feature-image

ခင်ဗျားတို့မသိသေးတဲ့ ‘ဟိုဆေး မော်ရင်ဟို’ (သို့မဟုတ်) The Special One (၃)

အခန်း (၄) - အသိုက်အမြုံကို ခြေစုံကန်သွားကြတဲ့ ဆာလာ နဲ့ ဒီ ဘရိုင်း..

ခရစ်စ် မက်ခ်ဟာဒီ - ပြီးခဲ့တဲ့ တွေ့ဆုံခန်းတွေမှာ အိုဘီ..၊ ဂျွန် တယ်ရီ၊ ဖရန့် လမ်းပတ် တို့ဟာ ခင်ဗျားချမှတ်သွားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အနိုင်မခံ၊ အရှုံးမပေးတဲ့ အစဉ်အလာတွေအကြောင်း ပြောသွားခဲ့ပါတယ်..။ JT ဆိုရင် အဲဒီလိုအနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်ဓါတ်ကို အမြဲမပြတ် ရိုက်သွင်းနိုင်ဖို့ သူ့ကိုယ်သူ မညှာမတာ မောင်းနှင်ခဲ့သလို လူငယ်ကစားသမားတွေကိုလည်း ပြင်းထန်တဲ့ မောင်းနှင်မှုတွေနဲ့ ရိုက်သွင်းခဲ့ပါတယ်..။

အဲဒီလိုအချိန်မှာ ခင်ဗျားရဲ့အသင်းကို လူငယ်ကစားသမားလေးတွေအဖြစ် ရောက်ရှိလာခဲ့တဲ့ မိုဟာမက် ဆာလာ နဲ့ ကီဗင် ဒီ ဘရိုင်း တို့အပေါ် သူ့ရဲ့ဆက်ဆံ၊ မောင်းနှင်ခဲ့ပုံတွေဟာ ကြမ်းတမ်းလွန်းခဲ့သလား..? ဆိုပြီး နောင်တရမိခဲ့တဲ့အကြောင်း JT က ပြောခဲ့ဖူးပါတယ်..။ ခင်ဗျားတို့ချမှတ်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အဆင့်အတန်းကို လိုက်မှီနိုင်ဖို့.. ဆိုပေမယ့် ပိုပြီးပျော့ပြောင်းတဲ့ ချဉ်းကပ်မှုမျိုးနဲ့ သူတို့ကိုပြုစု ပျိုးထောင်ပေးဖို့ လိုအပ်ကောင်း လိုအပ်နိုင်ခဲ့ပါမယ်..။

အခုအချိန်မှာ သူတို့နှစ်ယောက် ရရှိခဲ့တဲ့ အောင်မြင်မှုတွေကိုကြည့်ပြီး ခင်ဗျားအနေနဲ့ အဲဒီအချိန်တုန်းက ဒီလိုများလုပ်ခဲ့ရင် ကောင်းလိမ့်မလား..? ဆိုပြီး ဒွိဟဖြစ်ခဲ့တာများ ရှိခဲ့ရဲ့လား..? ဒါမှမဟုတ် သူတို့တွေဟာ ခင်ဗျားသင်မှတ်ထားတဲ့ အဆင့်အတန်းကို မလိုက်နိုင်ဘူးဆိုရင် ပါရမီကောင်းတွေ ဘယ်လိုပဲရှိနေပါစေ… သူတို့ဟာ ခင်ဗျားရဲ့အသင်းအတွက် လုံလောက်တဲ့ အရည်အချင်းမရှိဘူး.. ဆိုပြီး တခါတည်း သတ်မှတ်ခဲ့တာပဲလား..? ဟိုဆေး ရေ..

ဟိုဆေး မော်ရင်ဟို - နှစ်ခုစလုံး နည်းနည်းစီမှန်ပါတယ်..။ ဒါပေမယ့် သူတို့တွေအသင်းက ထွက်သွားကြတယ်ဆိုတာ သူတို့ကိုယ်တိုင် ထွက်သွားချင်တဲ့ဆန္ဒ ရှိနေခဲ့ကြတာကြောင့်ပါပဲ..။ သူတို့ဘာကြောင့် အသင်းကနေ ထွက်ချင်ကြတာလဲ..? အချိန်မစောင့်ချင်ကြလို့ပါ..။ သူတို့ဖြတ်သန်းခဲ့ကြတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ သူတို့ရဲ့ရွေးချယ်မှု မှန်ကန်သွားခဲ့တယ်ပေါ့ဗျာ..။ အခုဆိုရင် သူတို့နှစ်ယောက်စလုံးဟာ အကောင်းဆုံး ထိပ်တန်းကစားသမားကြီးတွေ ဖြစ်နေကြပါပြီ…။ လူငယ်ကစားသမားလေးတွေဟာ သူတို့လိုပဲ ဆန္ဒစောကြပါတယ်..။ သူတို့နဲ့ထိုက်တန်တဲ့အချိန်ကို စောင့်ဆိုင်းဖို့ စိတ်ရှည်မှုမရှိဘူး..၊ သည်းမခံနိုင်ကြပါဘူး..။



ဒါ့ကြောင့်တခါတလေမှာ သူတို့တွေရဲ့ ရွေးချယ်မှု မှားယွင်းသွားကြတာတွေလည်း ရှိကြပါတယ်..။ မိုဟာမက် ဆာလာ ကို ကျွန်တော်ရောင်းချလိုက်တာ.. ဆိုပြီး လူတွေပြောနေကြပါတယ်..။ တကယ်လက်တွေ့မှာက ဆာလာ ကို ကျွန်တော်ဝယ်ခဲ့တာပါ..။ သူ့ကိုဝယ်ဖို့ အသင်းကို တိုက်တွန်းခဲ့တာလည်း ကျွန်တော်ပါပဲ..။ သူဟာ ဘေဆယ်လ် အသင်းကနေ လီဗာပူးလ် ကို ပြောင်းမလို့ပါပဲ..။ ချယ်လ်ဆီးကို ရောက်လာဖို့ လီဗာပူးလ်နဲ့ တိုက်ပွဲဝင်ပြီး ဖြတ်လုခဲ့တာပါ..။

