အခန်း (၆) - ပြောင်းလဲလာခဲ့တဲ့ ဘောလုံးလောကအပေါ် ဟိုဆေး ရဲ့အမြင်...
ခရစ်စ် မက်ခ်ဟာဒီ - ဟိုဆေး ရေ.. ဘောလုံးကမ္ဘာဟာ အများကြီးပြောင်းလဲ သွားခဲ့တဲ့အကြောင်း အခုတွေ့ဆုံခန်းအစမှာ ကျွန်တော်တို့ ပြောခဲ့ကြပါသေးတယ်နော်..။ ချယ်လ်ဆီးမှာတုန်းက ဂျွန် တယ်ရီ၊ ဖရန့် လမ်းပတ် နဲ့ အိုဘီ မီခေးလ် တို့အပေါ် ခင်ဗျားရဲ့မောင်းနှင်ခဲ့တဲ့ပုံစံမျိုးကို အခုခေတ်အခါမှာ ပြန်ပြီးအသုံးမပြုနိုင်တော့တာ အသေအချာ..
ဟိုဆေး မော်ရင်ဟို - ဟေးး.. အခုအချိန်မှာ အဲဒီတုန်းကအတိုင်း သွားပြီးလုပ်လိုက်ရင် ထောင်ထဲတောင် ရောက်သွားမလား မသိဘူး.. ဟားဟား..။ ဒါပေမယ့် မန် ယူနိုက်တက်မှာတုန်းကလည်း ပထမပိုင်းအပြီးမှာ ကျွန်တော်ဟာ ကစားသမား တစ်ယောက်ကို လူစားလဲဖူးပါတယ်..။ နောက်ရက်ကျ ကစားသမားကို အရှက်ခွဲပါတယ်.. ဆိုပြီး သူ့ရဲ့အေးဂျင့်က ကျွန်တော့်ကိုလာပြီး စွပ်စွဲပါတယ်..။ (ဂျွန် အိုဘီ မီခေးလ် - No..!!!)
အေးးး.. တကယ်ပြောတာ..။ စတန်းဖို့ဒ် ဘရစ်ချ်တုန်းကလည်း နီမန်ဂျာ မာတစ်…၊ ပထမပိုင်းအပြီး.. (၄၅) မိနစ်မှာ သူ့ကိုလူစားသွင်းတယ်..၊ မိနစ် (၇၀) ရောက်တော့ ပြန်ထုတ်တယ်..။ ဒါဟာသူတို့ကို သင်ကြားပေးတာ (education) ပါ..။ ဒါဟာနည်းပြခြင်းရဲ့ အတတ်ပညာတစ်ခုပါပဲ..။ အနိုင်ရဖို့အတွက် လုပ်လို့ရတဲ့ဟာ အကုန်လုပ်ပါမယ်..။ အဲဒါကတော့ ကျွန်တော့်အတွက် ဘယ်တော့မှ မပြောင်းလဲပါဘူး..။
ဒါပေမယ့် ကျွန်တော်ဟာ ကိုယ့်ကိုယ့်ကိုလည်း ပြောင်းလဲရပါတယ်..။ အခုဆိုရင် ခင်ဗျားတို့နဲ့ ရယ်ရယ်မောမော ပြောကြတာပေါ့..။ ဒါပေမယ့် အချိန်တွေဟာ မတူညီတော့ပါဘူး..။ မြက်ခင်းစိမ်းပေါ်မှာတင် မဟုတ်ပါဘူး..၊ မိသားစုဘဝမှာလည်း အဖေတစ်ယောက်အနေနဲ့ ကလေးတွေရဲ့ ရင့်ကျက်လာမှုတွေနဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲပေးရတာပါပဲ..။ ပြင်ပဘဝမှာလည်း ပြောင်းလဲလာတဲ့ ကမ္ဘာကြီးနဲ့အညီ ကျွန်တော်တို့ရဲ့ ကျင့်ကြံ၊ ပြုမူ၊ နေထိုင်ပုံတွေကို ပြောင်းလဲပေးရပါတယ်..။ ဒါ့ကြောင့်ဘောလုံးကမ္ဘာဟာ မပြောင်းလဲပဲ ဘယ်ခံနိုင်မလဲဗျ..။ အရင်တုန်းက အိုဘီ.. တို့ ခေတ်တုန်းကဆိုရင် သူတို့တွေကို ပက်ပက်စက်စက် ဆဲ ခဲ့တာပဲ.. ဟုတ်တယ်မလား.. ဟားဟား..
ခရစ်စ် မက်ခ်ဟာဒီ - ဟားဟား.. လုပ်ပါဉီးဗျ..။ ဟိုဆေး က ခင်ဗျားကို ဘယ်လိုတွေတောင် ခြိမ်းခြောက်ခဲ့တာလဲ..?
