feature-image

ပီတာ ချက် လက်သစ် ဖြစ်လာဖို့ ကြိုးစားနေတဲ့ ‘ဂျော်ဂျီ ပီထရိုဗစ်’

လွန်ခဲ့တဲ့ (၂၆) နှစ်က ချယ်လ်ဆီးအသင်းအတွက် လိဂ်ဖလားကို ဆွတ်ခူးပေးခဲ့ဖူးတဲ့ ဂိုးသမား ကီဗင် ဟစ်ချ်ကော့ ဟာ သူ့ရဲ့အသင်းဟောင်းမှာ လစ်ဟာနေတဲ့ ဂန္တဝင်ဂိုးသမားကြီး ပီတာ ချက် ရဲ့ အရိုက်အရာကို ဆက်ခံနိုင်မယ့် ဂိုးသမားသစ် တစ်ယောက်ကို ရှာဖွေ၊ တွေ့ရှိခဲ့ပြီ.. ဆိုတဲ့ ယုံကြည်စိတ် ပြင်းပြလျှက်ရှိနေပါတယ်..။

ဆားဗီးယားနိုင်ငံ၊ လူငယ်ပြိုင်ပွဲတွေမှာ ထွန်းတောက်လာခဲ့တဲ့ လူငယ်ဂိုးသမား ဂျော်ဂျီ ပီထရိုဗစ် ဟာ အမေရိကန် ပြည်ထောင်စု MLS ပြိုင်ပွဲဝင် New England Revolution အသင်းကို ရောက်ရှိလာခဲ့ပြီးတဲ့အချိန် ချယ်လ်ဆီးဂိုးသမားဟောင်း ကီဗင် ဟစ်ချ်ကော့ ဆီမှာ (၁၆) လတိုင်တိုင် ပညာရည်သောက်စို့ခွင့် ရခဲ့ပါတယ်..။ အဲဒီကနေစတင်လို့ ‘ထင်ပေါ်ဖို့အတွက် စင်တော်ကောက်ခံခဲ့ရတဲ့’ လူငယ်ဂိုးသမားလေးဟာ မနက်ဖြန်ဆိုရင် အပြာရောင်တွေနဲ့အတူ ပထမဆုံး ဆုဖလား ဆွတ်ခူးခွင့်ရရှိနိုင်ဖို့ လီဗာပူးလ်အသင်းနဲ့ Carabao ဖလား၊ ဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပါပြီ..။ သူဟာ လွန်ခဲ့တဲ့ (၆) လကမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၁၄) သန်းနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်..။

၁၉၉၈ ခုနှစ်မှာ ချယ်လ်ဆီးအသင်း လိဂ်ဖလားကို ဆွတ်ခူးခဲ့စဉ်က ဂိုးသမား ဟစ်ချ်ကော့ ဟာ ပထမဂိုးသမား အက်ဒီ ဂွိုင်း ရဲ့ အရန်လူအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပါတယ်..။ အဲဒီနောက်ပိုင်း ချယ်လ်ဆီးအသင်းဟာ လိဂ်ဖလားကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ရာမှာ ဂိုးသမား ပီတာ ချက် ဟာ အပြာရောင်တွေရဲ့ ဂိုးသမားအဖြစ် ဆုဖလားကြီးကို ကိုင်မြှောက်ခွင့် ရခဲ့ပါတယ်..။



လက်ရှိအချိန်မှာ အမေရိကန် ပြည်ထောင်စုက MLS ပြိုင်ပွဲဝင် New England Revolution အသင်းရဲ့ ဂိုးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂိုးသမား ဟစ်ချ်ကော့ က  သူ့ရဲ့တပည့်ဟောင်းဖြစ်သူ အသက် (၂၄) နှစ်အရွယ် ဆားဗီးယား လူငယ်ဂိုးသမားလေးနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်..။

