feature-image

ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးနည်းပြဘဝ ဖွင့်ဟချက်များ..

ချယ်လ်ဆီးအသင်း ဂန္တဝင်ကွင်းလယ် ကစားသမားနှင့် နည်းပြဟောင်း ဖရန့် လမ်းပတ် မှာ ‘Unfiltered with Oli Dugmore’ အစီအစဉ် တွေ့ဆုံခန်းတွင် ချယ်လ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ရသည့်ကာလအပေါ် ခံစားချက်များ၊ ယာယီနည်းပြဘဝတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အပြောင်းအလဲကာလ အခက်အခဲများနှင့် လက်ရှိချယ်လ်ဆီး စီမံချက်သစ်ပေါ် သူ၏အမြင်များကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါသည်..။

အိုလေ ဒပ်ခ်မိုး - ဖရန့်ခ် ရေ.. ခင်ဗျားဟာ ချယ်လ်ဆီးအသင်းကို နည်းပြအဖြစ်နