feature-image

‘Matchday Live’ ဘောလုံးစကားဝိုင်း (လူတန် တောင်း vs ချယ်လ်ဆီး)

စနေနေ့က Kenilworrth ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက  လူတန် တောင်းအသင်းကို ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း ရရှိခဲ့သော သွင်းဂိုးများနှင့် ကစားပုံအပေါ် မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမားဟောင်း အိုဝင် ဟားဂရိဗ် နှင့် ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ရှောင် ရိုက် ဖိလစ် တို့က Premier League Production မှတင်ဆက်ခဲ့သော ‘Matchday Live’ စကားဝိုင်း အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။

စတိဗ် ဘိုးဝါး - ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာ အရင်ပွဲတွေကနဲ့မတူပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီး မရခဲ့ပေမယ့် လူတန်အသင်းကို နှစ်ဂိုးအသာနဲ့ ဦးဆောင်နေနိုင်ခဲ့ပါတယ်..။ အိမ်ရှင်လူတန် အသင်းဟာ ဘောလုံးကိုင်ထားနိုင်ခဲ့ပေမယ့် ပထမပိုင်းတစ်ပိုင်းလုံးမှာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရရှိခဲ့ပါဘူး..။

အိုဝင် ဟားဂရိဗ် - တကယ်တော့ လူတန်အသင်းရဲ့ ကစားပုံ ကောင်းမွန်ခဲ့ပါတယ်..။ သူတို့တွေဟာ တကယ့်အရေးကြီးတဲ့အချိန်မှာ အမှားကျူးလွန်မိခဲ့တာကြောင့် ကိုးလ် ပါးမား ကို အဖွင့်ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းဟာ ဂိုးသွင်းအဆုံးသတ်ပိုင်း အတော်လေးကို သေချာခဲ့တယ်.. (clinical) လို့ ပြောရမှာပဲ..။ သူတို့ဟာ ပထမပိုင်းမှာ ဂိုးကန်သွင်းခွင့် (၇) ကြိမ် ရရှိခဲ့ပြီး (၆) ကြိမ်ဟာ ဂိုးပေါက်တည့်ခဲ့ပါတယ်..။

ဒီနေ့ပွဲမှာ နီကိုးလပ်စ် ဂျက်ဆင် ဟာ ဘယ်တောင်ပံထွက်ပြီး ကစားခဲ့သလို သူ့ရဲ့ကစားပုံ ထိရောက်တဲ့အကြောင်း ရိုက် ဖီးလစ် နဲ့တောင် ပြောဖြစ်လိုက်ပါသေးတယ်..။ ဒါပေမယ့် ပထမပိုင်း အဆုံးအဖြတ် ပေးသွားတာက ‘ကိုးလ် ပါးမား’ ပါ..။ လူတန်အသင်းဟာ ကွင်းလယ်မှာ ရော့စ် ဘာကလေ နဲ့ ဆမ်ဘီ လော့ကွန်းဂါး တို့နှစ်ယောက်နဲ့ double pivot အထိုင်ချထားခဲ့ပြီး ကိုးလ် ပါးမား ဟာ သူတို့နှစ်ယောက်ကြားက နေရာလွတ်တွေကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်..။



စတိဗ် ဘိုးဝါး - မှန်တာပေါ့..။ ချယ်လ်ဆီးအသင်း ရရှိသွားခဲ့တဲ့ အဖွင့်ဂိုးမှာ ကိုးလ် ပါးမား ရဲ့ ကန်သွင်းချက် တိကျ၊ သပ်ရပ်ခဲ့တာ မှန်ပေမယ့် သူ့ကိုတည်ပေးလိုက်သလို ဖြစ်သွားခဲ့တဲ့ နောက်ခံလူ အစ်စ်ဆာ ကာဘိုးရေး က ဘာလုပ်လိုက်တာလဲဗျ..
ရှောင် ရိုက် ဖိးလစ် - အဲဒီအခိုက်အတန့်မှာ သူဘယ်လိုစဉ်းစားခဲ့လဲ.. ကျွန်တော်မပြောတတ်ပါဘူး..။ ပထမဆုံးအနေနဲ့ နီကိုလပ်စ် ဂျက်ဆင် ရဲ့ ပြေးလမ်းကြောင်းထဲကို အတိအကျ ချပေးလိုက်တဲ့ ကိုးလ် ပါးမား ရဲ့ ပေးပို့မှုဟာ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်..။ ဒါပေမယ့် ဂိုးရှေ့ကိုဖြတ်ပို့ပေးလိုက်တဲ့ ဂျက်ဆင် ရဲ့ ပေးပို့မှုဟာ အတော်လေးကို ပျော့တယ်ဗျ..။ အဲဒီအချိန်မှာ ဘောလုံးကို အရင်ဆုံးဖျက်ထုတ်နိုင်ခဲ့တာက သူမဟုတ်ပါဘူး..။ သူကရှေ့ကို ကျလာတဲ့ ဘောလုံးကို အန္တရာယ်ကင်းသွားအောင် ရှင်းထုတ်ပေးမယ်.. ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကန်ထုတ်လိုက်တာ ဖြစ်ပါမယ်..။ ဒါပေမယ့် သူ့ရဲ့ရှင်ထုတ်ချက်ဟာ လိုချင်တဲ့နေရာကို မရောက်ခဲ့တာနဲ့ တူပါတယ်..။



