feature-image

ဘရိုက်တန်နှင့်ပွဲမှ မူဒရပ်ခ် ကြောင့် ရခဲ့သော ပင်နယ်တီပြစ်ဒဏ် သုံးသပ်ချက်

ချယ်လ်ဆီးအသင်းနှင့် ဘရိုက်တန်အသင်းတို့ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) ဒုတိယပိုင်း (၆၅) မိနစ်တွင် တောင်ပံကစားသမား မိုင်ဟေးလ်လို မူဒရပ်ခ် လွတ်ထွက်သွားရာတွင် ဘရိုက်တန်နောက်ခံလူ ဂျိမ်းစ် မီလ်နာ မှ ဖျက်ထုတ်ခဲ့မှုအပေါ် VAR ဒိုင်အဖွဲ့၏ အကြံပြုချက်အရ ဒိုင်လူကြီး ခရိတ်ခ် ပေါ်ဆင် က ပင်နယ်တီပြစ်ဒဏ်သို့ ပြန်လည် ပြောင်းလဲ၊ ချမှတ်ခဲ့သည်..။ အဆိုပါဖြစ်ရပ်အပေါ် Premier League Production က တင်ဆက်သည့် ‘Match Officials Mic’d Up’ အစီအစဉ်တွင် လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် နှင့် ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ (PGMOL) အကြီးအကဲ (Chief Referee Officer) ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဒ် ဝက်ဘ် တို့က VAR အဖွဲ့သားများနှင့် ကွင်းလယ်ဒိုင်လူကြီးတို့ အပြန်အလှန် ပြောကြားခဲ့သည့် အသံဖိုင်အပေါ် မူတည်ပြီး ယခုလိုသုံးသပ်၊ ဆွေးနွေးခဲ့ကြသည်..။  

မိုက်ကယ် အိုဝင် - ဟောင်းဝဒ် ရေ.. ပထမဆုံးအနေနဲ့ အခုတင်ဆက်ပေးတဲ့ Match Officials Mic’d Up အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးနိုင်မလား..?

ဟောင်းဝဒ် ဝက်ဘ် - အခုတင်ဆက်ပေးမယ့် အစီအစဉ်နဲ့ ရှင်းပြချက်တွေဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဒိုင်လူကြီးတွေဟာ သူတို့ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ခဲ့တယ်ဆိုတာ ပရိသတ်တွေအနေနဲ့ ပိုပြီးရှင်းရှင်းလင်းလင်း သိရှိဖို့ (open) နဲ့ ပိုပြီးပွင့်လင်း၊ မြင်သာမှုရှိဖို့ (transparent) ရည်ရွယ်ပါတယ်..။ ဒါ့အပြင် ကျွန်တော်တို့ဒိုင်လူကြီးတွေအနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမှာ သတင်းအချက်အလက်တွေ ဘယ်လိုမျှဝေကြတယ်..၊ ဒိုင်လူကြီးတွေဟာ အကူဒိုင်လူကြီးတွေ၊ VAR အဖွဲ့ဝင်တွေနဲ့ ဘယ်လိုပုံစံ ဆက်သွယ်မှုတွေ ပြုလုပ်ကြတယ်၊ ဘယ်လိုနည်းနဲ့ အလုပ်လုပ်ကြတယ်ဆိုတာ သိစေချင်ပါတယ်..။ နောက်ပြီးအခုပြောကြားခဲ့တဲ့ ဆွေးနွေးမှုတွေ၊ ဒိုင်လူကြီးနဲ့ VAR အဖွဲ့တို့ ဆွေးနွေးခဲ့ကြတဲ့ အသံဖိုင်တွေဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်လို့ ယုံကြည်မိပါတယ်..။



မိုက်ကယ် အိုဝင် - ဒါဆိုရင် ခင်ဗျားတို့မျှဝေမယ့် အသံဖိုင်တွေမှာ ဘယ်သူတွေရဲ့ ပြောကြားချက်တွေ ပါဝင်ဖို့ရှိလဲ..?

