feature-image

ပီတာ ချက် (သို့မဟုတ်) ဘုတ်အဖွဲ့ဝင်ဟောင်းတစ်ဦး၏ အတွေးအမြင်များ..

တနင်္လာနေ့က ယှဉ်ပြိုင်ခဲ့သော ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ပွဲအပြီးတွင် ချယ်လ်ဆီးအသင်း ဂန္ထဝင်ဂိုးသမားကြီး ပီတာ ချက် က ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့တွင် Technical and Performance Advisor အဖြစ် တာဝန်ယူစဉ်က ကြုံတွေ့ခဲ့ရသော အမှတ်တရ ဖြစ်ရပ်များအပေါ် သူ၏ယူဆချက်၊ အတွေးအမြင်များကို ယခုလို ပြောပြခဲ့ပါသည်…။

ဒေးဗစ် ဂျုံးစ် - ပီတာ ရေ.. ဟိုဆေး မော်ရင်ဟို ဟာ ချယ်လ်ဆီးအသင်းကို တတိယအကြိမ် ပြန်ပြီးရောက်လာနိုင်တယ်.. ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်..။ အဲဒီလိုဖြစ်လာနိုင်ပါ့မလား..?

ပီတာ ချက် - ဘောလုံးလောကမှာ ဘာမဆို ဖြစ်လာနိုင်ပါတယ်..။ ဒါ့ကြောင့် ‘မဖြစ်နိုင်ဘူး..’ လို့ ကြိုတင်ခန့်မှန်းထားလို့ မရပါဘူး..။ ကျွန်တော်ဘက်က ဖြစ်နိုင်တယ်..၊ မဖြစ်နိုင်ဘူး.. မပြောနိုင်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ မရှိတော့တဲ့နောက်ပိုင်းမှာ အသင်းဟာ ဘယ်လောက်အထိ ပြောင်းလဲသွားခဲ့လဲ.. ကျွန်တော်လည်း မသိတော့တာကြောင့်ပါ…



ဒေးဗစ် ဂျုံးစ် - ခင်ဗျားရှိနေတုန်းက ဟိုဆေး နဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့တာတွေ ရှိခဲ့သေးလား…?
ပီတာ ချက် - No.. အဲဒီအချိန်တုန်းက အသင်းမှာ နည်းပြတွေ ရှိနေကြပါတယ်..။ ကျွန်တော်တို့ဟာ နည်းပြတွေကို ခေါ်ယူတဲ့အခါမှာ အသင်းကိုရေရှည် တာဝန်ယူနိုင်လိမ့်မယ်.. လို့ မျှော်လင့်ပြီး ခေါ်ယူခဲ့ကြတာပါ..။ ဖရန့် လမ်းပတ် ဟာ နည်းပြအဖြစ်နဲ့ အသင်းကိုပြန်လည်ရောက်ရှိလာတဲ့ အချိန်တုန်းကလည်း အသင်းကို ရေရှည်တာဝန်ယူနိုင်မယ့် မန်နေဂျာတစ်ယောက် ရှာဖွေနိုင်ခဲ့ပြီ… ဆိုပြီး ကျွန်တော်တို့ မျှော်လင့်ချက်တွေ ကြီးမားခဲ့ကြပါတယ်..။ သူဟာချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်ကစားသမားကြီး တစ်ယောက် ဖြစ်သလို အသင်းရဲ့အစဉ်အလာ..၊ အသင်းရဲ့အကြောင်း အစစအရာရာ သိထားတဲ့သူ ဖြစ်ခဲ့ပါတယ်..။

