feature-image

ခင်ဗျားတို့မသိသေးတဲ့ ‘ဟိုဆေး မော်ရင်ဟို’ (သို့မဟုတ်) The Special One (၂)

အခန်း (၂) – ၂၀၀၅ ခုနှစ် ချယ်လ်ဆီးအသင်းနဲ့ အောင်ပွဲဆာလောင်စိတ်ကို တည်ဆောက်ခြင်း..

ခရစ်စ် မက်ခ်ဟာဒီ - အခုမေးမယ့် မေးခွန်းက နည်းနည်းလေး ခက်မယ်.. ဟိုဆေး..။ ခင်ဗျားဟာ ဥရောပဘောလုံးလောကရဲ့ တကယ့်ထိပ်တန်း အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်..။ အဲဒီအကောင်းဆုံး အသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းဟာ ခင်ဗျားအတွက် အကောင်းဆုံးအသင်း.. လို့ ပြောနိုင်မလား..?

ဟိုဆေး မော်ရင်ဟို - အဲဒီလို ပြောလို့မရဘူးဗျ..။ ကျွန်တော်ဟာ တခြားအသင်းတွေနဲ့လည်း ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါတယ်..။ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ကံမပါခဲ့ဘူး..။ ချန်ပီယံလိဂ်ဖလား ရရှိနိုင်လောက်တဲ့ အရည်အသွေး ရှိခဲ့ပေမယ့် အကြိုဗိုလ်လုပွဲအဆင့်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တယ်..၊ ဂိုးမဝင်ခဲ့တဲ့ ပေးဂိုးတစ်ဂိုး (ghost goal) နဲ့ ရှုံးနိမ့်ခဲ့ပါတယ်..။

တကယ်လို့ အခုလို goalline technology သာ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဗိုလ်လုပွဲ ရောက်ချင်ရောက်ခဲ့မှာပါ..။ ဒါ့ကြောင့်ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကံမလိုက်ခဲ့ပါဘူး..။ ဒါပေမယ့် အဲဒီအချိန်က ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေ၊ ပရိသတ်တွေဟာ ကျွန်တော်နဲ့ နားလည်မှုချင်း ညီမျှခဲ့သလို အကြောင်းအရာတွေအပေါ် ရှုမြင်ပုံ အမြင်တူခဲ့တာ များပါတယ်..။ ကျွန်တော်သဘောကျတဲ့ အရာတွေကို အသင်းဘက်က၊ အသင်းပရိသတ်တွေကလည်း သဘောကျခဲ့ကြသလို ကျွန်တော်မနှစ်သက်တဲ့ အရာတွေဆိုရင်လည်း သူတို့တွေ ငြင်းပယ်ခဲ့ကြတာပါပဲ..။ ကျွန်တော်တို့အချင်းချင်း ရင်ဘတ်ချင်းညီခဲ့ကြပါတယ်..။

အိုဘီ ရေ.. အရင်တုန်းက မင်းကိုတစ်ခါမှ မမေးခဲ့ဖူးပါဘူး..။ အဲဒါက ငါ့ရဲ့ရင်ထဲမှာ ကြိတ်ပြီးခံစားခဲ့ရတာ ဖြစ်ချင်ဖြစ်ခဲ့မှာပါ..။ မှားချင်လည်း မှားနိုင်ပါတယ်..။ ချယ်လ်ဆီးအသင်းက ငါ့ကိုထုတ်ခဲ့ပြီးနောက်ရက်မှာ မင်းတို့ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားရပါတယ်..။ အဲဒီပွဲမှာ မင်းအနီကတ်ဒ်ထိပြီး အထုတ်ခံခဲ့ရပါတယ်..။ အဲဒီအချိန်မှာ ငါအရမ်းကို ဝမ်းနည်းသွားခဲ့ပါတယ်..။ (ဂျွန် အိုဘီ မီခေးလ် - yeh… yeah..)