ဂျွန် အိုဘီ မီခေးလ် - အများကြီးပဲဗျ..။ ပါးစပ်နဲ့ပြောတာတင် ဘယ်ကမလဲ..။ တခါတလေဆိုရင် အဝတ်လဲခန်းထဲက အနှိပ်ခုံတွေပါ လွင့်ထွက်ကုန်တဲ့အပြင် စားပွဲပေါ်မှာရှိနေတဲ့ ရေပုလင်းတွေ၊ ပစ္စည်းတွေ အကုန်လုံး လွင့်ထွက်ကုန်တာပေါ့..။ လက်နဲ့ဆွဲပြီး ရိုက်ထည့်လိုက်တာ မျက်နှာကြက်တွေပါ မှန်ကုန်တာပဲ…
ဟိုဆေး မော်ရင်ဟို - နေဉီး.. နေဉီး.. စားပွဲနဲ့ပတ်သက်ပြီး မင်းတို့တွေ မသိသေးတာတစ်ခု ပြောပါမယ်..။ တစ်နေ့မှာပေါ့… ထုံးစံအတိုင်း စားပွဲကိုပိတ်ကန်လိုက်ပါတယ်..။ ဒါပေမယ့် အချိန်အဆလွဲသွားတာဆိုတော့ ညှို့သကျဉ်းနဲ့ ကန်မိသွားတာပေါ့.. အားပါးပါး… နာချက်က အသည်းပါခိုက်တယ်.. ဟားဟာ;..။ ငိုတောင်ငိုချင်စိတ် ပေါက်မိပါတယ်..။ ဒါပေမယ့် မင်းတို့ကောင်လေးတွေက ငါ့ကိုဝိုင်းကြည့်နေတယ်လေ… ဘယ်လိုလုပ်ပြီး ငိုချလို့ရမလဲ..။ ဒါနဲ့ပဲ.. ပါးစပ်ကနေ… ‘အိုးဟိုးဟိုးး… ဝူးဝူးဝါးဝါး..’ အသံတွေအစုံလုပ်ပြီး ဟန်ဆောင်လိုက်ရတာပေါ့ကွာ…. ညှို့သကျဉ်းတောင် ကျိုးသွားမလားပဲဟေ့… ဟားဟား..
ခရစ်စ် မက်ခ်ဟာဒီ - ဟိုဆေး ရေ.. ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခင်ဗျားနဲ့ပတ်သက်ပြီး လူတွေမှတ်မိနေတဲ့ တစ်ချက်ကတော့ ခင်ဗျားဟာ အပြောင်းအလဲတွေ ပြုလုပ်ရာမှာ အရမ်းရက်စက်တာပဲ..။ ခင်ဗျားဟာ ကိုယ်မှန်းထားတဲ့အတိုင်း ဖြစ်မလာတာနဲ့ ပထမပိုင်း၊ ဒုတိယပိုင်းလို့ တွေးမနေပဲ တန်းပြီးလူစားလဲ ပစ်လိုက်တာပါပဲ..။ ကျွန်တော်မှတ်မိသလောက်ဆိုရင် ဖာဂီ၊ အာစင် ဝင်းဂါး တို့ဟာ အဲဒီလိုပုံစံတွေ သိပ်ပြီးပြုလုပ်လေ့ မရှိပါဘူး..။
ခင်ဗျားဟာ အင်္ဂလန်ဘောလုံးလောကကို ရောက်လာပြီး ပထမပိုင်း (၄၅) မိနစ်မှာ ကိုယ်မျှော်မှန်းထားတဲ့အတိုင်း စွမ်းဆောင် မပြနိုင်တာနဲ့ ချက်ချင်းလူစားလဲလိုက်ဖို့ ဝင်မလေးဘူး.. ဆိုတဲ့ အတွေးအခေါ်မျိုးဟာ အဲဒီအချိန်တုန်းက ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် ဆန်းသစ်တဲ့ အုပ်ချုပ်မှုပုံစံလို့ ပြောလို့ရတာပဲဗျ…
ဟိုဆေး မော်ရင်ဟို - အဲဒီလိုလုပ်လို့ရတယ်ဆိုတာ အရန်အင်အား တောင့်တင်းလို့ပါ..။ အဲဒီအချိန်က ကျွန်တော်တို့အသင်းရဲ့ အရန်ခုံတန်းမှာ ထိုင်နေတဲ့ ကစားသမားတိုင်းဟာ တကယ့်ကို အရည်အသွေးမြင့် ကစားသမားတွေပါပဲ..။ ဒါ့ကြောင့်ကျွန်တော်အမြဲတမ်း ပြောပါတယ်..၊ ‘ကစားသမားကောင်းတွေ ရှိလေလေ..၊ နည်းပြရဲ့ အရည်အသွေး ပိုပြီး တောက်ပြောင်လေလေ’ ပါပဲ..။ ကစားသမားကောင်းတွေ အများကြီး ရှိနေတယ်ဆိုရင် သူတို့တွေဆီက ခင်ဗျားဟာ တောင်းဆိုမှုတွေ ပိုပြီးလုပ်နိုင်မယ်..၊ အပြောင်းအလဲတွေ ပိုပြီးပြုလုပ်နိုင်ပါလိမ့်မယ်..။
မကြာသေးခင်ကပဲ ကျွန်တော့်ရဲ့ ကောင်လေးတစ်ယောက်နဲ့ စကားပြောဖြစ်ပါသေးတယ်..။ ‘ကျွန်တော်ကစားခွင့် ပိုပြီးရချင်တယ်.. ဘာတွေဆက်ပြီး လုပ်ဖို့လိုအပ်မလဲ..?’ လို့ သူကမေးပါတယ်..။ ကျွန်တော်က ‘မင်းအခုလုပ်နေတဲ့ အရာတွေအားလုံး မှန်ကန်နေတာပဲ..၊ ဒါ့ကြောင့်အသစ်ထပ်ပြီး ဘာမှလုပ်စရာ မလိုတော့ဘူး..’ လို့ ကျွန်တော်ဖြေလိုက်ပါတယ်..။ မင်းဟာ လေ့ကျင့်ကွင်းမှာ အကောင်းဆုံး လေ့ကျင့်နေတယ်..၊ အရန်ခုံပေါ်မှာ ငါ့ရဲ့ဘေးနား ထိုင်နေတဲ့အချိန်တွေမှာလည်း မင်းဆီကနေ အသင်းနဲ့အတူ ရှိနေတယ်.. ဆိုတဲ့ ခံစားချက်ကို ရနေပါတယ်..။ ကွင်းထဲကို ဝင်ခိုင်းပြီး ကစားခွင့်ပေးလိုက်ရင် မင်းဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ပြုလုပ်ပေးနိုင်နေပါတယ်..။ ပြဿနာ တစ်ခုပဲရှိပါတယ်..။ ဒီထက်ပိုပြီးကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ချင်လား..? ဒါဆိုရင်ငါတို့ရဲ့ အရန်ခုံမှာ အခုထက်ပိုပြီးကောင်းတဲ့ ကစားသမားတွေ ရှိနေဖို့ လိုအပ်ပါတယ်..။’ လို့ပဲ ဖြေကြားလိုက်ပါတယ်..။ ဒါတွေဟာ အမှန်တရားတွေပါ..။