ဂျေမီ ကာရေဂါ - ပီတာ ရေ.. ခင်ဗျားနဲ့ ဖရန့် လမ်းပတ် ဟာ ချယ်လ်ဆီးအသင်းမှာ အသင်းဖော်တွေအတွက် အတက်အကျ၊ အနိမ့်အမြင့်တွေကို အတူတူဖြတ်သန်းခဲ့တဲ့သူတွေ ဖြစ်ခဲ့ပါတယ်..။ သူဟာ နည်းပြအဖြစ်နဲ့ အသင်းကိုရောက်လာချိန်မှာ ခင်ဗျားကဘုတ်အဖွဲ့ဝင် ဆိုတဲ့ အဆင့်ဖြစ်နေပါပြီ…။ ဒါ့ကြောင့်သူ့ကို ရာထူးကနေ ထုတ်ပယ်လိုက်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာ ခင်ဗျားအတွက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲ..? သူ့ကိုထုတ်ပယ်လိုက်တဲ့အချိန် ခင်ဗျားဟာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့လဲ..?

ပီတာ ချက် - မော်ရစ္စဇီယို ဆာရီ အသင်းကနေ ထွက်သွားပြီးတဲ့အချိန် အသင်းရဲ့နောက်လာမယ့် မန်နေဂျာအတွက် ဆုံးဖြတ်တဲ့အချိန်မှာ ဖရန့် လမ်းပတ် ကို နည်းပြသစ်အဖြစ် ရွေးချယ်ဖို့ ကျွန်တော်ကပဲ ဦးဆောင်၊ တွန်းအားပေးခဲ့တာပါ..။ ဖရန့် ဟာ အသင်းကို ရှေရှည်ကိုင်တွယ်နိုင်မယ့် နည်းပြတစ်ယောက် ဖြစ်လာနိုင်မယ်လို့ အမှန်တကယ် ယုံကြည်ခဲ့ပါတယ်..။ ဘာဖြစ်လို့ ဖရန့် ကို ဦးစားပေး စဉ်းစားဖြစ်ခဲ့လဲ..?

ရေခြားမြေခြားကလာတဲ့ မန်နေဂျာတွေဟာ သူတို့ရဲ့နည်းစနစ် အယူအဆတွေကို အကောင်အထည် ဖော်ပေးနိုင်မယ့်သူတွေကိုပါ တခါထဲ ခေါ်လာခဲ့တာ များပါတယ်..။ အဲဒီအချိန်မှာ အရင်ကတည်းက အသင်းမှာရှိနေတဲ့သူတွေနဲ့ အဆင်ပြေချောမွေ့အောင် ဆက်ဆံနိုင်တာလည်းရှိတယ်..၊ အဆင်မပြေခဲ့တာတွေလည်း ရှိခဲ့ပါတယ်..။ အဲဒီတော့ ချယ်လ်ဆီးဟာ အင်္ဂလိပ်အသင်းတစ်သင်း ဖြစ်ပါတယ်..၊ ဒါ့ကြောင့် အင်္ဂလိပ်မန်နေဂျာဆိုရင် အစစအရာရာ လွယ်ကူ၊ ချောမွေ့သွားလိမ့်မယ်.. ဆိုတဲ့ ယူဆခဲ့ပါတယ်..။



ဒါ့အပြင်အစောက ကျွန်တော်ပြောခဲ့သလို.. သူဟာ အသင်းရဲ့ ဂန္ထဝင်ကစားသမား တစ်ယောက်လည်း ဖြစ်တယ်..၊ အသင်းရဲ့အကြောင်း ‘ချေးခါးအူမ မကျန်’ အကုန်လုံးသိထားတဲ့သူလည်း ဖြစ်တဲ့အပြင် ဒါဘီအသင်းနဲ့ ချန်ပီယံရှစ် ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့အချိန်လည်း ဖြစ်ခဲ့ပါတယ်..။ နောက်ပြီးဖရန့် ရဲ့ အဖေတွေ၊ ဦးလေးတွေဟာ အင်္ဂလန်နည်းပြလောကမှာ ကျင်လည်နေတဲ့ မိသားစုဝင်တွေလည်း ဖြစ်တာကြောင့် အသိုင်းအဝိုင်း တောင့်တင်းတယ်လို့ ပြောရမှာပါပဲ…။ ဒါ့ကြောင့်အဲဒီအချိန်မှာ သူဟာအသင်းနဲ့ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ကြသလို အလုပ်မဖြစ်ခဲ့ဘူး.. ဆိုရင်လည်း သူ့ကိုခန့်အပ်ဖို့ ဦးဆောင်၊ တွန်းအားပေးခဲ့တဲ့ ကျွန်တော့်ရဲ့တာဝန်ပဲ ဖြစ်ပါလိမ့်မယ်..။

