ချယ်လ်ဆီးအသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူပေးထားနိုင်ခဲ့သည့် ကစားသမားအဖြစ် စံချိန်မှတ်တမ်း ရေးထိုးထားခဲ့သည့် အင်္ဂလန်ကွင်းလယ် ကစားသမား ဖရန့် လမ်းပတ် မှာ Premier League က တင်ဆက်ခဲ့သည့် ‘Frank Lampard Chooses His ULTIMATE Premier League Goal!’ တွေ့ဆုံခန်းအစီအစဉ်တွင် သူ၏ကစားသမားဘဝအတွင်း အမှတ်ရခဲ့သည့် သွင်းဂိုးများနှင့် အဆိုပါသွင်းဂိုးများ နောက်ကွယ်မှ ဆုံးဖြတ်ချက်များ၊ နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများကို ပြောပြခဲ့ပါသည်...။
မေး - ဖရန့် ရေ… ခင်ဗျားရဲ့ကစားသမားဘဝအကြောင်း ပြောရမယ်ဆိုရင် တကယ့်ကို ရွှေရောင်လွှမ်းခဲ့တဲ့ ဒဏ္ဍာရီ သူရဲကောင်းကြီး တစ်ယောက်ရဲ့ အတ္တုပတ္ထိ ရာဇဝင်တစ်ခုကို နားထောင်နေရသလိုပဲ..။ ပရီးမီးယားလိဂ် ချန်ပီယံဆု (၃) ကြိမ်၊ FA ဖလားချန်ပီယံဆု (၄) ကြိမ်အပြင် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် ချန်ပီယံဆုတွေ၊ ကာလင်း ဖလား ချန်ပီယံဆုတွေကိုပါ ရရှိဆွတ်ခူးနိုင်ခဲ့ပါတယ်..။ တစ်ဦးချင်း စွမ်းဆောင်ရည်အနေနဲ့ဆိုရင် ပရီးမီးယားလိဂ် ပွဲပေါင်း (၆၀၉) ပွဲ ပါဝင်ကစားခဲ့ရတယ်..။ နောက်ထပ်စွမ်းဆောင်ရည် မှတ်တမ်းတစ်ခုကတော့ ကွင်းလယ် ကစားသမား တစ်ယောက်အနေနဲ့ ကြားလိုက်ရတဲ့သူတိုင်း အံ့အားသင့်၊ ချီးကျူးရမယ့် သွင်းဂိုး (၁၇၇) ဂိုး ဆိုတဲ့ အရေအတွက် ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ရရှိထားတဲ့ ကစားသမား၊ ဂိုးဖန်တီးပေးနိုင်မှု (၁၀၂) ကြိမ်.. တကယ့်ကို အံ့မခန်း စံချိန်မှတ်တမ်းတွေပါပဲ..။
ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားဘဝမှာ စွမ်းဆောင်နိုင်ခဲ့တာတွေအတွက် အမြဲတမ်း ဂုဏ်ယူခဲ့ရပါတယ်..။ ကျွန်တော်ဟာ ဝက်စ်ဟမ်း အသင်းကြီးမှာ ပါဝင်ခွင့်ရဖို့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရတဲ့ လူငယ်ကစားသမားလေး တစ်ယောက်အဖြစ်ကနေ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တယ်..။ ကျွန်တော့်ရဲ့ နာမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ခုနကခင်ဗျားပြောခဲ့တဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်ပေါ့ဗျာ..။
အခုအချိန်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ၊ ဖြတ်သန်းခဲ့ရတဲ့ကာလတွေကို ပြန်ပြောင်းသုံးသပ်ကြည့်ရင် ‘ဂိုးသွင်းကောင်းတဲ့ ကွင်းလယ် ကစားသမား တစ်ယောက်’ အဖြစ် ဝံ့ဝံ့ကြွားကြွား ရပ်တည်နိုင်ခဲ့တာကိုလည်း ကြည်နူး၊ ပီတိ ဖြစ်ရပါတယ်..။ ငယ်စဉ်ကလေးဘဝတုန်းက ဂိုးသွင်းကောင်းတဲ့ ကွင်းလယ် ကစားသမား တစ်ယောက်ဖြစ်တဲ့ ‘ပေါလ် ဂတ်စ်ကွိုင်’ ကို အားကျ၊ အတုယူခဲ့တာကိုးဗျ..။ ဒါ့ကြောင့်အခုအချိန်မှာ ကစားသမားဘဝတုန်းက သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှု ကိန်းဂဏန်းတွေကို ပြန်ပြီးမြင်မိတဲ့အခါလည်း ကျေနပ်မိပြန်တာပါပဲ..။
မေး - ဟုတ်ကဲ့ပါ..။ ခင်ဗျားရဲ့သွင်းဂိုးပေါင်း (၁၇၀) ကျော်ထဲက ထူးထူးခြားခြား အမှတ်ရနိုင်မယ့် သွင်းဂိုးတွေအကြောင်း မေးကြည့်ချင်ပါတယ်..။ အဲဒီသွင်းဂိုးတွေ ရရှိခဲ့တဲ့ အခြေအနေ၊ ကန်သွင်းပုံ နည်းစနစ်ပိုင်း သုံးသပ်ချက်တွေနဲ့ ကန်သွင်းတဲ့အချိန်မှာ ဘာကြောင့်အဲဒီလိုကန်သွင်းယူဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်.. ဆိုတဲ့ အသေးစိတ်လေးတွေ ပါဝင်ပါမယ်..။ ခင်ဗျားကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို ဝက်စ်ဟမ်းအသင်း ကစားသမားဘဝ ၁၉၉၇ ခုနှစ်၊ ဩဂုတ်လမှာ ဘန်စ်လေအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ စတင်ရရှိခဲ့ပါတယ်..။ အဲဒီအချိန်က အသက် (၁၉) နှစ်အရွယ်ပဲ ရှိဦးမှာပေါ့..။
ကျွန်တော်ဟာ ဝက်စ်ဟမ်းအသင်းမှာ ကြီးပြင်းလာခဲ့တဲ့ လူငယ် ကစားသမားလေး တစ်ယောက်ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းကို နှစ်ခြိုက်၊ အားပေးခဲ့ပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့ငယ်ဘဝ ပထမဆုံးအိပ်မက်က ဝက်စ်ဟမ်းအသင်းရဲ့ ပထမအသင်းကြီးမှာ ပါဝင်ခွင့်ရဖို့ ဖြစ်ပါတယ်..။ နောက်ပြီးဂိုးသွင်းကောင်းတဲ့ ကွင်းလယ် ကစားသမား တစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်..။ ပထမအိပ်မက် အကောင်အထည်ပေါ်ခဲ့ရလို့ ပျော်ရွှင်နေရတဲ့အချိန် သွင်းဂိုးပါ ရရှိခဲ့တော့ ဘာပြောကောင်းမလဲဗျာ..။ ကိုယ်နှစ်ခြိုက် အားပေးခဲ့ရတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အင်္ကျီကို ဝတ်ဆင်ခွင့်ရတယ်..၊ အသင်းကို ကိုယ်စားပြုခွင့် ရခဲ့သလို သွင်းဂိုးပါ ရရှိခဲ့တယ်ဆိုတော့ ရှိသမျှအိပ်မက်တွေအားလုံး တပြိုင်နက်ထဲ စုပြုံ ပြည့်စုံသွားသလိုပါပဲ..။