ဟောင်းဝဒ် ဝက်ဘ် - ကွင်းလယ်ဒိုင်လူကြီး (REF) နဲ့ ဒိုင်အဖွဲ့အချင်းချင်းကြားက ပြောဆိုချက်တွေ၊ VAR အခန်းထဲမှာ အဓိကတာဝန်ယူရတဲ့ Video Assistant Referee ဒိုင်လူကြီး (VAR) နဲ့ လက်ထောက် Assistant Video Assistant Referee (AVAR) တို့ရဲ့ ပြောဆိုချက်တွေ ပါဝင်ပါတယ်..။ VAR နဲ့ AVAR ဒိုင်တွေဟာ ကွင်းလယ် ဒိုင်လူကြီးရဲ့ အဆုံးအဖြတ် မှန်ကန်မှုရှိ၊ မရှိ ပြန်လည်စစ်ဆေးပြီး VAR အဖွဲ့ဘက်က ပါဝင်ပေးဖို့ လို၊ မလို ဆုံးဖြတ်ရပါတယ်..။ ဒါ့အပြင် အနှေးပြကွက်တွေ၊ VAR ဒိုင်တွေ၊ ကွင်းလယ်ဒိုင်တွေအတွက် အကောင်းဆုံးပြကွက်တွေကို စီစဉ်ပေးရတဲ့ Replay Operator (RO) ရဲ့  ပြောကြားချက်တွေလည်း ပါဝင်ပါမယ်..။



+++      ++++     +++++
AR - ဟေး.. ပြစ်ဒဏ်ဘော မဟုတ်ဘူးလား..?
REF - ကျွန်တော်ကတော့ ပြစ်ဒဏ်ဘောလို့ မထင်မိပါဘူး..။ ဘေးချင်းယှဉ်ပြီး ဖျက်ထုတ်တာ ဖြစ်ပါတယ်..။ အဲဒီထက် ဘာမှမပိုပါဘူး..။ ထပ်ပြောပါမယ်.. အဲဒီထက် ဘာမှမပိုပါဘူး..။ No..
VAR - ပင်နယ်တီပြစ်ဒဏ် ဖြစ်နိုင်ချေရှိတဲ့အတွက် ပြန်ပြီးစစ်ဆေးကြည့်ပါမယ်..
REF - ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကတော့ ‘ဆက်ကစားဖို့’ ပဲနော်..
RO - အခုအောက်မှာ ပြထားတဲ့ပုံ.. အဲဒီနေရာမှာ နောက်ခံလူ (ဂျိမ်းစ် မီလ်နာ) က ပထမဆုံးစပြီး ‘ထိမိ’ တာနော်..


VAR – Yeah..! မှန်တယ်..
AVAR – Ok.. ဘောလုံးနဲ့ ဝေးသွားပြီ..
VAR - ဒါပေမယ့် နောက်ခံလူဟာ ဘောလုံးကို ဉီးတည်ဖျက်တာလို့ ကျွန်တော်မထင်မိပါဘူး..။ ဘောလုံးကိုသယ်လာတဲ့ တိုက်စစ်မှူးရဲ့ရှေ့ကို ဖျက်ထုတ်လိုက်တယ်နော်..။ တခြားထောင့်တွေကလည်း ပြန်ကြည့်မှ ရလိမ့်မယ်..။ တခြားရှုထောင့်ကနေ ထပ်ပြီး ပြပေးပါဉီး..။
RO - ရတယ်..။ အခုပြပေးမယ့် ရှုထောင့်ကနေ ပြန်ပြီးကြည့်ပေးပါဉီး..။ နောက်ကနေ ရိုက်ထားတဲ့ ပြကွက်တွေ ဖြစ်ပါတယ်..။


VAR - ဆီယန် (AVAR- ဆီယန် မက်စီ- အဲလစ်စ်) ရေ.. တစ်ချက်လောက် ပြန်ပြီးရစ်ပေးပါဉီး.. Ok… တွေ့လား..? မီလ်နာ ရဲ့ ညာဘက်ခြေထောက်ဟာ မူဒရပ်ခ် ရဲ့ ကျန်နေခဲ့တဲ့ခြေထောက်ကို ထိမိသွားတယ်နော်..
AVAR - ဘောလုံးကိုဉီးတည်ပြီး ဖျက်ထုတ်တာ မဟုတ်ပါဘူး..။
VAR - ဟုတ်ပါတယ်…။ ဘောလုံးကို ဉီးတည်ဖျက်တာ မဟုတ်ပါဘူး..။ တိုက်စစ်မှူးကို ဆွဲချတာ ဖြစ်ပါတယ်..။
AVAR - မှန်တယ်..။ ကျွန်မ သဘောတူပါတယ်..။