ကျွန်တော်တို့ဘက်တော့ သူ့ကိုအခုထက်ပိုပြီး အချိန်ပေးခဲ့ချင်ပါသေးတယ်..။ ဒါပေမယ့် နောက်ဆုံးမှာတော့ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ အသင်းပိုင်ရှင် (ရိုမန် အေဘရာမိုဗစ်ချ်) အပြင် ကျွန်တော်တို့နဲ့ မတူညီတဲ့ဆန္ဒတွေ ရှိနေခဲ့တဲ့ တခြားဘုတ်အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လေးစားပေးရမှာပေါ့ဗျာ..။

ဂျေမီ ကာရေဂါ - ကျွန်တော်တို့ ကစားသမားဘဝတုန်းက ခင်ဗျားတို့ရဲ့ ချယ်လ်ဆီးအသင်းဟာ မန်နေဂျာအပြောင်းအလဲ များပြားခဲ့ပါတယ်..။ ဖရန့် လမ်းပတ် ကို နည်းပြအဖြစ် ရွေးချယ်ခဲ့တဲ့အချိန်မှာ ခင်ဗျားရဲ့ တွေးခေါ်ပုံ၊ အယူအဆနဲ့ ဘယ်လိုပုံစံ တွန်းအားပေးခဲ့တယ်ဆိုတာ ခုနကပြောပြခဲ့ပါတယ်..။ ဒါ့ကြောင့် ဖရန့် ကို နည်းပြအဖြစ် ခန့်အပ်တုန်းက ခင်ဗျားဟာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တယ်လို့ ပြောရမှာပါပဲ..။
သူ အသင်းကနေ ထွက်သွားပြီးတဲ့နောက် သောမတ်စ် တူခယ်လ် ရောက်လာခဲ့ပါတယ်..။ သောမတ်စ် တူခယ်လ် ကို ရွေးချယ်လိုက်ဖို့ နောက်ကွယ်မှာ ဘယ်လိုတွေ စဉ်းစား၊ ဆုံးဖြတ်ခဲ့တယ်..၊ နောက်ကွယ်မှာ ဘယ်လိုတွေ ကြိုးစားခဲ့ပြီး ဘယ်လိုအကြောင်းအချက်တွေ၊ အရည်အသွေးတွေနဲ့ သူ့ကိုရွေးချယ်ခဲ့တာလဲ..?

ပီတာ ချက် - သောမတ်စ် တူခယ်လ် ကို ရွေးချယ်ဖြစ်ဖို့ ကျွန်တော်တို့ အများကြီး စဉ်းစား၊ လုပ်ဆောင်ခဲ့ရပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ရွေးချယ်မယ့်နည်းပြဟာ ဒီလိုအသင်းကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်း ရှိတဲ့သူဖြစ်ရမယ်..၊ အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ ကိုက်ညီတဲ့ နည်းစနစ်ပိုင်း ချဉ်းကပ်မှုတွေ ပြုလုပ်နိုင်တဲ့သူလည်း ဖြစ်ရပါမယ်..။ တခါတလေကျရင် အသင်းကသွားနေတာ တစ်ပုံစံ… မန်နေဂျာအသစ်က ရောက်လာတာနဲ့ သူသွားချင်တဲ့ပုံစံကို ဇွတ်အတင်း ပြောင်းလဲပစ်ခဲ့ရင် အလုပ်မဖြစ်တာတွေ ကြုံတတ်ပါတယ်..။