အဲဒီနောက်ပိုင်း ဒုတိယအဆင့်အနေနဲ့ ချယ်လ်ဆီးအသင်းမှာ ပုံမှန်ကစားခွင့်ရတဲ့ ကစားသမား ဖြစ်လာဖို့ဆိုရင် ထိုက်တန်တဲ့ခြေစွမ်းပြနိုင်ဖို့ လိုအပ်ပါတယ်..။ ဒီလိုမှမဟုတ်ရင် အချိန်စောင့်ရမှာပါပဲ..။ ဒါပေမယ့် သူဟာ အဲဒီလောက်အကြာကြီး စောင့်ရဖို့ စိတ်မရှည်ပါဘူး..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဆီကို အဌားထွက်ခွာခွင့် တောင်းပါတယ်..။ အီတလီစီးရီးအေပြိုင်ပွဲကို အဌားထွက်သွားရင်း အချိန်တစ်ခုအရောက်မှာ ချယ်လ်ဆီးအသင်းက သူ့ကိုရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။

ဖီအိုရင်တီးနား ကို အရင်‌ရောက်သွားတာဗျ..။ ပြီးတော့ ရိုးမား..။ အဲဒီမှာ ချယ်လ်ဆီးက အပြီးရောင်းချမယ်.. ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ..။ သူ့ကိုရောင်းချဖို့ ဆုံးဖြတ်ခဲ့တာ ကျွန်တော်မဟုတ်ပါဘူး..။ ကျွန်တော်ကတော့ ဆာလာ ဟာ ပွဲစဉ်တိုင်း၊ မိနစ်တိုင်း ကစားခွင့်ရချင်တယ်ဆိုရင် သူ့ကိုအဌား စေလွှတ်ဖို့ကိုပဲ အကြံပြုခဲ့တာ ဖြစ်ပါတယ်..။

ကီဗင် ဒီ ဘရိုင်း ကလည်း အလားတူပါပဲ..။ ကျွန်တော်တို့ဟာ ရာသီကြိုခရီးစဉ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံတွေ သွားရောက်ခဲ့ပါတယ်..။ အဲဒီကအပြန်မှာ ကီဗင် ကို ဂျာမနီက အသင်းတစ်သင်းဆီ အဌားစေလွှတ်ဖို့ အသင်းဘက်က ဆန္ဒပြုပါတယ်..။ ကျွန်တော်က ‘No.. ကီဗင် ကို အဌားမထွက်ခိုင်းပါနဲ့..။ ကျွန်တော့်ရဲ့အသင်းမှာပဲ ဆက်ထားပါ..’ လို့ ဆုံးဖြတ်ပေးခဲ့ပါတယ်..။



သူဟာအသင်းမှာဆက်ပြီး ရှိခဲ့တယ်..။ ပရီးမီးယားလိဂ် ရာသီအစ.. (ဟူးလ် စီးတီးအသင်းနှင့်) ပထမဆုံးပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်..။ အဲဒီပွဲအပြီး ဒုတိယပွဲအဖြစ် ကျွန်တော်တို့ဟာ ဘေယန် မြူးနစ်အသင်းနဲ့ ဥရောပ စူပါဖလားပွဲ ယှဉ်ပြိုင်ရပါတယ်..။ ကီဗင် ဟာ အဲဒီပွဲမှာ ကစားခွင့်မရခဲ့ပါဘူး..။ နောက်ရက်ကျ အသင်းကနေ ထွက်ချင်တယ်.. ဆိုပြီး လာပြောပါတယ်..။ အဲဒီပွဲပြီးလို့ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဒုတိယပွဲကို အိုးလ် ထရက်ဖို့ဒ်ဆီ သွားရောက်ယှဉ်ပြိုင်ရပါတယ်..။ မန်ချက်စတာ ယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တယ်လို့ ထင်ပါတယ်..။ ကီဗင် ဟာ အဲဒီပွဲမှာ အရန်ကစားသမားဖြစ်ပေမယ့် လူစားဝင် ကစားခွင့်တော့ ရခဲ့ပါတယ်..။

သူကတော့ လုံလောက်တဲ့ အခွင့်အရေးရခဲ့တယ်လို့ မထင်ခဲ့ပါဘူး..။ ဒါ့ကြောင့်အသင်းကနေ ထွက်ချင်တယ်.. ဆိုတဲ့အကြောင်းပဲ တစ်ချိန်လုံးပြောနေပါတယ်..။ အေးလေ… ချယ်လ်ဆီး လိုအသင်းမှာတော့ မနေချင်လည်း ‘လစ်’ ပေါ့ကွာ..။ ‘ငကန်းသေရင်၊ ငစွေလာမှာပေါ့..။’ သူတို့လေးတွေဟာ လူငယ်လေးတွေပဲ ဖြစ်တာကြောင့် အချိန်မစောင့်ချင်ကြပါဘူး..။ သူတို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ပြန်ပြီးကြည့်မယ်ဆိုရင် သူတို့တွေ ‘မှန်ကန်’ ခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ သူတို့တွေနဲ့ သင့်တော်တဲ့သူ မဟုတ်ခဲ့ပါဘူး..။ ကျွန်တော့်နေရာမှာ တခြားတစ်ယောက်ဆိုရင် အခုလိုဖြစ်ချင်မှ ဖြစ်လာပါလိမ့်မယ်..။ တစ်ချို့လူငယ် ကစားသမားတွေဆိုရင် အသင်းမှာ ဆက်ပြီးမနေနိုင်အောင် လုပ်မိခဲ့တာတွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအထဲမှာ သူတို့နှစ်ယောက် မပါခဲ့ပါဘူး..။

ခရစ်စ် မက်ခ်ဟာဒီ - အိုဘီ.. ခင်ဗျားကတော့ ချယ်လ်ဆီးမှာပဲ ကုတ်ကပ်ပြီး နေခဲ့တယ်နော်..။ ခင်ဗျားဟာ စိတ်ရှည်၊ သည်းခံမှုအပြည့် ရှိခဲ့ပါတယ်..
ဂျွန် အိုဘီ မီခေးလ် - ဟုတ်ပါတယ်..။ ကျွန်တော်က ‘အမြဲတမ်း ချယ်လ်ဆီး’ ပါပဲ..။ ခုနက ဘော့စ်ရဲ့ ပြောစကားတွေ နားထောင်ရင်းနဲ့ လာဆားနား ဒီယာရာ ကို မျက်စိထဲပြေးပြီး မြင်မိပါတယ်..။ ခုနကဘော့စ် ပြောခဲ့တဲ့ ကစားသမားတွေထဲ သူလည်းတစ်ယောက် အပါအဝင် ဖြစ်ပါလိမ့်မယ်..။ ဒီယာရာ ဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ချင်တယ်.. လို့ တစ်ချိန်လုံးပြောနေခဲ့သလို သူနဲ့ဘော့စ် တို့ ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုဆို…

