feature-image

ချယ်လ်ဆီးရဲ့ ဘဏ္ဍာရေး အခြေအနေ vs အကယ်ဒမီထွက် ကစားသမားတွေရဲ့ အနာဂတ်

ပြီးခဲ့တဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ငွေကြေးသုံးစွဲမှုတွေဟာ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ‘အရှုံးအမြတ် ခံနိုင်ရည် စည်းမျဉ်းသတ်မှတ်ချက် (profit and sustainability rules- PSR)’ တွေနဲ့ ကိုက်ညီမှုရှိခဲ့တဲ့ကြောင်း ပရီးမီးယားလိဂ် အဖွဲ့ချုပ်က တနင်္လာနေ့မှာ ကြေငြာခဲ့ပါတယ်..။ အခုလိုကြေငြာချက် မထွက်ပေါ်လာခင် ချယ်လ်ဆီးအသင်းဟာ အဲဒီ PSR စည်းမျဉ်းတွေကို ချိုးဖောက်နိုင်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်..။

အခုတော့ ပြီးခဲ့တဲ့တစ်ရာသီအတွက် တစ်ရန်အေးသွားပါပြီ..။ ဒါပေမယ့် လာမယ့်နှစ် ဒီအချိန်ကျရင် အခု ၂၀၂၃/၂၄ ဘောလုံးရာသီ ဘဏ္ဍာရေး ရှင်းတမ်းအတွက် ထပ်မံရင်ခုန်ရဖို့ ရှိနေပါတယ်..။ ချယ်လ်ဆီးနဲ့ တော့ဒ် ဘိုလေး တို့ကို အဆိုးမြင်တဲ့ မီဒီယာတစ်ချို့ကတော့ အမှတ်လျော့ခံရမယ်..၊ ဒဏ်ငွေပြစ်ဒဏ် ကျခံရလိမ့်မယ်…၊ အဆုံးစွန်.. တန်းဆင်းရလိမ့်မယ်.. စတဲ့ ခေါင်းစီးသတင်းတွေနဲ့ ခြိမ်းခြောက်၊ ဟိန်းဟောက်နေကြပါတယ်..။

ဒါ့ကြောင့်အားကစားနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေး အချက်အလက်ပိုင်းမှာ ကျွမ်းကျင်တဲ့ Swiss Ramble နဲ့ The Athletic သတင်းဌာနတို့က တင်ပြချက်တွေအပေါ် မူတည်ပြီး ချယ်လ်ဆီးအသင်းရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကိုင်တွယ်မှုတွေဟာ စိုးရိမ်ဖွယ်ရှိရဲ့လား..? ဘယ်လိုအချက်တွေကို ဂရုစိုက်လိုက်မယ်ဆိုရင် ဒီလိုအခြေအနေတွေ ဖြစ်လာမှာကို ရှောင်ရှားနိုင်မှာလဲ..? စသဖြင့် သုံးသပ်ကြည့်ပါမယ်..။



ချယ်လ်ဆီးအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေ ရှေ့အလားအလာ…

ပထမဆုံး သိထားရမယ့်အချက်က ချယ်လ်ဆီးအသင်းရဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီ ဘဏ္ဍာရေးရှင်းတမ်း အခြေအနေဟာ ကောင်းမလား..? ဆိုးမလား..? ရှင်းရှင်းလင်းလင်း ရှိမနေသေးပါဘူး..။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့အပြီး တွက်ချက်မှုတွေအရ ချယ်လ်ဆီးအသင်းဟာ ၂၀၂၃/၂၄ ဘောလုံးရာသီကုန်တဲ့အချိန်ကျရင် အမြတ်ခွန်မဆောင်ရသေးခင်အရှုံး (pre-tax loss) စတာလင်ပေါင် (၁၃၂) သန်း ရှိနိုင်တယ်လို့ Swiss Ramble အဖွဲ့က ခန့်မှန်းခဲ့ပါတယ်..။

