖို့ လိုရော.. လိုအပ်လို့လား.? ကျွန်တော်တော့ မသေချာပါဘူး..။ ဒါ့အပြင်ဘယ်လိုအနေအထားမှာ VAR ပြန်ပြီး ကြည့်ဖို့ လိုအပ်မှာလဲ.. ဆိုတဲ့ သတ်မှတ်ချက် (threshold) ကိုပါ မှန်းဆရတာ ခက်ခဲကုန်ပါတယ်..။ ကျွန်တော့်ရဲ့ တစ်ကိုယ်ရည်အမြင်နဲ့ဆိုရင် အခုလိုအနေအထားမျိုးမှာ ဒိုင်လူကြီးဟာ သူ့ရဲ့မူလအဆုံးအဖြတ်အပေါ်မှာပဲ မားမားမတ်မတ် ရပ်တည်သွားသင့်ပါတယ်လို့ မြင်မိတာပါပဲ..။

မာ့ခ် ချပ်မန်း - ဒါပေမယ့် ဒိုင်အဖွဲ့ (PGMOL) ဘက်က ကြည့်မယ်ဆိုရင် အဲဒီဖြစ်ရပ်ဟာ VAR ကို အကောင်းဆုံး အသုံးချနိုင်ခဲ့တဲ့ သာဓကတစ်ခုလို့ ပြန်ပြီးပြောမှာပဲ..။ VAR ဒိုင် ဂျာရော့ဒ် ဂျီးလက် က ကွင်းလယ်ဒိုင် ပေါ်ဆင် ကို VAR ပြန်ကြည့်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ခဲ့တယ်.. ဆိုပြီး မှတ်ချက်ပေးကြပါလိမ့်မယ်..

ဂျာမိန်း ဂျီးနပ်စ် - အဲဒါကိုက ပြဿနာ ဖြစ်နေတာပါ..။ ကွင်းလယ်ဒိုင်လူကြီး ခရိတ်ခ် ပေါ်ဆင် ဟာ မူဒရပ်ခ် ကို ဂျိမ်းလ် မီနာ ဖျက်ထုတ်လိုက်တဲ့ အနေအထားကို မြင်ကွင်းကောင်းကောင်းကနေ အသေအချာ မြင်လိုက်ရပါတယ်..။ အဲဒါကိုသူက ပင်နယ်တီမပေးပါဘူး..။ သူ့ရဲ့အတွေ့အကြုံပေါ်မူတည်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် တခြားတစ်‌ယောက်ယောက်က ‘အနှေးပြကွက်တွေကို သေချာပြန်ကြည့်ပါဉီး..’ လို့ သူ့ကိုပြောပါတယ်..။ အဲဒီအနှေးပြကွက်တွေမှာ ခြေထောက်ချင်းချိတ်မိတာကိုမြင်တယ်..၊ ပင်နယ်တီပေးလိုက်ပါတယ်..။ အဲဒီမှာ..

လီယွန် အော့စ် မန်း - ခင်ဗျားပြောချင်တဲ့အချက်ကို ကျွန်တော်သိပါတယ်..။ ဖျက်ထုတ်မှုအများစုကို အနှေးပြကွက်တွေနဲ့ သေသေချာချာ ပြန်ကြည့်လိုက်ရင် တစ်ခုမဟုတ်တစ်ခုတော့ ငြိနေတာပါပဲ…။ အဲဒါကိုက ပြဿနာပါ..။ အဲဒီဖြစ်ရပ်မှာဆိုရင် အဖျက်ထုတ်ခံလိုက်ရတဲ့ ‘မိုင်ဟေးလ်လို မူဒရပ်ခ်’ ကလွဲရင် ကျန်တဲ့သူအားလုံးက ဒိုင်လူကြီးရဲ့ မူလအဆုံးအဖြတ်ကို လက်ခံထားကြပါတယ်..။ ဒါပေမယ့် ပင်နယ်တီ ပေးလိုက်တော့ ချယ်လ်ဆီးဘက်က ကျေနပ်တာပေါ့ဗျာ..။ အခုနောက်ပိုင်းမှာ အဲဒီလိုဖြစ်ရပ်တွေ ကျွန်တော်တို့ မကြာခဏ မြင်တွေ့လာနေရပါတယ်..။  



မားကပ်စ် ချပ်မန်း - ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာ ၂ဂိုးအသာရထားခဲ့ပေမယ့် ပွဲကိုမထိန်းချုပ်နိုင်ခဲ့ပါဘူး..။ ဒါ့အပြင် တစ်ယောက်ထုတ်ခံလိုက်ရပေမယ့် ဘရိုက်တန်အသင်းက အခွင့်အရေးမယူနိုင်ခဲ့တာကြောင့် ကံကောင်းခဲ့တယ်လို့ ပြောရမှာပါ..။ အထူးသဖြင့် နောက်ခံလူ သီယာဂို ဆေးလ်ဗား ဟာ သူ့ရဲ့အတွေ့အကြုံနဲ့ လူငယ်ကစားသမားတွေကို အေးဆေးတည်ငြိမ်မှုရရှိအောင်၊ စုစည်းမှု ကောင်းမွန်အောင် အကောင်းဆုံး ထိန်းကျောင်း၊ မောင်းနှင်သွားနိုင်ခဲ့တာကို တွေ့ခဲ့မိပါတယ်..။

လီယွန် အော့စ်မန်း - မှန်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ၂ဂိုး ရသွားတဲ့အထိ အေးအေးသက်သာနဲ့ ပွဲကိုဉီးဆောင်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ပထမဂိုး ချေပဂိုးပေးလိုက်ရပြီးနောက်ပိုင်း သီယာဂို ဆေးလ်ဗား ကလွဲရင် ကျန်တဲ့ ကစားသမားတွေအကုန်လုံး စိတ်ပူ၊ ပြာယာခပ်ကုန်ပါတယ်..။ သူဟာလူငယ် ကစားသမားတွေရဲ့ ယုံကြည်၊ အားကိုးမှုကို အပြည့်ရရှိထားပြီး သူ့ရဲ့အေးဆေး တည်ငြိမ်စွာနဲ့ ခံစစ်ကြောင်းကို ထိန်းကျောင်းနိုင်စွမ်းဟာ ကစားသမားတွေအပေါ် သက်ရောက်မှု ကြီးမားခဲ့ပါတယ်..။

ပြီးခဲ့တဲ့အပါတ်က နယူးကာဆယ်အသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံနဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေအပေါ် ဝေဖန်မှုတွေ များပြားခဲ့သလို နည်းပြမော်ရစ္စစီယို ပိုချက်တီနို ကလည်း အခုပွဲမှာ သူတို့အသင်းရဲ့ ခြားနားတဲ့ အသွင်အပြင်၊ ကစားပုံကို မြင်တွေ့ခွင့်ရစေရမယ်လို့ ပြောဆိုခဲ့ပါတယ်..။ ဒီနေ့ပွဲမှာတော့ သူတို့တွေဟာ ပွဲချိန်တစ်ဝက်ကျော်ကျော်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် စုစည်းမှုအပြည့်နဲ့ အကောင်းဆုံး ကြံ့ကြံ့ခံနိုင်ခဲ့တယ်..၊ စိတ်ဓါတ်မာကျော ခိုင်မာမှုရှိကြောင်းကို ပြသနိုင်ခဲ့ပါတယ်....။

နည်းပြဒီ ဇာဘီ ဟာ ဒုတိယပိုင်းမှာ ကာအိုရူ မီတိုးမား၊ ပါစကယ်လ် ဂရော့စ် တို့ကို လူစားသွင်းပြီး တောင်ပံတိုက်စစ်တွေ မြှင့်တင်ခဲ့ချိန်မှာ မော်ရစ္စစီယို ပိုချက်တီနို က အီယန် မတ်ဆန် ကို right wing back အဖြစ်နဲ့ ခံစစ်ကြောင်းကို အားဖြည့်ခဲ့ပါတယ်..။ ဒါ့ကြောင့်သီယာဂို ဆေးလ်ဗား ဟာ ဒီဆာဆီ၊ ဘာဒီယာရှီလေး တို့နဲ့အတူ ဗဟိုခံစစ်မှူး သုံးယောက်အထိုင်နဲ့ ဂိုးဧရိယာထဲမှာ ဘရိုက်တန်အသင်းရဲ့ ထိုးဖောက်မှု လိုင်းလှုံးအဆင့်ဆင့်ကို ‘ရေပက်မဝင်’ ပိတ်ဆို့၊ ဟန့်တားနိုင်ခဲ့ပါတယ်..။



မွိုက်စ် ကိုင်ဆီဒို ဟာလည်း ခံစစ်ကြောင်းရဲ့ရှေ့မှာ အကောင်းဆုံး ကာကွယ်ပေးနိုင်ခဲ့ပြီး ဘရိုက်တန်အသင်း တိုက်စစ်မှူးတွေ နေရာလွတ် ရှာဖွေလို့မရအောင် ပိတ်ဆို့နိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဒုတိယပိုင်း ကစားပုံကို ကြည့်မယ်ဆိုရင် သူတို့ဟာ ဘရိုက်တန်အသင်းကို တောင်ပံတွေဘက်ကပဲ ထိုးဖောက်လို့ရအောင် ကျုံးသွင်း၊ မောင်းနှင်ခဲ့ပြီး ဘောလုံးကိုင်ခွင့်၊ ဂိုးဧရိယာထဲကို ရိုက်တင်ခွင့်တွေ ပေးခဲ့တယ်ဗျ..။ ဘယ်တောင်ပံက မီတိုမား ဟာ တစ်ဉီးချင်း ဖြတ်ကျော်၊ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးဧရိယာထဲ ရောက်လာတဲ့အချိန်မှာ ဘောလုံးပေးပို့ဖို့၊ ဂိုးကန်သွင်းဖို့ နေရာမရှိခဲ့ပါဘူး..။

အဲဒီလိုကစားသွားခဲ့တဲ့ ခံစစ်ပိုင်း စုစည်းမှုနဲ့ စွမ်းရည်ကို ကြည့်မယ်ဆိုရင် သူတို့အသင်းဟာ စိတ်ဓါတ်ပိုင်း ခိုင်မာမှုရှိတယ်..၊ တိုက်ပွဲဝင်စိတ် အပြည့်ရှိတယ်ဆိုတာ ပြသနိုင်ခဲ့တာပါပဲ..။ သူတို့ဟာ (၄၅) မိနစ်လုံးလုံး ခံစစ်ထိုင်၊ ပိတ်ဆို့ကစားနိုင်ခဲ့တဲ့အပြင် နောက်ထပ်ဉီးဆောင်ဂိုး တစ်ဂိုးထပ်ပြီး ရရှိအောင် တန်ပြန်တိုက်စစ် ဆင်နိုင်ခဲ့ပါသေးတယ်..။

အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ- ၃) မှာဆိုရင် ဘရိုက်တန်အသင်းဟာ ဒုတိယပိုင်းတစ်ပိုင်းလုံး လူတစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့တယ်..၊ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဂိုးကန်သွင်းခွင့် အများကြီးရရှိတယ်.. ဆိုပေမယ့် ရသင့်တဲ့ဂိုး (expected goals) (ဝ.၉၂) ပဲ ရှိခဲ့ပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းရဲ့ ကစားပုံဟာ သူတို့ကို အခက်အခဲတွေ့စေခဲ့တာ အသေအချာပါပဲ..။



မာ့ခ် ချပ်မန်း - ခင်ဗျားတို့တွေရဲ့ သုံးသပ်ချက်တွေကို နာထောင်ကြည့်ရတာ ဘရိုက်တန်ရဲ့ ကစားပုံကို ဝေဖန်ခဲ့ကြပေမယ့် ချယ်လ်ဆီးရဲ့ ကစားပုံကို ချီးကျူးနေကြသလိုပါပဲ…

လီယွန် အော့စ်မန်း - Yeah..! မှန်ပါတယ်..။ အရင်အပါတ်တုန်းက ပြသခဲ့တဲ့ ခံယူချက်ကင်းမဲ့တဲ့ ကစားပုံကြောင့် ချယ်လ်ဆီးအသင်းကို ကျွန်တော်တို့တွေ ဝေဖန်ခဲ့ကြပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ တိုးတက်မှုတွေ မြင်တွေ့နေရပါပြီ.. ဆိုပြီး ပြောနေကြပေမယ့် အရင်အပါတ်တုန်းက ကစားပုံကို ကြည့်မယ်ဆိုရင် နောက်ကိုခြေလှမ်းဆုတ်သွားတာပဲလို့ ကျွန်တော်တွေးမိလိုက်ပါသေးတယ်..။ ဒါပေမယ့် ဒီနေ့မှာတော့ သူတို့တွေဟာ အဲဒီဝေဖန်မှုတွေကို အကောင်းဆုံး ချေဖျက်ပြနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ဒီနေ့ပွဲအပေါ် ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင် ဘရိုက်တန်အသင်းဟာ ဆယ်ယောက်ကျန် ချယ်လ်ဆီးအသင်းကို သူတို့ရဲ့ခံစစ်ဇုန်ထဲကနေ ထွက်လာအောင် ဆွဲမထုတ်နိုင်ခဲ့တာကတော့ ပွဲရဲ့အခြေအနေကိုလိုက်ပြီး လိုအပ်တဲ့ အပြောင်းအလဲတွေ မပြုလုပ်နိုင်ခဲ့ဘူးလို့ ပြောရမှာပါပဲ..။

ဂျာမိန်း ဂျီးနပ်စ် - ဒီနေ့ပွဲမှာ ဘရိုက်တန်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီး ရယူခဲ့ပြီး အချိန်တော်တော်များများ ဘောလုံးကိုင်ထားနိုင်ခဲ့တယ်.. ဆိုပေမယ့် ချယ်လ်ဆီးကပဲ ပွဲစပွဲဆုံး ပွဲကိုထိန်းချုပ်၊ ကစားသွားခဲ့ကြတာပါ..။ လီယွန် ရဲ့ သုံးသပ်ချက်ကို ကျွန်တော်သဘောတူပါတယ်..။ သီယာဂို ဆေးလ်ဗား ဉီးဆောင်တဲ့ ခံစစ်ကြောင်းဟာ ဘရိုက်တန်အသင်းရဲ့ တိုက်စစ်ထိုးဖောက်မှုတွေကို အကောင်းဆုံး ကာကွယ်၊ ထိန်းချုပ်သွားနိုင်ခဲ့သလို ဘရိုက်တန်အသင်းဟာ ချယ်လ်ဆီးရဲ့ လေးယောက်တန်းနှစ်ထပ် ခံစစ်အထိုင်ကို ထိုးဖောက်နိုင်ဖို့ အခက်အခဲတွေ့ခဲ့ပါတယ်..။