အဲဒီဂိုးဟာ အခုအချိန် ပြန်တွေးကြည့်ရင် ထူးထူးခြားခြား လှပနေတဲ့ သွင်းဂိုးတစ်ဂိုး မဟုတ်ပါဘူး..။ ဘယ်တောင်ပံက ဖြတ်တင်ဘောကို ဘယ်ခြေနဲ့ပိတ်သွင်းယူဖို့ ကြိုးစားတဲ့အချိန် ထိချက်က ချော်ထွက်သွားပြီး ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲ ခုန်ဆွခုန်ဆွနဲ့ ဂိုးဝင်သွားခဲ့တာဗျ..။ ဒါပေမယ့် လူငယ် ကစားသမားလေး တစ်ယောက်အတွက် ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုး ရရှိခဲ့တဲ့အချိန် ပျော်ရွှင်မှုဟာ သိပ်ကိုချိုမြိန်၊ အမှတ်ရဖို့ ကောင်းခဲ့ပါတယ်..။
မေး - ခင်ဗျားရဲ့ကစားသမားဘဝ နောက်ဆုံးဂိုးကို ၂၀၁၅ ခုနှစ်၊ မေလ.. အက်တီးဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးနဲ့ ဆောက်ပ်သမ်တန်ပွဲစဉ်မှာ ဂျိမ်းစ် မီလ်နာ ရဲ့ ညာတောင်ပံကနေ ဖြတ်တင်၊ ပေးပို့မှုကတဆင့် သွင်းယူပေးခဲ့ပါတယ်..။ အဲဒီသွင်းဂိုးမှာ ဂိုးဧရိယာထဲကို ချိန်သားကိုက် ပြေးဝင်လာတဲ့ ခင်ဗျားရဲ့လှုပ်ရှားမှု၊ နေရာယူမှုတွေဟာ အဓိကကျခဲ့သလို အဲဒီလိုပုံစံ လှုပ်ရှား၊ နေရာယူမှုတွေက ရရှိခဲ့တဲ့ သွင်းဂိုးတွေလည်း အများကြီးပါပဲ…။
အဲဒီဂိုးဟာ ကျွန်တော်နှစ်သက်တဲ့ သွင်းဂိုးတွေထဲမှာ ပါဝင်ပါတယ်..။ အထူးသဖြင့် ကျွန်တော့်ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲမှာ သွင်းဂိုးနဲ့အတူ နှုတ်ဆက်ခွင့်ရခဲ့တာဟာ ပိုပြီးအမှတ်ရစေတာပေါ့ဗျာ..။ မှန်ပါတယ်.. ခင်ဗျားပြောသလိုပါပဲ.. အဲဒီဂိုးဟာ ဂိုးဧရိယာထဲပေးပို့တဲ့ ဘောလုံးတွေကို ချိန်သားကိုက် ရောက်ရှိပြီး သွင်းယူခဲ့တဲ့ ကျွန်တော်သွင်းနေကျ ဂိုးတွေလိုပါပဲ..။ ဒါပေမယ့် ကျွန်တော့်ရဲ့ သွင်းဂိုးတွေအကြောင်း ပြောကြမယ်ဆိုရင် အဝေးကန်ချက် သွင်းဂိုးတွေကို အရင်ဆုံး သတိရတတ်ကြပါတယ်..။ ကျွန်တော်ကတော့ ဂိုးဧရိယာမှာ နေရာလွတ် ရအောင်ရှာဖွေပြီး သွင်းယူခဲ့တဲ့ ဂိုးတွေကိုလည်း အဝေးကန်ချက်တွေနဲ့ထပ်တူ နှစ်သက်တဲ့အကြောင်း မကြာခဏ ပြောခဲ့ဖူးပါတယ်..။