ကျွန်တော်တို့ဟာ ပိုပြီးကောင်းမွန်တဲ့ ပွဲထွက်ကစားသမားတွေ ရှိနေဖို့လိုအပ်တယ်..၊ ပိုပြီးကောင်းမွန်တဲ့ အရန်ကစားသမားတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်..။ ဒါ့အပြင် တစ်ချို့ကစားသမားတွေဟာ မျှော်လင့်ထားသလို ကစားခွင့်ရမှာ မဟုတ်ပေမယ့် ရာသီကုန်တဲ့အချိန်မှာ ကိုယ့်အသင်းရဲ့ ဘုံရည်မှန်းချက်တွေကို ပြည့်မှီနိုင်ဖို့ အရေးအကြီးဆုံးဖြစ်တယ်.. ဆိုတာ နားလည်ပေးနိုင်တဲ့သူတွေ ခင်ဗျားရဲ့နောက်မှာ ရှိနေဖို့ လိုအပ်ပါတယ်..။ အရင်တုန်းက ကစားသမားတွေကို အုပ်ချုပ်ရတာ လွယ်ကူပါတယ်..။ အခုလက်ရှိအချိန်မှာ ကစားသမားတွေဟာ သူတို့ကိုသူတို့ အရမ်းကိုအရေးပါနေတယ်.. (entourage) လို့ ထင်မြင်နေကြပါတယ်..။ သူတို့ဘေးနား ပတ်ဝန်းကျင်ကလည်း သူတို့ကို အဲဒီလိုဖြစ်အောင် တွန်းအားပေး၊ မောင်းနှင်ပေးနေပါတယ်..။
ဒါ့အပြင် သူတို့ဆီမှာ တခြားစိတ်ဝင်စားရမယ့်အရာတွေ ပိုပြီးများပြားလာတယ်..။ သူတို့အပေါ် ဝေဖန်မှုတွေ၊ အကြံပေးမှုတွေကို တစ်ချိန်လုံးကြားနေရပါတယ်..။ ဒါ့ကြောင့်သူတို့တွေဟာ အရင်ထက်ပိုပြီး တစ်ကိုယ်ကောင်းဆန် (selfish) လာတယ်..၊ အသင်းရဲ့အရေးထက် ကိုယ့်ရဲ့တစ်ကိုယ်ရည် အောင်မြင်မှုအရေးကို ပိုပြီးအာရုံစိုက်လာကြပါတယ်..။ အရင်တုန်းက ကျွန်တော်ကိုင်တွယ်ခဲ့တဲ့ အသင်းတွေဟာ အခုထက်ပိုပြီး အသင်းလိုက် စုစည်းမှုစိတ်ဓါတ် ပိုပြီးကောင်းမွန်ကြပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ ကျွန်တော်တို့ ကြုံနေရတဲ့ စိန်ခေါ်မှုတွေဟာ အရင်တုန်းကနဲ့မတူညီ၊ ကွဲပြားခြားနားပါတယ်..။
ခရစ်စ် မက်ခ်ဟာဒီ - ခင်ဗျားဟာ ကစားသမားတွေရဲ့ ခံယူချက်၊ စိတ်ဓါတ် ကောင်းမွန်ဖို့နဲ့ အသင်းလိုက် အောင်မြင်မှုကို ပိုပြီးဦးစားပေးဖို့ အရေးကြီးတာကို ဦးတည်ပြီး ပြောသွားတာပေါ့..။ အခုမေးချင်တဲ့ မေးခွန်းကတော့ ခင်ဗျားခေါ်ယူခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး ခေါ်ယူမှု.. အဖြစ် သတ်မှတ်ထားခဲ့တဲ့ ကစားသမားဟာ ဘယ်သူဖြစ်မလဲ..? ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ တကယ့်ကို ကမ္ဘာ့အဆင့်.. ထိပ်တန်းကစားသမားတွေ အများကြီးပါပဲ..။ ဒါပေမယ့် အဲဒီကစားသမား တစ်ယောက်ကတော့ ခင်ဗျားကိုအံ့အားသင့်လာအောင် စွမ်းဆောင်ပြခဲ့တာလည်း ဖြစ်ချင်ဖြစ်နိုင်မှာပေါ့..။
ဟိုဆေး မော်ရင်ဟို - အဲဒီမေးခွန်းကို ငြင်းပါရစေ..။ ကျွန်တော်ဟာ ဒီလိုမေးခွန်းတွေကို ဖြေကြားလေ့မရှိပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ တခါတလေကျရင် apps တွေမှာပဲဖြစ်ဖြစ်၊ Instagram မှာပဲဖြစ်ဖြစ်.. ဘယ်သူဘယ်ဝါရဲ့ အကောင်းဆုံးအသင်း ‘The Best Team’ ဆိုပြီး ဖော်ပြကြပါတယ်..။ အဲဒီအသင်း၊ ကစားသမားတွေကို ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့သယောင် လူတွေက ထင်မှတ်ခဲ့ကြပါတယ်..။ ကျွန်တော်ဟာ အဲဒီလိုလုပ်ပေးဖို့ တောင်းဆိုမှုတိုင်းကို အမြဲတမ်းငြင်းပယ်ခဲ့ပါတယ်..။
အကောင်းဆုံးပေးဆပ်ခဲ့တဲ့ ကစားသမားတိုင်း၊ ကျွန်တော့်အတွက် သွေးနဲ့ချွေးနဲ့ရင်းပြီး အစွမ်းကုန် ကြိုးစားခဲ့ကြတဲ့ ကစားသမားတိုင်း၊ စိတ်ဓါတ်ခံယူချက်အပြည့်နဲ့ မဆုတ်မနစ် ကြိုးစားခဲ့ကြတဲ့ ကစားသမားတိုင်းဟာ ကျွန်တော်အနှစ်သက်ဆုံး ကစားသမားတွေ ဖြစ်ကြပါတယ်..။ ဥပမာဗျာ… ကျွန်တော်ကိုင်တွယ်ဖူးတဲ့ တိုက်စစ်မှူးတွေထဲမှာ အကောင်းဆုံး တိုက်စစ်မှူးက ဘယ်သူလဲ..? ဒရော့ဘာ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ အီဘရာဟီမိုဗစ်ချ်.. နောက်ထပ်အများကြီး ကျန်သေးတယ်..။ ဘယ်လိုလုပ်ပြီး ကျွန်တော်ရွေးလို့ရမလဲ..?
ဂိုးသမားနေရာမှာ ပီတာ ချက်၊ ကော့တွားစ်၊ ကာဆီးလက်စ်.. ဒါ့ကြောင့်ကျွန်တော့်အနေနဲ့ ရွေးချယ်ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။ သူတို့အတွက်လည်း မျှတမှုမရှိပါဘူး..။ အကောင်းဆုံး ဝယ်ယူမှုဆိုတာ ဘာကိုဆိုလိုတာလဲ..? ကစားသမားရဲ့ အရည်အသွေးနဲ့ ပေးရတဲ့ဈေးနှုန်း တန်၊ မတန်ကို ပြောမှာလား..? တခါတလေမှာ ဈေးပေါပေါနဲ့ ဝယ်ယူလို့ရခဲ့တဲ့ ကစားသမား တစ်ယောက်က ခင်ဗျားအတွက် အများကြီး ပေးဆပ်ခဲ့တယ်..။ ဒါဆိုရင် အဲဒီဝယ်ယူမှုမျိုးကို သိပ်ကောင်းတဲ့ ခေါ်ယူမှုလို့ ပြောမှာလား..? အဲဒါတွေကို ကျွန်တော်မနှိုင်းယှဉ်တတ်ပါဘူး..။
ဂျွန် အိုဘီ မီခေးလ် - ဘော့စ် ရယ်.. လွယ်ပါတယ်.. ‘ဂျွန် အိုဘီ မီခေးလ်’ လို့ ဖြေလိုက်ရင် မရဘူးလား.. ဟားဟား..
ဟိုဆေး မော်ရင်ဟို - မင်းဟာ ငါ့အတွက် တကယ့်ကို အကောင်းဆုံး ပေးဆပ်ခဲ့တဲ့ ကစားသမား တစ်ယောက်ပါ..။ ရိုးရိုးသားသား ဝန်ခံပါတယ်.. မင်းနဲ့ပတ်သက်ပြီး ပျော်ရွှင်၊ ကျေနပ်ခဲ့ရမှုတွေ အများကြီးရရှိခဲ့ပါတယ်..။ အခုအချိန်မှာ မင်းကစီစဉ်ပေးတဲ့ စကားဝိုင်းမှာ ပြောနေရလို့ ဒီစကားပြေတာ မဟုတ်ပါဘူး..။ မင်းနဲ့အတူ.. အလားသဏ္ဍာန်တူတဲ့ အခြေအနေတိုင်း၊ ကစားသမားတိုင်းဟာ ငါ့ကိုပျော်ရွှင်၊ ကျေနပ်မှု ရရှိစေခဲ့ပါတယ်..။ ငါအမှတ်မမှားဘူးဆိုရင်.. မင်းရဲ့ပထမဆုံး ချန်ပီယံလိဂ် ပွဲကစားခွင့်ဟာ ‘လက်စ်ကာ ဆိုဖီယာ’ အသင်းနဲ့.. မဟုတ်ဘူးလား..? (ဂျွန် အိုဘီ မီခေးလ် - Yeah..! မှန်ပါတယ်.. ဘော့စ်)
ခရစ်စ် မက်ဟာဒီ - Wow..!! တကယ့်ကို မှတ်မိတာပဲဗျ..။
ဟိုဆေး မော်ရင်ဟို - မင်းဟာ နော်ဝေးနိုင်ငံကနေ ရောက်လာတဲ့ ချာတိတ်တစ်ယောက်၊ လူငယ် ကစားသမားလေး တစ်ယောက်အဖြစ်နဲ့ စတင်ပါဝင်ခွင့်ရခဲ့တာနော်..။ အဲဒီကနေ နောက်ဆုံးမှာ ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူနိုင်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။ ချန်ပီယံလိဂ်ပွဲတွေ ဘယ်နှစ်ပွဲလောက် ကစားခွင့်ရခဲ့လဲ..? (၅၀)၊ (၆၀)၊ (၇၀) ပွဲလောက် ရှိခဲ့မှာပေါ့..။ မင်းဟာ ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့အချိန်တုန်းက ပိုက်ဆံအိတ်ထဲမှာ ငါးကျပ်လောက်ပဲ ရှိမယ်..။ ကျန်တဲ့ပိုက်ဆံအားလုံးကို မင်းရဲ့အေးဂျင့် ဂျွန် ရှီတူး က ဝိုက်သွားပြီ.. ဟားဟား..။ အခုဆိုရင် မင်းဟာ အသက် (၃၇) နှစ်အရွယ်.. ဟုတ်တယ်နော်…? ရင့်ကျက်တဲ့သူ တစ်ယောက်အဖြစ် အေးချမ်းပျော်ရွှင်တဲ့ မိသားစုနဲ့အတူ ဘဝကိုတည်တည်ငြိမ်ငြိမ် ဖြတ်သန်းနေပါပြီ..
