feature-image

အပြာရောင်ဂန္ထဝင် ကွင်းလယ် ကစားသမား ‘ဖရန့် လမ်းပတ်’ ရဲ့ ဂိုးသွင်းယူခြင်း အနုပညာ (၂)

ချယ်လ်ဆီးအသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူပေးထားနိုင်ခဲ့သည့် ကစားသမားအဖြစ် စံချိန်မှတ်တမ်း ရေးထိုးထားခဲ့သည့် အင်္ဂလန်ကွင်းလယ် ကစားသမား ဖရန့် လမ်းပတ် မှာ Premier League က တင်ဆက်ခဲ့သည့် ‘Frank Lampard Chooses His ULTIMATE Premier League Goal!’ တွေ့ဆုံခန်းအစီအစဉ်တွင် သူ၏ကစားသမားဘဝအတွင်း အမှတ်ရခဲ့သည့် သွင်းဂိုးများနှင့် အဆိုပါသွင်းဂိုးများ နောက်ကွယ်မှ ဆုံးဖြတ်ချက်များ၊ နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများကို ပြောပြခဲ့ပါသည်...။

မေး - ဒီတစ်ခါကတော့ ခင်ဗျားရဲ့ကစားသမားဘဝ အရေးကြီးတဲ့ မှတ်တိုင်တွေကို စိုက်ထူစေခဲ့တဲ့ ဂိုးတွေအကြောင်း ပြောချင်ပါတယ်..။ နှစ်ပေါင်း (၅၀) အတွင်း ချယ်လ်ဆီးအသင်းကို ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံ..၊ ပရီးမီးယားလိဂ် ဗိုလ်စွဲစေခဲ့တဲ့ ဘော်လ်တန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ အနိုင်ဂိုးနှစ်ဂိုးစလုံးကို ခင်ဗျားပဲ သွင်းပေးခဲ့တာပါ..။

အဲဒီပွဲအနိုင်ရလဒ်ဟာ ကျွန်တော်တို့ ပထမဆုံးရရှိခဲ့တဲ့ ကြီးမားတဲ့ အောင်မြင်မှုဖြစ်နေခဲ့ပါတယ်…။ ချယ်လ်ဆီးအတွက်လည်း နှစ်ပေါင်း (၅၀) အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဆု ပြန်လည်ရရှိခဲ့တဲ့ပွဲ ဖြစ်တာကြောင့် အဲဒီပွဲက သွင်းဂိုးတွေကို အခုအချိန်မှာပြန်ပြီး ကြည့်လိုက်တိုင်း ပျော်ရွှင်တဲ့စိတ်၊ ရင်ခုန်စိတ်လှုပ်ရှားရတဲ့စိတ်တွေ ဖြစ်နေဆဲပါပဲ..။ အထူးသဖြင့် အနိုင်ရလဒ်ကို သေချာစေခဲ့တဲ့ ဒုတိယဂိုးပေါ့ဗျာ..။

မေး - ဘော်လ်တန်အသင်းရဲ့ ထောင့်ကန်ဘောကို နောက်တန်းက ရှင်းထုတ်လိုက်ချိန် ကွင်းလယ်မှာရှိနေတဲ့ မက်ခလီလီ ဆီ ရောက်သွားပါတယ်..။ သူကတစ်ချက်ထိန်းပြီး ကွင်းလယ်ကိုချိုးပေးလိုက်တဲ့အချိန် ဘော်လ်တန် တစ်သင်းလုံး တိုက်စစ်ကျွံနေခဲ့တာကြောင့် ခင်ဗျားဟာကွင်းလယ်ကြောတစ်လျှောက် အေးအေးဆေးဆေး ဆွဲပြေးလာရင်း ဂိုးသမား ဂျက်စ်ကယ်လိုင်းနန်း နဲ့ တစ်ယောက်ချင်းတွေ့ပါတယ်..။ အဲဒီအခိုက်အတန့်မှာ ဘေးကနေ ပြေးတက်လာတဲ့ အသင်းဖော် (ရီကာဒို ကာဗယ်လ်ဟို) ကို ထိုးပေးလိုက်ရင် ကောင်းမလား.. ဆိုတဲ့ အတွေးဝင်ခဲ့သေးလား..?