ဟိုဆေး မော်ရင်ဟို - စကားဖြတ်ပြောမိတာ ဆောရီးပါ.. အိုဘီ ရေ..။ လာဆားနား နဲ့ ချယ်လ်ဆီးမှာ ဆုံခဲ့သလို ရီးရဲလ် မက်ဒရစ်ကို ရောက်တော့လည်း သူနဲ့ပြန်တွေ့ပါတယ်..။ အခုကျွန်တော်ပြနေတဲ့ ဆံပင်ဖြူတွေကို မြင်တယ်မလား..? အဲဒီညာဘက်ခြမ်းက ဆံပင်ဖြူတွေဟာ လာဆားနား ဒီယာရာ ကြောင့်ပဲ.. ဟားဟား..။ ဘယ်ဘက်က ဆံပင်ဖြူနှစ်ပင်ကို မြင်တယ်မလား..? အဲဒီနှစ်ပင်က အိုဘီ မီခေးလ် နဲ့ မင်းရဲ့အေးဂျင့် ဂျွန် ရှီတူး ကြောင့်ပဲ.. ဟားဟား..။ လာဆားနား နဲ့ သူ့ရဲ့အေးဂျင့်ကတော့ တကယ့်ကို ခေါင်းမွေးပြောင်လောက်တဲ့ အကောင်တွေပါကွာ… ဟားဟား..


 
ဂျွန် အိုဘီ မီခေးလ် - ဘော့စ်..၊ ခင်ဗျားနဲ့ လာဆားနား တို့ရဲ့ အစည်းအဝေးကို ကျွန်တော်မှတ်မိနေသေးတယ်..။ နောက်ဆုံးကျတော့ ခင်ဗျားဟာ လုံခြုံရေးအစောင့်တွေခေါ်ပြီး သူ့ကိုအခန်းထဲက ဆွဲထုတ်ခိုင်းရတယ်… ဟားဟား….

ဟိုဆေး မော်ရင်ဟို - လာဆားနား ရဲ့ အေးဂျင့်က ‘ပိုက်ဆံ..’ ဆိုတဲ့ ‘မောင်ဝိုင်း’ တစ်ခုထဲကိုပဲသိတယ်..။ လာဆားနား ကစားခွင့်ရတဲ့ပွဲဆိုရင် ပွဲပြီးလို့နောက်ရက်ကျရင် လစာတိုးတောင်းပြီး စာချုပ်သစ် ချုပ်ခိုင်းပါတယ်..။ တကယ်လို့ ကစားခွင့်မရတော့ဘူး၊ ဒါမှမဟုတ် အရန်ခုံမှာ ထိုင်ရပြီဆိုရင် နောက်ရက်တနင်္လာနေ့ ရောက်တာနဲ့ အစည်းအဝေး ခေါ်ခိုင်းတယ်..၊ အကြောင်းရင်းက ‘လာဆားနား အသင်းကနေ ထွက်ချင်နေပြီ’ ပြောလို့တဲ့.. ဟားဟား..။ သူဟာချယ်လ်ဆီးကနေ ထွက်သွားခဲ့ပြီး ရီးရဲလ် မက်ဒရစ်အသင်းမှာ ကျွန်တော်နဲ့ပြန်ပြီး ဆုံခဲ့ပါသေးတယ်..။ တကယ့်ကို ခြေစွမ်းကောင်းမွန်တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။

အခန်း (၅) – ပြိုင်ဘက် မန်နေဂျာတွေ၊ ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းသို့ ခြင်္သေ့လည်ပြန်..

ခရစ်စ် မက်ဟာဒီ - တကယ်လို့ လာဆားနား ဒီယာရာ ဟာ ခင်ဗျားကိုဆံပင်တွေ ဖြူသွားအောင် လုပ်နိုင်ခဲ့တယ်ဆိုရင် ခင်ဗျားရဲ့ပြိုင်ဘက် မန်နေဂျာတွေထဲမှာ ဘယ်သူက ခင်ဗျားကိုခေါင်းအပူဆုံးဖြစ်အောင် ဉီးနှောက်စားနိုင်ခဲ့လဲ..? ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားဟာ အဲလက်စ် ဖာဂူဆန်၊ ရာဖာ ဘင်နီးတက်ဇ် တို့နဲ့ တကယ့်ကို အပြိုင်အဆိုင်၊ သူနိုင်ကိုယ်နိုင် တိုက်ပွဲကြီးတွေ ဆင်နွှဲခဲ့သလို စပိန်ရောက်သွားတော့ ပက်ပ် ဂွာဒီယိုလား..။ ဒါ့ကြောင့်ဘယ်သူနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ တိုက်ပွဲတွေကို အနှစ်သက်ဆုံး ဖြစ်ခဲ့လဲ..?