ဂျွန် အိုဘီ မီခေးလ် - Thank you.. thank you ဘော့စ်.. ခင်ဗျားရဲ့ ကျေးဇူးတွေ၊ သွန်သင်ဆုံးမမှုတွေ၊ ပဲ့ပြင်လမ်းညွှန်မှုတွေ အများကြီးပါခဲ့ပါတယ်..။
ဟိုဆေး မော်ရင်ဟို - ဒါ့ကြောင့် မင်းရယ်..၊ နောက်ပြီးရီးရဲလ် မက်ဒရစ်မှာ ‘နာချို ဖာနန်ဒက်ဇ်’။ သူ့ရဲ့ရီးရဲလ် မက်ဒရစ် အသင်းနဲ့ ပထမဆုံး ပွဲထွက်ခွင့်ကို ငါနဲ့ရခဲ့ပါတယ်..။ ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲမှာ စပြီးပါဝင်ခွင့်ရတဲ့အချိန်တုန်းက သူဟာ အသက် (၁၈) နှစ်အရွယ် ကောင်လေးတစ်ယောက်ပဲပေါ့ကွာ..။ အဲဒီကနေ ရီးရဲလ် မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ရောက်ရှိသွားပါတယ်..။
ရာဖယ်လ် ဗာရန်းန် လည်း သူ့ရဲ့ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ပထမဆုံး ပွဲကစားခွင့်ကို ငါနဲ့ရရှိခဲ့ပါတယ်..။ အခုဆိုရင် သူဟာမရဖူးတဲ့ ဆုဖလားတွေ မရှိတော့ပါဘူး..။ ဒါ့ကြောင့်မင်းတို့လို ငါ့ရဲ့ကောင်လေးတွေဟာ ငါ့ရဲ့စိတ်ထဲ၊ အတွေးထဲမှာ အမြဲတမ်းရှိပါတယ်..။ ‘သား…’ ငါ့ရဲ့သားစစ်စစ်ကတော့ တစ်ယောက်ထဲ ရှိပါတယ်..။ အခုလန်ဒန်မြို့မှာ ရှိနေပါတယ်..။ အဲ.. သူ့ရဲ့ညီမလေးလည်း ပါတာပေါ့ကွာ..။ မင်းတို့တွေကတော့ ငါ့ရဲ့ကလေးတွေ..၊ ငါမွေးထုတ်ပေးလိုက်တဲ့ ကလေးတွေ (my boys) လို့ပဲ အမြဲတမ်းခံယူထားပါတယ်..။
အာဖရိက… ပြီးခဲ့တဲ့နွေရာသီတုန်းက အာဖရိကတိုက်ကို မိသားစုနဲ့အတူ အပန်းဖြေခရီးထွက်ခဲ့သေးတယ်..။ နမီးဘီးယားနိုင်ငံရဲ့ အင်မတန်မှ လူသူကင်းမဲ့လွန်းတဲ့ သဲကန္တာရကြီးရဲ့ အလယ်ခေါင်ကို ရောက်သွားပါတယ်..။ ဒါပေမယ့် ငါရောက်နေမှန်းသိသွားတော့ လူတွေအများကြီး ရောက်လာတယ်..၊ ငါ့ရဲ့အာဖရိကနွယ်ဖွား ကစားသမားတွေအကြောင်း တစ်ယောက်ပြီးတစ်ယောက် လာပြီးပြောနေကြတော့တာပဲ.. ဟားဟား..။ မလွယ်ဘူးဟ… အာဖရိကတိုက်ကို ငါထပ်ပြီးသွားလို့ မဖြစ်ပါဘူး.. ဟားဟား..။
အခန်း (၇) - ဟိုဆေး ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ခန့်မှန်းချက်..