ပရီးမီးယားလိဂ် အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေအရ အသင်းတွေရဲ့ ဘောလုံးရာသီ တစ်ရာသီမှာ အရှုံး၊ အမြတ်တွေကို တွက်ချက်ရာမှာ သုံးနှစ်ပေါင်းကိုတစ်ဖြတ် (monitoring period) ပေါင်းပြီး ကြည့်လေ့ ရှိပါတယ်..။ ဒါ့ကြောင့်ပြီးခဲ့တဲ့ ၂၀၂၁/၂၂ ရာသီ၊ ၂၀၂၂/၂၃ ရာသီနဲ့ ၂၀၂၃/၂၄ သုံးရာသီပေါင်း ခန့်မှန်းတွက်ချက်တဲ့အခါ ချယ်လ်ဆီးအသင်းဟာ စတာလင်ပေါင် (၂၀၁) သန်း အရှုံးပေါ်နေပြီး ပရီးမီးယားလိဂ်က ခွင့်ပြုထားတဲ့ အများဆုံး အရှုံးခံနိုင်တဲ့ပမာဏ စတာလင်ပေါင် (၁၀၅) သန်းထက် နှစ်ဆနီးပါး များပြားနေပါတယ်..။

ဒါပေမယ့် အဲဒီစတာလင်ပေါင် (၂၀၁) သန်း.. ဆိုတဲ့ အရှုံးပမာဏထဲမှာ အမျိုးသမီးအသင်း၊ လူငယ် အကယ်ဒမီ၊ အခြားအခြေခံ အဆောက်အဦးတွေ (infrastructure) အတွက် ရင်းနှီးမြုပ်နှံမှုများကို ဖယ်ထုတ်လို့ရသလို COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ငွေကြေးပမာဏတွေကို ချန်ထားလို့ ရပါတယ်..။ (Swiss Ramble အဖွဲ့ကတော့ ချယ်လ်ဆီးအသင်းဟာ ကိုဗစ်ရောဂါကြောင့် ကွင်းပိတ်ကစားခဲ့ရတဲ့ ၂၀၁၉/၂၀ ဘောလုံးရာသီနဲ့ ၂၀၂၀/၂၁ ဘောလုံးရာသီ.. နှစ်ရာသီပေါင်း ပျမ်းမျှ စတာလင်ပေါင် (၆၄) သန်း အရှုံးပေါ်ခဲ့တယ်လို့ တွက်ချက်ထားပါတယ်…။)

ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ရိုမန် အေဘရာမိုဗစ်ချ် ကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ကာလအတွင်း အသင်းရဲ့ ဘဏ်အကောင့်များကို ပိတ်ပင်ခံရတဲ့ ကာလတွေမှာ ထိခိုက်နစ်နာခဲ့ရတာတွေကို ထည့်သွင်းလျှောက်လဲလို့ ရနိုင်ပါသေးတယ်..။ အထက်ပါ တွက်ချက်မှုတွေဟာ ခန့်မှန်းတွက်ချက်မှုတွေဖြစ်တဲ့အတွက် အခုဇန်နဝါရီနဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ကစားသမား ရောင်းချမှုတွေ၊ အခြားဝင်ငွေအရပ်ရပ်တွေအပေါ် မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်..။



ဒါ့ကြောင့်ကနဦး တွက်ချက်ထားမှုတွေအပေါ် မူတည်ပြီး သုံးသပ်ရမယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်အထိ ကာလအတွင်း ငွေသားအားဖြင့် စတာလင်ပေါင် (၉၆) သန်း အသင်းရဲ့ဘဏ်အကောင့်ထဲကို ရှာဖွေ၊ ထည့်သွင်းပေးနိုင်ဖို့ လိုအပ်နေပါတယ်..။ အဲဒီလိုမှ မဟုတ်ရင် အသင်းဟာ အမှတ်လျော့တဲ့ပြစ်ဒဏ် ကျခံရဖို့ ရှိနေပါတယ်..။ 

ဒါဆိုရင် ဘာတွေဆက်လုပ်ကြမလဲ…?