ဟိုဆေး မော်ရင်ဟို - သူတို့အားလုံးကို ကျွန်တော်ချစ်ပါတယ်..။ သူတို့တွေနဲ့ ဘယ်လိုပဲ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်.. ပြောပြော.. နောက်ဆုံးမှာတော့ အရမ်းကိုရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကုန်ကြတာပါပဲ..။ အနှေးနဲ့အမြန်ပဲ ကွာကြတာပါ..။ ရာဖာ ဘင်နီးတက်ဇ် ဆိုရင် သူ့အပေါ် ကျွန်တော့်ရဲ့ တိုက်ခိုက်၊ ပြောဆိုခဲ့မှုတစ်ချို့ ဘောင်ကျော်ခဲ့တာတွေ ရှိခဲ့ပါတယ်..။ သူကလည်း ကျွန်တော့်ကို ပြန်ပြီးဆော်တဲ့နေရာမှာ ဘောင်ကျော်ခဲ့တာတွေ ရှိခဲ့တာပါပဲ.။

နယူးကာဆယ် အသင်းကို သူကိုင်တွယ်နေတဲ့ အချိန်တုန်းက ကျွန်တော်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာပါ..။ သူနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲအပြီး ကျွန်တော်တို့နှစ်ယောက် အချိန်အကြာကြီး စကားပြော ဖြစ်ခဲ့ကြပါတယ်..။ အငြိုးအတေးတွေအားလုံးကို သင်ပုန်းချေနိုင်ခဲ့ပြီး တစ်ယောက်အပေါ် တစ်ယောက် အမြင်စောင်းနေတာတွေ မရှိတော့ဘူးပေါ့ဗျာ..။ နောက်ဆုံးကျတော့ အရာရာအားလုံးကို ‘အချိန်ကာလ’ ကပဲ အဆုံးအဖြတ်ပေးသွားခဲ့တာပါ..။ အချိန်ရဲ့တိုက်စားမှုအောက်မှာ အားလုံးဟာ ပြီးဆုံး၊ ပျောက်ကွယ်သွားခဲ့ပါတယ်..။ ပြိုင်ဆိုင်မှု ပြင်းထန်တယ်.. ဆိုတာဟာ မန်နေဂျာနှစ်ယောက်စလုံးကို ပိုပြီးကောင်းမွန်တဲ့သူတွေ ဖြစ်လာအောင် တိုးတက်စေခဲ့ပါတယ်..။

ကျွန်တော်နဲ့ ပတ်သက်လာရင် အာစင် ဝင်းဂါး အတွက်  ဘယ်တော့မှ မမေ့နိုင်မယ့် အရာတစ်ခုက ‘သူ့ရဲ့ပွဲ (၁,၀၀၀) ပြည့်မြောက်တဲ့’ အမှတ်တရပွဲ ဖြစ်ပါလိမ့်မယ်..။ အဲဒီပွဲမှာ ကျွန်တော်တို့ကလည်း ဘယ်တော့မှ မမေ့နိုင်အောင် ၆ဂိုး- ဂိုးမရှိနဲ့ အနိုင်ယူ၊ ဂုဏ်ပြုပေးလိုက်ပါတယ်..။



ခရစ်စ် မက်ခ်ဟာဒီ - ဪ.. ဟိုဆေး ဟာ ဟိုဆေး ပါပဲ… မှတ်သားရပါတယ်ဗျာ... ဟားဟား..။ နောက်ထပ်မေးချင်တဲ့ မေးခွန်းတစ်ခုကတော့ ခင်ဗျားနဲ့အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာခဲ့ရတဲ့ အသင်းတွေထဲမှာ အခုအချိန်အထိ ရင်ထဲတနုံ့နုံ့နဲ့ နာကျင်နေခဲ့ရတဲ့ အသင်း.. ဒါမှမဟုတ် ခွဲခွာမှုမျိုး ရှိခဲ့သေးလား..?

ဟိုဆေး မော်ရင်ဟို - အသင်းတစ်သင်းကနေ ထွက်ခွာရတဲ့အချိန်တိုင်းဟာ ပျော်ရွှင်စရာ မကောင်းခဲ့ပါဘူး..။ ‘အထုတ်မခံခဲ့ရဖူးတဲ့ နည်းပြတစ်ယောက်ဟာ နည်းပြမစစ်သေးဘူး..’ လို့ ကျွန်တော်အမြဲတမ်း ပြောခဲ့ဖူးပါတယ်..။ ဒါပေမယ့် အသင်းတစ်သင်းနဲ့ လမ်းခွဲတဲ့အခါ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ခွဲခွာခဲ့တယ် ဆိုတာက တစ်မျိုး၊ အသင်းကနေ ကိုယ်နဲ့ခွဲခွာဖို့ ရွေးချယ်သွားက နောက်တစ်မျိုး.. မတူညီပါဘူး..။

ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲရတဲ့ အကြောင်းတွေကို ပြန်ပြီးစဉ်းစားတဲ့အခါတိုင်း ကျွန်တော့်ရဲ့စိတ်ထဲမှာ ‘ဘာကြောင့်လဲ..? (why)’ ဆိုတဲ့ မေးခွန်းအမြဲတမ်း ပေါ်လာပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်ပြီးစဉ်းစားကြည့်မယ်ဆိုရင် တခါတလေမှာ အသင်းတစ်သင်းဟာ ခြေစွမ်းကျဆင်းတာ..၊ ခြေစွမ်းမတည်ငြိမ်တာ၊ ဒဏ်ရာပြဿနာ.. အခြားပြဿနာတွေနဲ့ ကာလတစ်ခုလောက် ရလဒ်မကောင်းတာတွေ ဖြစ်တတ်ပါတယ်..။

အဲဒီအကြောင်းအရာတွေအပြင် ရလဒ်တွေ ဆိုးရွားလာတဲ့ ကာလတွေမှာ နည်းပြနဲ့ အဝတ်လဲခန်းရဲ့ကြားမှာ စာနာ နားလည်ပေးနိုင်မှု၊ ခံစားချက်တွေ မတူညီလာတဲ့ အခိုက်အတန့်တွေ၊ ဆက်ဆံရေး ပျက်သုန်းလာတဲ့ အခိုက်အတန့်တွေ ဖြစ်လာတတ်ပါတယ်..။ အဲဒီလိုဖြစ်လာတဲ့အချိန်မှာ အသင်းဘက်က ကစားသမား (၂၂) ယောက်ကို ထုတ်ပစ်ဖို့ မဖြစ်နိုင်ပါဘူး..။ ဒါ့ကြောင့်တစ်ယောက်ထဲ ဖြစ်နေတဲ့ ‘နည်းပြ’ ပဲ သွား.. ပေါ့ဗျာ..။ ဒါပေမယ့် အသင်းမှာ လည်ပတ်နေတဲ့ အရာတွေဟာ နေသားတကျ မဖြစ်တော့ဘူး..၊ တစ်ခုခု မှားနေပြီဆိုရင် အဲဒီလိုလည်ပတ်နေတဲ့ အသိုက်အမြုံတစ်ခုလုံးကို ရပ်တန့်ပစ်လိုက်ရပါတယ်..။ အဲဒီမှာ အားအနည်းဆုံး အပိုင်းဟာ ဓါးစာခံ ဖြစ်ရပါတယ်..။

