feature-image

The Overlap: ချယ်လ်ဆီးပရိသတ်များရဲ့ ရင်ဖွင့်စကားသံများ..

Sky Sports သတင်းဌာနမှ တင်ဆက်သော ‘The Overlap: Fans Debate – ပရိသတ်များနှင့် ငြင်းခုန်ခြင်း‘ အစီအစဉ်တွင် အစီအစဉ်တင်ဆက်သူ ဂယ်ရီ နဗီးလ် နှင့် ဂျေမီ ကာရေဂါ တို့မှာ ချယ်လ်ဆီးအသင်း ပရိသတ်များဖြစ်ကြသည့် ဟယ်ရီ ကလာ့ခ် နှင့် မာတစ်ဆီ အာမာနီ တို့ထံမှ လက်ရှိချယ်လ်ဆီးအသင်းနှင့် ပတ်သက်သည့် ပရိသတ်များ၏ခံစားချက်..၊ တုံ့ပြန်သံများကို မေးမြန်းခဲ့ပါသည်..။

ဂျေမီ ကာရေဂါ - ကဲ.. အခုတစ်ခါ ချယ်လ်ဆီးပရိသတ်တွေရဲ့ ရင်တွင်းဖြစ် စကားသံတွေကိုလည်း နားဆင်ကြည့်ကြရအောင်…။ ဟယ်ရီ ရေ.. ခင်ဗျားတို့ချယ်လ်ဆီးအသင်းဟာ ‘မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာ’ နှစ်နှစ်ရှိသွားခဲ့ပါပြီ..။ ဒီနှစ်မှာလည်း နည်းပြသစ်နဲ့မျှော်လင့်ချက် ကြီးမားခဲ့ပေမယ့် ထင်မှတ်ထားသလို ဖြစ်မလာခဲ့ဘူးလို့ ပြောရမှာပါပဲ..။ ဟုတ်တယ်မလား..?

ဟယ်ရီ ကလာ့ခ် - ဒီနှစ်ရာသီကို အမြန်ဆုံးပြီးဆုံးချင်နေပါပြီ..။ တကယ်တမ်းဆိုရင် ကျွန်တော်ဟာ အကောင်းမြင်ဘက်ကို ပိုပြီးယိမ်းတဲ့ ချယ်လ်ဆီးပရိသတ် တစ်ယောက်လို့ ပြောလို့ရပါတယ်..။ ကျွန်တော်ဟာ အသင်းရဲ့ လုပ်ငန်းစဉ်တွေ၊ အသင်းရဲ့အနာဂတ် အစီအစဉ်တွေအပေါ် အမြဲတမ်းယုံကြည်ထားတဲ့သူ  ဖြစ်ပါတယ်..။ ဒါ့ကြောင့်အသင်းပိုင်ရှင်သစ်တွေဟာ အနာဂတ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်မယ့် အသင်းတစ်သင်းကို တည်ဆောက်နေဆဲဖြစ်တယ်လို့ ခံယူလျှက်ပါပဲ..။

ဒါပေမယ့် ကစားသမားတွေအပေါ်မှာ ကျရောက်နေတဲ့ ဖိအားတွေဟာ ကြီးမားလွန်းနေသလို ကစားသမား တစ်ဦးချင်းစီတိုင်းမှာ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၀၀) ဆိုတဲ့ တံဆိပ်ကပ်ထားခံရသလို ဖြစ်ပါတယ်..။ ချယ်လ်ဆီးမှာ သူတို့တွေ ကစားနေကြတယ်..။ ချယ်လ်ဆီးပရိသတ်..၊ ချယ်လ်ဆီးပရိသတ် မဟုတ်ကြတဲ့ သန်းပေါင်းများစွာသော ပရိသတ်တွေဟာ သူတို့တွေရဲ့ အကောင်းဆုံးခြေစွမ်းကို ပွဲတိုင်းပြသနိုင်ရမယ်.. ဆိုပြီး ဖိအားတွေ ပေးနေကြပါတယ်..။ အသင်းကလူငယ် ကစားသမားလေးတွေဟာ အဲဒီဖိအားတွေအောက်မှာ ပြိုလဲကုန်ကြတယ်လို့ ခံစားမိပါတယ်..။



ကျွန်တော်ဟာ အသင်းက ကစားသမားတစ်ချို့နဲ့ စကားပြောခဲ့ဖူးပါတယ်..။ သူတို့တွေဟာ အသင်းအပေါ် ချစ်မြတ်နိုးစိတ်အပြည့် ရှိကြသလို အနာဂတ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးပေးနိုင်မယ့် အသင်းတစ်သင်း ဖြစ်လာမယ့် လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ယုံကြည်နေတဲ့အကြောင်း ပြောကြပါတယ်..။

ဂယ်ရီ နဗီးလ် - အသင်းကို ချစ်မြတ်နိုးတဲ့အကြောင်း ခင်ဗျားနဲ့ပြောဖြစ်တာ ဘယ်သူတွေလဲဗျ..? စိတ်ဝင်စားဖို့တော့ ကောင်းသား…
ဟယ်ရီ ကလာ့ခ် - Ah..!! လီဗိုင်း ကိုဝဲလ် ပါ..။ ဒါ့အပြင် ကော်နာ ဂါလက်ချာ ဆီမှာ အသင်းကိုချစ်မြတ်နိုးစိတ် အပြည့်ရှိပါတယ်..။ ကျွန်တော်လည်း သူ့ကိုချစ်ပါတယ်..။ အခုအချိန်မှာ ကော်နာ ဂါလက်ချာ ဟာ ကျွန်တော်တို့အသင်းရဲ့ အမှောင်ကမ္ဘာထဲက အလင်းစက်တစ်ခုပါပဲ..။ သူဟာ တစ်ကွင်းလုံးအနှံ့ မနားတမ်း ပြေးလွှား၊ လှုပ်ရှားနေသလို အသင်းမှာ လုပ်အားနှုန်း အကောင်းဆုံး ကစားသမား တစ်ယောက်လို့ ပြောနိုင်ပါတယ်..။

ဂျေမီ ကာရေဂါ - မာတစ်စ် ရေ.. ခင်ဗျားရဲ့အမြင်ကရော ဘယ်လိုရှိလဲဗျ..?
 
မာတစ်ဆီ အာမာနီ - ကျွန်တော် စိုးရိမ်မိပါတယ်..။ အသင်းရဲ့ အနာဂတ်လမ်းကြောင်းနဲ့ အခုလက်ရှိ အခြေအနေအပေါ် အရမ်းစိုးရိမ်နေပါတယ်..။ ကျွန်တော်ကတော့ ဟယ်ရီ လို အကောင်းမြင်စိတ် ရှိမနေပါဘူး..။ အသင်းဟာ ငွေကြေးအများကြီး သုံးစွဲခဲ့တာကြောင့် အခုဆိုရင် ဂယ်ရီ ရေ.. ခင်ဗျားပြောခဲ့တဲ့ ‘billion pound bottle jobs’ ဆိုတဲ့ စကားစုဟာ အထူးနာမည်ကြီးနေပြီပေါ့ဗျာ.. ဟားဟား..။

ခင်ဗျားပြောခဲ့တာကို တစိတ်တပိုင်းတော့ သဘောတူပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့လို အသင်းရဲ့အမာခံ ပရိသတ်တွေအတွက် နာကျင်စရာ စကားလုံးတွေပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းကိုဆက်ပြီး တစ်ဆင့်မြှင့်ဖို့၊ အမှားတွေပြင်ဆင်ဖို့ နောက်ထပ်စတာလင်ပေါင် တစ်ဘီလီယံ မသုံးနိုင်တော့တာ သေချာပါတယ်..။ ဒါ့ကြောင့်လက်ရှိအသင်းမှာရှိနေတဲ့..၊ အသင်းက ဝယ်ယူထားတဲ့ ကစားသမားတွေရဲ့ အကောင်းဆုံးခြေစွမ်း ရရှိအောင် ကြိုးစားဖို့၊ အခုထက်ပိုပြီး တိုးတက်လာအောင် ကြိုးစားဖို့ပဲ ရှိပါလိမ့်မယ်..။

Ok.. ကစားသမားတွေရဲ့ စိတ်ထဲမှာ အသင်းအတွက် အစွမ်းကုန်ပေးဆပ် ကြိုးစားချင်စိတ် ရှိနေတယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်..။ ဒါပေမယ့် အသင်းရဲ့ ကစားသမားခေါ်ယူထားတဲ့ပုံစံကို ကြည့်မယ်ဆိုရင် ဟန်ချက် (balance) ကင်းမဲ့နေတာကို တွေ့ရပါလိမ့်မယ်..။ ခင်ဗျားတို့ဟာ စတာလင်ပေါင်သန်း (၁၀၀) တန် ကွင်းလယ် ကစားသမားတွေကိုသာ ဝိုင်းပြီးပြောနေကြပေမယ့် တစ်ချို့ကစားသမားတွေ… ဥပမာပေးရမယ်ဆိုရင် ဒီဗစ် ဝါရှင်တန်၊ ဘန်လေအသင်းကို အဌားရောက်ရှိနေတဲ့ ဒတ်ထရို ဖိုဖားနား တို့ဟာ သူတို့အသင်းတွေရဲ့ အသင်းကြီးအဆင့်မှာတောင် ကစားခဲ့ဖူးသေးတဲ့သူတွေ မဟုတ်ကြပါဘူး..။