“ချယ်လ်ဆီးအသင်းဟာ ဂိုးသမားကြီး ပီတာ ချက် အသင်းကနေ ထွက်ခွာသွားခဲ့ပြီးတဲ့နောက်ပိုင်း သူ့ရဲ့နေရာကို အရိုက်အရာ ဆက်ခံမယ့်သူကို ရှာဖွေနေခဲ့ပါတယ်..။ ပီတာ ချက် မတိုင်ခင်က ဂိုးသမားကြီး ကာလို ကူဒီစီနီ ဆိုတာလည်း တကယ့်ကို ထင်ရှား၊ ကျော်ကြားခဲ့တဲ့ ဂိုးသမားကြီးပါပဲ..။ ဒါ့ကြောင့်သူတို့တွေရဲ့ အရိုက်အရာကို ဆက်ခံပြီး ပခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်ဖို့ ဆိုတာဟာ လွယ်ကူတဲ့တာဝန်တော့ မဟုတ်ပါဘူး..။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ (၆) နှစ်၊ (၇) နှစ်အတွင်း အသင်းရဲ့ဂိုးသမားနေရာအတွက် လုံလောက်တဲ့ ဖြည့်ဆည်းမှု မလုပ်နိုင်ခဲ့ဘူးလို့ ကျွန်တော်ယူဆမိပါတယ်..။

ဂျော်ဂျီ ပီထရိုဗစ် ကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော်ဟာ ပီတာ ချက် ကို ချက်ချင်းသတိရမိပါတယ်..။ ပီတာ ဟာ ချယ်လ်ဆီးအသင်းအတွက် အောင်ပွဲတွေအများကြီး‌ ဆောင်ယူခဲ့တဲ့ ထိပ်တန်းဂိုးသမားကြီး တစ်ယောက် ဖြစ်ပါတယ်..။ ဂျော်ဂျီ ဟာ ထိပ်တန်းဂိုးသမား တစ်ယောက်အဖြစ် နောက်ထပ်နှစ်ပေါင်းများစွာ အပြာရောင်တွေရဲ့ ဂိုးပေါက်ကို တာဝန်ယူသွားနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်လုံးဝ သံသယမရှိပါဘူး..။”


ဂိုးနည်းပြ ဘင် ရောဘတ်စ် ဦးဆောင်တဲ့ ချယ်လ်ဆီးအသင်း ကင်းထောက်အဖွဲ့ (Chelsea Recruitment Team) ဟာ ဂျော်ဂျီ ပီထရိုဗစ် ကို ဆားဗီးယားလိဂ်ပြိုင်ပွဲဝင် Cukaricki အသင်းမှာ ရှိစဉ်ကတည်းက မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ပါတယ်..။ ဒါ့ကြောင့် ‘တနွယ်ငင်၊ တစင်ပါ..’ ဆိုသလို ဟစ်ချ်ကော့ အပြင် အခြားချယ်လ်ဆီး ဂိုးသမားဟောင်းတွေဟာလည်း ပီထရိုဗစ် ရဲ့ တိုးတက်လာတဲ့ လမ်းကြောင်းတစ်လျှောက်မှာ တနည်းတဖုံနဲ့ ပါဝင်၊ ပံ့ပိုးပေးခဲ့ကြရပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား ကင်းထောက်မန်နေဂျာ (goalkeeping scouting manager) အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဂိုးသမားဟောင်း ရော့စ် တန်ဘူးလ် ဆိုရင် ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ရီးရဲလ် မက်ဒရစ် အသင်းကို အဌားထွက်သွားပြီးတဲ့ အချိန်ကစပြီး ဂိုးသမား ပီထရိုဗစ် ရဲ့  New England Revolution အသင်းက ပွဲစဉ်တိုင်းကို ကြည့်ရှုဖို့ တာဝန်ယူခဲ့ရပါတယ်..။

နောက်ဆုံးမှာတော့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အစဉ်တစိုက် ကြိုးပမ်းခဲ့တဲ့ အားထုတ်မှုကြောင့် နော့တင်ဟမ် ဖောရက်စ်၊ ဘရန့်တ်ဖို့ဒ်၊ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲက နွန့်စ်အသင်းတို့ကို ကျော်ဖြတ်ပြီး ပီထရိုဗစ် ကို ခေါ်ယူနိုင်ခဲ့ပါတယ်..။ အဲဒီဆုံးဖြတ်ချက်မှာ အဓိကကျခဲ့သူ နောက်တစ်ယောက်ကတော့ လီဗာပူးလ် ဂိုးသမားဟောင်း ဘရက်ဒ် ဖရီဒယ်လ် ဖြစ်ခဲ့ပါတယ်..။

ကီဗင် ဟစ်ချ်ကော့ ကတော့ ၂၀၂၂ ခုနှစ်တုန်းက ဆားဗီးယားလိဂ် ပြိုင်ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ပီထရိုဗစ် ရဲ့ ဗွီဒီယိုတွေကို New England Revolution အသင်းဆီ ပေးပို့ပြီး ခေါ်ယူဖို့ တိုက်တွန်းခဲ့စဉ်က တွေ့ရှိခဲ့တဲ့ ထူးခြားတဲ့ အရည်အသွေးတွေကို အခုလိုပြောပြခဲ့ပါတယ်..။