VAR - အခုအပေါ်က ပြထားတဲ့ နောက်ထပ်ရှုထောင့်မှာဆိုရင်လည်း မူဒရပ်ခ် ဟာ နောက်ခံလူရဲ့ ဖျက်ထုတ်မှုကြောင့် လဲကျသွားခဲ့တာပါ..။
AVAR - တိုက်စစ်မှူးဟာ နောက်ခံလူရဲ့ ဖျက်ထုတ်မှုကြောင့် လဲကျသွားခဲ့ပါတယ်...။
VAR - ခုနကပြလိုက်တဲ့ နောက်ဘက်က ရိုက်ထားတဲ့ ကင်မရာရှုထောင့်က အကောင်းဆုံး ဖြစ်လိမ့်မယ်ဗျ..။ မီလ်နာ ရဲ့ ညာခြေထောက် ဖျက်ထုတ်ပုံကို သေသေချာချာပေါ်အောင် ပြပေးပါ..။
AVAR- ဟုတ်ပါတယ်.. တိုက်စစ်ကစားသမားက သူ့ရဲ့ပြေးလမ်းအတိုင်း ဆက်သွားမယ့်ဟာကို မီလ်နာ က ခြေထိုးဖျက်တဲ့ပုံတော့ ဖြစ်နေတယ်ရှင့်..
VAR -
မီလ်နာ ရဲ့ ညာခြေဆန့်ထုတ် ဖျက်ထုတ်မှုကြောင့် မူဒရပ်ခ် ဟာ လဲကျသွားခဲ့တာပါ..။ ကျွန်တော်ကတော့ ပင်နယ်တီပြစ်ဒဏ် သတ်မှတ်ပေးဖို့ ဆန္ဒပြုပါတယ်..။ ဒိုင်လူကြီးရေ.. တစ်ချက်လောက် ပြန်ကြည့်ပေးပါဉီး..
ပေါ (REF- ခရိတ်ခ် ပေါ်ဆင်) ရေ.. ဂျာရတ် (VAR ဒိုင် - ဂျာရတ် ဂျီးလက်) ပြောနေပါတယ်..။ ပင်နယ်တီ ပေးသင့်၊ မပေးသင့်ကို ကွင်းဘေးက မော်နီတာမှာ တစ်ချက်သွားကြည့်ပြီး ဆုံးဖြတ်ပေးဖို့ တိုက်တွန်းပါတယ်..။
REF – Ok.. Ok..
VAR - ဒီကနေ စပြီးကြည့်မယ်..။ လူကျွံဘော မဖြစ်ဘူးနော်..၊ ဟုတ်တယ်မလား..?


VAR - ဆက်တိုက် ဆက်ပြီးပြသွားပါ..။ ကျွန်တော်ကတော့ ‘DOGSO - ဂိုးရနိုင်တဲ့ အခွင့်အရေးကို ကာယကံမြောက် တားဆီးပိတ်ပင်မှု (denying an obvious goal-scoring opportunity)’ လို့ပဲ သတ်မှတ်ပါတယ်..။
AVAR – Yeah..! သဘောတူပါတယ်..။
VAR - ပေါ ရေ.. အခုပြထားတဲ့ နေရာကနေစပြီး ပြန်ကြည့်ပေးဖို့ တောင်းဆိုပါတယ်..။ ကျွန်တော်တို့ဘက်က ဆက်ပြီးပြပေးမယ်နော်..




REF – Ah..! အခုပြထားတဲ့နေရာက တိုက်စစ်မှူးရဲ့ နောက်မှာကျန်နေခဲ့တဲ့ ခြေထောက်ကို ညာခြေထောက်နဲ့ ထိမိခဲ့တဲ့ နေရာမလားဗျ..
VAR – ဟုတ်ပါတယ်..။ ဒါ့ကြောင့်နောက်ခံလူရဲ့ ညာခြေဆန့်ပြီး ဖျက်ထုတ်မှုဟာ တိုက်စစ်မှူးကို ခြေထိုးလှဲချသလို ဖြစ်သွားတယ်လို့ ကျွန်‌တော်ယူဆမိတာပါ..။
REF – Yeah.! နောက်ထပ်တခြားထောင့်က ရိုက်ထားတာတွေ ရှိသေးလားဗျ..