ခရစ်စ် မက်ခ်ဟာဒီ - ရပါပြီ.. ဟိုဆေး ရေ.. ကျွန်တော်တို့ဟာ ခင်ဗျားကို စိတ်ညစ်စရာတွေ ထိုင်ပြောခိုင်းဖို့ အစီအစဉ် မရှိပါဘူး.။ အခုခင်ဗျားနဲ့မတွေ့ခင် အစီအစဉ်မှာ ကျွန်တော်တို့ဟာ ဖရန့် လမ်းပတ် နဲ့ တွေ့ခဲ့ပါတယ်…။ ခင်ဗျားအထုတ်ခံရတဲ့ သတင်းကိုကြားမိတဲ့အချိန်မှာ ဖရန့် ဟာ မျက်ရည်တသွင်သွင်ကျပြီး ငိုမိခဲ့တဲ့အကြောင်း ဝန်ခံသွားခဲ့ပါတယ်..။ သူ့အတွက် ဖခင်တစ်ယောက် ဆုံးရှုံးသွားရသလို ခံစားခဲ့ရတယ်လို့ ပြောသွားခဲ့ပါတယ်..။

အဲ.. ချယ်လ်ဆီးမှာ ခင်ဗျားနဲ့အတူ ဖြတ်သန်းခဲ့တဲ့ နှစ်နှစ်ခွဲတာကာလအတွင်း ခင်ဗျားနဲ့နှစ်ကြိမ်ပဲ အငြင်းအခုန် ဖြစ်ခဲ့ဖူးတဲ့အကြောင်းကိုလည်း တခုတ်တရ ထည့်ပြီးပြောသွားခဲ့သေးတယ်ဗျ..။ ဟိုဆေး ရေ.. ခင်ဗျားနဲ့ ဖရန့် ဟာ ‘အဖေနဲ့သား’ လိုပါပဲ..။

ဟိုဆေး မော်ရင်ဟို - ဖရန့် ဟာ တကယ့်ကို ခံယူချက်နဲ့စိတ်ဓါတ် အကောင်းဆုံး ကစားသမားတစ်ယောက်၊ စံနမူနာပြုထိုက်တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ အိုဘီ.. မင်းကတော့ အဲဒီလိုမဟုတ်ဘူး..၊ သိပ်ပြီးလွယ်လှတာ မဟုတ်ဘူး..။ မင်းကအခုအချိန်မှာ မိန်းမတွေ၊ ကလေးတွေနဲ့ဆိုတော့ အတိတ်က အကြောင်းတွေကို အစပြန်ပြီး ဆွဲမထုတ်တော့ပါဘူး.. ဟားဟား..။ ဖရန့် နဲ့ ပတ်သက်ပြီး လူတွေသိပ်မသိတဲ့ စံနမူနာ ဥပမာတစ်ခု ပြောပြပါမယ်..။ သူဟာစံချိန်တွေ၊ မှတ်တမ်းတွေကို ချိုးဖျက်နိုင်ဖို့ အင်မတန်မှ စိတ်အားထက်သန်တဲ့သူ ဖြစ်ပါတယ်..။

တစ်ကြိမ်မှာဆိုရင် သူဟာပွဲစဉ်တွေဆက်တိုက် အများဆုံးကစားနိုင်တဲ့ ကစားသမား (ဂိုးသမား မပါဝင်) အဖြစ် မှတ်တမ်းရေးထိုးနိုင်မယ့် အခွင့်အရေး ရှိနေခဲ့ပါတယ်..။ ပွဲ (၃၀၀) ဆက်တိုက်လား..? ပွဲ (၁၀၀) ဆက်တိုက်လား..? ကျွန်တော် မမှတ်မိတော့ပါဘူး..။ အဲဒီစံချိန်မှတ်တမ်းအတွက် လာမယ့်ပွဲဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲ ဖြစ်နေပါတယ်…။ ပွဲကန်မယ့်နေ့မှာ သူဟာအဖျားတက်နေတာ (၄၀) ဒီဂရီ စင်တီဂရိတ်အထိ ချစ်ချစ်တောက် ပူကျက်နေတာပါပဲ..။ ဒါပေမယ့် ဖရန့် ဟာ သူ့ရဲ့စံချိန်အတွက် အဲဒီပွဲမှာပါဝင်ခွင့် ရချင်နေပါတယ်..။ အဲဒါနဲ့ ပွဲမစခင် အဝတ်လဲခန်းထဲမှာ သူနဲ့ကျွန်တော်နဲ့ စကားများကြရော..။ ကျွန်တော်ကတော့ ‘မင်းဒီနေ့ပွဲမှာ ဝင်ကစားဖို့ မဖြစ်နိုင်ဘူး..’ ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါတယ်…။