အိုဝင် ဟားဂရိဗ် - အခုအပေါ်ကပုံ (ပုံ- ၁) မှာဆိုရင် ဂျက်ဆင် ရဲ့ ပြေးလမ်းထဲကို ခင်းပေးလိုက်တဲ့အချိန် ကိုးလ် ပါးမား ရရှိခဲ့တဲ့ နေရာလွတ်ကြီးကို ခင်ဗျားတို့ မြင်ကြရမှာပါ..။ ဘာကလေ နဲ့ လော့ကွန်းဂါး တို့ဟာ တခြားကွင်းလယ် ကစားသမားတွေ အာရုံစိုက်နေရတာနဲ့ ပါးမား ဟာ သူတို့နှစ်ယောက်ကြားက နေရာလွတ်မှာ စိတ်ကြိုက်ကစားခွင့်ရသွားခဲ့ပါတယ်..။ ကွင်းလယ်ကနေ ပါးမား ပေးပို့လိုက်ချိန်မှာ ဂျက်ဆင် က အေးအေးဆေးဆေး လွတ်ထွက်သွားခဲ့တာကြောင့် ကာဘိုးရေး ဟာ စိုးရိမ်စိတ်များသွားပြီး ပျာယာခပ်သွားခဲ့ပုံ ရပါတယ်..။ ဂျက်ဆင် ရဲ့ ပေးပို့မှုကို တီဒန် မန်ဂီ က ကောင်းကောင်း မဖျက်ထုတ်နိုင်ခဲ့တာကလည်း အကြောင်းတစ်ခုအနေနဲ့ ပါခဲ့ပါလိမ့်မယ်..။ ကိုးလ် ပါးမား ရဲ့ ကန်ချက်က တကယ့်ကို တိကျ၊ ကောင်းမွန်ခဲ့တယ်ဗျ..။

ရှောင် ရိုက် ဖီးလစ် - ဟုတ်ပါ့ဗျာ..။ မြှားပစ်လိုက်သလို အဖြောင့်ကန်ချက်က တကယ့်ကို လှပပါတယ်..။ ဂိုးသမား ဘယ်လိုမှမမှီနိုင်မယ့် အဝေးထောင့်ကို အပြင်းကန်သွင်းသွားခဲ့တဲ့ ကန်ချက်နည်းစနစ်ကလည်း သိပ်ကိုကောင်းပါတယ်..။ နောက်ပြီး ပါးမား ဟာ ဒီနေ့ပွဲမှာ သွင်းဂိုးနှစ်ဂိုး ရရှိခဲ့တာကြောင့် ချယ်လ်ဆီးကိုရောက်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်သွင်းဂိုး (၈) ဂိုး ရရှိခဲ့ပါပြီ..။ သူဟာ လက်ရှိအချိန်မှာ အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နေသလို သီယာဂို ဆေးလ်ဗား နဲ့အတူ အဓိက မရှိမဖြစ် ကစားသမားအဖြစ် အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်၊ မောင်းနှင်နေတဲ့သူလည်း ဖြစ်ပါတယ်..။ ပါးမား ဟာ အသင်းအတွက် ဂိုးတွေသွင်းပေးတယ်..၊ ဂိုးတွေဖန်တီးပေးနေရုံသာမက ကစားရှိန် အနှေးအမြန်.. (tempo) ကိုပါ ထိန်းညှိပေးနေပါတယ်..။