No.. မစဉ်းစားခဲ့ပါဘူး..။ ကျွန်တော့်ရဲ့နေရာမှာ တခြားသူဆိုလည်း ဘေးကိုထိုးပေးဖို့ စဉ်းစားကြမှာ မဟုတ်ပါဘူး..။ အခုပြန်ပြီးစဉ်းစားမိတဲ့အခါ ကွင်းလယ်ကနေ တောက်လျှောက်ဆွဲလာပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့တဲ့အချိန်ထိ ကျွန်တော်ဟာ စိတ်အေးအေး ထားနိုင်ခဲ့ပါတယ်..။ တခါတလေကျ အချိန်တွေအများကြီး ရတာလည်း မကောင်းဘူးဗျ..။ စိတ်ထဲမှာ စဉ်းစားစရာတွေ များလာပြီး ဟိုလိုလုပ်လိုက်ရင် ကောင်းမလား..? ဒီလိုလုပ်လိုက်ရင် ကောင်းမှာပဲ.. အာရုံထွေပြားတတ်ပါတယ်..။ ဒီလိုနဲ့ အခွင့်အရေးတွေ ဆုံးရှုံးတတ်တာတွေ ရှိပါတယ်..။



ကွင်းလယ်ကနေ လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးလာရတယ်ဆိုပေမယ့် ကျွန်တော်ဟာ လျှင်မြန်မှုအကောင်းဆုံး ကစားသမား မဟုတ်ဘူးဆိုတာ သိထားပါတယ်..။ ဒါ့ကြောင့်ဘောလုံးကို ကိုယ့်ရဲ့ခြေထဲကနေ ခပ်ဝေးဝေးအထိ လွတ်ထွက်မသွားအောင် ထိန်းသိမ်းရင်း တတ်နိုင်သမျှ အမြန်ဆုံးဆွဲပြေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ဒါကပထမအဆင့်ပေါ့..။ ပုံမှန်ဆိုရင် ကျွန်တော်ဟာ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ပြီဆိုရင် ကန်သွင်းနိုင်မယ့် နေရာတစ်ခုကို ရှာဖွေပြီး ဂိုးသမားရဲ့ အဝေးထောင့်.. ဒါမှမဟုတ် အနီးထောင့် တစ်ခုခုထဲကို အနိမ့်ဘော ကန်သွင်းတတ်ပါတယ်..။ ဒါပေမယ့် ဂိုးသမားနဲ့နီးလာချိန်မှာ သူကကန်သွင်းမှုကို ပိတ်ဆို့နိုင်ဖို့ ကျွန်တော့်ဆီကို အရှိန်နဲ့ပြေးတက်လာတာ မြင်လိုက်ပါတယ်..။ ဒါ့ကြောင့်သူ့ကိုကျော်ဖြတ်ဆွဲပြေးပြီးမှ ကန်သွင်းဖို့ကို ရွေးချယ်ခဲ့ပါတယ်..။ အဲဒီလိုကျော်ဖြတ်ပြေးဖို့ ဆုံးဖြတ်ခဲ့တာ ဂိုးသမားရဲ့ လှုပ်ရှားမှုကြောင့်ပါ..။
         
မေး - ၂၀၀၄/၀၅ ခုနှစ်‌ ဘောလုံးရာသီမှာ ခင်ဗျားတို့ချယ်လ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်ဟာ တကယ့်ကို အံ့မခန်းပါပဲ..။ ဒါ့အပြင်အဲဒီနှစ်ဘောလုံးရာသီမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ နောက်ထပ်နှစ်ပေါင်းများစွာ ရရှိလာခဲ့တဲ့ အသင်းရဲ့အောင်မြင်မှုတွေကို ပထမဆုံး အစပျိုးပေးလိုက်တာပါပဲ..။