“ကျွန်တော်ဟာ ဂိုးသမားတစ်ယောက်ရဲ့ အရည်အသွေးတွေကို အကဲဖြတ်တဲ့အခါမှာ သူတို့ရဲ့ပင်ကိုယ်ပါရမီ အရည်အသွေး ဘာတွေရှိလဲ..? ပိုပြီးတိုးတက်လာအောင် လုပ်ဆောင်ပေးလို့ရမယ့် အရည်အသွေး ဘာတွေရှိလဲ.? အဲဒီအရာတွေကို တွေ့ရှိနိုင်ဖို့ ဦးတည်ချက်ထားရှိပါတယ်…။

ဂျော်ဂျီ ဟာ အမြင့်ဘောတွေကို ကာကွယ်နိုင်ဖို့ ခုန်တဲ့နေရာမှာ သိပ်ကိုလျှင်မြန်ပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့ပင်ကိုယ်ခုန်နိုင်အားကို ပိုပြီးအားကောင်းလာအောင်၊ ပိုပြီးမြန်ဆန်လာအောင် လေ့ကျင့်ပေးလို့ ရနိုင်တယ်ဆိုတာ သိရှိခဲ့ပါတယ်..။ အဲဒီလိုခုန်နိုင်အားနဲ့ လျှင်မြန်မှုဟာ ဖြတ်တင်ဘောတွေကို ထွက်ဆွဲတာပဲဖြစ်ဖြစ်၊ ဒိုက်ထိုးကာကွယ်ဖို့ ဂိုးပေါက်တစ်လျှောက် ရွှေ့လျားတဲ့နေရာမှာပဲဖြစ်ဖြစ် အကျိုးဖြစ်ထွန်းနိုင်ပါတယ်..။ အဲဒီနည်းအားဖြင့် ဂိုးသမားကောင်း တစ်ယောက်ကနေ ပိုပြီးထူးချွန်တဲ့ ဂိုးသမားတစ်ယောက် ဖြစ်လာမှာပါ..။

ဒါ့အပြင်သူဟာ မယုံနိုင်စရာကောင်းတဲ့ ကာကွယ်မှုတွေ ပြုလုပ်နိုင်စွမ်း ရှိပါတယ်..။ ခန္ဓာကိုယ် တည်ဆောက်ပုံ ကြီးမားသလို လက်ရုံးလက်ဖျံ ကျယ်ပြန့်တာကြောင့် လက်တဆုံးဆန့်လိုက်ရင် ဂိုးပေါက်တစ်ခုလုံး ပြည့်သွားသလိုပါပဲ..။ ဒါ့ကြောင့်သူ့ရဲ့ပင်ကိုယ် အရည်အသွေးတွေကို နည်းနည်းလေး ညှိနှိုင်းပေးလိုက်တာနဲ့ လုံလောက်နိုင်ပါတယ်..။”


ဂိုးသမားကြီး ပီတာ ချက် ကလည်း ဂိုးသမား ပီထရိုဗစ် ရဲ့ လက်ရှိစွမ်းဆောင်ရည်အပေါ် ကျေနပ်အားရတဲ့ပုံ ရှိပါတယ်..။ ဒါပေမယ့် သူ့ရဲ့ဂိုးကာကွယ်နည်းစနစ်တွေဟာ နည်းပြမော်ရစ္စစီယို ပိုချက်တီနို ရဲ့ စပိန်ဂိုးနည်းပြ တိုနီ ဂျီမီးနက်ဇ် ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေပုံရတဲ့အကြောင်း Sky Sports သတင်းဌာနရဲ့ Monday Night Football အစီအစဉ် ပြောကြားချက်မှာ အခုလိုမှတ်ချက် ပေးခဲ့ပါတယ်..။  

“ပီထရိုဗစ် ဟာ ဂိုးပေါက်တစ်လျှောက် ရွှေ့လျားရာမှာ သိပ်ကိုမြန်ဆန်ပါတယ်..။ ခြေနှုတ်ခြေသိမ်း မြန်ဆန်သလို ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ မြန်ဆန်တာကိုလည်း တွေ့မိပါတယ်..။ ဒါ့အပြင် လက်နဲ့ထွက်ပြီး ပုတ်ထုတ်ရာမှာ အဝေးကြီးရောက်ရှိသွားအောင် ပုတ်ထုတ်နိုင်တာကို သတိပြုမိပါတယ်..။ နောက်ပြီး ခြေထောက်တွေဟာ သန်မာတယ်..၊ တုံ့ပြန်မှုမြန်ဆန်တယ်..၊ ရွှေ့လျားမှု မြန်ဆန်တာကို တွေ့မိပါတယ်..။

ဒါပေမယ့် တိုက်စစ်မှူးတွေနဲ့ တစ်ယောက်ချင်း 1 vs 1 ရင်ဆိုင်ရာမှာ သူဟာဂိုးစည်းရဲ့အနီးနားမှာ နေရာယူတာ များနေပါတယ်..။ ဒါကလည်း အသင်းမှာသင်ကြားပေးနေတဲ့ ဂိုးနည်းပြတွေရဲ့ ဂိုးဖမ်းတဲ့ နည်းစနစ် အယူအဆကြောင့် ဖြစ်ပါလိမ့်မယ်..။ အဲဒီလိုဂိုးစည်းနားမှာရပ်နေခြင်းအားဖြင့် ကာကွယ်တဲ့နေရာမှာ အချိန်ပိုရပါတယ်..။ ဒါပေမယ့် အခြားတစ်ဘက်ကကျတော့ ဂိုးပေါက်ကြီးဟာ ပွင့်နေပါတယ်..။

အခုအသင်းက ပိုချက်တီနို ရဲ့ ဂိုးနည်းပြဟာ တော့တင်ဟမ်အသင်းမှာ ကတည်းက သူနဲ့အတူရှိနေခဲ့တဲ့ ဂျီမီးနက်ဇ် ဖြစ်ပါတယ်..။ ဂိုးသမား ကာကွယ်တဲ့အခါ အချိန်ပိုရဖို့ ဂိုးစည်းရဲ့အနီးမှာ တတ်နိုင်သမျှရှိနေဖို့ဆိုတဲ့ အယူအဆဟာ သူ့ရဲ့အယူအဆ ဖြစ်ပါတယ်..။ စပိန်ကဂိုးနည်းပြတွေ တော်တော်များများဟာ အဲဒီအယူအဆကို စွဲကိုင်ထားကြပါတယ်..။ ဒါ့ကြောင့်စပိန် ဂိုးသမား အတော်များများဟာ တိုက်စစ်မှူးတွေနဲ့ 1 vs 1 တစ်ယောက်ချင်း တွေ့တဲ့အချိန်မှာ အဲဒီပုံစံအတိုင်း ကစားကြတာ ခင်ဗျားတို့ သတိပြုမိကြမှာပါ..။

ကျွန်တော်ကတော့ အဲဒီအယူအဆကို သိပ်မကြိုက်ပါဘူး..။ တိုက်စစ်မှူးတွေနဲ့ တစ်ယောက်ချင်း 1 vs 1 ရင်ဆိုင်ရတဲ့ အခြေအနေအတော်များများမှာ ကျွန်တော်ဟာ ရှေ့ကိုတက်ပြီး angle ပိတ်တာကို ပိုပြီးနှစ်သက်ပါတယ်..။ အဲဒီလိုရှေ့ကိုအမြန်ဆုံးတက်ပြီး ပိတ်ဆို့ခြင်းဟာ ကိုယ့်အတွက် တုံ့ပြန်နိုင်ဖို့ အချိန်သိပ်မရပါဘူး..။ ဒါပေမယ့် တိုက်စစ်မှူး ကန်သွင်းနိုင်မယ့် ဧရိယာအကျယ်ကို ချုံ့နိုင်တဲ့ အကျိုးကျေးဇူး ရရှိပါတယ်..။”


ချယ်လ်ဆီးအသင်းဟာ ပီထရိုဗစ် ကို ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ရဲ့ အရန်ဂိုးသမား.. No. 2 ဂိုးသမားအဖြစ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်..။ ဒါပေမယ့် ဒီဇင်ဘာလမှာ စပိန်ဂိုးသမား ဒဏ်ရာရသွားတဲ့အချိန် သူဟာအဲဒီအခွင့်အရေးကို အမိအရ ဖမ်းဆုတ်နိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဂိုးပေါက်ကိုစပြီး တာဝန်ယူခဲ့ရတဲ့ ပထမဆုံး ပွဲကတည်းက တည်ငြိမ်တဲ့လက်စွမ်း ပြနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် နယူးကာဆယ် အသင်းကို ကျော်ဖြတ်ခဲ့တဲ့ Carabao ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ပွဲစဉ်မှာ သူဟာ မတ် ရစ်ချီ ရဲ့ ပင်နယ်တီကန်ချက်ကို ကာကွယ်ပေးခဲ့ပြီး နောက်တစ်ဆင့် တက်ရောက်စေခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းရဲ့ အမည်မဖော်ပြလိုသူ ဝန်ထမ်းတစ်ဦးကတော့ ဂိုးသမားလေး ပီထရိုဗစ် ဟာ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေအတွက် ချီးကျူးဂုဏ်ပြုခံနေရပေမယ့် အရင်လိုပဲ လေးလေးစားစား ကျိုးကျိုးနွံနွံနဲ့ အားလုံးကို ဆက်ဆံလေ့ရှိတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်..။