နောက်ပြီး ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ စီးတီးအသင်းကို အတုခိုးပြီး လူငယ်တောင်ပံ ကစားသမား အန်ဂျလို ဂါဘရီယယ် အဌားရောက်ရှိနေတဲ့ စထရာ့ဘာ့ဂ်အသင်းနဲ့ မိတ်ဖက်အသင်းကွန်ယက် (multi club model) တည်ဆောက်ခဲ့ပါတယ်..။ အဲဒီလုပ်ငန်းစဉ်ကျတော့လည်း ခြေလှမ်းကျဲလွန်းတယ်လို့ ထင်မိပါတယ်..။ မန်ချက်စတာ စီးတီးအသင်းပိုင်ရှင်တွေဟာ အသင်းမှာအထိုင်ကျပြီး နှစ်တွေကြာလာမှ ခြေလှမ်းသစ်တွေ တစ်လှမ်းချင်း ချဲ့ထွင်ခဲ့တာပါ..။ အခုအသင်းပိုင်ရှင်တွေကျတော့ ရောက်ရောက်ချင်း.. ဘာမှအထိုင်မကျခင် လုပ်ချင်တဲ့အရာအများကြီးကို အလောတကြီး မြန်မြန်ဆန်ဆန် ပြုလုပ်လိုစိတ် ပြင်းပြနေပါတယ်..။ စိတ်စောနေတယ်ပေါ့ဗျာ..

ဒါ့အပြင်လက်ရှိအသင်းရဲ့ ကစားသမားတွေကို သုံးသပ်ကြည့်မယ်ဆိုရင် အသင်းသားတွေကြားမှာ ခေါင်းဆောင်မှု (leadership) ကင်းမဲ့နေတာ တွေ့ရပါတယ်..။ အရေးကြီးတဲ့အချိန်တွေမှာ အသင်းကို ဦးဆောင်၊ မောင်းနှင်ပေးနိုင်တဲ့သူ မရှိပါဘူး..။ အသက် (၄၀) ရှိနေပြီဖြစ်တဲ့ သမ္ဘာရင့်၊ ဝါရင့် သီယာဂို ဆေးလ်ဗား ကြီးတောင်မှ ဒီနှစ်မှာ အသင်းကို ဦးဆောင်မှုမပေးနိုင်ဘူး ဖြစ်နေပါတယ်..။ မန်နေဂျာ ပိုချက်တီနို ရဲ့ တစ်ခါတစ်ခါ ပြောပုံ၊ ဆိုပုံတွေဟာ ကြောင်တောင်တောင် (deers in the headlights) ပါဗျာ..။

သူဟာအင်္ဂလန်မြေကို အနိုင်ရဖို့၊ အောင်ပွဲတွေ အရယူဖို့ ပြန်လည်ခြေချခဲ့တယ်လို့ ပြောခဲ့သလို ကျွန်တော်ဟာ ဆုဖလားတွေနဲ့ လမိုင်းကပ်တဲ့သူ မဟုတ်ဘူး.. ဆိုတဲ့ ကျိန်စာ မှားယွင်းကြောင်း သက်သေပြချင်တယ်.. စတဲ့ စကားတွေကို ပြောခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အသင်းနဲ့ သူ့ရဲ့ပထမဆုံး ဗိုလ်လုပွဲဖြစ်တဲ့ Carabao ဖလား၊ ဗိုလ်လုပွဲမှာ သူ့ရဲ့ကိုင်တွယ်ခဲ့တဲ့ပုံစံကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့အသင်းနဲ့ သူနဲ့ဟာ ဘယ်လိုနည်းမှ အစပ်အဟပ်တည့်မှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်..။

ဂျေမီ ကာရေဂါ - မော်ရစ္စစီယို ပိုချက်တီနို ကို ခင်ဗျားတို့ ဘယ်လိုမြင်မိလဲဗျ..? Carabao ဖလား၊ ဗိုလ်လုပွဲအပြီးမှာ ချယ်လ်ဆီးပရိသတ် အများစုက သူ့ကိုအသင်းမှာဆက်ပြီး မမြင်ချင်ကြတော့ဘူးလို့ ပြောကြပါတယ်..။ ပြီးခဲ့တဲ့ဘရန့်တ်ဖို့ဒ် အသင်းနဲ့ပွဲမှာဆိုရင် ပရိသတ်တွေဟာ ‘ဟိုဆေး မော်ရင်ဟို’ ကိုတောင် ပြန်လည်ကြွေးကြော်၊ တမ်းတခဲ့ကြပါတယ်..။