အစောက ဖော်ပြထားသလို ၂၀၂၄ ခုနှစ်၊ ဇွန်လမတိုင်ခင်အထိ ကစားသမား ရောင်းချလို့ရတဲ့ (player sales) ဝင်ငွေအားလုံးဟာ အခု ၂၀၂၃/၂၄ ဘောလုံးရာသီအတွက် တွက်ချက်မှုတွေထဲမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်..။ ကစားသမားတွေ ရောင်းချခြင်းအားဖြင့် သူတို့ကိုပေးချေစရာ မလိုအပ်တော့တဲ့ လစာငွေ (wages) တွေကလည်း အသင်းရဲ့ ကုန်ကျစရိတ်ကို သက်သာစေပါလိမ့်မယ်..။

ကစားသမား အဝယ်၊ အရောင်းတွေကနေ အရှုံးအမြတ်ကို တွက်ချက်တဲ့အခါမှာ သူတို့ရဲ့ ပြောင်းရွှေ့ကြေး (transfer fees) + လစာ (wages) တွေ စာချုပ်သက်တမ်း (contract length in years) နဲ့ စားပြီး နှစ်အလိုက် ပေးချေရမယ့် ပမာဏ (annual amortization) နဲ့ တွက်ချက်ပါတယ်..(amortization တွက်ချက်ပုံ နမူနာ- ပူးတွဲပုံ)။ ရိုမီလူ လူကာကူ၊ ကက်ပါ အရီဇာဘာလာဂါ နဲ့ မာ့စ် ကူကူရယ်လာ တို့လို လစာမြင့် ကစားသမားတွေကို ရောင်းချမှုကနေ အမြတ်ငွေအများကြီး ရလာဖို့မရှိသလို အရှုံးတောင်ပေါ်ဖို့ များပါတယ်..။



ဒါပေမယ့် ပူးတွဲပုံမှာ မြင်တွေ့ရတိုင်းအတိုင်း အကယ်ဒမီထွက် ကစားသမား ရောင်းချငွေတွေက အသင်းအတွက် အသားတင်အမြတ်ငွေ (pure profit) ပါပဲ..။ ဒါ့ကြောင့်လည်း ကော်နာ ဂါလက်ချာ၊ အာမန်ဒို ဘရိုဂျားစ် တို့လို အကယ်ဒမီထွက် ကစားသမားတွေကို ရောင်းချမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာ ဖြစ်ပါတယ်..။

လူငယ်အကယ်ဒမီထွက် ကစားသမားတွေ ကစားသမားတွေဟာ အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ဘယ်လိုပုံစံ ဖြေရှင်းပေးနိုင်မလဲ..? ဆိုတာ သူတို့တွေရဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေအပေါ် မူတည်ပြီး ခန့်မှန်း၊ တွက်ချက်ကြည့်ပါမယ်..။

•    အီယန် မတ်ဆန် - အသင်းနှင့်ချုပ်ဆိုထားသော စာချုပ်သစ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လမတိုင်မီ စာချုပ်ဖျက်သိမ်းခ (release clause) စတာလင်ပေါင် (၃၅) သန်းဖြင့် ထွက်ခွာခွင့် ရှိနေသည်..။ ဒေါ့မွန်အသင်းက ရာသီဝက်အတွက် အဌားကြေး (loan fees) စတာလင်ပေါင် (၂) သန်း ပေးချေရမည်..။

•    ထရေဗာ ချာလိုဘာ - ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၂၅) သန်း သတ်မှတ်ထားပြီး ပရီးမီးယားလိဂ် အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေကြသည်..။

•    အာမန်ဒို ဘရိုဂျားစ် - ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၀- ၃၅) သန်းခန့် ရရှိနိုင်ဖွယ်ရှိနေပြီး ဝက်စ်ဟမ်း အပါအဝင် ပရီးမီးယားလိဂ် အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေကြသည်..။

•    ကော်နာ ဂါလက်ချာ - စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု မရရှိသေးသလို ဆွေးနွေးမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးပေ..။ လက်ရှိအသင်းတွင် ခြေစွမ်းပြနေသည့် ကစားသမား ဖြစ်‌သောကြောင့် ရောင်းချရန်မသင့်သော်လည်း ချယ်လ်ဆီးအသင်းက ဘဏ္ဍာရေး အခြေအနေလိုအပ်ချက်အရ ရောင်းချရန် ဆန္ဒရှိနေပါသည်..။ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၄၅- ၅၀) ခန့် ရရှိဖွယ်ရှိနေသည်..။

•    ဟာဗီ ဗေးလ် - ဘရစ္စတို ရိုဗားစ် အသင်းတွင် ခြေစွမ်းပြနေပြီး ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁- ၂) သန်းခန့်ဖြင့် ရောင်းချရနိုင်ဖွယ် ရှိနေသည်..။

•    ဘာရှား ဟမ်းဖရေး - ဆွမ်ဆီးအသင်းတွင် ခြေစွမ်းပြနေပြီး ရောင်းချရန်မသင့်သည့် ကစားသမားတစ်ဦး ဖြစ်သည်..။ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၀- ၂၀) သန်းကြား ရရှိဖွယ် ရှိနေသည်..။

တကယ်လို့ အဲ့ဒီကစားသမားအားလုံးကို ၂၀၂၄ ခုနှစ်၊ ဇွန်လမကုန်မီ ရောင်းချနိုင်ခဲ့မယ်ဆိုရင် အသင်းဟာ အသားဝင်အမြတ်ငွေ စတာလင်ပေါင် (၁၆၈) သန်းခန့် သပိတ်ဝင်၊ အိတ်ဝင် ရရှိပါမယ်..။   

ဒါ့ကြောင့်လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ အရေးယူခံရမှာကို စိုးရိမ်စရာ မလိုပါဘူး..။ အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမား (၁၁) ယောက် ရောင်းချခဲ့ရပေမယ့် အခုဇန်နဝါရီကနေ ဇွန်လအထိ ကာလအတွင်းအများဆုံး (၄) ယောက်လောက်ပဲ ရောင်းချလိုက်ရင် အားလုံးအဆင်ပြေသွားနိုင်ပါတယ်…။ တကယ်လို့ အပေါ်မှာ တွက်ချက်ထားတဲ့အတိုင်း စတာလင်ပေါင် (၁၆၈) သန်းအထိ ပိုက်ဆံရှာနိုင်ခဲ့မယ်ဆိုရင် အသင်းဟာ ပရီးမီးယားလိဂ်က ခွင့်ပြုတဲ့အနည်းဆုံး အရှုံးပမာဏထက် စတာလင်ပေါင် (၆၂) သန်း ပိုနေပါဦးမယ်…။



ယုစွအဆုံး ကျန်တဲ့ကစားသမားတွေ ရောင်းချပြီး ကော်နာ ဂါလက်ချာ ကို ချန်ထားခဲ့မယ် ဆိုရင်တောင် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေဦးမှာပါ..။ အားကစား ဒါရိုက်တာတွေအနေနဲ့ လာမယ့်ဇွန်လကုန် မတိုင်ခင် ဘယ်လိုအကွက်တွေ ရွှေ့ဦးမလဲ..? ဆိုတာ စောင့်ကြည့်ရပါဦးမယ်..။

အခုလိုဘဏ္ဍာရေးပိုင်းဆိုင်ရာ တွက်ချက်မှုတွေဟာ ကစားသမားတွေရဲ့ လစာ (wages) မြင့်မားမှုဟာ အရေးပါတဲ့နေရာကနေ ပါဝင်နေပါတယ်..။ ဒါ့ကြောင့်အသင်းဟာ ပြီးခဲ့တဲ့ဇွန်လကစပြီး ကစားသမားတွေရဲ့ လစာတွေကို လျော့နိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တာကို သတိပြုမိကြပါလိမ့်မယ်..။ မနှစ်ကပေါ်ထွက်လာခဲ့တဲ့ သတင်းတွေအရ အသင်းပိုင်ရှင်တွေလက်ထက်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်တွေမှာ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ဘူးဆိုရင် ပုံမှန်လစာရဲ့ (၂၀- ၃၀%) ရာခိုင်နှုန်းကြား လျော့နည်းသွားမယ်ဆိုတာ ပါရှိတယ်လို့ သိရပါတယ်..။ ဒါ့ကြောင့်အသင်းဟာ စတာလင်ပေါင်သန်း (၂၀- ၃၀) ကြား သက်သာသွားဖို့ ရှိပါသေးတယ်..။