ချယ်လ်ဆီးမှာတော့ ကျွန်တော်ဟာ အားအနည်းဆုံးအပိုင်း ဖြစ်ခဲ့တယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး..။ ဒါ့ကြောင့်တစ်ဘက်က စိတ်မကောင်းဖြစ်ရ၊ စိတ်ထဲမှာ မတင်မကျနဲ့ မကျေနပ်ခဲ့ရပေမယ့် အခြားတစ်ဘက်က ကျတော့လည်း Ok… ဘဝဆိုတာ ဒီလိုပါပဲ.. ဆိုတာကို လက်ခံလာနိုင်တဲ့ ရင့်ကျက်မှုတွေ တိုးပွားလာခဲ့ပါတယ်..။ ကိုယ့်လမ်းကို ဆက်လျှောက်ကြတာပေါ့ဗျာ..။

ဒါပေမယ့် ရယ်စရာ အကောင်းဆုံး အသင်းတစ်သင်းတော့ ရှိပါတယ်..။ အဲဒီအသင်းရဲ့ ဆုဖလားဗီရိုကို ဖွင့်ကြည့်လိုက်ရင် ဗလာနတ္ထိ၊ ဘာဆုဖလားမှမရှိပါဘူး..။ သူတို့ဟာ ဗိုလ်လုပွဲမတိုင်ခင် နှစ်ရက်အလိုမှာ ကျွန်တော့်ကို အလုပ်ထုတ်လိုက်ပါတယ်…။ သူတို့ရဲ့ အဲဒီအဆုံးအဖြတ်ကတော့.. C’mon.. ဘာလဲဗျာ..



တော့တင်ဟမ် အသင်းဟာ ဒီဘက်ခေတ်မှာ ဘာဆုဖလား၊ ဘာအောင်မြင်မှုမှ မရှိခဲ့သလို သူတို့နောက်ဆုံး ရရှိခဲ့တဲ့ ဆုဖလားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်က ဖြစ်မယ်ထင်တယ်..။ ကျွန်တော်လည်း မမှတ်မိတော့ပါဘူး..။ ကျွန်တော်ဟာ သူတို့အသင်းကို ပြည်တွင်းဖလား ပြိုင်ပွဲတစ်ခုမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ သူတို့က ဗိုလ်လုပွဲကန်ဖို့ နှစ်ရက်အလိုမှာ ကျွန်တော့်ကို အလုပ်ထုတ်လိုက်ပါတယ်..။ အဲဒီတော့ ကျွန်တော်လည်း ဘာမှလုပ်မပေးနိုင်တော့ဘူးပေါ့ဗျာ..။

ခရစ်စ် မက်ခ်ဟာဒီ - ခင်ဗျားဟာ ဗိုလ်လုပွဲတွေဆိုရင် အနိုင်ရ၊ ဗိုလ်စွဲလေ့ ရှိတာကြောင့် မန်ချက်စတာ စီးတီးအသင်းနဲ့ တနင်္ဂနွေနေ့ ပွဲစဉ်အတွက် ခင်ဗျားဆီမှာ အကြံအစည်ကောင်းတွေ ရှိနေမှာပဲ..။

ဟိုဆေး မော်ရင်ဟို - ကျွန်တော့်ဆီမှာ အဲဒီပွဲအတွက် ပြင်ဆင်ထားတဲ့ အစီအမံတွေ ရှိပါတယ်..။ ဒါပေမယ့် တခါတလေကျလည်း အဲဒီအစီအမံတွေဟာ အလုပ်ဖြစ်ချင်မှ ဖြစ်တာပါ..။ ဒါပေမယ့် ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းနဲ့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲတိုင်း အနိုင်ရခဲ့ပါတယ်..။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဝင်ဘလေကွင်းမှာ သုံးကြိမ်ယှဉ်ပြိုင်ရာမှာ နှစ်ကြိမ်အနိုင်ရခဲ့ပါတယ်..။

ဒါ့ကြောင့်ကျွန်တော့်ရဲ့  ဝင်ဘလေကွင်းက ဗိုလ်လုပွဲမှတ်တမ်းတွေဟာ အရမ်းကောင်းပါတယ်..။ အဲဒီကွင်း၊ အဲဒီကွင်းထဲက ပရိသတ်ကို ကျွန်တော်လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဗိုလ်လုပွဲစဉ်လို ပွဲကြီးပွဲကောင်းတွေ ယှဉ်ပြိုင်ရချိန်မှာ ခင်ဗျားတို့၊ ကျွန်တော်တို့အနေနဲ့ သက်တောင့်သက်သာရှိဖို့ လိုအပ်ပါတယ်..။ အဲဒီပွဲတွေကို ကွင်းကြီးက အကြီးကြီးပဲ..၊ ပရိသတ်တွေက များလိုက်တာ..၊ ပြိုင်ဘက်အသင်းက တကယ့်ထိပ်တန်းအသင်းကြီး.. စသဖြင့် အကြောက်တရား..၊ စိုးရွံ့စိတ်တွေနဲ့ ရင်ဆိုင်လို့မရပါဘူး..။

ကျွန်တော့်ဆီမှာ အဲဒီလိုပွဲစဉ်တွေကို အကောင်းဆုံးချဉ်းကပ်နိုင်တဲ့ အတွေ့အကြုံတွေ အများကြီးရှိခဲ့ပါတယ်..။ ဒါပေမယ့် မန်ချက်စတာ စီးတီးအသင်းနဲ့ ဗိုလ်လုပွဲစဉ်ကို ‘ကျွန်တော်သာ နည်းပြအနေနဲ့ တာဝန်ယူခွင့်ရခဲ့ရင် အနိုင်ရမှာ အသေအချာပဲ..’ လို့ မပြောနိုင်ပါဘူး..။ အဲဒီလိုပြောတယ်ဆိုရင် ရူးနေလို့ပဲ ဖြစ်မှာပေါ့..။ ဒါပေမယ့် အဲဒီပွဲမတိုင်ခင် နှစ်ပါတ်၊ သုံးပါတ်လောက်က မန် စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ဟာ ၂ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ဘက်က မကိုင်တွယ်လိုက်ရတဲ့ အဲဒီဗိုလ်လုပွဲအပေါ် အကောင်းမြင်စိတ် ရှိပါတယ်..။ ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ..။