မာတစ်ဆီ အာမာနီ - မော်ရစ္စစီယီု ပိုချက်တီနို စပြီးခေါ်ယူတဲ့အချိန်တုန်းက အသင်းရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်လည်း သဘောတူခဲ့ပါတယ်..။ ပြီးခဲ့တဲ့ရာသီက ကြုံတွေ့ခဲ့ရတဲ့ မနှစ်မြို့စရာ အခြေအနေတွေ၊ နွေရာသီမှာ ခေါ်ယူထားတဲ့ လူငယ်ကစားသမားတွေရဲ့ အခြေအနေတွေအပြင် ပိုချက်တီနို ဟာ တော့တင်ဟမ်၊ ဆောက်ပ်သမ်တန်အသင်းတွေမှာ လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့တယ်..၊ လူငယ်ကစားသမားတွေနဲ့ အသင်းကို တိုးတက်အောင် ပြုလုပ်နိုင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်..။

ဒါ့ကြောင့်အဲဒီလူငယ် ကစားသမားလေးတွေနဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးသား ကစားသမားတွေကို သမမျှတအောင် ရောစပ်နိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေကောင်းလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်..။သူ့ကိုနေ့ချင်းညချင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပေးပါ..၊ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးပါ.. လို့ တောင်းဆိုတာ မဟုတ်ပါဘူး..။ လက်ရှိအသင်းအနေအထားအရ အဲဒီလို မဖြစ်နိုင်သေးဘူးဆိုတာ နားလည်ပါတယ်..။ အဲဒါကပြဿနာ မဟုတ်ပါဘူး..။



ပြဿနာက မန်နေဂျာရဲ့ သတင်းစကားတွေဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ အခုအချိန်မှာ ကျွန်တော်တို့အသင်းဟာ အမိုက်မှောင်ဆုံးကာလကို ဖြတ်ကျော်နေရပါတယ်…။ ပရိသတ်တွေဘက်ကလည်း အသင်းရဲ့လက်ရှိအခြေအနေကို လက်မခံနိုင်ပါဘူး..။ဒါ့အပြင်  ကျွန်တော်တို့တွေဟာ အသင်းပိုင်ရှင်တွေ၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ အားကစား ဒါရိုက်တာတွေအပေါ် ယုံကြည်မှုပေးလို့မရပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အားလုံးမှာ ထိပ်တန်းအဆင့် ဘောလုံးအသင်း တစ်သင်းကို မောင်းနှင်ပေးနိုင်ပါတယ်.. ဆိုတဲ့ အတွေ့အကြုံ၊ အောင်မြင်မှုတွေ ရှိမနေတာကြောင့် ဖြစ်ပါတယ်..။

အဲဒီလိုအခြေအနေမှာ မန်နေဂျာဆိုတာ ပရိသတ်တွေနဲ့ အသင်းပိုင်ရှင်တွေ၊ ဘုတ်အဖွဲ့တွေကြားမှာ ပေါင်းကူးပေးနိုင်ရပါမယ်..။ သူ့ရဲ့နှုတ်ထွက်စကားတွေ၊ ကတိစကား၊ ရည်မှန်းချက်တွေဟာ အဓိပ္ပါယ် လေးနက်မှု ရှိရမယ်..၊ အားကိုးယုံကြည်လောက်ရမယ့် အနေအထား ရှိရပါမယ်..။ ပိုချက်တီနို ပြောတဲ့စကားတွေထဲမှာ ချယ်လ်ဆီးပရိသတ်တွေကို ရိုမန် အေဘရာမိုဗစ်ချ် လက်ထက် အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ ရွှေခေတ်ကာလကို မေ့ပစ်လိုက်ဖို့.. ဆိုတဲ့ သဘောမျိုးတွေ ပါခဲ့ပါတယ်..။ ဆိုလိုချင်တာက ကျွန်တော်တို့အသင်းဟာ အဲဒီလိုအဆင့်၊ အဲဒီလိုအခြေအနေမျိုးမှာ မရှိတော့ဘူး.. ပေါ့ဗျာ..။

အဲဒီလိုစကားတွေကို နားထောင်ကြည့်လိုက်တာနဲ့ သူဟာပရိသတ်တွေနဲ့ တစ်သားတည်းရှိမနေဘူး..၊ အပြာရောင်ပရိသတ်တွေ ဘယ်လိုစကားမျိုး ကြားချင်တယ်ဆိုတာ နားမလည်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်..။ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် ဆုဖလား ဆွတ်ခူးပေးရမယ်.၊ လာမယ့်နှစ်နှစ်အတွင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးပါ.. လို့ ပြောနေတာလည်း မဟုတ်ပါဘူး..။ ကျွန်တော်တို့တွေရဲ့ အနည်းဆုံးမျှော်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်..၊ လက်ရှိလူငယ်လေးတွေနဲ့လည်း အမှတ်ပေးဇယား အဆင့် (၄) နေရာကို လက်လှမ်းမှီနိုင်သင့်ပါတယ်..။