ခရစ်စ် မက်ခ်ဟာဒီ - ကျွန်တော်မေးချင်တာ နောက်ဆုံးဖြစ်ပါမယ်..။ ဒါကလည်း ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက်က မေးခိုင်းလိုက်လို့ပါ..။ သူကဘာသိချင်လဲ.. ဆိုတော့ ၂၀၀၃ ခုနှစ်၊ UEFA ဖလား၊ ဗိုလ်လုပွဲမှာ မာတင် အိုနီးလ် ကို အနိုင်ရပြီး ပေါ်တိုအသင်းနဲ့ ဗိုလ်စွဲခဲ့တဲ့ ဟိုဆေး မော်ရင်ဟို နဲ့ ၂၀၂၃ ခုနှစ်၊ ယူရိုပါလိဂ် ဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့ ဟိုဆေး မော်ရင်ဟို… အဲဒီနှစ် (၂၀) ခြားနားခဲ့တဲ့ ကာလအတွင်းမှာ ဘယ်လိုတွေ ပြောင်းလဲသွားခဲ့လဲဗျ..? အခုအချိန် ကိုယ့်ကိုယ်ကို ပြန်ပြီးသုံးသပ်ကြည့်ရင် အရင်တုန်းကနဲ့ မတူညီတဲ့ ဟိုဆေး မော်ရင်ဟို လို့ ထင်မိရဲ့လား..? ဒါမှမဟုတ် အရင်တုန်းက ‘Special One’ ပဲလား..?
ဟိုဆေး မော်ရင်ဟို - အင်း… ဦးနှောက်ထဲက မူလီတစ်ချို့တော့ နည်းနည်းချောင်ကုန်ပါပြီ.. ဟားဟား..။ Yes.. အတူတူပါပဲ..။ အနိုင်ရရှိတာကို ပျော်ရွှင်နှစ်ခြိုက်တယ်..၊ အရှုံးပေးရတာကို အင်မတန်မှ မုန်းတီးပါတယ်..။ အတူတူပါပဲ..။ ဒါပေမယ့် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေက ကျွန်တော့်ကို တစ်ချို့အရာတွေအပေါ် အမြင်တွေ ပြောင်းလဲသွားစေခဲ့ပါတယ်..။ အခုအချိန်မှာ ကြုံတွေ့နေရတဲ့ အရာရာတိုင်းဟာ ဟိုးအရင်တုန်းက ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေလို ဖြစ်နေတော့ ပြန်ပြီးသေသေချာချာ သုံးသပ်ရတယ်..၊ ပြင်ဆင်ရတာပေါ့..။
ဒါပေမယ့် လူငယ်တွေနဲ့အတူ လက်တွဲလုပ်ရတဲ့အခါ နုပျိုတဲ့ခံစားချက်တွေ ရရှိလာသလို အခုဆိုရင် ‘ဂျွန် အိုဘီ မီခေးလ် လက်သစ်တွေ’ အများကြီး မွေးထုတ်ပေးနိုင်ခဲ့ပါပြီ..။ ရိုးမားအသင်းမှာ ရောက်ရှိခဲ့တဲ့ သုံးနှစ်အတွင်း ကျွန်တော့်ရဲ့ လက်ထက် ပထမဆုံး ကစားခွင့်ရခဲ့တဲ့ လူငယ်ကစားသမား (၁၅) ယောက် ရှိလာခဲ့ပါပြီ..။ အဲဒီမှတ်တမ်းတွေဟာ ကျွန်တော့်ကို ခွန်အားသစ်တွေ မွေးဖွားစေခဲ့ပါတယ်..။
ရိုးမားအသင်းဟာ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ ရှေ့ဆက်နေတဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်..။ ကစားသမား အကောင်းကြီးတွေ မရှိနေပေမယ့် အခုဆိုရင် ကျွန်တော်တို့ဟာ အီတလီစီးရီးအေ အမှတ်ပေးဇယားမှာ အဆင့် (၄) နေရာ ရောက်နေပါတယ်..။ (အဆိုပါတွေ့ဆုံခန်း ပြုလုပ်ချိန်တွင် ဖြစ်ပါသည်..။) အမှတ်ပေးဇယား အဆင့် (၄) နေရာဆိုတာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်နိုင်တဲ့ အနေအထားဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ ကြိုးစားခဲ့မှုတွေ အရာထင်လာတယ်.. လို့ ပြောနိုင်ပါတယ်..။ အသင်းမှာ လူငယ်ကစားသမားကောင်းတွေ အများကြီးရှိနေသလို အရည်အသွေးမြင့် လူငယ်ကစားသမားလေးတွေကိုလည်း စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်နေပါတယ်..။
ကျွန်တော်တို့အားလုံးဟာ အတူတူ လက်တွဲအလုပ်လုပ်ရုံတင်မကပဲ တူညီတဲ့ ရည်မှန်းချက်အပေါ် အမြင်တူနေကြတယ်.. ဆိုတဲ့ ခံစားချက်ကြောင့် ကျွန်တော်ဟာ မှန်ကန်တဲ့ နေရာတစ်ခုကို ရောက်နေတယ်.. လို့ပဲ ခံစားရပါတယ်..။ ဒါ့ကြောင့်ရိုးမားအသင်းက နေ့ရက်တိုင်းကို အထူးကျေနပ်၊ ပျော်ရွှင်ရပါတယ်..။
ခရစ်စ် မက်ခ်ဟာဒီ - အိုဘီ ကို နည်းနည်း ‘ကျပ်’ လိုက်ဦးမယ်..။ ဟိုဆေး ရေ.. JT ကလည်း ခင်ဗျားနဲ့တွေ့တိုင်း သူဟာအရမ်းကို စိတ်လှုပ်ရှားရတယ်..၊ ခြေတုန်လက်တုန် ဖြစ်ရတယ်လို့ ပြောခဲ့ပါတယ်..။ ဂျွန် အိုဘီ ဆိုရင် အခုခင်ဗျားနဲ့ မတွေ့ခင် သူခမျာ ထိုင်ရမလို၊ ထားရမလို၊ ချွေးတွေဒလဟော ထွက်နေပြီး မနေတတ် မထိုင်တတ်ပါပဲ.. ဟားဟား..။ ခင်ဗျားတို့တွေက ဟိုဆေး နဲ့တွေ့ရင် နေစရာမရှိအောင် ကြောက်ရပါတယ်.. လို့ ပြောခဲ့ကြပေမယ့် အခုဒီနေ့မှာတော့ ခင်ဗျားဟာ တကယ့်ကို လိမ္မာလွန်းလှတဲ့ ကြောင်ပေါက်စလေး တစ်ကောင် ပါပဲလားဗျ..