အဲဒီဂိုးကို နှစ်သက်ရတဲ့ နောက်ထပ်အကြောင်းရင်းက ဂိုးဧရိယာထဲကို ကျွန်တော်ပြေးဝင်လာတဲ့အချိန် ဗဟိုနောက်ခံလူတစ်ယောက်က ကျွန်တော်နဲ့အတူ ကပ်ပြီးပါလာပါတယ်.. (ပုံ- ၁)။
ကျွန်တော်က သူ့ရဲ့လှုပ်ရှားမှုကို ကြည့်လိုက်ပြီး ဆက်မပြေးပဲ ရပ်တန့်လိုက်ပါတယ်...။ နောက်ခံလူအရှိန်လွန်ပြီး ကျော်သွားခဲ့တာကြောင့် ကျွန်တော်ကန်သွင်းနိုင်မယ့် နေရာလွတ် ပေါ်လာတာပဲ..(ပုံ- ၂)။ အဲဒီလို တဒင်္ဂအတွင်း နေရာလွတ်ကို ရှာဖွေနိုင်စွမ်းဟာ အတွေ့အကြုံနဲ့ သင်ယူခဲ့တာလို့ ပြောရပါမယ်..။ နောက်ခံလူတွေက ဘယ်လိုပုံစံ လှုပ်ရှားမှုတွေကို မကြိုက်ဘူး..၊ အဲဒါဆိုရင် ကျွန်တော်က ဘယ်လိုပုံစံ ရွှေ့လျား နေရာယူသင့်တယ်.. စတာတွေကို အတွေ့အကြုံတွေကနေပဲ သင်ယူ၊ လေ့လာရတာပါ..။ အဲဒီသွင်းဂိုးဟာ နည်းစနစ်ပိုင်းအရ ကောင်းမွန်တဲ့ ဂိုးတစ်ဂိုး ဖြစ်ပါတယ်..။
မေး - ဖရန့် လမ်းပတ် ရဲ့ အမှတ်သင်္ကေတ (trademark) အဝေးကန်ချက် သွင်းဂိုးတွေ (screamers) အကြောင်း ပြောကြရအောင်ဗျာ..။ ခင်ဗျားရဲ့ကစားသမားဘဝမှာ ဂိုးဧရိယာပြင်ပ၊ ဂိုးဧရိယာထိပ်ကနေ မနားတမ်း အပြင်းကန်သွင်းခဲ့တဲ့ဂိုးတွေ အများကြီးပါ..။ အဲဒီထဲကနေ အမှတ်ရမိတဲ့ သွင်းဂိုးတစ်ဂိုးက ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ.. အဲဗာတန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ဂိုးဧရိယာအပြင်ကနေ ညာခြေနဲ့ ကန်သွင်းခဲ့တဲ့ဂိုး ဖြစ်ပါတယ်..။
မှတ်မိပြီ..။ အဲဒီပွဲမှာ ဒီဒီယာ ဒရော့ဘာ က (၃၅) ကိုက်ကနေ အဝေးကန်ချက်နဲ့ အနိုင်ဂိုးသွင်းယူ ပေးသွားခဲ့တာ..။ ကျွန်တော့်ရဲ့ဂိုးထက် ဒရော့ဘာ ရဲ့ဂိုးကို ပိုပြီးကြိုက်ပါတယ်..။ ပြီးတော့ သူကန်တဲ့နေရာက ပိုပြီးဝေးတယ်..။ တစ်ချက်ထိန်းပြီး မနားတမ်း ပတ်ကန်လိုက်တာ.. တကယ့်ကို လှပတဲ့သွင်းဂိုးပဲဗျ..။ ကျွန်တော့်ရဲ့ သွင်းဂိုးကတော့ ကန်သွင်းနေကျ အဝေးကန်ချက် ပုံစံအတိုင်းပါပဲ..။
ကျွန်တော်ဟာ အဲဒီလိုအဝေးကန်ချက်တွေကို နေ့စဉ်နေ့တိုင်း အချိန်ပေး လေ့ကျင့်ပါတယ်..။ ဒါ့ကြောင့်ကိုယ့်ရဲ့ခြေထဲကို ဘောလုံးရောက်လာတာနဲ့ ကန်သွင်းယူဖို့ ဆုံးဖြတ်ချက်တွေဟာ သူ့အလိုလို (instinctive) ရောက်ရှိလာတယ်လို့ပဲ ပြောရမှာပါ..