အဲဒါနဲ့ နောက်ထပ်တစ်ယောက် ထပ်ပြီးခေါ်ရပြန်ရော..။ ဖြစ်ချင်တော့ ဒုတိယရောက်လာတဲ့ မန်နေဂျာက သူနဲ့ကိုက်မယ်ထင်တဲ့ ကစားသမားသစ် (၆) ယောက်၊ (၇) ယောက် တပြုံကြီးခေါ်လာတယ်..၊ နောက်ရောက်လာတဲ့ တတိယမန်နေဂျာက သူတို့ကိုမကြိုက်ဘူး.. ဒီလိုနဲ့ဇာတ်လမ်းဟောင်းကြီးက တစ်ကျော့ပြန် သံသရာလည်ရပြန်ပါတယ်..။



ဒါ့ကြောင့်ကစားသမား အသစ်တွေကို ခေါ်ယူတဲ့အခါမှာ အသင်းကို ကိုင်တွယ်နေတဲ့ မန်နေဂျာမှာလည်း တာဝန်ရှိသလို မန်နေဂျာအသစ် ခေါ်ယူတဲ့အခါမှာလည်း အသင်းနဲ့သက်ဆိုင်သူတွေအားလုံး ပါဝင်နေရပါမယ်..။ အိုကေ… လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကို ‘ဒီလိုနည်း၊ ဒီလိုပုံစံ ဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ..၊ အခုအချိန်မှာ ဒီလိုနည်းနဲ့ ဖြေရှင်းလိုက်တာ အကောင်းဆုံးဖြစ်မယ်..’ ဆိုတာ အားလုံးက လက်ခံလာနိုင်အောင် ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်..။ ကျွန်တော်တို့ဟာ အဲဒီလမ်းစဉ်အတိုင်းပဲ ဆောင်ရွက်ခဲ့ပါတယ်..။

ဒီလိုနည်းအားဖြင့် မန်နေဂျာတစ်ယောက်က သူ့ရဲ့စိတ်ကြိုက် ကစားသမား (၅) ယောက်လောက် တပြိုင်တည်း ခေါ်လာတယ်..၊ (၃) လလောက်ကြာပြီး သူကထွက်သွားတယ်..၊ နောက်ရောက်လာတဲ့ မန်နေဂျာသစ်က ကစားသမားအသစ် (၅) ယောက် ထပ်ပြီးခေါ်ခိုင်းပြန်ပါတယ်..။ ကဲ.. ခင်ဗျားတို့ ဘယ်လိုဆက်လုပ်ကြမှာလဲ..?

ဒေးဗစ် ဂျုံးစ် - ဟုတ်ပါ့ဗျာ..။ ခင်ဗျားဟာ အသင်းရဲ့ဘုတ်အဖွဲ့က အမှုဆောင် အရာရှိတာဝန်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အများကြီးပါပဲ..။ အဲဒီထဲက ကျွန်တော်မေးချင်တာ တစ်ခုရှိပါတယ်..။ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ဥရောပထိပ်တန်းအသင်းကြီးတွေဟာ ဥရောပ စူပါလိဂ်ပြိုင်ပွဲ (European Super League) ဆိုတဲ့ ပြိုင်ပွဲအသစ်တစ်ခု သီးခြားထူထောင်ပြီး ခွဲထွက်တော့မယ်.. ဆိုတဲ့ ကြေငြာချက် ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်..။