ဂျွန် အိုဘီ မီခေးလ် - ခင်ဗျားက အဲဒီလိုပဲ ထင်နေတာလား..။ အင်း.. ဘော့စ် ရေ.. ခရစ်စ် ကို ခင်ဗျားရဲ့အကြောင်း သိသွားအောင် အသင်းမှာ ခေါ်ထားလိုက်ပါလား..? ဘယ်နေရာထားပြီး ကစားခိုင်းရင် ကောင်းမလဲ..? ဟားဟား..
ဟိုဆေး မော်ရင်ဟို - တော့တင်ဟမ် အသင်းကို ကျွန်တော်ကိုင်တွယ်နေတုန်းက ဂျွန် တယ်ရီ ဟာ အက်စ်တွန် ဗီလာအသင်းရဲ့ လက်ထောက်နည်းပြအဖြစ်နဲ့ ရောက်လာပါတယ်..။ ကျွန်တော်တို့ ကွင်းထဲကို အတူတူဝင်လာပြီး JT ကတော့ သူ့အသင်းကို နည်းစနစ်ပိုင်း အကြံပြုရမှာတွေ ရှိတဲ့အတွက် နည်းနည်းလေး မြင်ကွင်းကောင်းတဲ့ အမြင့်ပိုင်းကခုံတွေမှာ သူ့ရဲ့ဘော့စ် ဒင်း စမစ် နဲ့အတူ သွားပြီးထိုင်ရပါတယ်..။ ဒါပေမယ့် ကျွန်တော့်ဘက်ကိုပဲ ကွက်ကြည့်၊ ကွက်ကြည့်.. လုပ်နေလို့ အနားပေးတဲ့အချိန် သူ့ရဲ့အနားသွားပြီး.. ‘ဟေး… ငါ့ဘက်ကို သိပ်မကြည့်နဲ့ဟ..’ လို့ သွားပြီးသတိပေးရတယ်.. ဟားဟား…။
ဂျွန် အိုဘီ မီခေးလ် - ဘော့စ် ရေ.. ကျွန်တော်တစ်ခုလောက် မေးချင်လို့ပါ..။ အခုနှစ်ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဘယ်အသင်း ဗိုလ်စွဲမယ်လို့ ခင်ဗျားခန့်မှန်းထားလဲ..?
ဟိုဆေး မော်ရင်ဟို - မန်ချက်စတာ စီးတီး (၅၁%) ရာခိုင်နှုန်း၊ လီဗာပူးလ် (၄၉ %) ရာခိုင်နှုန်း..
ခရစ်စ် မက်ခ်ဟာဒီ - အာဆင်နယ်…??
ဟိုဆေး မော်ရင်ဟို - Nah..!!
ဂျွန် အိုဘီ မီခေးလ် - ‘အာဆင်နယ်’ လို့ ပြောမထွက်တာလား.? ခါးသီးတဲ့ ပြိုင်ဘက်တွေအဖြစ် (rivalries) ရှိနေဆဲပဲလား..? ဘော့စ် ရေ.. ဟားဟား…
ဟိုဆေး မော်ရင်ဟို - မဟုတ်ပါဘူး..။ rivalries နဲ့ မဆိုင်ပါဘူး..။ သူတို့ရဲ့အချိန်မကျသေးဘူးလား..? လို့ပါ..။ အာဆင်နယ်အသင်းကို အနိုင်ရစေချင်ပါတယ်..။ ဒါပေမယ့် ကျွန်တော်က ခန့်မှန်းတဲ့နေရာမှာ ဘယ်လောက်သေချာမှုရှိလဲ. ထည့်တွက်ရမှာပေါ့..။ ဒီနှစ်မှာ ချယ်လ်ဆီးကို ထည့်ပြောစရာ မလိုဘူး..။ မန်ချက်စတာ ယူနိုက်တက် လည်း ဗိုလ်စွဲမှာမဟုတ်တော့ ထည့်ပြောစရာ မလိုဘူး..။ ဒါ့ကြောင့် မန် စီးတီး၊ လီဗာပူးလ် နဲ့ အာဆင်နယ်.. သုံးသင်းပဲ ကျန်တယ်..။
သူတို့သုံးသင်းထဲမှာ အာဆင်နယ် အသင်းဗိုလ်စွဲခဲ့ရင် ကျွန်တော်လည်း အတိုင်းထက်အလွန် ပျော်ရမှာပေါ့..။ အထူးသဖြင့် မန် စီးတီးနဲ့ လီဗာပူးလ် တို့ လွှမ်းမိုးထားတာကို ချိုးဖျက်နိုင်ခဲ့လို့ အထူးကျေနပ်ရပါမယ်..။ ဒါပေမယ့် (၅၁- ၄၉) လို့ ဘာကြောင့်ပြောရလဲ..? ဆိုတော့ ရာသီနောက်ပိုင်း ပွဲတွေများလာတဲ့အချိန်ကျရင် မန် စီးတီး ဟာ ပြိုင်ပွဲစုံ ယှဉ်ပြိုင်နိုင်ဖို့ နှစ်သင်းစာ အလုံအလောက် ရှိပါတယ်..။
ခရစ်စ် မက်ခ်ဟာဒီ - နယူးကာဆယ် ယူနိုက်တက် ကတော့ လိုအပ်နေသေးတယ်ဗျ..။ ခင်ဗျားလည်း ဆာ ဘော်ဘီ ရော့ဘ်ဆင် နဲ့ လက်တွဲပြီး အလုပ်လုပ်ခဲ့ဖူးပါတယ်..။ ဒါပေမယ့် သူတို့အသင်းကို ကိုင်တွယ်နေတဲ့ အက်ဒီ ဟောင်းဝ် ရဲ့ စွမ်းဆောင်ရည်ကတော့ ချီးကျူးစရာပါပဲ…။
ဟိုဆေး မော်ရင်ဟို - သေချာတာပေါ့..။ အထူးသဖြင့် ပီအက်စ်ဂျီနဲ့ သူတို့ယှဉ်ပြိုင်ခဲ့တဲ့ ပဲရစ်စ်မြို့ကပွဲမှာ ကျွန်တော်ဟာ နယူးကာဆယ် နည်းပြဖြစ်မနေတာ ကံကောင်းတာပဲ..