ဒါ့အပြင် အသင်းကနေ ရောင်းချလိုက်တဲ့ လစာမြင့် ကစားသမားတွေ၊ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တဲ့ ကစားသမားတွေကြောင့် သက်သာသွားနိုင်မယ့် အသုံးစားရိတ်တွေကို ထည့်တွက်မယ်ဆိုရင် စတာလင်ပေါင်သန်း (၇၀- ၈၀) ကြား ရှိနိုင်ပါတယ်..။ အဲဒီပမာဏဟာ အသင်းအတွက် ကြီးမားတဲ့ အသုံးစရိတ် လျော့ချမှု ဖြစ်ပါတယ်..။ (ဥပမာ- အန်ဂိုလို ကန်တေး ဆိုရင် တစ်ပါတ်ကို လစာ စတာလင်ပေါင် (၂၉၀,၀၀၀) ပေးချေရတာ ဖြစ်တဲ့အတွက် တစ်နှစ်စာလစာ စတာလင်ပေါင် (၁၄) သန်း ကုန်ကျပါတယ်..။)

နောက်ပြီးချယ်လ်ဆီးအသင်းဟာ လာမယ့်ဇွန်လမတိုင်မီ အခြားစီးပွားရေးဆိုင်ရာ သဘောတူညီမှုတွေ ဆက်လက်ချုပ်ဆိုဖို့ ရှိနေပါဦးမယ်..။ အသင်းဟာ Crypto ငွေကြေးကုမ္ပဏီတစ်ခုဖြစ်တဲ့ BingX နဲ့ အင်္ကျီလက်မောင်း စပွန်ဆာအတွက် တစ်နှစ်ကို စတာလင်ပေါင် (၁၂) သန်းနဲ့ သဘောတူညီနိုင်ခဲ့ပါတယ်..။ ဒါတွေအပြင် အသင်းပိုင်ရှင်တွေဟာ မကြာသေးခင်ကပဲ စတာလင်ပေါင်သန်း (၁၄၀) တန်ဖိုးရှိတဲ့ ရှယ်ယာတွေ ဝယ်ယူပြီး အသင်းရဲ့ ဘဏ်အကောင့်ထဲကို အားဖြည့်ထားပါတယ်..။


အဲဒီထပ်မံဝယ်ယူထားတဲ့ ရှယ်ယာကြေးတွေကို ဒီနှစ်ဘောလုံးရာသီ ဘဏ္ဍာရေးရှင်းတမ်းထဲမှာ ထည့်သွင်း တွက်ချက်လို့မရဘူး၊ လာမယ့် ၂၀၂၄/ ၂၅ ရာသီမှာတော့ အကျုံးဝင်နိုင်တယ်ဆိုပြီး The Athletic သတင်းဌာနက ပြောပါတယ်..။ ဘာပဲပြောပြော လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် မရရှိနိုင်မှာ သေချာသလောက် ဖြစ်နေတဲ့အချိန်မှာ အခုလိုကြိုတင်ပြီး ငွေကြေးစိုက်ထုတ်၊ ထည့်ဝင်ထားတာဟာ အမျှော်အမြင်ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုအဖြစ် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်..။

ချန်ပီယံလိဂ် ဝင်ခွင့်လွဲချော်ဦးမယ့် လာမယ့်ဘောလုံးရာသီ ဘဏ္ဍာရေး အခြေအနေ..

အစောက ဖော်ပြခဲ့သလို အသင်းပိုင်ရှင်တွေဟာ စတာလင်ပေါင်သန်း (၁၄၀) ဖိုးရှိတဲ့ ရှယ်ယာတွေကို ဝယ်ယူပြီး လာမယ့်ရာသီအတွက် ကြိုတင်၊ ပြင်ဆင်ထားခဲ့ပါတယ်..။ အဲဒါအပြင် ထိခိုက်မှုတွေ နည်းပါးအောင် ပြုလုပ်နိုင်မယ့် တခြားနည်းလမ်းတွေ ရှိသေးလား..?

လက်ရှိအချိန်မှာ UEFA Conference League ကို Carabao ဖလားပြိုင်ပွဲကနေ ဝင်ခွင့်ရဖို့ အလားအလာ ရှိနေသေးသလို အမှတ်ပေးပြိုင်ပွဲမှာလည်း Conference league.. ဒါမှမဟုတ် ယူရိုပါလိဂ်ကိုတောင် လက်လှမ်းမှီနိုင်ပါသေးတယ်..။ ချန်ပီယံလိဂ် ပြိုင်ပွဲလောက် အကျိုးအမြတ် မများပေမယ့် အဲဒီဥရောပပြိုင်ပွဲတွေကနေ စတာလင်ပေါင် (၁၀- ၁၅) သန်းလောက် ဝင်ငွေပြန်လည် ရရှိနိုင်သေးသလို ဥရောပပြိုင်ပွဲတွေရဲ့ ကွင်းဝင်ကြေး၊ ရုပ်သံထုတ်လွှင့်ကြေးတွေကလည်း အသင်းရဲ့ဝင်ငွေရလမ်းတွေ ဖြစ်လာပါလိမ့်မယ်..။