။ ဒါ့အပြင်အဝေးကန်ချက် လေ့ကျင့်ခန်းတွေ ပြုလုပ်ရင်းနဲ့ ဖိနပ်ဦးကို ဘောလုံးရဲ့အောက်ကို စိုက်ကန်ပြီး အပြင်ဘက်ကိုဝှေ့ဝိုက်သွားတဲ့ ကန်သွင်းနည်းစနစ်ကို အလေးပေး လေ့ကျင့်ခဲ့ပါတယ်..။ ဒါ့ကြောင့် ဆော်လ်မွန် ကာလူး ဆီက ပေးပို့လာတဲ့ ဘောလုံးကို ကန်သွင်းယူနိုင်ဖို့ အသင့်ဖြစ်အောင် တစ်ချက်ထိန်းပြီး ဘောလုံးအောက်ထဲစိုက်ပြီး ကန်သွင်းခဲ့ပါတယ်..။
ဘောလုံးအပြင်ဘက်ကိုဝှေ့ပြီး အရှိန်နဲ့ထွက်သွားကတည်းက ဂိုးရဲ့အပေါ်ထောင့်ထဲကို တန်းပြီးဝင်သွားလိမ့်မယ်လို့ စိတ်ထဲက ခံစားနေခဲ့မိပါတယ်..။ အဝေးကန်ချက်ကို အရှိန်နဲ့ကန်သွင်းခွင့် ရလိုက်ပြီဆိုကတည်းက ဂိုးအပေါ်ထောင့်ကို ဦးတည်ပြီး ဂိုးပေါက်ထဲကို စိုက်ကျလာမယ်ဆိုတဲ့ အသိရှိနေခဲ့ပါတယ်..။ အရေးကြီးတာက ဂိုးပေါက်တည့်ဖို့ပါ..။ အဲဒီလိုကန်ချက်တွေဟာ ဂိုးပေါက်ထဲကို ဝှေ့ဝှိုက်ပြီးကျလာတဲ့အပြင် အရှိန်လည်းပါပြီး ဂိုးသမားတွေ ကာကွယ်နိုင်ဖို့ အင်မတန် ခက်ခဲပါတယ်..။
မေး - ဟုတ်ပါတယ်..။ ခင်ဗျားရဲ့ကန်ချက်အများစုက ဂိုးပိုက်ထဲကို တန်းကနဲပါပဲ..။ နောက်ထပ် အမှတ်ရမိတဲ့ အဝေးကန်ချက်သွင်းဂိုး တစ်ဂိုးကတော့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ဂိုးဧရိယာ ပြင်ပကနေ ကန်သွင်းယူနိုင်ခဲ့တဲ့ ဂိုးဖြစ်ပါတယ်..။ ဘယ်ဘက်ကနေ အက်ရှ်လေ ကိုးလ် ပြန်ပေးလိုက်တဲ့ ဘောလုံးကို အတင်းပြေးဝင်ဖျက်တဲ့ နယူးကာဆယ် ကစားသမားကို ရင်ဘတ်နဲ့တစ်ချက်ထိန်း ခေါက်ထွက်၊ ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို အပြင်းကန်သွင်းခဲ့တာပါ..။
အဲဒီဂိုးဟာ ခင်ဗျားရဲ့ဘောလုံးရာသီ (၁၀) ရာသီဆက်တိုက် အနည်းဆုံး (၁၀) ဂိုး သွင်းနိုင်တယ်.. ဆိုတဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းစေနိုင်ခဲ့တဲ့ ဂိုးလည်းဖြစ်ပါတယ်..။ အဲဒီလိုခက်ခဲလှတဲ့ စွမ်းဆောင်ရည်တစ်ခုကို နှစ်ပေါင်းများစွာ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းနိုင်ဖို့ အရေးအကြီးဆုံး လိုအပ်ချက်ဟာ ‘သွင်းဂိုးတွေကို ဘယ်လိုရရှိအောင် စွမ်းဆောင်နိုင်မလဲ..?’ ထိုးထွင်းသိနေတဲ့ ခင်ဗျားရဲ့အဇ္စတအတွင်းစိတ် (mind set) ဖြစ်ပါတယ်..။ အဲဒီထိုးထွင်းအသိစိတ်ကြောင့် ခင်ဗျားဟာ အခြားကွင်းလယ် ကစားသမားတွေထက် ပိုပြီးထူးခြားတဲ့သူ ဖြစ်နေခဲ့တာလား..?