စတိဗ် ဘိုးဝါး - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့တဲ့ နိုနီ မာဒူအီကေး ဟာ နည်းပြပိုချက်တီနို ရဲ့လက်ထက်မှာ သူ့ရဲ့ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရခဲ့တဲ့ပွဲ ဖြစ်ပါတယ်..။ သူဟာပြီးခဲ့တဲ့ပွဲမှာလည်း လူစားဝင် ကစးသမားအဖြစ် အနိုင်ဂိုးဖြစ်စေခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို ရရှိစေခဲ့သလို ကိုယ်တိုင်ကန်သွင်းရယူခဲ့ပါတယ်..။ အဲဒီဒုတိယသွင်းဂိုးအကြောင်း သုံးသပ်ပေးပါဦး..။

အိုဝင် ဟားဂရိဗ် - ဘယ်တောင်ပံက ကိုးဝဲလ် က အတွင်းကိုဘောလုံးပေးပို့ချိန်မှာ ကိုးလ် ပါးမား ဟာ ခုနက ကျွန်တော်ပြောခဲ့သလို ကွင်းလယ်မှာ နေရာလွတ် အကျယ်ကြီး ရရှိခဲ့ပြန်ပါတယ်..။ ဒါ့ကြောင့်သူဟာ ညာတောင်ပံကနေ ပြေးတက်လာတဲ့ မာဒူအီကေး ရဲ့ ပြေးလမ်းထဲကို အေးအေးဆေးဆေး ပေးပို့ခွင့်ရခဲ့ပါတယ်..။ မာဒူအီကေး ဟာ ဘယ်ခြေနဲ့ဂိုးသွင်းအဆုံးသတ် ကောင်းမွန်တဲ့ ကစားသမားဆိုတာ သိထားပါတယ်..။ ဒါပေမယ့် အဲဒီတစ်လုံးကိုတော့ သူဟာညာခြေနဲ့ ကန်သွင်းသွားခဲ့တာနော.. ကန်ချက်က အတော်ကောင်းတာဗျ..။ ဒါ့အပြင် အဲဒီသွင်းဂိုးမှာဆိုရင် မာဒူအီကေး ရဲ့ဘေးကနေ ဂတ်စ်တို ဟာ overlap လုပ်ပေးဖို့ ကပ်ပြီးပါလာခဲ့တာကြောင့် လူတန် နောက်တန်းလူတွေ အာရုံများသွားခဲ့ပုံ ရပါတယ်..(ပုံ - ၂)။ အဲဒီမှာ ပေါ်လာတဲ့ နေရာလွတ်လေးကို အသုံးချပြီး မာဒူအီကေး က လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်..။

 
ရှောင် ရိုက် ဖီးလစ် - သူ့ရဲ့ကန်ချက်က ကောင်းပါတယ်..။ သူကန်သွင်းသွားခဲ့တဲ့ထောင့်ကို ကျွန်တော်အကြိမ်ကြိမ် ပြန်ကြည့်ခဲ့ပေမယ့် စိတ်ကြိုက်ကန်သွင်းလို့ရမယ့် နေရာလွတ်.. လို့ ပြောလို့မရဘူးဗျ…။ ဒါပေမယ့် သူဟာ ဂိုးရဲ့အပေါ်ထောင့်ထဲကို မဖြစ်မနေ ရအောင်ကန်သွင်းခဲ့ပါတယ်..။ အဲဒီလိုကန်ချက်မျိုးမှာ ဂိုးဝင်ဖို့ဆိုရင် ကန်ချက်ဟာ အင်မတန်တိကျဖို့လိုပြီး ဘယ်လိုနည်းနဲ့မှ အမှားအယွင်း ပြုလုပ်လို့ မရပါဘူး..။   