အဲဒီနေ့က စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ခင်ဗျားတို့ချယ်လ်ဆီးအသင်းရဲ့ ပွဲ ရှိနေပါတယ်..။ ပွဲမစခင် နေ့လည်ပိုင်းကတည်းက ပရိသတ်တွေဟာ ကွင်းရှေ့မှာစုဝေးပြီး ဆန္ဒပြနေကြပါတယ်..။ အဲဒီမှာခင်ဗျားဟာ အသင်းရဲ့ကိုယ်စား သွားရောက်ပြီး လူစုခွဲကြဖို့၊ ကွင်းထဲကိုဝင်ပြီး ပွဲကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်..။ ‘အဲဒီသတင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်..’ ဆိုပြီး ခင်ဗျားပြောခဲ့တာကို အဲဒီအချိန်က ဆန္ဒပြနေတဲ့သူတွေ တိုက်ရိုက်လွှင့်ထုတ်ခဲ့တဲ့ ဗွီဒီယိုတွေထဲမှာ တွေ့ခဲ့ပါတယ်..။

အဲဒီအချိန်တုန်းက ဆန္ဒပြနေတဲ့ လူအုပ်ကြီးအတွက် ပြေရာပြေကြောင်း ဖြေရှင်းပေးဖို့ အသင်းဘက်ကနေ ခင်ဗျားကို စေလွှတ်လိုက်တာလား..? ဒါမှမဟုတ် ဒီပရိသတ်တွေကို လူစုကွဲသွားအောင် ကျွန်တော်ဖြေရှင်းပေးရမယ်.. ဆိုပြီး ကိုယ့်ရဲ့ဆန္ဒကိုယ် ရှေ့ထွက်လာခဲ့တာလား..?



ပီတာ ချက် -  ကျွန်တော့်ကို ဘယ်သူကမှ မသွားခိုင်းပါဘူး..။ ကိုယ့်ရဲ့ဆန္ဒနဲ့ပဲ ပရိသတ်တွေကို ရင်ဆိုင်ခဲ့တာပါ..။ ရုတ်တရက် ထွက်ပေါ်လာတဲ့သတင်းကို အခြေခံပြီး အခုလိုဆန္ဒပြတာဟာ မှန်ကန်တဲ့နည်းလမ်း ဖြစ်တယ်လို့ ကျွန်တော်မယုံကြည်ပါဘူး..။ အဲဒါနဲ့ပဲ ရှေ့ကိုထွက်ပြီး ပရိသတ်တွေနဲ့ ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်..။ ခေါင်းခံလိုက်တယ်.. ပေါ့ဗျာ.. ဟားဟား..။ တကယ်လို့ အဲဒီအချိန်တုန်းက ကျွန်တော်ပြောခဲ့တဲ့ စကားတွေကို ဘယ်သူကမှ သဘောမတူခဲ့ဘူးဆိုရင် ကျွန်တော့်မှာ ပြဿနာတက်ပါမယ်..။ ဒါပေမယ့် အဲဒီအချိန်မှာ ဒီလိုနည်းနဲ့ပဲ ဖြေရှင်းသင့်တယ်လို့ ယုံကြည်ခဲ့တာပါ..။

ဆန္ဒပြနေတဲ့သူတွေဆီ ကျွန်တော်လမ်းလျှောက်သွားတဲ့အချိန် ဘေးကနေ လိုက်လာတဲ့ ရဲအဖွဲ့ဝင်တွေက စိုးရိမ်နေကြပါတယ်..။ ခင်ဗျားကိုသူတို့ ဘာတွေလုပ်လိုက်မလဲ..? ပြောလို့ရတာ မဟုတ်ဘူး.. ဆိုပြီး ပြောကြပါတယ်..။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ကြားထဲမှာ ပြေပြေလည်လည် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ခဲ့တယ်လို့ ထင်တာပါပဲ..။