တော့တင်ဟမ်နဲ့ လမ်းခွဲပြီး အခုအချိန်မှာတော့ ရိုးမားအသင်းမှာပါ..။ ဒီအသင်းမှာတော့ အရင်အသင်းတွေနဲ့ ရည်မှန်းချက်ချင်း ခြားနားသလို ကစားသမားတွေရဲ့ အရည်အသွေးပိုင်း၊ တောင့်တင်းမှုပိုင်းတွေမှာလည်း မတူညီပါဘူး..။ ဒါပေမယ့် ဒီအသင်းမှာလည်း အထူးပျော်ရွှင်နေရသလို အသင်းမှာ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တိုင်းဟာ ကျေနပ်စရာပါပဲ..။



ခရစ်စ် မက်ခ်ဟာဒီ - ဟိုဆေး ရေ.. ခင်ဗျားဟာ အင်မတန် အလုပ်များတဲ့သူဆိုတာ သိထားပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ ခင်ဗျားကိုအချိန်ဆွဲပြီး ရှည်ရှည်ဝေးဝေးတွေ မေးမနေဘူးဆိုတာ ကတိပြုပါတယ်..။ ဒီနေ့တွေ့ဆုံခန်း မပြုလုပ်ခင်လေးမှာပဲ ခင်ဗျားနဲ့ပတ်သက်တဲ့ အံ့အားသင့်စရာ မှတ်တမ်းကောင်းတစ်ခုကို ပြောပြခဲ့ပါတယ်..။ အိုဘီ က အဲဒါကို သတိမထားမိပါဘူး..။ ဟိုဆေး ရေ… ခင်ဗျားရဲ့ အိမ်ကွင်းပွဲစဉ် ရလဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် ဟိုဆေး မော်ရင်ဟို ဟာ သက္ကရာဇ် ၂၀၀၂ ကနေ ၂၀၁၁ ခုနှစ်အထိ (၉) နှစ်လုံးလုံး အမှတ်ပေးပြိုင်ပွဲတွေမှာ အိမ်ကွင်းအရှုံးပွဲ လုံးဝမရှိခဲ့ပါဘူး..။
    
ဂျွန် အိုဘီ မီခေးလ် - ချယ်လ်ဆီး မှာ အဲဒီလို အိမ်ကွင်းအရှုံးပွဲမရှိခဲ့တာတော့ ကျွန်တော်သိပါတယ်..။ (၉) နှစ်လုံးလုံး ရှုံးပွဲမရှိခဲ့တာတော့ ကျွန်တော်မသိခဲ့ဘူးဗျ..။

ဟိုဆေး မော်ရင်ဟို - မင်းတို့သိပါတယ်ကွာ...။ အဲဒီစံချိန်မှတ်တမ်းအကြောင်း မင်းတို့ကို ခဏခဏ ပြောဖူးပါတယ်..။ စကားလုံးအတိအကျ မဟုတ်ပေမယ့် ‘ငါ့ကိုအရှက်မခွဲကြနဲ့ကွာ… ’ ဆိုတဲ့ ပုံစံမျိုး မင်းတို့ကို မကြာခဏ ပြောခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအိမ်ကွင်း ရှုံးပွဲမရှိ.. ဆိုတဲ့ စံချိန်မှတ်တမ်းဟာ သိပ်ကိုအရေးကြီးတယ်..၊ ဘာကြောင့်လဲ..? လို့ ငါ့ကိုလာမမေးနဲ့.. ဆိုပြီး ပြောခဲ့တယ်မလား..။

ခရစ်စ် မက်ခ်ဟာဒီ - တကယ်တော့ မတူညီတဲ့ အသင်းတွေနဲ့ အဲဒီလို (၉) နှစ်ဆက်တိုက် အိမ်ကွင်းရှုံးပွဲမရှိ.. ဆိုတဲ့ စံချိန်၊ မှတ်တမ်းဟာ တကယ့်ကို မယုံနိုင်စရာကောင်းလှတဲ့ စွမ်းဆောင်မှုပါပဲ..။ အဲဒီမှတ်တမ်းကောင်းတစ်ခုကို ထိန်းသိမ်းနိုင်အောင် ခင်ဗျားအနေနဲ့ ဘယ်လိုတွေ ကြိုးစား၊ အားထုတ်ခဲ့ရလဲ.. ပြောပြနိုင်မလား..?

ဟိုဆေး မော်ရင်ဟို - ‘မသိဘူး..’ လို့ တစ်လုံးထဲ ဖြေရမှာပဲ..။ ပထမဆုံးအနေနဲ့ ကစားသမားတွေဟာ သူတို့တွေရဲ့ အသင်းတွေဟာ အကောင်းဆုံးအသင်းတွေ ဖြစ်ကြတယ်.. ဆိုတဲ့အသိ၊ ခံယူချက်အပေါ် အကောင်းဆုံး တာဝန်ခံ၊ ကြိုးစားသွားခဲ့ကြလို့ ဖြစ်ပါတယ်..။ အဲဒီ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်းမှာ ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာ မီလန်နဲ့ ရီးရဲလ် မက်ဒရစ်မှာ နှစ်နှစ်.. ဆိုတော့ အဲဒီအချိန်က အဲဒီအသင်းတွေဟာ အကောင်းဆုံံး ကစားသမားတွေနဲ့ ဖွဲ့စည်းထားခဲ့တဲ့ အကောင်းဆုံး အသင်းတွေ ဖြစ်ကြပါတယ်..။