ခရစ်စ် မက်ခ်ဟာဒီ - ပြီးခဲ့တဲ့အစီအစဉ်တစ်ခုမှာ ခင်ဗျားနဲ့ပတ်သက်ပြီး JT (ဂျွန် တယ်ရီ) ပြောခဲ့တာ တစ်ခုရှိပါတယ်..။ ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ် ခင်ဗျားပြန်လည် ရောက်လာတဲ့ အချိန်တုန်းက အကြောင်းလေးပါ..။ ခင်ဗျားဟာ ကစားသမားသစ်တွေကို ခေါ်ယူထားပါတယ်..။ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တစ်ခုမှာ သူနဲ့ဂယ်ရီ ကာဟေးလ် တို့ဟာ တော်တော်လေး ဆိုးဆိုးရွားရွား လေ့ကျင့်နေကြပါတယ်..။

အဲဒါနဲ့ခင်ဗျားက သူတို့ကိုခေါ်ပြီး ‘မင်းတို့နှစ်ကောင် လစ်ပေတော့..၊ ရာဖယ် ဗာရန်းန် ကို ခေါ်ပြီး မင်းတို့နှစ်ယောက်ကို အစားထိုး ပစ်လိုက်မယ်.. ’ လို့ ပြင်းပြင်းထန်ထန် ဆူပူ၊ ကြိမ်းမောင်းလိုက်တဲ့အကြောင်း ပြောပြပါတယ်..။ အဲဒီနောက်ပိုင်း JT နဲ့ ဂယ်ရီ ကာဟေးလ် တို့နှစ်ယောက်ဟာ ပေါ့ပေါ့ဆဆ မလုပ်ရဲတော့ပါဘူး..။ ဒါ့အပြင် ခေတ္တအနားပေးပြီး ပြန်စခဲ့တဲ့ လေ့ကျင့်ခန်းမှာ သူတို့တွေဟာ အကောင့်တကား အကောင်းဆုံး ပြင်းပြင်းထန်ထန် လေ့ကျင့်ပြခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ကို ပြောပြခဲ့ပါတယ်…။
ဟိုဆေး ရေ.. ခင်ဗျားဟာ အဲဒီလိုစိတ်ဓါတ်ပိုင်း စစ်ဆင်ရေး (mind games) တွေမှာ တကယ့်ကို ဆရာတစ်ဆူပါပဲ..။ ခင်ဗျားမှတ်မိဉီးမယ်ဆိုရင် အဲဒီလေ့ကျင့်ခန်း အစီအစဉ်မှာ JT နဲ့ ဂယ်ရီ တို့ဟာ ဘယ်လောက်တောင် ဆိုးရွားခဲ့လို့လဲဗျ..

ဟိုဆေး မော်ရင်ဟို - JT ဟာ သက်ရှိထင်ရှား ရှိနေတဲ့ ‘သမိုင်းစာအုပ်’ တစ်အုပ်ပဲဗျ..။ အပြာရောင်တွေရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်ရင် သူမသိတာ ဘာမှမရှိပါဘူး..။ အရာရာအားလုံးကို အသေးစိတ်ကအစ မှတ်မိနေပါတယ်..။ ကျွန်တော်မှတ်ဉာဏ်ကောင်းတယ်.. အရင်တုန်းက အကြောင်းတွေကို မှတ်မိနေတယ်.. ဆိုတာ JT ကို မမှီပါဘူး.။ ဒါပေမယ့် အဲဒီအဖြစ်အပျက်တွေဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သလို အဲဒီနောက်ပိုင်းမှာလည်း ခင်ဗျားတို့ကို ပြန်ပြောပြမယ်ဆိုရင် ပြောစရာတွေ တစ်ပုံကြီးပါပဲ..။