ဂျေမီ ကာရေဂါ - စူပါလိဂ်ပြိုင်ပွဲ ကျင်းပမယ်.. ဆိုတဲ့ သတင်းကို ခင်ဗျားတို့ကြိုပြီး သိခဲ့သေးလား..? ဆိုလိုချင်တာက စူပါလိဂ် ပြိုင်ပွဲကို ကမကထပြုမယ့် ကုမ္ပဏီဟာ ဘယ်အချိန်မှာ ကြေငြာချက်ထုတ်မယ်..၊ ဘယ်လိုပုံစံနဲ့ ပြိုင်ပွဲကို ကျင်းပမယ်.. ဆိုတာ သက်ဆိုင်တဲ့ အသင်းဘုတ်အဖွဲ့ကို ကြိုတင် အသိပေးခဲ့လားပေါ့ဗျာ...။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီကြေငြာချက်က ထင်မှတ်မထားတဲ့အချိန်မှာ ရုတ်တရက် ပေါ်ထွက်လာတာ ဖြစ်တဲ့အတွက် အားလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ပြီး တုံ့ပြန်မှုတွေ ပြင်းထန်ကုန်တာပေါ့..။

အဲဒီကြေငြာချက်မတိုင်ခင်မှာ စူပါလိဂ်နဲ့ ပတ်သက်ပြီး အသင်းဘုတ်အဖွဲ့တွေကြားမှာ ကြိုတင်၊ ဆွေးနွေးခဲ့တာတွေ ရှိခဲ့သေးလား..? ဒါမှမဟုတ် အဲဒီဆွေးနွေးမှုတွေထဲမှာ တစိတ်တပိုင်းဖြစ်ဖြစ်၊ ထဲထဲဝင်ဝင်ဖြစ်ဖြစ် ပါဝင်ခဲ့ရသေးလား..?

ပီတာ ချက် - No… အဲဒီကြေငြာချက်မတိုင်ခင် သူတို့ဘာတွေကို ဆွေးနွေးခဲ့ကြတယ်..၊ အဲဒီကြေငြာချက် ထွက်လာဖို့ ဘယ်လောက်ကြာကြာ ပြင်ဆင်ခဲ့တယ်.. ကျွန်တော်မသိခဲ့ပါဘူး..။ အဲဒီကြေငြာချက်ဟာ အားလုံးကို အံ့အားသင့်စေခဲ့တယ်လို့ ထင်မိတာပါပဲ..။ ပရိသတ်တွေဟာ သူတို့ဘာမှ ကြိုတင်မသိခဲ့ကြလို့လည်း ကျွန်တော်ဘုတ်အဖွဲ့ဘက်ကို မြှားဦးလှည့်လာတာလို့ ကျွန်တော်ထင်ပါတယ်..။ အဲဒီကြေငြာချက်မတိုင်ခင် ကြိုတင်သိထားခဲ့တာ ဘာမှမရှိခဲ့ပါဘူး..။



ဒေးဗစ် ဂျုံးစ် - ပီတာ ရေ.. ခင်ဗျားဟာ ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကစားသမား တစ်ယောက်ဖြစ်ခဲ့တယ်..၊ ပရီးမီးယားလိဂ် ဆုဖလားတွေ၊ ချန်ပီယံလိဂ် ဆုဖလားတွေ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဂန္ထဝင်ကစားသမားလည်း ဖြစ်ပါတယ်..။ ဒါ့အပြင်အသင်းရဲ့ ဘုတ်အဖွဲ့မှာ အမှုဆောင်အရာရှိအနေနဲ့ အရင်အသင်းပိုင်ရှင် လက်ထက်မှာရော၊ အခုအသင်းပိုင်ရှင် အသစ်တွေ လက်ထက်မှာပါ တာဝန်ယူခွင့်ရခဲ့ပါတယ်..။

အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေး တို့ကလည်း ခင်ဗျားကိုအသင်းမှာဆက်ပြီး ခန့်ထားချင်တယ်လို့ သိထားပါတယ်..။ ဒါပေမယ့် သူတို့နဲ့ခဏပဲ လက်တွဲခဲ့ပြီး ခင်ဗျားအမှုဆောင်ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်..။ ဘယ်လိုအကြောင်းနဲ့ လမ်းခွဲခဲ့တာလဲ..? ချယ်လ်ဆီးအသင်းကို စွန့်ခွာခဲ့တဲ့အပေါ် နောင်တရခဲ့သေးလား..?