REF – Ok.. Ok.. နောက်ခံလူဟာ ဘောလုံးကိုရဖို့ ဖျက်တာပါပဲ..။ ဒါပေမယ့် တိုက်စစ်မှူးကို ထိမိသွားတယ်လို့ စဉ်းစားရပါတော့မယ်..။ DOGSO ဖြစ်နိုင်ပါတယ်..။ ဒါ့ကြောင့် ဂျိမ်းစ် မီလ်နာ ကို အဝါကတ်ဒ်ပြဖို့ ဆက်ပြီးစဉ်းစားရပါတော့မယ်..။ ဘရိုက်တန်အသင်းက ကျောနံပါတ် (၆) ပါ..။
VAR - ဟုတ်ပါတယ်..။ ဘရိုက်တန်အသင်းက ကျောနံပါတ် (၆) ပါ..။ confirmed..

+++      ++++     +++++

မိုက်ကယ် အိုဝင် - အိုကေ.. ဟောင်းဝပ်ဒ် ရေ… ဒါပေမယ့် အဲဒီပွဲကိုကြည့်နေတဲ့သူ အများစုကတော့ အဲဒီဖျက်ထုတ်မှုကို ပယ်နယ်တီပြစ်ဒဏ်မပေးသင့်ဘူးလို့ ထင်မြင်ချက်ပေးကြပါတယ်..။ ဒါ့ကြောင့်အဲဒီဖြစ်ရပ်အပေါ် ခင်ဗျားရဲ့ကိုယ်ပိုင် ထင်မြင်ချက်ကိုရော ပြောပြပေးနိုင်မလား..?

ဟောင်းဝပ်ဒ် ဝက်ဘ် - ဂျိမ်းစ် မီလ်နာ ရဲ့ ဖျက်ထုတ်မှုကို VAR ပြန်ပြီးကြည့်ဖို့ မလိုအပ်ဘူး.. ဆိုပြီး လူအတော်များများက ကျွန်တော့်ကိုလာပြီး ပြောကြပါတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ VAR ပြန်ပြီးကြည့်သင့်တယ်လို့ ထင်ပါတယ်..။ အ‌နှေးပြကွက်တွေ ပြန်ကြည့်တဲ့အခါမှာ မူဒရပ်ခ် ဟာ ဘောလုံးကို ဆွဲထုတ်ပြီး နောက်ကနေ အရှိန်တင် ပြေးလိုက်သွားပါတယ်..။ သူ့ရဲ့ပြေးအားနဲ့ဆိုရင် အဲဒီဘောလုံးကို ဂိုးသမားထက်အရင် မှီနိုင်ပါလိမ့်မယ်..။ ဒါပေမယ့် မီလ်နာ က ကြားထဲကနေ ဝင်တားလိုက်တယ်..၊ သူ့ကိုလဲချလိုက်သလို ဖြစ်သွားပါတယ်..။ ဒါ့ကြောင့်ဒါဟာ ထင်ရှားတဲ့ပြစ်ဒဏ် ကျူးလွန်မှု ဖြစ်တာကြောင့် ဒိုင်လူကြီးကို မော်နီတာပြန်ကြည့်ဖို့ တိုက်တွန်းခဲ့တဲ့ VAR ရဲ့  လုပ်ရပ်ဟာ မှန်ကန်ပါတယ်..။



မိုက်ကယ် အိုဝင် - ဟုတ်ပါပြီ..။ ဒါဆိုရင်ဂျိမ်းစ် မီလ်နာ ကို ဘာကြောင့်မလို့ အနီကတ်ဒ် မပြရတာလဲ..? ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလိုသေချာပေါက် ဂိုးရနိုင်မယ့်အခွင့်အရေးကို တားဆီးဖို့ကြိုးစားတဲ့နေရာမှာ ဘောလုံးကို မထိမိလိုက်ရင် အနီကတ်ဒ် အပြခံရမယ်..၊ ဘောလုံးကိုထိမိလိုက်ပေမယ့် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုရင် အဝါကတ်ဒ်ပြခံရမယ်… အဲဒီလိုမဟုတ်ဘူးလားခင်ဗျ..။

ဟောင်းဝပ်ဒ် ဝက်ဘ် - ကွင်းလယ်ဒိုင် ခရိတ်ခ် ပေါ်ဆင် က ဂျိမ်းစ် မီလ်နာ ကို အဝါကတ်ဒ်ပြသင့်တယ်လို့ ပြောသွားတာကို ခင်ဗျားတို့လည်း ကြားလိုက်မှာပါ..။ တကယ်လို့ ဘောလုံးကိုဖျက်ထုတ်ဖို့ မကြိုးစားပဲနဲ့ DOGSO ပြစ်ဒဏ်ကို ကျူးလွန်ခဲ့မယ်.. ဆိုရင် အနီကတ်ဒ်အပြခံရမယ်ပေါ့..။ ဥပမာ- အင်္ကျီဆွဲတာမျိုးတိုး၊ တစ်ဖက်ကစားသမားကို လဲကျသွားအောင် အတင်းကိုဆွဲလှဲတဲ့ ပြစ်ဒဏ်မျိုးတွေ ဖြစ်ပါတယ်..။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ အဲဒီဥပဒေကို အပြောင်းအလဲ နည်းနည်းပြုလုပ်လိုက်ပါတယ်..။

အဲဒီဥပဒေသစ်မှာ DOGSO ပြစ်ဒဏ်ကျူးလွန်ခဲ့တာ မှန်ပေမယ့် ဘောလုံးကိုဖျက်ထုတ်နိုင်ဖို့ အမှန်တကယ် ကြိုးစားခဲ့တယ်.. (attempted to challenge for the ball) ဆိုရင် အဝါကတ်ဒ်ပြဖို့ ထည့်သွင်း၊ ပြဌာန်းခဲ့ပါတယ်..။ အခုဖြစ်ရပ်မှာလည်း မီလ်နာ ဟာ ဘောလုံးကိုဖျက်ထုတ်နိုင်ဖို့ အမှန်တကယ် ကြိုးစားခဲ့တယ်.. လို့ ကွင်းလယ်ဒိုင်လူကြီး ခရိတ်ခ် ပေါ်ဆင် က ယူဆခဲ့ပါတယ်..။ ဒါ့ကြောင့်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်..။



မိုက်ကယ် အိုဝင် - အဲဒီပွဲရဲ့ ပွဲပြီးဆုံးခါနီးမှာ VAR နဲ့ပါဝင်ခဲ့ရတဲ့ နောက်ထပ်ဆုံးဖြတ်ချက်ကြီးတစ်ခု ရှိခဲ့ပါတယ်..။ နာကျင်အချိန်ပိုမှာ ဘရိုက်တန်အသင်းရဲ့ ညာတောင်ပံကနေ အေဒင်ဂရာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးဟာ လီဗိုင်းလ် ကိုးဝဲလ် ရဲ့ လက်နဲ့ထိမိခဲ့ပါတယ်.. ဆိုပြီး ပင်နယ်တီပြစ်ဒဏ်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ပါ..။

ဟောင်းဝဒ် ဝက်ဘ် - အဲဒီအဖြစ်အပျက်ဟာ VAR ရဲ့အကူအညီကို ရယူခဲ့ရခြင်းရဲ့ တန်ဖိုးကို ပြသခဲ့တဲ့ အခိုက်အတန့်လို့ ပြောရမှာပါ..။ ပွဲချိန် (၉၉ + ၉) မိနစ်မှာ ချယ်လ်ဆီးအသင်းက ၃ဂိုး- ၂ဂိုးနဲ့ ဉီးဆောင်နေပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဂိုးဧရိယာထဲကို ဖြတ်တင်လိုက်တဲ့ဘောလုံးဟာ ကိုးဝဲလ် ကို ထိသွားပါတယ်..။ ဒါပေမယ့် အဲဒီအချိန်မှာ ချယ်လ်ဆီးရဲ့ နောက်ခံလူဟာ ညာဘက်လက်ကို မြှောက်ထားတယ်..။ ဒါ့ကြောင့်ကွင်းလယ်ဒိုင်က သူ့ရဲ့လက်ကိုထိပြီး ထောင့်ကန်ဘော ဖြစ်သွားရတယ်လို့ ထင်မြင်သွားခဲ့ပါတယ်..။