ဒါ့ကြောင့်သူတို့တွေဟာ ကိုယ့်ရဲ့အိမ်ကွင်းဆိုရင် ယုံကြည်မှုပိုပြီး ကောင်းနေတာ ဖြစ်နိုင်ပေမယ့် အဲဒီလိုဖြစ်လာအောင် ဖန်တီးပေးနိုင်ဖို့ လိုပါတယ်..။ ကျွန်တော်ဟာ ကိုယ်ရောက်ခဲ့တဲ့ အသင်းတိုင်းမှာ ကစားသမားတွေကို မူလရှိရင်းစွဲထက်ပိုပြီး မိမိကိုယ်ကိုရော၊ အသင်းသားတွေအပေါ်မှာ ယုံကြည်မှု ပိုပြီးကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်..။ အဲ.. တော့တင်ဟမ် တော့ မပါခဲ့ပါဘူး..။ တော့တင်ဟမ် အသင်းကို ကိုင်တွယ်နေတဲ့ အချိန်တုန်းက ကိုဗစ်ရောဂါ ပျံ့နှံ့နေတဲ့ အချိန်ဆိုတော့ ပရိသတ်မရှိတဲ့ ကွင်းတွေထဲမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကစားခဲ့ကြတာပါ..။

ဒါပေမယ့် ကျွန်တော်ဟာ ကစားသမားတွေနဲ့ ပရိသတ်တွေဆီက အသင်းအပေါ်မှာ ကောင်းမွန်တဲ့ခံစားချက်တွေ ထားရှိလာနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် ပရိသတ်တွေအနေနဲ့ အသင်းသားတွေဟာ သူတို့အတွက် ရေကုန်ရေခမ်း အစွမ်းကုန်၊ မခိုမကပ် ပေးဆပ်ကစားပေးကြတယ်.. ဆိုတာကို လက်ခံလာအောင် ကြိုးစားပေးနိုင်ဖို့ လိုအပ်ပါတယ်..။

ချယ်လ်ဆီးမှာဆိုရင် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကလည်း ကျွန်တော်တို့နဲ့အတူ ကစားပေးလေ့ရှိသလို မက်သယူး ဟားဒင်း ပွဲကြည့်စင်ဘက်က ဂိုးပေါက်မှာ မမြင်ရတဲ့ အစောင့်‌အရှောက်တွေဟာ ကျွန်တော်တို့ကို ဖေးမမှုတွေ ရှိခဲ့ပါတယ်..။ ဥပမာ အာဆင်နယ်အသင်းနဲ့ပွဲမှာဆိုရင် ကျွန်တော်တို့ဟာ တစ်ဂိုးရှုံးနဲ့ ပွဲပြီးသွားဖို့ များနေပါတယ်..။ အဲဒီအချိန်မှာ မိုက်ကယ် အက်ဆီယန် ဟာ (၃၅) ကိုက်အကွာကနေ လှလှပပ ကန်သွင်းပေးခဲ့ပြီး ကျွန်တော်တို့ရဲ့ အိမ်ကွင်းမှတ်တမ်းကို ဆက်လက်ရှင်သန်စေခဲ့ပါတယ်..။

ကျွန်တော်တို့ဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ အဲဒီလိုမျှော်လင့်မထားခဲ့တဲ့ အံ့ဩဖွယ်ရာတွေ ကြုံတွေ့ခဲ့ဖူးပါတယ်..။ ဒါ့ကြောင့်အဲဒီလို စံချိန်မှတ်တမ်းအရှည်ကြီးဟာ နည်းပြကြောင့်၊ ကစားသမားတွေကြောင့်၊ ပရိသတ်တွေကြောင့်.. မဟုတ်ပဲ အခြင်းအရာအားလုံး (everybody) ပေါင်းစည်းမှုကြောင့် ရရှိလာခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်..။


ခရစ်စ် မက်ခ်ဟာဒီ - ဟိုဆေး ရေ.. ကျွန်တော်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကိုအားပေးတဲ့ ပရိသတ်တစ်ယောက်ဆိုတာ ခင်ဗျားတို့သိထားပြီးသားပါ..။ ဇလာတန် အီဘရာဟီမိုဗစ် ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပထမဆုံး ပွဲဉီးထွက်၊ ပေါလ် ပေါ့ဘာ ရဲ့ ပွဲဉီးထွက် ပွဲစဉ်တွေကို ကျွန်တော်အားပေးခဲ့သလို ဆောက်ပ်သမ်တန် အသင်းကို ၂ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ကို ကျွန်တော့်ရဲ့ အသက် (၃၀) ပြည့် မွေးနေ့ပွဲအဖြစ် အိုးလ် ထရက်ဖို့ဒ်ကွင်းမှာ ဆင်နွှဲခဲ့ပါတယ်..။

မန်ချက်စတာ ယူနိုက်တက် အသင်းပရိသတ်တွေနဲ့ ခင်ဗျားရဲ့ကြားက ထူးခြားတဲ့ဆက်နွယ်မှုကို ကိုယ်တိုင်ခံစားဖူးခဲ့သလို ခင်ဗျားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့တဲ့ကာလဟာ ခင်ဗျားအတွက် နောင်တရစရာ အချိန်တွေထဲမှာ ပါဝင်ခဲ့ပါလား..? ‘မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာ ရရှိခဲ့ခြင်းဟာ ခင်ဗျားရဲ့အကြီးကျယ်ဆုံး စွမ်းဆောင်မှုတွေထဲမှာ ပါဝင်ခဲ့တယ်..’ လို့ ပြောခဲ့ဖူးတယ်နော်..

ဟိုဆေး မော်ရင်ဟို - နောင်တရစရာ မရှိပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ အစွမ်းရှိသမျှ ပေးဆပ် ကြိုးစားခဲ့တဲ့အတွက်ပါပဲ..။ ကျွန်တော်ဟာ အသင်းကိုလည်း ချစ်မြတ်နိုးခဲ့တယ်..၊ ပရိသတ်တွေကိုလည်း ချစ်မြတ်နိုးခဲ့ပါတယ်..။ အဲဒီအသင်းရဲ့ သမိုင်းကြောင်း အစဉ်အလာက အင်မတန်ကို လေးစားဖို့ ကောင်းခဲ့ပါတယ်..။ ဒါ့အပြင်အသင်းနဲ့ ပရိသတ်အတွက် ကျွန်တော့်ဘက်က ပေးဆပ်နိုင်သမျှ အစွမ်းကုန် မချွင်းမချန် ပေးဆပ်ခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ ဒုတိယရာသီမှာ ရရှိခဲ့တဲ့ ဒုတိယနေရာဆိုတာ ဆာ အဲလက်စ် အနားယူပြီးနောက်ပိုင်း အမြင့်ဆုံး ရောက်ရှိခဲ့တဲ့နေရာလည်း ဖြစ်ခဲ့ပါတယ်..။

ပြီးခဲ့တဲ့ (၁၀) နှစ်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အမြင့်ဆုံးရရှိခဲ့တဲ့ အောင်မြင်မှုဟာ ကျွန်တော်တို့ ယူဆောင်ပေးခဲ့တဲ့ ယူရိုပါလိဂ် ဖလားပဲ ရှိခဲ့ပါတယ်..။ ကျွန်တော်ဟာ အသင်းမှာ ရှိနေတုန်းမှ အစွမ်းရှိသမျှ ပေးဆပ်၊ ကြိုးစားခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအကြောင်းတွေကို ‘ချီးခြောက်ပြန်ပြီး ရေနူးနေရတာ’ မကြိုက်ပါဘူး..။ အတိတ်တုန်းက ကြည်နူးဖွယ်ကောင်းခဲ့တဲ့ အကြောင်းတွေ ပြန်ပြောပြရတာကတော့ ကောင်းတာပေါ့ဗျာ..။ ဒါပေမယ့် တစ်ချို့အကြောင်းတွေက ပြန်ပြောပြဖို့ရာ အဆင်မပြေလှပါဘူး..။

ဒါကလည်း ကျွန်တော့်ကြောင့် မဟုတ်ဘူးဗျ..။ အခုအချိန်ကျမှ ဒါတွေကိုပြန်ပြောနေရင် အရမ်းကြီးအဓိပ္ပါယ် မရှိလှပါဘူး..။ တစ်ခုရှိတာက အဲဒီအချိန်တုန်းက အသင်းမှာရှိခဲ့တဲ့ ‘လူ’ တစ်ချို့ အခုအချိန်ထိ ဆက်ပြီးရှိနေပါသေးတယ်..။ ‘လူ’ လို့ ကျွန်တော်ပြောလိုက်ပါတယ်..။ ‘လူ’ ဆိုတာ တစ်ချို့ကစားသမားတွေ ဖြစ်နိုင်သလို ကစားသမား မဟုတ်တဲ့သူ တစ်ချို့လည်း ပါဝင်ပါတယ်..။



မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ခွဲခွာခဲ့ပြီး နှစ်လလောက်အကြာမှာ တစ်ချို့အကြောင်းတွေ ကျွန်တော်ပြောခဲ့ဖူးပါတယ်..။ ဒါပေမယ့် သူတို့တွေထဲတစ်ချို့ဟာ အသင်းမှာဆက်ပြီး ရှိနေပါသေးတယ်..။ အသစ်တွေ ထပ်ပြီးရောက်လာတာလည်း ရှိပါတယ်..။ အသင်းရဲ့ CEO အဖြစ် တာဝန်ယူဖူးခဲ့တဲ့ ‘ရစ်ချက် အာနိုး’ ဆိုရင် ကျွန်တော်အဲဒီမှာ ရှိနေတုန်းကသာ အသင်းကိုရောက်လာခဲ့ရင် သိပ်ကိုကောင်းခဲ့မှာပါပဲ..။ အခုဆို သူလည်းအသင်းမှာ မရှိတော့ပါဘူး..။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အုပ်ချုပ်ရခက်ခဲတဲ့ အသင်းတစ်သင်းပါ..။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ နောင်တရစရာ ဘာမှမရှိပါဘူး.။ ကျွန်တော်ဘက်က အသင်းအတွက် အစွမ်းရှိသမျှ ပေးဆပ်၊ ကြိုးစားခဲ့တယ်.. ဆိုတာ သိပ်ကိုသေချာခဲ့ပါတယ်..။ မန်ချက်စတာ ယူနိုက်တက် အသင်းပရိသတ်ကလည်း ကျွန်တော့်ရဲ့ ကြိုးစားခဲ့မှု၊ ပေးဆပ်ခဲ့မှုတွေကို နားလည်ပေးနိုင်ခဲ့တယ်..၊ ကျွန်တော်ဟာ အသင်းကို ဘယ်လောက်တောင် ချစ်မြတ်နိုးခဲ့တယ်.. ဆိုတာ သူတို့တွေခံစား သိရှိခဲ့ကြပါတယ်..။ Sky Sports ရုပ်သံအတွက် အိုးလ် ထရက်ဖို့ဒ်ကွင်းကို တစ်ခါပြန်ရောက်ခဲ့တုန်းကဆိုရင် ကွင်းလုံးပြည့်ပရိသတ်ကြီးက ကျွန်တော့်ကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ခုပ်တီး အားပေးတယ်..၊ သီချင်းတွေ သီကြူးပေးခဲ့ကြပါတယ်..။

အင်တာ မီလန်ကို သွားရင်လည်း အဲဒီအတိုင်းပါပဲ..။ ပေါ်တို၊ မက်ဒရစ်၊ ချယ်လ်ဆီး အသင်းတွေဆီကို အကြောင်းတစ်ခုခုနဲ့ ကျွန်တော်သွားခဲ့ရင် ပရိသတ်တွေက ကျွန်တော့်ကို အကောင်းဆုံး ကြိုဆို၊ လက်ခံကြတုန်းပါပဲ..။ အင်းပေါ့.. ခင်ဗျားက သူတို့လိုချင်တဲ့ အောင်မြင်မှုတွေကို အရယူပေးခဲ့တာကိုး.. လို့ ပြောကြမှာပါ..။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဆိုတာ သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ အသင်းဖြစ်ပါတယ်..။ သူတို့အသင်းပရိသတ်တွေဟာ ယူရိုပါလိဂ်၊ လိဂ်ဖလားပဲ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြတစ်ယောက်အပေါ် အခုလိုဂုဏ်ပြုပေးကြတယ်.. ဆိုတာ သူတို့အတွက်၊ သူတို့အသင်းအတွက် ကျွန်တော့်ဘက်က အစွမ်းရှိသမျှ ပေးဆပ်၊ ကြိုးစားပေးခဲ့တာ နားလည်၊ လက်ခံပေးကြလို့ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ဘက်က နောင်တရစရာ မရှိခဲ့ပါဘူး..။

အပိုင်း (၄) ဆက်လက် တင်ဆက်ပါမည်..။