ဒါပေမယ့် အခုရောက်ရှိနေတဲ့ အမှတ်ပေးဇယား အဆင့် (၁၁) ဆိုတာ အဆင်မပြေပါဘူး..။ ကျွန်တော်တို့ဟာ ဝုလ်ဖ်အသင်းရဲ့ အောက်ကိုရောက်နေတယ်..၊ အဓိကတိုက်စစ်မှူး မီထရိုဗစ် ကို ဆုံးရှုံးထားတဲ့ ဖူးလ်ဟမ်းအသင်းထက် တစ်မှတ်ပဲသာနေတဲ့ အနေအထားဟာ မဖြစ်သင့်ပါဘူး..။ အသင်းရဲ့ဒဏ်ရာ ပြဿနာ… မှန်ပါတယ်.. ကျွန်တော်တို့အသင်းဟာ ဒဏ်ရာပြဿနာကြောင့် ပုံမှန်ခြေစွမ်း၊ အသင်းသားတွေကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်..။ အဲဒီလိုအခက်အခဲတွေ ရှိနေပေမယ့် ကျွန်တော်တို့ဟာ အမှတ်ပေးဇယား အလယ်အလတ်အသင်း မဖြစ်သင့်ပါဘူး..



ဂယ်ရီ နဗီးလ် - ကျွန်တော်က အပြင်ကနေ ကြည့်နေတဲ့သူ တစ်ယောက်အနေနဲ့ပဲ မေးကြည့်ပါမယ်..။ အသင်းပိုင်ရှင်သစ်တွေဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့ပြီး နောက်ဆုံး (၁၈) လအတွင်း ဘာတွေလုပ်ခဲ့လဲ..? သူတို့ကိုယ်တိုင်တောင်မှ သိကြရဲ့လား..? သူတို့ဟာ ဘောလုံးအသင်းတစ်သင်းကို ဘယ်လိုပုံစံ စီမံခန့်ခွဲရတယ်ဆိုတာ သိရှိထားပြီးပြီလို့ ခင်‌ဗျားတို့ယူဆသလား..?

ဟယ်ရီ ကလာ့ခ် - ကျွန်တော်က ချယ်လ်ဆီးပရိသတ်တစ်ယောက်ပီပီ အသင်းဘက်ကပဲ ရှိရမှာပေါ့..။ Yes.. သူတို့တွေဟာ အသင်းကိုဘယ်လိုပုံစံ စီမံခန့်ခွဲရမယ်ဆိုတာ သိရှိပြီးဖြစ်ပါမယ်..၊ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ ဒါ့ကြောင့်သူတို့တွေဟာ သူတို့လုပ်စရာရှိတာ လုပ်နေပါလိမ့်မယ်..။ ချယ်လ်ဆီးပရိသတ် တစ်ယောက်အမြင်နဲ့ဆိုရင် လက်ရှိအသင်းမှာ အသက်ငယ်ရွယ်လွန်းတဲ့ ကစားသမားတွေ များပြားနေပါတယ်..။ ကိုးလ် ပါးမား ဆိုရင် မန်ချက်စတာ စီးတီးအသင်းနဲ့ အောင်မြင်မှုကြီးတွေ ရရှိခဲ့ပြီး ဖြစ်ပေမယ့် အသက် (၂၁) နှစ်ပဲ ရှိသေးပြီး ကျွန်တော်တို့ထက်တောင် ငယ်ရွယ်နေပါသေးတယ်..။

ဒါ့အပြင် အဲဒီလူငယ် ကစားသမားတွေကို (၈) နှစ်သက်တမ်း စာချုပ်တွေနဲ့ ချုပ်ဆိုထားတဲ့ဆိုတော့ မွေးကင်းစ အသင်းတစ်သင်းကို နို့တိုက်ပြီး ကြီးပြင်းအောင် လုပ်နေသလို ဖြစ်နေပါတယ်..။ သူတို့တွေအပေါ် ထားရှိနေတဲ့ အဲဒီလိုအမြင်တွေ အမြန်ဆုံးကွယ်ပျောက်သွားပြီး ကမ္ဘာ့အဆင့် အသင်းတစ်သင်း မကြာခင်မှာ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။