ကျွန်တော်တို့အသင်းဟာ အရမ်းကိုတောင့်တင်းတဲ့အသင်းပါ..။ အသင်းသား အများစုဟာ အသက် (၂၀) ကျော် အရွယ်တွေနဲ့ ခြေစွမ်းတက်ရိပ် ပြနေတဲ့အချိန် ဟိုဆေး မော်ရင်ဟို ရောက်ရှိလာခဲ့ပါပြီး ကျွန်တော်တို့တွေရဲ့ တောက်မယ့်မီးခဲခဲ တရဲရဲတွေကို မီးတောက်ကြီးတွေအဖြစ် အစွမ်းကုန် တောက်ပလာအောင် အရှိန်မြှင့်ပေးခဲ့တာပါ…။ အဲဒီရာသီမှာ ကျွန်တော်တစ်ယောက်ထဲ (၁၅) ဂိုး ရခဲ့တယ် ထင်တယ်..။ ပြီးတော့ အဲဒီနှစ်ရာသီမှာ ရရှိခဲ့တဲ့ ယုံကြည်မှုမျိုးကို ပြန်လည်ရရှိဖို့ မလွယ်ဘူးဗျ..။ ရာသီတစ်ဝက်ကျော်တဲ့အချိန်လောက်မှာ ကျွန်တော်တို့ဟာ ဘယ်တော့မှ မရှုံးနိုင်တော့ဘူး ဆိုတဲ့ အတွေးဝင်လာခဲ့သလို နောက်လာမယ့်ပွဲဆိုရင်လည်း ပွဲမကန်ခင်ကတည်းက သေချာပေါက် နိုင်ရမယ်.. ဆိုတဲ့ ခံစားချက်တွေ ရှိနေခဲ့ပါတယ်..။

အထူးသဖြင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ကန်ရတဲ့ပွဲဆိုရင် ပိုပြီးသေချာနေတာပေါ့..။ သိပ်ကိုကောင်းမွန်တဲ့ ခံစားချက်တွေ ဖြစ်ခဲ့ပါတယ်...။ တစ်ပွဲမှာကျွန်တော် မသွင်းနိုင်ရင် ဒီဒီယာ သွင်းပေးလိမ့်မယ်..။ ရော်ဘင် သွင်းပေးလိမ့်မယ်..။ တကယ်လို့ ပြိုင်ဘက်တွေက ကျွန်တော်တို့ကို ကျော်ဖြတ်သွားခဲ့ရင် ဂိုးပေါက်ရှေ့မှာ နောက်ဆုံးခံစစ် ကျောက်ဆောင်ကြီး ပီတာ ချက် ရှိနေခဲ့ပါတယ်..။ ပြီးတော့တခြား အသင်းဖော်တွေရဲ့ တစ်ဦးချင်း အရည်အသွေးတွေကလည်း သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။



မေး - နောက်ထပ်တစ်ဂိုးကတော့ ၂၀၁၃ ခုနှစ်၊ မေလ.. အက်စ်တွန် ဗီလာအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ သွင်းယူပေးခဲ့တဲ့ဂိုးပေါ့ဗျာ..။ ခင်ဗျားဆီကနေ အစပြုပြီး ဂျူအန် မာတာ၊ အီဒင် ဟာဇက် နဲ့ အက်ရှ်လေ ကိုးလ် တို့ရဲ့ တွဲလုံးကတဆင့် ဘယ်တောင်ပံကနေ ဟာဇက် ရဲ့ အနီးကပ် ပေးပို့မှုကို ခင်ဗျားပဲ ပိတ်သွင်းယူပေးခဲ့တာပါ..။ ဂန္ထဝင်တိုက်စစ်မှူးကြီး ဘော်ဘီ တန်းဘလင်း နှစ်ပေါင်း (၄၀) ကျော် စိုက်ထူထားခဲ့တဲ့ စံချိန်ကိုချိုးဖျက်ပြီး ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်စေခဲ့တဲ့ဂိုး ဖြစ်ပါတယ်..။

အခုလိုသွင်းဂိုး အရေအတွက် ရရှိနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ရပါတယ်..။ ဒီလိုနဲ့ဘော်ဘီ တန်းဘလင်း ရဲ့ စံချိန်ကို နီးကပ်လာတဲ့အချိန် အသက်တဖြည်းဖြည်း ကြီးလာပါပြီ..။ ဒါ့ကြောင့်တခါတလေမှာ မကစားရတဲ့ပွဲတွေ ပိုများလာတာပေါ့ဗျာ..။ ဒါ့အပြင်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေက အဆင်မပြေ ဖြစ်နေခဲ့တဲ့အချိန် ဖြစ်ပါတယ်..။ ရာသီကလည်း ကုန်တော့မယ်..၊ အသင်းကနေ ထွက်ရတော့မလား..? စဉ်းစားနေရတဲ့အချိန်လည်း ဖြစ်ခဲ့ပါတယ်..။