ကစားသမားတိုင်းမှာ ဂိုးတွေသွင်းယူပေးချင်စိတ် အနည်းနဲ့အများ ရှိကြတာပဲဗျ..။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပင်ကိုယ်စိတ်ထဲမှာ ဂိုးသွင်းယူချင်တဲ့ ဆာလောင်စိတ်က သူများတွေထက် နည်းနည်းတော့ ပိုနေပါလိမ့်မယ်..။ ကျွန်တော့်ရဲ့ ဂိုးဆာလောင်စိတ်၊ ဂိုးရလိုစိတ် ပြင်းပြတဲ့ဆန္ဒကို ကျွန်တော်နဲ့အတူ နှစ်ရှည်လများ တွဲဖက်လေ့ကျင့်ဖူးတဲ့ အသင်းဖော်တွေ သိကြပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ဂိုးသွင်းလေ့ကျင့်ခန်းကို နေ့စဉ်နေ့တိုင်း သူများထက်ပိုပြီး ကြိုးစားလေ့ကျင့်ခဲ့လို့ ဖြစ်ပါတယ်..။
နောက်ပြီးကျွန်တော်ဟာ ကိုယ်သွင်းယူပေးခဲ့တဲ့ ဂိုးတိုင်းကို အဲဒီအတိုင်း နောက်ထပ်တစ်ကြိမ် ပြန်လည်သွင်းယူနိုင်အောင် ထပ်ခါထပ်ခါ ပြန်လည်လေ့ကျင့်ခဲ့ပါတယ်..။ ဒီလိုသွင်းဂိုးတွေရဖို့ အရေးကြီးတာက ကန်ချက်ပြင်းအား (kick power) ပေါ့ဗျာ..။ ဒီလိုပြင်းအားမျိုးရဖို့ အကြိမ်တစ်ထောင်လောက် အထပ်ထပ်အခါခါ လေ့ကျင့်ခဲ့ပါတယ်..။ ဒါ့ကြောင့်အဲဒီလို ဂိုးသွင်းခါနီးအခိုက်အတန့်ကို ရောက်လာပြီဆိုရင် စိတ်ထဲက မစဉ်းစားလိုက်ရပဲ သူ့အလိုအလျောက် ကန်သွင်းဖြစ်တာ များပါတယ်..။
တကယ်လို့ လူငယ်ကွင်းလယ် ကစားသမား တစ်ယောက်က ဂိုးဧရိယာအပြင်ဘက်ကနေ ဘယ်လိုပုံစံနဲ့ ဂိုးရအောင် ကန်သွင်းမလဲ..? ဆိုပြီး မေးလာခဲ့ရင် သူတို့စိတ်ကျေနပ်အောင် အတိအကျ ပြန်ပြောပြနိုင်ဖို့ ခက်ခဲပါတယ်..။ ‘လေ့ကျင့်..၊ လေ့ကျင့်.. လေ့ကျင့်ပြီးရင် ဆက်တိုက်သာ လေ့ကျင့်.. (practice.. practice.. practice)’ ပေါ့ဗျာ..။ ဒီလိုနဲ့ အခွင့်အရေးရလာတဲ့ အချိန်ကျရင် မစဉ်းစားလိုက်ရပဲ ခန္ဓာကိုယ်က သူ့ရဲ့အလိုအလျောက် ကန်သွင်းမိသွားပါလိမ့်မယ်..။
အပိုင်း (၂) ဆက်လက် တင်ဆက်ပေးပါမည်..။