ပီတာ ချက် - အသင်းမှာ တာဝန်ယူခဲ့ရတဲ့အချိန်တွေကို အမြဲတမ်းသတိရပါတယ်..။ ဒါပေမယ့် နောင်တရစရာအကြောင်း မရှိပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ချစ်မြတ်နိုးတဲ့ အသင်းကြီးဟာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်နေပါတယ်..။ အဲဒီအချိန် ကျွန်တော်ဘာတွေ စိတ်ပူခဲ့လဲ..? အခုပိုင်ရှင်သစ်တွေ လက်ထက်မှာ ဆောင်ရွက်ခဲ့တာ၊ အနာဂတ်မှာ ဖြစ်လာနိုင်မယ့်ဟာတွေကို အရင်ပိုင်ရှင်ဟောင်းတွေ လက်ထက်မှာတုန်းက ဘယ်လိုပုံစံ လုပ်ဆောင်ခဲ့တယ်.. ဆိုပြီး ချိန်ထိုး၊ နှိုင်းယှဉ်မိနေမှာကိုပါပဲ..။

ဒါ့အပြင် ကိုယ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းခွင်ဟာ ကိုယ့်အတွက် အစစအရာရာ အဆင်ပြေနေတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်နေဖို့လိုပါတယ်..။ အဲဒါကြောင့်အသင်းကို မောင်းနှင်နေတဲ့ ပိုင်ရှင်သစ်တွေမှာလည်း သူတို့နဲ့အမြင်ချင်း ထပ်တူကျမယ့်သူတွေ၊ သူတို့စိတ်တိုင်းကျ ဆောင်ရွက်ပေးနိုင်မယ့် အကြောင်းသိ၊ အတွင်းသိ.. အစင်းသိတဲ့သူတွေနဲ့ ဝန်းရံထားနိုင်မယ်ဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်..။ ဒါမှလည်းအားလုံးဟာ လမ်းကြောင်းတစ်ခုထဲပေါ်မှာ ရှိနေကြပါလိမ့်မယ်..။

သူတို့ဘက်က လိုလိုလားလား ရှိနေပေမယ့် ကျွန်တော်ဟာ သူတို့တွေနဲ့ အမြင်ချင်းတူညီတယ်..၊ လမ်းကြောင်းတစ်ခုထဲပေါ်မှာ ရှိနေတယ်လို့ မခံစားမိခဲ့ပါဘူး..။ ဒါ့ကြောင့်ကျွန်တော့်ဘက်က စတင်လမ်းခွဲခဲ့တာဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်..။ အသင်းကနေ ထွက်ခွာဖို့အတွက် အများကြီးပြောဆို၊ ဆွေးနွေးခဲ့ကြပါတယ်..။ ကျွန်တော်ဟာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ အသင်းကို ခွဲခွာခဲ့ပေမယ့် တော့ဒ် ဘိုလေး၊ ဘာဒက် အက်ဂ်ဘာလေ တို့နဲ့ လေးလေးစားစား ဆွေးနွေးခဲ့ရတာတွေကို အသိအမှတ်ပြုပါတယ်..။

သူတို့တွေနဲ့ ပြုလုပ်ခဲ့တဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုမှာ ဒီနှစ်ရာသီအတွက် ကျွန်တော့်ဘက်က အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်ပေးခဲ့ပြီးပါပြီ..၊ လာမယ့်ရာသီတွေကို ဖြတ်သန်းဖို့အတွက် ခင်ဗျားတို့နဲ့ အသင့်တော်ဆုံးဖြစ်မယ့်သူကို ရှာဖွေနိုင်ရင် ကောင်းမယ်..၊ အဲဒီလူဟာ ကျွန်တော်ဖြစ်မှာ မဟုတ်ဘူး.. လို့ အသိပေးခဲ့ပါတယ်..။