ဒါ့ကြောင့် မာတစ်စ် ရေ.. ကျွန်တော်တို့အသင်းဟာ အမိုက်မှောင်ဆုံးအချိန်ကို ဖြတ်သန်းနေရတယ်လို့ ခင်ဗျားပြောခဲ့ပါတယ်..။ တကယ်တော့ အဲဒီလိုအမိုက်မှောင်ဆုံး အချိန်တွေဟာ ပရိသတ်တွေရဲ့ ထောက်ခံ အားပေးမှု အလိုအပ်ဆုံးအချိန်တွေ ဖြစ်ပါတယ်..။ ကိုယ့်ရဲ့ဘေးနားမှာ အရာရာပြိုလဲကျနေချိန်မှာ ထွေးပွေ့ပေးနေမယ့် အမာခံပရိသတ်တွေ ရှိနေတယ်ဆိုတာ မကောင်းဘူးလားဗျာ..။ ဒါ့ကြောင့်အခုအချိန်ထိတော့ ကျွန်တော်တို့ရဲ့ လူငယ်အသင်းသစ်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလိမ့်မယ်လို့ ယုံကြည်ထားနေဆဲ ဖြစ်ပါတယ်..။ ဒါ့ကြောင့် ကျွန်တော်ဟာ အသင်းဘက်နေ မားမားမတ်မတ် ရပ်တည်ပြီး ‘မှန်တယ်.. အခုအချိန်မှာ ကျွန်တော်တို့ဟာ ဆိုးရွားနေတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းနေပါတယ်..။ ဒါပေမယ့် မကြာခင်မှာ အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လာမှာပါ..’ လို့ ရဲရဲဝံ့ဝံ့ ဟစ်ကြွေးလိုက်ချင်ပါတယ်..။

မာတစ်ဆီ အာမာနီ - အပြောကောင်းတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ သဘောမတူပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းပိုင်ရှင်တွေရဲ့ ရည်မှန်းချက်အမှန်၊ သူတို့တွေရဲ့ ခြေလှမ်းအမှန်ကို အခုအချိန်ထိ ကျွန်တော်တို့ မသိရသေးပါဘူး..။ ဒါ့ကြောင့်ကျွန်တော်တို့အသင်းအပေါ် သူတို့တွေရဲ့ မျှော်မှန်းချက်တွေက ဘာလဲ..? အက်စ်တွန် ဗီလာအသင်းတောင်မှ ကျွန်တော်တို့ထက်ပိုပြီး ထင်သာမြင်သာရှိနေတယ်..၊ အနာဂတ်လမ်းကြောင်း… သူတို့ရည်မှန်းချက်တွေကို မှန်းဆကြည့်လို့ရနေပါတယ်…။ ဒီနှစ်မှာဆိုရင် သူတို့ခေါ်ယူခဲ့တဲ့ ကစားသမားတွေကြည့်မယ်ဆိုရင် မူဆာ ဒီယာဘီ.. တို့လို လုံလောက်တဲ့ အတွေ့အကြုံ အပြည့်ရှိတဲ့ ကစားသမားတွေ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေအတွက် အဆင်သင့် ကစားပေးနိုင်တဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်..။



ဂျေမီ ကာရေဂါ - ဟေး.. ခင်ဗျားတို့အသင်းမှာ ကမ္ဘာ့ချန်ပီယံ.. ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုရ သွေးသစ်ကို ခေါ်ယူထားတယ်လေ…
မာတစ်ဆီ အာမာနီ - မှန်ပါတယ်..။ ဘဏ္ဍာရေးစည်းမျဉ်းတွေရဲ့ လစ်ကွက်ကို အသုံးချပြီး သူတို့တွေကို ခေါ်ယူခဲ့တာကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်တို့ဟာ ကစားသမားတွေရဲ့ စာချုပ်သက်တမ်း ကန့်သတ်မှုတွေ (amortization rules) ပြန်လည်ပြင်ဆင်ခဲ့ရတာ မဟုတ်ဘူးလား…
   
ဂျေမီ ကာရေဂါ - အဲဒါကတစ်ပိုင်းပေါ့… ခင်ဗျားတို့အသင်းပိုင်ရှင်တွေဟာ အဲဒီလို ငွေကြေးအများကြီးသုံးစွဲပြီး အရည်အသွေးမြင့်တဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူပေးခဲ့တယ်ဆိုတာ ရည်မှန်းချက် ကြီးမားလို့ မဟုတ်ဘူးလား..? အခုဆိုရင် သူတို့ရဲ့ ကစားသမား အပြောင်းအရွှေ့ အသုံးစားရိတ်ဟာ စတာလင်ပေါင် တစ်ဘီလီယံ ကျော်သွားခဲ့ပြီလေ..

မာတစ်ဆီ အာမာနီ - ပိုက်ဆံသုံးစွဲတာ ကောင်းပါတယ်..။ အဲဒီလောက်များပြားလှတဲ့ ငွေကြေးပမာဏ သုံးစွဲခဲ့တယ်ဆိုတာ ပိုပြီးကြားလို့ကောင်းတာပေါ့..။ ဒါပေမယ့် ဘယ်လိုပုံစံနဲ့ သုံးစွဲခဲ့တယ်..၊ အထူးသဖြင့် ဘယ်လိုအကြောင်းနဲ့ အသက် (၂၃) နှစ်အောက် ကစားသမားတွေကိုပဲ ဝယ်ယူရမယ်လို့ စည်းဘောင် သတ်မှတ်ပေးခဲ့တာလဲ.? အသင်းမှာ အတွေ့အကြုံရှိပြီးသား ကစားသမားတွေ လိုအပ်လိမ့်မယ်ဆိုတာ ကြိုတင်မမြင်နိုင်လောက်အောင် ဘာတွေက ဖုံးကွယ်နေခဲ့တာလဲ..?