စတိဗ် ဘိုးဝါး - နည်းပြမော်ရစ္စစီယို ပိုချက်တီနို ဟာ လူငယ်ကစားသမားလေးတွေကို အခွင့်အရေး ပေးပါတယ်..။ ဒါပေမယ့် လူငယ်ကစားသမားတွေဘက်ကလည်း ရရှိလာတဲ့ အခွင့်အရေးတွေကို အမိအရ ဆုတ်ကိုင်နိုင်ဖို့ လိုအပ်တာပေါ့..။ ပထမပိုင်းမှာဆိုရင် မာဒူအီကေး ဟာ ဂိုးသွင်းယူနိုင်ခဲ့တာကလွဲရင် အသင်းရဲ့ ကစားကွက်မှာ ထိထိရောက်ရောက် အကျိုးပြုနိုင်ခဲ့တာ သိပ်ပြီးမတွေ့မိသလိုပဲဗျ…။ ဒါ့ကြောင့်နောက်ပိုင်းမှာလည်း ကစားခွင့်ရလာဖို့ဆိုရင် သူ့အနေနဲ့ ဆက်လက်ပြီး ‘စိတ်ရှည်၊ သည်းခံပေးဖို့’ တော့ လိုအပ်နေဦးမယ် ထင်တာပါပဲ..။

အိုဝင် ဟားဂရိဗ် - Yeah..! သူဟာအသင်းမှာ ပုံမှန်ကစားခွင့်ရချင်တယ်ဆိုရင် ဂိုးသွင်းပေးနိုင်ရမယ်..၊ ဂိုးဖန်တီးပေးမှုတွေ ပြုလုပ်ပေးနိုင်ရမှာပေါ့..။ ကိုးလ် ပါးမား ကစားခွင့်ရနေတယ်ဆိုတာ ဂိုးတွေသွင်းပေး၊ ဂိုးတွေကိုလည်း ဖန်တီးပေးနိုင်နေလို့ ဖြစ်ပါတယ်..။ မာဒူအီကေး ဟာလည်း နှစ်ပွဲဆက်တိုက် သွင်းဂိုးရော၊ ဂိုးဖန်တီးပေးမှုပါ ရခဲ့တယ်လို့ ပြောလို့ရပါတယ်..။ ဒါဆိုရင် သူဟာအသင်းမှာ ပါဝင်ခွင့်ရနေဦးမှာပါ..။ ပြီးတော့ မူဒရပ်ခ် ကလည်း ခြေစွမ်းတည်ငြိမ်တဲ့ ကစားသမား မဟုတ်ပါဘူး..။ ဒါ့ကြောင့်သူတို့တွေထဲက တစ်ယောက်ကတော့ အစွမ်းပြနေနိုင်ဖို့ လိုအပ်ပါတယ်..။ မာဒူအီကေး ရဲ့ ပထမပိုင်းခြေစွမ်းဟာ အသင်းမှာ ပါဝင်ခွင့်ရဖို့ လုံလောက်တယ်လို့ ကျွန်တော်ယူဆပါတယ်..။



စတိဗ် ဘိုးဝါး - ကိုးလ် ပါးမား ကတော့ ဒီနေ့ပွဲမှာ သူ့အတွက် ပထမဆုံးအကြိမ် တစ်ပွဲထဲမှာ သွင်းဂိုးနှစ်ဂိုး ရရှိခဲ့သလို ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တယ်ဗျ..။ တကယ်တော့ ချယ်လ်ဆီးအသင်းဟာ ပွဲချိန်မိနစ် (၇၀) လောက်မှာ တတိယဂိုး ရခဲ့တာဖြစ်တာကြောင့် ပွဲဟာပြီးသလောက် ဖြစ်နေပြီလို့တောင် (kill the game) ပြောလို့ရနေပါပြီ..။ အဲဒီသွင်းဂိုးမှာ ကိုးလ် ပါးမား ရဲ့ ဂိုးသမားနဲ့ နောက်ခံလူတွေကို လှည့်စားပြီး သွင်းယူခဲ့တဲ့ပုံစံကို ခင်ဗျားတို့ ကျေနပ်ခဲ့ကြပါလိမ့်မယ်.. ဟုတ်မလားဗျ..?

အိုဝင် ဟားဂရိဗ် - အဲဒီဂိုးမှာ နောက်တန်းလူတွေကြားကနေ ကိုးလ် ပါးမား ရဲ့ ပြေးလမ်းထဲကို အတိအကျ ပေးပို့နိုင်ခဲ့တဲ့ ဂျက်ဆင် ရဲ့ ကြိုးစားမှုနဲ့ အကွက်မြင်မှုကို အရင်ဆုံးချီးကျူးရပါမယ်..။ ကိုးလ် ပါးမား ကလည်း နားလည်မှုအပြည့်နဲ့ အချိန်ကိုက် ပြေးထွက်သွားနိုင်ခဲ့ပြီး ဒီလောက်တောင် ဘောလုံးက ခုန်ဆွ၊ ခုန်ဆွ ဖြစ်နေတဲ့ ကွင်းထဲမှာ အခုလိုဂိုးသမားနဲ့ နောက်ခံလူတွေကို ဘောလုံးကိုပေါက်ပြီး ဘယ်လိုလုပ်သွားခဲ့တာလဲ..? ကျွန်တော်တော့ မပြောတတ်ဘူးဗျ...။ ဒီလိုခုန်နေတဲ့ ကွင်းရဲ့မျက်နှာပြင်မျိုးမှာဆိုရင် ဖိနပ်ခွာနဲ့ပေါက်ပြီး ဆွဲထုတ်သွားမှ ရလိမ့်မယ်လို့ ထင်တာပဲ.. ဟုတ်တယ်မလား.. ရှောင် ရေ..?

ရှောင် ရိုက် ဖီးလစ် - ကြည့်ရတာ ဘောလုံးခုန်လာတဲ့အချိန်မှာ တခါတည်းအချိန်ကိုက် ဆွဲထုတ်သွားခဲ့တဲ့ပုံပဲဗျ..။ နောက်ပြီး အတင်းဝင် လျောထိုးဖျက်လာတဲ့ လော့ကွန်းဂါး ကို လှည့်ထွက်ပြီး သွင်းယူခဲ့တာ ဖြစ်တာကြောင့် အရမ်းကို သွေးအေးလွန်းပြီး စိတ်တည်ငြိမ်မှု အပြည့်ရှိမှသာ အဲဒီလိုပုံစံနဲ့ သွင်းယူနိုင်ဖို့ စဉ်းစားမိပါလိမ့်မယ်..။ သူ့အတွက် ကန်သွင်းဖို့ အချိန်သိပ်မရဘူးဆိုတာ နားလည်ထားပါတယ်..။ ဒါပေမယ့် ကန်သွင်းဖို့ အချိန်ကောင်းကောင်းရလာအောင် ကိုယ်တိုင်ဖန်တီး၊ ရယူခဲ့တာ ဖြစ်ပါတယ်..။

 
အိုဝင် ဟားဂရိဗ် - ‘အနားမှာရှိနေတဲ့ နောက်ခံလူဟာ လျောထိုးဝင်ဖျက်ဖို့ ကြိုးစားလိမ့်မယ်ဆိုတာ ကျွန်တော်ကြိုပြီး စဉ်းစားထားခဲ့တယ်..’ လို့ ပွဲအပြီးမှာ ပြောခဲ့တာ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ..။ ဒါ့ကြောင့်လည်း သူဟာတစ်ချက်အသာလေးထိန်းပြီးမှ အသာလေး ကန်သွင်းယူခဲ့တာ ဖြစ်ပါမယ်..။ အခုဆိုရင် သူ့ကို ရေခဲလို သွေးအေးလွန်းတဲ့ ‘Cold Palmer’ ဆိုပြီး နာမည်ပြောင်တောင် ပေးနေကြပြီ မဟုတ်လားဗျ.. ဟားဟား..
စတိဗ် ဘိုးဝါး - ဂိုးသွင်းအပြီး အောင်ပွဲခံတော့လည်း အေးလွန်းလို့ ချမ်းတုန်.. နေတဲ့ပုံစံ အောင်ပွဲခံသွားခဲ့တာပဲ.. ဟားဟား..။ အဲဒီဂိုးသွင်းပြီးတဲ့အချိန် ချယ်လ်ဆီးအသင်းက ၃ဂိုး- ဂိုးမရှိဆိုတော့ လူတန်အသင်းအတွက် ပြန်လမ်းမရှိတော့ဘူးလို့ပဲ ကျွန်တော်တို့ နားလည်ထားခဲ့ကြပါတယ်..။ ဒါပေမယ့် အဲဒီလိုမဟုတ်လာခဲ့ပါဘူး..။ ပွဲချန်မိနစ် (၈၀) မှာ ထောင့်ကန်ဘောကနေ ရော့စ် ဘာကလေ ခေါင်းတိုက်သွင်းယူခဲ့တဲ့ ပထမချေပဂိုးဟာ ပွဲရဲ့ချိန်ခွင်လျှာကို ပြောင်းလဲစေခဲ့ပါတယ်..။

အိုဝင် ဟားဂရိဗ် - ရော့စ် ဟာ သူ့ကိုသူ ‘ဂျွန် တယ်ရီ များ ဝင်ပူးသွားသလား..’ လို့ ထင်သွားပုံ ရပါတယ်.. ဟားဟား..။ အခုနောက်ပိုင်းမှာ ရော့စ် ဘာကလေ ဟာ လူတန် တောင်း အသင်းအတွက် တည်ကန်ဘောတွေ (set pieces) ကနေ အကောင်းဆုံး အကျိုးပြုနေတာကို သတိပြုမိတယ်ဗျ…။ တကယ်တမ်းဆိုရင် လူတန်အသင်းဟာ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း အများကြီးရခဲ့ပါတယ်..။ အခုလိုမျိုး ဂိုးထဲကို ရောက်အောင် သွင်းနိုင်ဖို့ပဲ လိုအပ်နေခဲ့တာ..

တစ်ဂိုးစပြီး ရလိုက်တာနဲ့ သူတို့တွေ ရနေတဲ့ အခွင့်အရေးတွေနဲ့ဆိုရင် နောက်ထပ်သွင်းဂိုးတွေ ရရှိလိမ့်မယ်.. ဆိုပြီး ကျွန်တော်တို့ ပြောခဲ့ကြပါသေးတယ်..။ အဲဒီအချိန်ကစပြီး ၃- ၀ ဆိုတဲ့ ပွဲစဉ်မျိုးနဲ့ မတူတော့ပါဘူး..။ အဲဒီအချိန်ကစပြီး လူတန် ဘက်ကပဲ တစ်ဘက်သတ်ဖိ ကစားနေတော့တာပါ..။ ပွဲပြီးတဲ့အချိန်ထိ သူတို့တွေရဲ့ တိုက်စစ်ဆင် ကစားပုံ ကောင်းမွန်ခဲ့ပါတယ်..။



စတိဗ် ဘိုးဝါး - ဘာကလေ ရဲ့ အဖွင့်ဂိုးမတိုင်ခင် တိုက်စစ်မှူး အဒီဘိုင်ယာ တစ်ဂိုးသွင်းပေးခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် မိနစ် (၉၀) ပြည့်ခါနီးမှာ ဒုတိယချေပဂိုးကို ထပ်မံသွင်းယူ ပေးနိုင်ခဲ့ပါတယ်..။

ရှောင် ရိုက် ဖီးလစ် - အဒီဘိုင်ယာ ဟာ ဒုတိယပိုင်းမှာ အပိုင်အခွင့်အရေးတွေ အတော်လေး ရခဲ့တာဗျ..။ တစ်ဂိုးကတော့ လူကျွံဖြစ်သွားပါတယ်..။ ပွဲချိန် (၈၆) မိနစ်မှာ‌တော့ သူဟာအနီးကပ်ပိတ်သွင်းပြီး တစ်ဂိုးသေချာစေခဲ့ပါတယ်..။ အဲဒီသွင်းဂိုးမှာ ညာတောင်ပံဘက်ကနေ တွဲလုံးတွေနဲ့ ထိုးဖောက်လာမှု ကောင်းမွန်ခဲ့သလို ဘယ်နောက်ခံလူ အယ်လ်ဖီ ဒေါက်တီ ရဲ့ အနီးကပ် ခေါင်းတိုက်ချက် ဟာလည်း ပြင်းထန်ပြီး တိကျခဲ့ပါတယ်..။ ဂိုးသမား ပီထရိုဗစ် အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပေမယ့် အဒီဘိုင်ယာ ဟာ သူ့ရဲ့ရှေ့ကို ကျလာတဲ့ဘောလုံးကို ခြေခွင်နဲ့ အသာပိတ်သွင်းပြီး အဆုံးသတ်ပေးခဲ့ပါတယ်..။ အဲဒီနောက်ပိုင်းမှာတော့ ပွဲရလဒ်ဟာ ဘာမဆို ဖြစ်လာနိုင်တဲ့သဘောမှာ ရှိလာခဲ့ပါတယ်..။ တကယ်လို့ နာကျင်အချိန်ပိုကို (၆) မိနစ်ထဲ မဟုတ်ပဲ အဲဒီထက်ပိုပြီး ပေးခဲ့မယ်ဆိုရင် ပွဲပြီးရလဒ်ဟာ ပြောင်းချင်ရင်‌ ပြောင်းသွားနိုင်ပါတယ်..။