ဒါတွေအပြင် အသင်းမှာနေရာရဖို့ မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့ ဒေးဗစ် ဒါထရို ဖိုဖားနား တို့လို ကစားသမားတွေကို ပြန်လည်ရောင်းချဖို့ ရှိနိုင်သေးပေမယ့် ကြီးမားတဲ့ အကျိုးအမြတ် ရရှိမှာတော့ မဟုတ်ပါဘူး..။ စာချုပ်ဖျက်သိမ်းကြေး စတာလင်ပေါင် (၃၀- ၃၇) သန်းကြား ရှိနေတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူ၊ ကက်ပါ အရီဇာဘာလာဂါ၊ ဟာကင် ဇီးယက်ချ် တို့လို လစာမြင့် ကစားသမားတွေကို အသင်းကနေ ထွက်ခွာသွားအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် လာမယ့်နှစ်အတွက် လစာအသုံးစရိတ် အများကြီး လျော့ကျသွားဦးမှာ ဖြစ်ပါတယ်..။



လာမယ့်နှစ်မှာ Infinite Athlete ဟာ အသင်းရဲ့အင်္ကျီ အဓိကစပွန်ဆာအဖြစ် ဆက်လက်ရှိနေနိုင်သေးသလို ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ အခြားအောင်မြင်မှုတွေအပေါ် မူတည်ပြီး အခုထက်ပိုပြီး ကြေးမြင့်မားတဲ့ စာချုပ်နဲ့ အဓိကစပွန်ဆာကနေ ငွေကြေးတွေ ရှိနေပါသေးတယ်..။

ဒါ့ကြောင့်အသင်းရဲ့ အခြေအနေတွေကို သေသေချာချာ ဆန်းစစ်ကြည့်မယ်ဆိုရင် ဘဏ္ဍာရေးအရ စိတ်ပူစရာ အကြောင်းလုံးဝမရှိသလို တော့ဒ် ဘိုလေး၊ ဘီဒက် အက်ဂ်ဘာလေ တို့ဟာ တကယ့်ကို ဘဏ္ဍာရေးပိုင်းမှာ ကျွမ်းကျင်သူတွေ (financial experts) တွေ ဖြစ်ကြပါတယ်..။ သူတို့ဟာ ရှောင်ကြဉ်ရမယ့် ထောင်ချောက်တွေကို သိရှိထားသလို လက်ရှိကျင့်သုံးနေတဲ့ စည်းမျဉ်းတွေရဲ့ လစ်ကွက်၊ ဟာကွက်တွေကို လက်တွေ့အသုံးချသွားနိုင်ခဲ့တာ မျက်မြင်ကိုယ်တွေ့ပါပဲ..။

တကယ်လို့ အသင်းရဲ့ရလဒ်ပိုင်းနဲ့ ကွင်းတွင်းအောင်မြင်မှုတွေသာ အခုထက်ပိုပြီး တိုးတက်လာခဲ့မယ်ဆိုရင် အစောပိုင်းက ဖော်ပြခဲ့တဲ့ စိုးရိမ်စရာ ကိစ္စရပ်တွေ ပိုမိုလျော့နည်းသွားဦးမှာ ဖြစ်တဲ့အတွက် အသင်းရဲ့ဘဏ္ဍာရေး အခြေအနေ အနာဂတ် အလားအလာဟာ အဆိုးမြင် ဆောင်းပါးရှင်တွေ၊ မီဒီယာတွေ ဖော်ပြနေသလို ထူးထူးခြားခြား စိတ်ပူရမယ့်ကိစ္စ မဟုတ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Si Phillips Talks Chelsea မှ ဆောင်းပါးရှင်  The Score ၏ ‘What's the deal with Chelsea and PL Profit & Sustainability rules?: Why we shouldn't have reason to fear next year’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)