ဒါ့အပြင် တော့ဒ် ဘိုလေး.. သူဟာအသင်းဥက္ကဌ ဆိုပေမယ့် အခုအချိန်မှာ အသင်းရဲ့နေစဉ်လုပ်ငန်းတွေကို အနီးကပ် ဦးစီးနေတာ မဟုတ်တော့ပါဘူး..။ သူဟာတဖြည်းဖြည်းနဲ့ ဘေးကိုဖယ်ပေးနေပါပြီ..။ ဒါ့အပြင် အစကတည်းက ခရစ္စတီယာနို ရော်နယ်လ်ဒို ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်..၊ ဘာကြောင့်လဲ..? စီးပွားရေးအတွက် ဆိုတော့.. မေးစရာတွေ ဖြစ်လာခဲ့ပါတယ်..။

နောက်တော့ သောမတ်စ် တူခယ်လ် တောင်းဆိုတဲ့ ရာဟင်း စတာလင်း၊ အူဘားမီးယန်း တို့ကို ခေါ်ပေးပြီး တူခယ်လ် ကို အလုပ်ကနေ ချက်ချင်းထုတ်လိုက်ပါတယ်..။ အသင်းပိုင်ရှင် အပြောင်းအလဲကာလ၊ တားဆီးပိတ်ပင်မှုတွေကြောင့် ဘာမှမသေချာတော့တဲ့ ကာလတွေမှာ သောမတ်စ် တူခယ်လ် ရဲ့ အသင်းကို ဦးဆောင်သွားခဲ့တဲ့ပုံစံဟာ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ ဒါ့အပြင် သူဟာအဲဒီလို အခက်အခဲတွေကြားထဲကနေ အသင်းကို ပြည်တွင်းဖလား ဗိုလ်လုပွဲနှစ်ကြိမ်ရောက်အောင် ပို့ဆောင်ပေးခဲ့ပါသေးတယ်..။ ပြီးတော့ ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့တဲ့ ထိပ်တန်းနည်းပြ…၊ အောင်မြင်မှုတွေနဲ့ ယဉ်ပါးနေတဲ့သူ.. သူ့လိုနည်းပြကို ထုတ်ပယ်ခဲ့ပါတယ်..။



အမှန်တကယ် ရည်မှန်းချက်ကြီးတယ်ဆိုရင် တူခယ်လ် လို နည်းပြကို ထိပ်တန်းအဆင့် အတွေ့အကြုံရှိတဲ့ အားကစား ဒါရိုက်တာနဲ့ အားဖြည့်ပေးရပါမယ်..။ မန်ချက်စတာ စီးတီးအသင်း အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ ဆီကီ ဘာကာစတိန်း (အားကစား ဒါရိုက်တာ) ရဲ့ အခန်းကဏ္ဍ ဘယ်လောက်တောင် အရေးပါလဲ.. အားလုံးသိကြပါတယ်..။ ဂျာဂင် ကလော့ပ် ဆိုရင် သူ့ရဲ့နောက်မှာ မိုက်ကယ် အက်ဒ်ဝဒ် လို အားကစား ဒါရိုက်တာ ရှိနေပါတယ်..။ ကျွန်တော်တို့အသင်းရဲ့ အားကစား ဒါရိုက်တာတွေဟာ ဘရိုက်တန်ကနေ ရောက်လာခဲ့ပါတယ်..။ သူတို့ဆီမှာ ထိပ်တန်းအသင်းကြီးတွေ ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ မရှိခဲ့ပါဘူး..။

ဒါ့ကြောင့်ထိပ်တန်းအသင်းကြီးတွေမှာ ရှိနေတဲ့ ကြီးမားတဲ့ မျှော်မှန်းချက်တွေကို ပြည့်မှီနိုင်အောင်၊ ပရိသတ်တွေရဲ့ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်အောင် ဘာတွေလုပ်ပေးရမယ်၊ အမြန်ဆုံးနည်းနဲ့ ချယ်လ်ဆီးအသင်းကို အောင်မြင်မှုတွေ ပြန်လည်ရရှိအောင် ဘာတွေလုပ်ပေးရမယ်.. ဆိုတာ သေသေချာချာ သိထားတဲ့သူတွေ ဖြစ်ဟန်မတူပါဘူး..။ အောင်ပွဲတွေ ရယူပေးနိုင်တဲ့ တူခယ်လ် ကို ထုတ်ပယ်ပြီး ဂရေဟမ် ပေါ်တာ ကို မန်နေဂျာ ခန့်အပ်တယ်.. ဆိုတာဟာ ‘စမ်းသပ်မှု (experiment)’ တစ်ခု ပါပဲ..။ အတတ်ဆန်းတာပေါ့ဗျာ..။ ဘယ်လိုရလဒ်ထွက်လာမလဲ.? ဘယ်သူကမှ ကြိုတင်မခန့်မှန်းနိုင်ခဲ့တာ..