ဒါပေမယ့် ကံကောင်းချင်တော့ အဲဒီပွဲမတိုင်ခင် ပွဲတွေမှာ ဂိုးတွေပြန်ပြီး ရလာခဲ့သလို အဲဒီပွဲအပါအဝင် ရာသီကုန်ခါနီး ပွဲစဉ်တွေမှာ ပရိသတ်တွေနဲ့ အသင်းဖော်တွေကလည်း ကျွန်တော့်ကို သွင်းဂိုးတွေရပြီး ဘော်ဘီ တန်းဘလင်း ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ ဆန္ဒအရမ်းပြင်းပြနေကြပါတယ်..။ အဲဒါကြောင့် ဂိုးဝင်သွားချိန်မှာ အားလုံးက တကယ့်ကို အူလှိုက်သည်းလှိုက် အောင်ပွဲခံခဲ့ကြတာပါ..။



မေး - ဟုတ်ကဲ့ပါ..။ အခုအချိန် ပြန်ပြီးနားထောင်ရတာကို အရမ်းကြည်နူးဖို့ ကောင်းလှပါတယ်ဗျာ..။ အခုနောက်ထပ် ဆွေးနွေးချင်တဲ့ ဂိုးကတော့ ကန်သွင်းပုံတိကျမှု (precision) အကြောင်း ဖြစ်ပါတယ်..။ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ.. ဟူးလ် စီးတီးအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ဂိုးဧရိယာထိပ်ကနေ ဂိုးသမားအပေါ်ကိုကျော်ပြီး ကန်သွင်းယူခဲ့တဲ့ဂိုး (chipping goal) ပေါ့ဗျာ..။ အဲဒီဂိုးကန်သွင်းတဲ့အချိန် ခင်ဗျားဟာ ရည်ရွယ်ချက်ရှိရှိ ကန်သွင်းခဲ့တာလား..? မရည်ရွယ်ပဲနဲ့ ဂိုးသမားရဲ့အပေါ်ထောင့်ထဲကို ဂိုးဝင်သွားခဲ့တာလား..?

အဲဒီထောင့်ထဲကို သေသေချာချာချိန်ပြီး ကန်သွင်းခဲ့တာပါ..။ အခုလိုမေးတာ ကျေးဇူးပါ…။ ကန်သွင်းတဲ့အချိန်မှာ အဲဒီလိုပုံစံ ဂိုးဝင်သွားနိုင်တယ်.. ဆိုပြီး ရည်ရွယ်ချက်ရှိခဲ့ပါတယ်..။ ဒါပေမယ့် ခန္ဓာကိုယ်က သူ့ရဲ့အလိုအလျှောက် ဆောင်ရွက်ခဲ့တာလည်း (instinctive) တစိတ်တပိုင်း ပါဝင်ပါတယ်..။ တကယ့်ကန်သွင်းခါနီး စက္ကန့်ပိုင်းရဲ့ အပုံတစ်ရာပုံရင် တစ်ပုံလောက် အခိုက်အတန့်လေးကျမှ ဘယ်လိုပုံစံ ကန်သွင်းမယ်.. ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ..။

အဲဒီဂိုးမှာ ကျွန်တော်က အစအဆုံး ပါဝင်နေသလို ဖြစ်နေခဲ့ပါတယ်..။ ဒါ့ကြောင့်လည်း ကန်တဲ့အချိန်မှာ ရည်ရွယ်ချက်ရှိတယ်လို့ ပြောခဲ့တာပါ..။ ဘယ်တောင်ပံမှာ ရှိနေတဲ့ ဖလောရင့်စ် မာလူဒါ က ကျွန်တော့်ဆီကို အသာလေး လှိမ့်ပေးဘောလုံးကို တစ်ချက်ထိန်းပြီး သူ့ရဲ့ပြေးလမ်းထဲကိုပဲ ထိုးပေးလိုက်ပါတယ်..။ ဒါပေမယ့် နောက်တန်းက ဖျက်ထုတ်လိုက်ရာမှာ ဘောလုံးက ကျွန်တော့်ရဲ့ရှေ့ကို အနေတော်လေး လှိမ့်လာပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ ဘယ်လိုပုံစံ ကန်သွင်းရင်ကောင်းမလဲ.. စဉ်းစားဖို့ အချိန်ရခဲ့ပါတယ်..။ ဂိုးသမားရဲ့ အနေအထားကိုကြည့်ပြီး သူ့ရဲ့ဘယ်ဘက်အပေါ်ထဲကို ကန်သွင်းလိုက်ရင် ကောင်းမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပေါ့..။