အိုဝင် ဟားဂရိဗ် - လူတန် တောင်းအသင်းဟာ သရေရလဒ်တော့ ရရှိခဲ့တယ်လို့ ထင်တာပါပဲ..။ အခုထက်ပိုသွေးအေးပြီး အဆုံးသတ်သေချာခဲ့ရင် အနည်းဆုံးနောက်ထပ်တစ်ဂိုးတော့ သေချာပေါက် ရနိုင်ပါလိမ့်မယ်..။ ဒီနေ့ပွဲမှာ ရော့စ် ဘာကလေ  အကောင်းဆုံး ခြေစွမ်းပြသွားနိုင်ခဲ့သလို ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ တာဟစ် ချောင် ကလည်း ထိရောက်တဲ့ ဖန်တီးပေးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းအနေနဲ့ ဖြတ်တင်ဘောတွေကို ကာကွယ်တဲ့နေရာမှာ အခုထက်ပိုပြီး ကောင်းမွန်လာအောင် ပြင်ဆင်ဖို့ လိုအပ်မလား..? တွေးမိပါတယ်..။ ဒါပေမယ့် လူတန်အသင်းဟာ ဖြတ်တင်ဘောတွေ၊ အမြင့်ဘောတွေကို အသုံးချတဲ့နေရာမှာ အတော်လေးကို ကောင်းပါတယ်..။ သူတို့ဟာ တောင်ပံတွေမှာ ဘောလုံးရတာနဲ့ ဂိုးဧရိယာထဲကို ရိုက်တင်တော့တာပါပဲ..။ ပထမပိုင်းမှာ အဲဒီလို မကစားခဲ့ကြဘူးဗျ..။



ဒီပွဲမှာဆိုရင် ကျွန်တော်တို့ဟာ ကွင်းလယ်မှာ သန်း (၁၀၀) နဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေကို အာရုံစိုက်ခဲ့ကြပေမယ့် တကယ်တမ်းကျ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ ကစားသမား (ရော့စ် ဘာကလေ) ကမှ သူတို့ထက်ပိုပြီး ကောင်းနေခဲ့ပါတယ်..။ လူတန်အသင်းဟာ ဒီနေ့ပွဲမှာ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သူတို့နည်းပြ ရော့ဘ် အက်ဒ်ဝဒ် ဟာ သူတို့အသင်းရဲ့  ဒုတိယကစားပုံအပေါ် ကျေနပ်အားရခဲ့ပါလိမ့်မယ်..။

စတိဗ် ဘိုးဝါး - ချယ်လ်ဆီးအသင်းအနေနဲ့က ပွဲပြီးခါနီးမှာ ရုန်းကန်ခဲ့ရပေမယ့် အနိုင်ရလဒ်ကို မဖြစ်မနေ ထိန်းသိမ်းသွားနိုင်ခဲ့တာဟာ တိုးတက်မှုလို့ မှတ်ယူရမှာပါပဲ..။ ဒါ့အပြင် အရင်အပါတ်က ခရစ်စ်တယ် ပဲလေ့စ် အသင်းကို အနိုင်ရရှိခဲ့ပြီး ဒီနေ့ပွဲနဲ့ဆိုရင် နည်းပြပိုချက်တီနို ရဲ့ လက်ထက်မှာ ဒုတိယအကြိမ်မြောက် နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်..။

ရှောင် ရိုက် ဖီးလစ် - အင်းဗျ..။ ချယ်လ်ဆီးလို အသင်းအနေနဲ့ဆိုရင် နည်းနည်းတော့ ထူးဆန်းသလို ဖြစ်နေပေမယ့် ပွဲအပြီးမှာ နိုနီ မာဒူအီကေး ပြောသလို ‘ပွဲရလဒ်တွေအကြောင်း အရမ်းကြီးစဉ်းစားမနေပဲ နောက်လာမယ့်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်သွားနိုင်ဖို့’ လိုအပ်ပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ တစ်သင်းလုံးအနေနဲ့ တသမှတ်တည်း ခြေစွမ်းတည်ငြိမ်မှုရှိဖို့ (consistency) အရမ်းကြီးအာရုံစိုက်မနေပဲ ရှေ့လာမယ့်ပွဲတိုင်းကို အနိုင်ရအောင် အာရုံစူးစိုက် ကစားသွားရပါလိမ့်မယ်..။ နိုင်ပွဲတွေဆက်လာတာနဲ့ ယုံကြည်မှုပိုမို ရရှိလာပြီး ခြေစွမ်းတည်ငြိမ်မှုပါ တောက်လျှောက်ကပ် ပါလာပါလိမ့်မယ်..။