သူ့ရဲ့လက်ဦးဆရာ ဂိုးနည်းပြ ဟစ်ချ်ကော့ ကတော့ MLS ကနေ ပေါက်ဖွားလာတဲ့ ကြယ်ပွင့်သစ် ဂိုးသမားလေးဟာ ဝင်ဘလေကွင်းကြီးမှာ ယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲ.. ဆိုတဲ့ အရှိန်အဝါကို ကြောက်ရွံ့၊ နောက်တွန့်နေမှာမဟုတ်ပဲ ရဲရဲရင့်ရင့်နဲ့ တည်ငြိမ်တဲ့ လက်စွမ်းကို ပြသသွားနိုင်မယ်လို့ ယုံကြည်နေတဲ့အကြောင်း အောက်ပါအတိုင်း ချီးကျူးစကား ပြောကြားခဲ့ပါတယ်…။



“ပီထရိုဗစ် ဟာ ချယ်လ်ဆီးအသင်းမှာ မြန်မြန်ဆန်ဆန် အထိုင်ကျခဲ့တာကို မအံ့ဩမိပါဘူး..။ အမေရိကန် ပြည်ထောင်စုကို ရောက်လာချိန်မှာလည်း MLS ပြိုင်ပွဲနဲ့ လွယ်လွယ်ကူကူ အသားကျခဲ့သလို တည်ငြိမ်တဲ့ လက်စွမ်းကို ချက်ချင်းပြသနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ဘောလုံးလက်ခံယူရမှာ၊ ဖြန့်ဝေရာမှာ သိပ်ကိုအေးဆေး တည်ငြိမ်လွန်းသလို ရင်ဆိုင်ရတဲ့ အခြေအနေတိုင်းအပေါ် တည်တည်ငြိမ်ငြိမ်နဲ့ပဲ တုံ့ပြန်လေ့ ရှိပါတယ်..။ စိတ်တိုတာ၊ စိတ်အာရုံ ပျံ့လွင့်သွားတာ လုံးဝမရှိခြင်းဟာ သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းဖြစ်သလို ဂိုးသမားကောင်း တစ်ယောက်ဆီမှာ ရှိသင့်တဲ့လက္ခဏာရပ်လို့ ပြောရပါမယ်..။

မကြာသေးခင်ရက်ပိုင်းက သူနဲ့စကားပြောဖြစ်တဲ့အခါမှာ ကျွန်တော့်ဆီက အကြံဉာဏ်တောင်းပါတယ်..။ ကျွန်တော်ကတော့ ဗိုလ်လုပွဲနေ့မှာ တစ်နေ့လုံးပွဲအတွက် အာရုံစူးစိုက်မှုအပြည့်နဲ့ ပြင်ဆင်ဖို့ အကြံပေးလိုက်ပါတယ်..။ မနက်ဖြန်ဟာ သူ့အတွက် တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ နေ့တစ်နေ့ ဖြစ်လာမှာပါ..။ အဲဒီလိုအခွင့်အရေးကောင်းနဲ့ ကြုံရချိန်မှာ တကယ့်ကွင်းကြီးထဲက ပွဲကြီးပွဲကောင်းမှာ သူ့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ကိုပဲ မမေ့မလျော့ အာရုံစိုက်ဖို့ ထပ်မံမှာကြားခဲ့ပါတယ်..။ ဒီလိုနေ့ရက်မျိုးကို ကြုံဆုံခွင့်ရဖို့ တကယ့်ကိုခက်ခဲ၊ ကြမ်းတမ်းတဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်..။”
 

(The Telegraph မှ ဆောင်းပါးရှင်  Matt Law ၏ ‘Djordje Petrovic: The Chelsea goalkeeper trying to become their next Petr Cech’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)