ဒါပေမယ့် အဲဒီပုံစံအတိုင်း ပြန်သွင်းပြနိင်မလား..? အကြိမ် (၁၀၀၀) လောက် ကြိုးစားကြည့်လည်း ဂိုးဝင်ချင်မှ ဝင်ပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်ခြေဟာ ကျွန်တော့်ရဲ့ အားမသန်တဲ့ခြေ ဖြစ်နေလို့ပါ..။ အဲဒီလို ကိုယ်အားမသန်တဲ့ခြေထောက်နဲ့ ပတ်သက်ရင် များများလေ့ကျင့်ဖို့ပဲ မှာကြားချင်ပါတယ်..။ ချယ်လ်ဆီးကို ရောက်လာခါစက ဂျွန် တယ်ရီ၊ ဂျိုဒီ မောရစ်စ တို့နဲ့အတူ ဂိုးသွင်းလေ့ကျင့်ခန်းတွေ ပြုလုပ်ကြတဲ့အခါ ကျွန်တော့်ရဲ့ ဘယ်ခြေကန်ချက်တွေဟာ အမြဲတမ်းဟာသတွေလို ဖြစ်နေခဲ့ပါတယ်..။ ဒါ့ကြောင့်နှစ်ပေါင်းများစွာ ကျားကုတ်ကျားခဲ လေ့ကျင့်ရင်း အခုလိုဘယ်ခြေနဲ့ chipping ball တွေပါ ကန်သွင်းနိုင်ခဲ့တာပေါ့ဗျာ..။



မေး - chipping ခေါ်မှာမလား..? dinked ball လို့ ခေါ်မလား..? အမျိုးမျိုးခေါ်နိုင်ပေမယ့် ဖြတ်တင်ဘော (cross) မဟုတ်တာတော့ သေချာတာပေါ့.. ဟားဟား..။ အဲဒီဂိုးကို ခင်ဗျားရော ဘယ်လိုဂိုးလို့ ခေါ်မလဲ..?
ဟားဟား.. Chipping လို့ပဲ ခေါ်ပါမယ်..။

မေး - နောက်ထပ် မေးချင်တာက အဆုံးသတ်ဂိုးသွင်းဖို့ ဂိုးဧရိယာထဲကို အချိန်ကိုက်ပြေးဝင်ပုံ (timing) အကြောင်းပါ…။ ဖြတ်တင်ဘောတွေကို အဆုံးသတ်ဂိုးသွင်းတဲ့နေရာမှာ ခန္ဓာကိုယ်က သူ့အလိုအလျောက် (instinctive) လှုပ်ရှားသွားတာလား..? ဘယ်နေရာကျရင် ဘယ်လိုပုံစံ ရွှေ့လျားမယ်.. ဆိုတဲ့ ပုံသေနည်း (rule) တွေ ရှိပါသလား..?

ဂိုးဧရိယာထဲကို ချိန်သားကိုက် ပြေးဝင်တာကို လေ့ကျင့်ကွင်းမှာ အတိအကျ ဇာတ်တိုက်၊ လေ့ကျင့်ဖို့ မဖြစ်နိုင်ပါဘူး..။ ကန်ချက်တွေကတော့ အကြိမ် (၁၀၀၀) လောက် ထပ်ခါထပ်ခါ လေ့ကျင့်မယ်ဆိုရင် အဲဒီပုံစံအတိုင်း ထပ်တူကန်ပြနိုင်ဖို့ ဖြစ်နိုင်ပါလိမ့်မယ်..။ဘာဖြစ်လို့လည်းဆိုတော့ ဂိုးဧရိယာထဲကို ပြေးဝင်တဲ့အခါ ဂိုးဧရိယာထဲကို ဘောလုံးကျလာတဲ့ အနေအထား၊ နောက်ခံလူတွေရဲ့ နေရာယူပုံ အနေအထားတွေ၊ သူတို့တွေရဲ့ တစ်ဦးချင်း အမူအကျင့်တွေကိုပါ ထည့်သွင်းစဉ်းစားရတာ ဖြစ်တာကြောင့် တစ်ကြိမ်နဲ့တစ်ကြိမ် ဘယ်လိုမှ မတူညီနိုင်ပါဘူး.။