မှန်ပါတယ်..။ သူတို့ဟာ ပွဲပြီးခါနီးမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ လိုအပ်တဲ့ အနိုင်ရလဒ်ကို မဖြစ်မနေ ဆောင်ယူသွားနိုင်ခဲ့တယ်..၊ သုံးမှတ်အပြည့်ရခဲ့ပါတယ်..။ ဒီလိုနည်းနဲ့ပဲ အမှတ်ပေးဇယားမှာ တစ်ဆင့်ပြီးတစ်ဆင့် တက်လာနိုင်အောင် ကြိုးစားရမှာပါ..။ တကယ်လို့ တခြားပွဲတွေမှာသာ ဒီနေ့လို ခံစစ်ကစားပုံနဲ့ဆိုရင် သူတို့ဟာ ကောင်းကောင်း ဒုက္ခရောက်ပါလိမ့်မယ်..။ ဒါ့ကြောင့်ပြင်ဆင်စရာတွေ အများကြိးရှိနေသေးတယ်.. ဆိုပေမယ့် တခြားတစ်ဘက်မှာ တိုးတက်မှုတွေကို နောက်လာမယ့်ပွဲတွေမှာ ဆက်လက်သယ်ဆောင် သွားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။



စတိဗ် ဘိုးဝါး - အိုဝင် ရေ… ရှောင် ပြောသလို ချယ်လ်ဆီးအသင်းအတွက် ပထမဦးစားပေး ပြင်ဆင်ရမယ့်အရာက ခံစစ်ပိုင်း ကာကွယ်၊ ဖျက်ထုတ်ပုံတွေ ပိုမိုတည်ငြိမ်လာဖို့က ဖြစ်သင့်ပါလား..?

အိုဝင် ဟားဂရိဗ် - ပထမပိုင်းမှာ သူတို့တွေရဲ့  ခံစစ်ပိုင်းကစားပုံ အဆင်ပြေခဲ့သလို ဂိုးသမားနေရာလည်း အဆင်ပြေတဲ့ပုံပါပဲ..။ ဒါပေမယ့် သူတို့တွေဟာ လူတန်အသင်းခြေထဲ ဘောလုံးရောက်သွားတဲ့အချိန်မှာ အခုထက်ပိုပြီး ဖိအားပေး ကစားနိုင်ဖို့ (pressing the ball) လိုအပ်နေလား..? တွေးမိပါတယ်..။ အထူးသဖြင့် တိုက်စစ်ကစားသမားတွေရဲ့ ခံစစ်ပိုင်းလိုက်ပါနိုင်မှု နည်းပါးခဲ့တာကြောင့် လူတန်အသင်းဟာ တောင်ပံတွေမှာ ဘောလုံးကိုင်ခွင့်ရခဲ့ပြီး ဖြတ်တင်ဘောတွေကို စိတ်ကြိုက် ပြုလုပ်နိုင်ခဲ့ပါတယ်…။

ပထမပိုင်းမှာ ဗဟိုနောက်ခံလူ ဆေးလ်ဗား နဲ့ ဒီဆာဆီ တို့ရဲ့ ကာကွယ်၊ ဖျက်ထုတ်မှုတွေ တကယ်ကောင်းခဲ့ပါတယ်..။ ဒါပေမယ့် ဒုတိယပိုင်းမှာ တိုက်စစ်ပိုင်းက ကစားသမားတွေရဲ့ ခံစစ်ပိုင်းကူညီပေးနိုင်မှု မရှိခဲ့သလောက်ပါပဲ..။ ပိုချက်တီနို အနေနဲ့ သူ့အသင်းရဲ့ ပထမပိုင်း ကစားပုံအပေါ် ကျေနပ်ခဲ့မှာ ဖြစ်ပေမယ့် ဒုတိယပိုင်းမှာ အခုထက်ပိုပြီး တိုးတက်လာဖို့ လုပ်ဆောင်ရမယ့်အရာတွေ ရှိနေတယ်ဆိုတာ လက်ခံနိုင်ပါလိမ့်မယ်..။