ခရစ်စ် မက်ခ်ဟာဒီ - Yeah..! ခင်ဗျားဆိုရင် ငွေဒဏ်၊ ပွဲပယ်ပြစ်ဒဏ်တွေ သေချာပေါက် မိမှာပဲ..
ဟိုဆေး မော်ရင်ဟို - ကျွန်တော့်ကိုဆိုရင် (၁၀) ပွဲပယ်မှာပေါ့ဗျာ..
ခရစ်စ် မက်ခ်ဟာဒီ - အဲဒီအလုံးက ပင်နယ်တီမှ မဟုတ်တာဗျာ..။ အဲဒီလိုအလုံးမျိုးကို ပင်နယ်တီ ပေးနေမယ်ဆိုရင် ဘောလုံးပွဲတွေက ဘယ်လိုလုပ်ပြီး အဓိပ္ပါယ်ရှိတော့မှာလဲ..?
ဟိုဆေး မော်ရင်ဟို - ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ကျွန်တော်ဘာမှ မပြောဘူးနော်..။ (၁၀) ပွဲ.. ဟ.. (၁၀) ပွဲ.. ဟားဟား..
ခရစ်စ် မက်ခ်ဟာဒီ - ဟားဟား.. ဟိုဆေး ရေ.. ကျွန်တော်တို့ကတော့ ခင်ဗျားကို ဘယ်တော့မှ ပွဲပယ်ပြစ်ဒဏ် မပေးပါဘူး..။ ဒီနေ့မှာ အခုလိုကျွန်တော်တို့ကို အချိန်ပေးပြီး ပြောကြားပေးတဲ့အတွက် အရမ်းကိုဝမ်းမြောက်၊ ဂုဏ်ယူရပါတယ်..။ အထူးသဖြင့် ဂျွန် အိုဘီ ရဲ့ Podcast ကို သားအဖတွေရဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ လက်ခံပေးတယ်ဆိုတာ သိခဲ့ရတဲ့အတွက် အထူးကြည်နူး၊ ဝမ်းမြောက်ရပြန်ပါတယ်..။
ဟိုဆေး မော်ရင်ဟို - အိုဘီ ရေ.. ဘယ်အချိန်မှာ ထပ်ပြီးလုပ်ဖို့ရှိဦးမလဲ..? အချိန်သာပြောလိုက်.. ငါ့ဘက်ကတော့ (၁၀၀ %) ရာခိုင်နှုန်း.. ပြည့်ပဲဟေ့.. (ဂျွန် အိုဘီ မီခေးလ် - ကျေးဇူးပါ.. ဘော့စ် ရေ..)
ခရစ်စ် မက်ခ်ဟာဒီ - နေဦးဗျ.. ဒီတစ်ခါဆိုရင်တော့ JT..၊ ဖရန့် လမ်းပတ်၊ ဂျိုး ကိုးလ် တို့ကို ဖိတ်မယ်ဗျာ..။ အဲ.. ပေါ်လို ဖာရဲရား.. သူတို့ကိုဖိတ်ပြီး ခင်ဗျားကို မေးခိုင်းမယ်..
ဟိုဆေး မော်ရင်ဟို - အား… သိပ်ကောင်းတဲ့ အကြံပေါ့ဗျာ..။ ဒီကောင်လေးတွေအားလုံးနဲ့ အတူတူသာ ဆုံဖြစ်မယ်ဆိုရင် ကျွန်တော်ကတော့ အခုလိုနေရာမှာ ရှိနေပြီးသား.. လို့သာ အောက်မေ့လိုက်တော့…။ အဲ… အဲဒီတွေ့ဆုံခန်းအတွက် နေရာကျယ်ကျယ်လိုမယ်..။
ဂျွန် အိုဘီ မီခေးလ် - အခန်းကျယ်ကျယ် စီစဉ်ပေးရမှာလားဗျ..
ဟိုဆေး မော်ရင်ဟို - ဒို့တတွေရဲ့ ကြီးကျယ်၊ များပြားလှတဲ့ သမိုင်းကြောင်းတွေ ထည့်ထားဖို့ပေါ့ကွာ…. Ok…