ကျွန်တော်ဟာ ကွင်းလယ် ကစားသမား ဖြစ်တာကြောင့် ဂိုးဧရိယာထဲကို ပြေးဝင်တဲ့အချိန် မှန်ကန်ရပါမယ်..။ အရှိန်တင်တဲ့အခါလည်း ဘောလုံးရောက်လာမယ့်အချိန်နဲ့ ချိန်သားကိုက် အတိအကျ.. ကွက်တိ ဖြစ်နေရပါမယ်..။ နောက်ပြီးစိတ်ကြိုက် ကန်သွင်းယူနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့အနားမှာ နောက်ခံလူ ရှိမနေရဘူးပေါ့ဗျာ..။ ကျွန်တော်အပါအဝင် ကွင်းလယ် ကစားသမားတွေဟာ နောက်ခံလူတွေကို ရုန်းထွက်နိုင်ဖို့ ရှေ့တိုး၊ နောက်ဆုတ် ပြေးလွှားရတာ မကြိုက်ကြဘူးဗျ..။ ဒါ့ကြောင့် ဂိုးဧရိယာထဲကို ပြေးဝင်မယ့်အချိန် ကိုယ့်ရဲ့အနားမှာ နောက်ခံလူတွေရှိမနေအောင် ဂရုစိုက်ပြီး နေရာယူ၊ ပြေးလွှားပါတယ်..။

နောက်ဆုံးအချက်အနေနဲ့ ကိုယ့်အသင်းဘက်က ပေးပို့တဲ့ ဖြတ်တင်ဘော ကောင်းမွန်နေဖို့ လိုအပ်ပါတယ်…။ ပေးပို့လိုက်တဲ့ ဘောလုံးထက် စောပြီးရောက်နေလို့ မဖြစ်ဘူးဗျ..။ ဘောလုံးကျလာမယ့်အချိန်ကို အတိအကျ ရောက်ရှိရမယ်..၊ ပိတ်သွင်းမယ့်အချိန် ကိုယ့်ရဲ့အနားမှာ နောက်ခံလူတွေ ရှိမနေဖို့ သေချာအောင် ပြုလုပ်နိုင်ရပါမယ်..။


 
မေး - အခုဆွေးနွေးခဲ့တဲ့ သွင်းဂိုးတွေထဲမှာ ခင်ဗျားရဲ့အကြိုက်ဆုံးဂိုးကို ရွေးချယ်ပေးပါလား..?

ဟူးလ်အသင်းနဲ့ပွဲမှာ ဂိုးသမားကိုကျော်ပြီး သွင်းယူခဲ့တဲ့ chipping သွင်းဂိုးဟာ နည်းစနစ်ပိုင်းအရ (technical) ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးတွေထဲမှာ အကောင်းဆုံး သွင်းဂိုးဖြစ်နိုင်ပါတယ်…။ ဘော်လ်တန်အသင်းနဲ့ပွဲက ဂိုးကတော့ ကျွန်တော်တို့မျိုးဆက်ရဲ့ အောင်မြင်မှုတွေကို အစပျိုးတဲ့ဂိုး၊ မှတ်တိုင်စိုက်ထူ ပေးနိုင်ခဲ့တဲ့ဂိုး ဖြစ်တာကြောင့် ကျွန်တော့်အတွက်သာမက ပရိသတ်တွေအတွက်၊ အသင်းအတွက်ပါ စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံးဂိုး ဖြစ်ပါတယ်..။

 ဒါ့အပြင်ကျွန်တော့်ရဲ့ဂိုးတွေထဲမှာ ဂိုးသမားကို ကျော်ဖြတ်ပြီး သွင်းယူခဲ့တဲ့ဂိုးက ရှားပါးပါတယ်..။ ဒါ့ကြောင့်နည်းစနစ်ပိုင်းအရဆိုလည်း မဆိုးဘူးလို့ ပြောရမှာပဲ.. ဟားဟား.။ ဒါ့ကြောင့် ၂၀၀၄/၀၅ ဘောလုံးရာသီ၊ ဘော်လ်တန်အသင်းနဲ့ပွဲမှာ သွင်းယူပေးခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သေချာစေတဲ့ ဒုတိယဂိုးဟာ ကျွန်တော့်ရဲ့အနှစ်သက်ဆုံး ပရီးမီးယားလိဂ် သွင်းဂိုးလို့ ပြောရမှာပဲ..။