ဒါပေမယ့် ဗွီဒီယိုပြန်ကြည့်တဲ့အခါမှာ ဘောလုံးဟာ သူ့ရဲ့မျက်နှာကိုပဲ မှန်သွားခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတယ်..။ ဒါ့ကြောင့်အဲဒီဖြစ်ရပ်မှာဆိုရင် ကွင်းလယ်ဒိုင်လူကြီးက မှားယွင်းပြီး ချမှတ်ပေးခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ကို ပယ်ဖျက်ပေးနိုင်ခဲ့တဲ့အတွက် VAR ကြောင့် ရရှိခဲ့တဲ့ အကျိုးကျေးဇူးကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရလိုက်ပါတယ်..။



မိုက်ကယ် အိုဝင် - မှန်ပါတယ်..။ အဲဒီဖြစ်ရပ်ကတော့ VAR ကို အသုံးပြုခြင်းဟာ မှန်ကန်တယ်.. ဆိုတာကို ထောက်ခံပြသခဲ့တာ အသေအချာပါပဲ..။ ဒါဆိုရင်အဲဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တွေအပေါ်မှာရော ခင်ဗျားဘက်က အလုံးစုံ ကျေနပ်မှုရှိခဲ့ရဲ့လား..? ကွင်းလယ်ဒိုင်နဲ့ VAR အဖွဲ့တွေဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့ပါတယ်လို့ ခင်ဗျားဘက်က အပြည့်အဝ ထောက်ခံချက် ပေးနိုင်ခဲ့ရဲ့လား..?

ဟောင်းဝဒ် ဝက်ဘ် - တကယ်လို့ ပင်နယ်တီမပေးခဲ့ဘူး.. ဆိုရင် အဲဒီဘောလုံးဟာ ဘရိုက်တန်အသင်းဘက်ကို ထောင့်ကန်ဘော သတ်မှတ်ပေးရမှာပါ..။ သူတို့ဟာ ထောင့်ကန်ဘော ရသင့်ခဲ့ပေမယ့် ဒိုင်လူကြီးဟာ ပြန်စတင်တဲ့ ဘောလုံးအဖြစ် (restart ball) သတ်မှတ်ပြီး ‘ဒိုင်လူကြီးဘော (drop ball)’ အဖြစ် ဆုံးဖြတ်ပေးခဲ့ပါတယ်..။ တကယ်တော့ အဲဒီလို drop ball အဖြစ် သတ်မှတ်ဖို့ဆိုရင် ဒိုင်လူကြီးခရာမှုတ်တဲ့အချိန်မှာ ဘောလုံးဟာ ကွင်းထဲမှာပဲ ရှိနေရပါမယ်..။ အခုအနေအထားမှာဆိုရင် ဒိုင်လူကြီးက ခရာမှုတ်လိုက်တဲ့အချိန် ဘောလုံးဟာ ဂိုးစည်းကိုကျော်သွားခဲ့တာ အသေအချာပါပဲ..။ ဒါ့ကြောင့် ဘရိုက်တန်အသင်းကို ထောင့်ကန်ဘော ပေးသင့်ပါတယ်..။ ကျွန်တော်တို့ PGMOL ဘက်ကလည်း ကွင်းလယ်ဒိုင်အဖွဲ့ကို အဲဒီမှတ်ချက် ပြန်လည်ပေးအပ်ခဲ့ပါတယ်..။

နောက်ပြီးအဲဒီဖြစ်ရပ်မှာဆိုရင် ဗွီဒီယိုပြန်ပြီး ကြည့်လိုက်တာနဲ့တင် အဲဒီဘောလုံးဟာ လက်ကိုထိတယ်..၊ မထိဘူး.. အရမ်းရှင်းလင်းပါတယ်..။ ဒါ့ကြောင့် ဒီလိုအနေအထားမျိုးကျရင် VAR အဖွဲ့အနေနဲ့ ကွင်းလယ်ဒိုင်ကို ကွင်းဘေးက မော်နီတာ ပြန်ပြီးကြည့်ခိုင်းဖို့ တိုက်တွန်းစရာ မလိုအပ်ဘူးလို့ ထင်ပါတယ်..။ ဒါ့ကြောင့်အခုလို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးနိုင်ခဲ့မယ်ဆိုရင် မလိုအပ်ပဲနဲ့ အချိန်တွေကုန်မနေတော့ပဲ ဒိုင်လူကြီးတွေ၊ VAR အဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာ ရောက်ပါတယ်..။