ဒါ့ကြောင့် ခင်ဗျားတို့ကို မပြောတော့ပါဘူး..။ ဒါပေမယ့် ကျွန်တော့်ရဲ့ကလေးတွေကို တစ်ခုပြောဖို့ ရှိပါတယ်..။ တကယ်လို့ ကျွန်တော်သာ အဲဒီအချိန်တုန်းက ပုံစံအတိုင်း၊ အဲဒီအချိန်တုန်းက စံနှုန်းတွေအတိုင်းသာ ဆက်လက်ကျင့်သုံးနေမယ်ဆိုရင် အခုလက်ရှိကလေးတွေ ဘယ်သူမှ အဲဒီအသင်းမှာ ကစားခွင့်ရလိမ့်မှာ မဟုတ်ပါဘူး..။ အဲဒီအချိန်တုန်းက ပထမပိုင်းပြီးလို့ အနည်းဆုံးနှစ်ဂိုးပြတ်လောက် နိုင်မနေဘူးဆိုရင် ကျွန်တော်ဟာ အဝတ်လဲခန်းထဲမှာ အကုန်လုံး လွှင့်ပစ်၊ ဖျက်ဆီးပစ်လိုက်တာပါပဲ..။ တခါတလေ အနှိပ်ခံတဲ့ ကုတင်တွေကအစ လွှင့်ထွက်ကုန်ပါတယ်..။



ဘာဖြစ်လို့ အဲဒီလို ‘ကြမ်း’ ပြရတာလဲ..? အဲဒီသားရဲတိရစ္ဆာန်ကောင်တွေဟာ ဒုတိယပိုင်းကျရင် ကွင်းထဲရောက်တာနဲ့ အစွမ်းကုန် ကြိုးစားပြီး ပွဲကိုအဆုံးသတ်ပြလိမ့်မယ်ဆိုတာ သိနေတဲ့အတွက်ပါပဲ..။ အခုအချိန်မှာ အဲဒီပုံစံအတိုင်း အုပ်ချုပ်ချင်တယ်ဆိုရင် အဲဒီအတိုင်း ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်မှုကို ခံယူနိုင်စွမ်းရှိမယ့် ကစားသမားတွေ ရှိနေဖို့ လိုအပ်ပါတယ်..။ တခြားကောင်လေးတွေကို အဲဒီအတိုင်း ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ပြမယ်..၊ အဲဒီလိုသာ ဆူပူကြိမ်းမောင်းပြီး သောင်းကျန်းပြမယ်ဆိုရင် သူတို့တွေဟာ ဒုတိယပိုင်းကျရင် တစ်ယောက်နဲ့တစ်ယောက် ရှောင်ပြေးနေရင်း သူတို့ဆီ ဘောလုံးလာမှာတောင် ကြောက်နေကြပါလိမ့်မယ်..။

အဲဒီအချိန်တုန်းက ချယ်လ်ဆီးအသင်းမှာရှိနေတဲ့ သမ္ဘာရင့်ကစားသမားတွေဟာ အဲဒီလိုဖိအားပေးတာတွေကို ခံနိုင်စွမ်းရှိတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်..။ အသင်းကိုရောက်လာတဲ့ လူငယ်ကစားသမားတွေဟာလည်း အဲဒီလိုလေ့ကျင့်မှုတွေ၊ ဖိအားပေးမှုတွေအောက်မှာ ကြီးပြင်းလာခဲ့ကြပါတယ်..။ ဒါ့ကြောင့် အဲဒီအချိန်တုန်းက ပထမပိုင်းပြီးလို့ နှစ်ဂိုးပြတ်လောက် နိုင်မနေဘူးဆိုရင် ကျွန်တော်ဟာ အဝတ်လဲခန်းထဲမှာ ‘ဘီလူးဆိုင်းတီးပြီး ကြမ်း’ ပါတယ်..။ သူတို့တွေဆီက အကောင်းဆုံး ပေးဆပ်မှုတွေကို အမြဲတမ်းတောင်းဆိုတယ်..၊ အဲဒီအနည်းဆုံး လိုအပ်ချက်ဆိုတာ ကိုယ့်ဘက်က နှစ်ဂိုးအသာရနေမယ်.. ဆိုတာ ဖြစ်နေရမယ်..။ ကျွန်တော်တို့ဟာ ပွဲကိုအတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး အဆုံးသတ်နိုင်ရပါမယ်..။

ကျွန်တော်တို့ဆီမှာ အဲဒီလိုပြင်းထန်တဲ့ တောင်းဆိုမှုတွေကို ခံနိုင်ရည်စွမ်းရှိတဲ့ အသင်းတစ်သင်းရှိခဲ့ပါတယ်..။ ကျွန်တော်တို့ အများကြီးပျော်ရွှင်ခဲ့ရပါတယ်..။ အမှတ်တရတွေလည်း အများကြီးပါ..။ မကောင်းတဲ့အချက် တစ်ချက်ပဲ ရှိပါတယ်..။ ကျွန်တော်က တဖြည်းဖြည်းနဲ့ အရွယ်ပိုငယ်သွားပြီး ကောင်လေးတွေက တစ်ရက်ထက်တစ်ရက် ပိုပြီးအသက်ကြီးကုန် ကြတာပါပဲ..ဟားဟား..။ သူတို့တွေဟာ အသက်တွေ ကြီးလာကြတာကြောင့် ကစားသမားဘဝတွေကနေ အနားယူခဲ့ရပါတယ်..။ ဂျွန်၊ ဖရန့်၊ ဂါးလက်စ်.. အိုဘီ.. အများကြီးပါပဲ.. အခုဘယ်သူမှ ကစားသမားဘဝမှာ မရှိကြတော့ဘူး..။ အသက်တွေ ကြီးကုန်ကြပြီကိုးဗျ..။ ဒါပေမယ့် ကျွန်တော်ကတော့ အမြဲတမ်းနုပျိုနေဆဲပါပဲ.. ဟားဟား..။

အခန်း (၃) - ကြိုးကြာနီတို့ရဲ့ ချန်ပီယံအိပ်မက်ကို အဆုံးသတ်စေခဲ့ခြင်း..

ခရစ်စ် မက်ခ်ဟာဒီ - ဟိုဆေး ရေ.. တကယ်တမ်း ကျွန်တော်ခင်ဗျားကို မေးချင်တဲ့ မေးခွန်းတွေ အများကြီးရှိပါတယ်..။ အဲဒီထဲက မေးခွန်းတစ်ခုက ဘရန်ဒန် ရော်ဂျားစ် နဲ့ ပတ်သက်တာပေါ့..။ ကျွန်တော်ဟာ ဘရန်ဒန် နဲ့ တွေ့ဆုံခန်းတွေ အများကြီးပြုလုပ်ခဲ့ဖူးတာကြောင့် သူ့ရဲ့အကြောင်း ကောင်းကောင်းသိထားပါတယ်..။ သူဟာတကယ့်ကို ခင်မင်၊ ရင်းနှီးဖို့ကောင်းတဲ့ ထိပ်တန်းနည်းပြတစ်ယောက် ဖြစ်ပါတယ်..။ ဘရန်ဒန် နဲ့ ပတ်သက်တယ်.. လို့ ပြောရတာက ပြီးခဲ့တဲ့တွေ့ဆုံခန်းတစ်ခုမှာ အိုဘီ တို့ ပြောပြဖူးခဲ့တဲ့ အကြောင်းအရာ တစ်ခုကြောင့် ဖြစ်ပါတယ်..။

၂၀၁၄ ခုနှစ်တုန်းက အန်ဖီးလ်ကွင်းမှာ သွားပြီးယှဉ်ပြိုင်ရမယ့်အပါတ်မှာ နိုင်ချင်စိတ်တွေ အရမ်း ပြင်းပြနေခဲ့တဲ့ ဟိုဆေး ရဲ့ အသွင်အပြင်..၊ ပုံစံမျိုးကို အရင်တုန်းက တစ်ခါမှမတွေ့ရဖူးခဲ့ဘူး.. လို့ JT နဲ့ အိုဘီ တို့ ပြောခဲ့ကြပါတယ်..။ အဲဒီပွဲကတော့ ခင်ဗျားတို့အားလုံး သိခဲ့ကြတဲ့ နာမည်ကျော် စတီဗင် ဂျရတ် ခြေချော်သွားခဲ့တဲ့ပွဲ..၊ အဲဒီဘောလုံးကို ဒမ်ဘာ ဘား က ချယ်လ်ဆီးအတွက် အဖွင့်ဂိုး သွင်းပေးခဲ့ပါတယ်..။ ပရီးမီးယားလိဂ်ရဲ့ သမိုင်းဝင်ပွဲတစ်ပွဲပေါ့ဗျာ..။

အန်ဖီးလ်ကွင်းရဲ့ မိုးဖွဲဖွဲအောက်မှာ စိတ်အားထက်သန်မှုအပြည့်နဲ့ ရင်ဘတ်ပေါ်က ချယ်လ်ဆီးတံဆိပ်ကို တဒုန်းဒုန်းရိုက်ပြီး အောင်ပွဲခံခဲ့တဲ့ ဟိုဆေး မော်ရင်ဟို ကို ချယ်လ်ဆီးပရိသတ်တွေ ဘယ်တော့မှ မေ့ပျောက်သွားခဲ့မှာ မဟုတ်ပါဘူး..။ အဲဒီပွဲမှာ ဟိုဆေး ရဲ့ အောင်ပွဲခံပုံတွေဟာ ချယ်လ်ဆီးအသင်း ချန်ပီယံ ဖြစ်သွားခဲ့တဲ့အတိုင်းပါပဲ..။ Why..? ဘယ်လိုအကြောင်းကြောင့် အဲဒီအနိုင်ပွဲဟာ ခင်ဗျားအတွက် သိပ်ကိုအရေးပါခဲ့ရတာလဲ..?



ဟိုဆေး မော်ရင်ဟို - ဘရန်ဒန် ရော်ဂျားစ် နဲ့ ဘာမှမဆိုင်ပါဘူး..။ ကျွန်တော်ချယ်လ်ဆီးအသင်းကို စပြီးရောက်တဲ့ အချိန်တုန်းက ဘရန်ဒန် ဟာ ချယ်လ်ဆီးလူငယ်အသင်းရဲ့ နည်းပြတစ်ယောက် ဖြစ်ခဲ့ပါတယ်..။ သူနဲ့အရင်ကတည်းက သိကျွမ်းခဲ့တာ မဟုတ်ပေမယ့် ချယ်လ်ဆီးအသင်းမှာ အတူတွဲပြီး အလုပ်လုပ်ခဲ့ရပါတယ်..။ အခုထိလည်း သူ့ကိုလိုအပ်တဲ့ အကူအညီတွေ ပေးနေဆဲပါပဲ..။ နိုင်ငံအသင်း ပွဲစဉ်တွေကြောင့် ကစားသမားအများစု အသင်းမှာမရှိတဲ့ အချိန်တွေဆိုရင် ကျွန်တော်ဟာ ဘရန်ဒန် တို့ကို အသင်းမှာလာခိုင်းပြီး ကျွန်တော်နဲ့အတူတူ လေ့ကျင့်ခန်းတွေ ပြုလုပ်လေ့ ရှိပါတယ်…။

နောက်ပိုင်းမှာလည်း ကျွန်တော်တို့အချင်းချင်း ရင်ဆိုင်ခဲ့ဖူးတဲ့ပွဲတွေ ရှိခဲ့ပါတယ်..။ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ် ဖလားပြိုင်ပွဲမှာတောင် သူ့ရဲ့အသင်းနဲ့ ဆုံခဲ့ပါသေးတယ်..။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေး ရှိနေသလို သူနဲ့ကျွန်တော့်ရဲ့ကြားမှာ ပျော်ရွှင်၊ ကြည်နူးစရာ အမှတ်တရကောင်းတွေ အများကြီးရှိခဲ့ပါတယ်..။ ကျွန်တော်တို့နည်းပြလောကမှာ ဘရန်ဒန် ကို ‘Special Two’ လို့ နာမည်ပြောင် ပေးထားတဲ့အထိ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုပမာဏဟာ ကြီးမားခဲ့ပါတယ်..။

 အဲဒီနေ့က ဖြစ်သွားခဲ့ရတဲ့ အဓိကအခြေခံအကြောင်းရင်းက ‘ချန်ပီယံလိဂ်ပြိုင်ပွဲ’ ကြောင့် ဖြစ်ပါတယ်..။ လီဗာပူးလ်နဲ့ မတိုင်ခင် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲ၊ ပထမအကျော့အဖြစ် ကျွန်တော်တို့ဟာ အက်တလက်တီကို မက်ဒရစ်အသင်းနဲ့ အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်..။ ဒုတိယအကျော့ပွဲစဉ်ကို ကျွန်တော်တို့ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရပါမယ်..။ တကယ်တော့ အန်ဖီးလ်ကွင်းကပွဲဟာ ကျွန်တော်တို့အတွက် ဘာမှအရေးမပါပါဘူး..။ ကျွန်တော်တို့ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချန်ပီယံရဖို့ မဖြစ်နိုင်တော့ပဲ အများဆုံး ဒုတိယ၊ ဒါမှမဟုတ် တတိယပဲရဖို့ ရှိပါတော့တယ်..။

ဒါပေမယ့် လီဗာပူးလ်အသင်းကတော့ ချန်ပီယံဖြစ်ဖို့အတွက် အဲဒီပွဲကို မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေပါတယ်..။ ဒါ့ကြောင့်ကျွန်တော်က လီဗာပူးလ်နဲ့ပွဲကို သောကြာနေ့၊ ဒါမှမဟုတ် စနေနေ့မှာ ယှဉ်ပြိုင်ခွင့်ရချင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ စတန်းဖို့ဒ် ဘရစ်ချ်မှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲစဉ်၊ ဒုတိယအကျော့ဟာ ချယ်လ်ဆီးအတွက်တင်မဟုတ်ပဲ အင်္ဂလန်ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအတွက်ပါ အရေးကြီးပါတယ်..။ ကျွန်တော်တို့ ချယ်လ်ဆီးဟာ ပထမအကျော့.. မက်ဒရစ်မှာ ဂိုးမရှိသရေကျခဲ့ပါတယ်..။ ဒါပေမယ့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်ဟာ ကျွန်တော်တို့ရဲ့ တောင်းပန်ချက်တွေကို လျစ်လျူရှုခဲ့ပါတယ်..။

ကျွန်တော်တို့ စောဒကတက်ပြတယ်..၊ ငိုပြပါတယ်..၊ ခြေသလုံးဖက်မတတ် တောင်းပန်ပါတယ်..။ သူတို့ဘက်ကတော့ ပရိသတ်ကြောင့်၊ ရုပ်သံလွှင့်ထုတ်မှု အချိန်ဇယားကြောင့်.. Sky Sports ကြောင့်.. ကျွန်တော်ဘာမှမသိတဲ့ အကြောင်းတွေကြောင့်.. အမျိုးစုံ ကြိုးခုန်… အကြောင်းတွေပြကြပါတယ်..။ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲကို ရောက်ချင်ပါတယ်..။ ဒါပေမယ့် ဒီဘက်မှာလည်း လီဗာပူးလ်နဲ့ပွဲကို မကန်တော့ဘူးကွာ… ဆိုပြီး လုပ်လိုက်လို့ မရပါဘူး..။ အရန်အသင်း၊ အသက် (၁၈) နှစ်အောက် လူငယ်အသင်းနဲ့ ယှဉ်ပြိုင်ခိုင်းလို့လည်း မရပါဘူး..။ အဲဒီလုပ်မယ်ဆိုရင် သူနဲ့အပြိုင်ဖြစ်နေတဲ့ မန်ချက်စတာ စီးတီးအတွက် မတရားရာလည်း ရောက်ပါတယ်..။

ဒါ့ကြောင့်ကျွန်တော်တို့ဟာ အဲဒီပွဲအတွက် မှန်မှန်ကန်ကန် စီမံနိုင်ဖို့ လိုအပ်လာပါတယ်..။ ကျွန်တော်တို့ဟာ သောကြာနေ့ ညဉ့်နက်ဖြစ်ဖြစ်၊ နောက်အကျဆုံး စနေနေ့နေ့လည်ခင်း (၁၂း၀၀) နာရီဖြစ်ဖြစ် ကန်ခွင့်ရချင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ဘက်က မလိုက်လျောခဲ့ပါဘူး..။ အဲဒီအတွက် ကျွန်တော့်အနေနဲ့ သူတို့ဆီသွားပြီး သူတို့ရဲ့အောင်ပွဲခံပါတီကို ဖျက်ဆီးလိုက်ဖို့ပဲ ရှိပါတော့တယ်..။ အဲဒီပွဲမှာ ကျွန်တော်တို့ဟာ ကိုယ်မရတော့တဲ့ ချန်ပီယံဆုအတွက် အစွမ်းကုန်တိုက်ပွဲဝင်တဲ့ ပုံစံအတိုင်း ကျားကုတ်ကျားခဲ ကြိုးစား၊ ကစားခဲ့ကြပါတယ်..။



ကစားသမား တစ်‌ယောက်၊ နှစ်ယောက်လောက် ကျွန်တော်အနားပေးခဲ့ပါတယ်..။ အဲဒီပွဲကျမှာ ပါဝင်ခဲ့တဲ့ လူငယ်နောက်ခံလူ တိုမက်တိုမက် ကာလက်စ် ဆိုရင် အထူးခြေစွမ်းပြခဲ့ပြီး လူးဝစ်စ် ဆွာရက်ဇ် ကို မလှုပ်နိုင်အောင် လူကပ်ကစားသွားနိုင်ခဲ့ပါတယ်..။ အဲဒီပွဲမစခင် ကွင်းထဲကိုသွားနေတဲ့အချိန် လမ်းဘေးဝဲယာ တစ်လျှောက်မှာ ‘လီဗာပူးလ် ချန်ပီယံ..’ ဆိုတဲ့ အလံတွေ၊ အင်္ကျီတွေ ပလူပျံအောင် ရောင်းနေကြပါတယ်..။ ကျွန်တော်တို့ ချယ်လ်ဆီးကို ဒါမျိုးလာလုပ်လို့ မရပါဘူး..။ အဲဒီလိုဈေးရောင်းတာတွေ၊ ဈေးကွက်ချဲ့တာတွေကို တခြားနေရာမှာ သွားပြီးလုပ်ကြပေါ့ဗျာ..။

ဒါ့ကြောင့်ကျွန်တော်တို့ အန်ဖီးလ်ကွင်းကိုသွားပြီး သူတို့တွေရဲ့ အောင်ပွဲခံပါတီပွဲကို ဖျက်ဆီးဖို့ ဖြစ်သွားပါတယ်..။ ကျွန်တော့် ကစားသမားတွေ အထူးခြေစွမ်းပြ ကစားနိုင်ခဲ့သလို သူတို့တွေရဲ့ ချန်ပီယံအိပ်မက်ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်..။ စတီဗင် ဂျရတ် ဟာ တကယ့်အဆုံးအဖြတ် အခိုက်အတန့်မှာ အဲဒီလိုခြေချော်သွားဖို့ လုံးဝမထိုက်တန်တဲ့ ကစားသမားပါ..။ ဒါပေမယ့် ဘောလုံးပွဲတွေမှာ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်..။ ဂျရတ် ရဲ့ ခြေချော်သွားခဲ့တဲ့ အခိုက်အတန့်ကိုသာ ဝိုင်းပြီးပြောနေကြပေမယ့် တကယ်တမ်း အဲဒီပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံ အမှန်တကယ် ကောင်းမွန်ခဲ့ပါတယ်..။

ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် ဘရန်ဒန် ရော်ဂျားစ် အတွက် စိတ်မကောင်း ဖြစ်မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ကိုယ့်ရဲ့မိတ်ဆွေတွေအတွက် အကူအညီပေးဖို့ အမြဲတမ်းအသင့်ရှိနေတဲ့သူ ဖြစ်တဲ့အတွက်ပါပဲ..။ ဒါပေမယ့် ပွဲကန်မယ့်နေ့တွေဆိုရင် ညီအစ်ကိုတွေ၊ မိတ်ဆွေတွေဆိုတဲ့ အကန့်တွေကို ကိုယ့်ရဲ့အိမ်မှာပဲ ချန်ထားခဲ့ကြပါတယ်..။

အပိုင်း (၃) ဆက်လက်တင်ဆက်ပါမည်..