အခုလောလောဆယ်မှာ ချယ်လ်ဆီးနဲ့ ပတ်သက်ပြီး ကျွန်တော်အကြောက်ဆုံးအရာက အသင်းပိုင်ရှင်တွေရဲ့ စိတ်ဝင်စားမှု၊ ရင်းနှီးမြုပ်နှံမှုတွေဟာ အမြင့်ဆုံးမှာ (head of the curve) ရှိနေမှာကိုပဲ..။ ဒါပြီးရင် ‘အောက်ကိုကျဖို့ပဲ ရှိတော့မှာလား..?’

အသင်းပိုင်ရှင်တွေဟာ ချယ်လ်ဆီးအသင်းမှာ အောင်မြင်မှုတွေ ပြန်လည်ရရှိနိုင်ဖို့ ဘာတွေလုပ်ရမယ်ဆိုတာ သေသေချာချာ သိထားပါတယ်.. ဆိုပြီး အာမခံပေးနိုင်တဲ့သူ အခုအချိန်မှာ မရှိပါဘူး..။ ဘယ်သူကမှ ကျိန်းသေမပြောနိုင်ပါဘူး..။ ဒါမှမဟုတ် သူတို့တွေရဲ့ ခြေလှမ်းအဆင့်ဆင့်တွေကို သေသေချာချာ ရှင်းပြတာ၊ ပြောပြပေးနိုင်တာလည်း မရှိပါဘူး..။

သူတို့တွေရဲ့ ပြောကြားချက်တွေ၊ ရှင်းပြချက်တွေအကုန်လုံးကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် အားလုံးဟာ ဆင်ခြေတွေ..၊ ဝှေ့လည်ကြောင်ပတ်တွေ များပါတယ်..။ မကြာသေးခင်ကပဲ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တာဝန်ယူဖူးတဲ့ ဈေးကွက်ကျွမ်းကျင်သူတစ်ယောက်ကို အားဖြည့်ပါတယ်..။ ကျွန်တော်ကတော့ ဇာတ်လမ်းတွေ ဆင်နေတာလို့ပဲ ထင်မိတာပါပဲ..။ ပြီးရင်မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ (false hopes..) ပေါ့ဗျာ… ကျွန်တော်တို့အသင်းဟာ ‘ဗစ်တာ အိုဆင်ဟမ် ကို ခေါ်ယူမယ်..’ No.. အဲဒီနာပိုလီအသင်း တိုက်စစ်မှူးဟာ ကျွန်တော်တို့ဆီ ရောက်လာမှာ မဟုတ်ပါဘူး..။

ကျွန်တော်တို့ဟာ ထိပ်ဆုံးလေးသင်းထဲ ဝင်မှာမဟုတ်သလို လက်ရှိအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအရ သူ့ကိုပေးဖို့ လစာနဲ့ ပြောင်းရွှေ့ကြေးကို တတ်နိုင်မှာလည်း မဟုတ်ပါဘူး..။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ အသုံးအစွဲ ကြမ်းခဲ့တာကြောင့် စံချိန်တင်အရှုံးတွေပြနေတဲ့ ဘဏ္ဍာရေး အခြေအနေကို ပြေလည်သွားအောင် ဘာတွေလုပ်ဖို့ရှိလဲ..? ကျွန်တော်မသိပါဘူး..။

တကယ်လို့ Carabao ဖလားမှာ ဗိုလ်စွဲခဲ့ပြီး Conference League ဝင်ခွင့်ရခဲ့ရင်ရော အဲဒီဘဏ္ဍာရေး အကျပ်အတည်းတွေ ပြေလည်နိုင်မှာလား..? အဲဒါလည်းမဖြေနိုင်ပါဘူး..။ ဒါ့ကြောင့်အသင်းနဲ့ပတ်သက်ပြီး သုံးသပ်ရမယ်ဆိုရင် မသေချာတာတွေ၊ မရေရာတာတွေ (uncertainty) များပြားနေလွန်းတယ်.. လို့ပဲ ပြောရမှာပါပဲ..။ ဒါ့ကြောင့်စိတ်အေးလက်အေးနဲ့ ‘အားလုံးစိတ်ရှည်ရှည် ထားပေးပါ..၊ အချိန်တန်ရင် ပြေလည်သွားမှာပါ..’ လို့ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ..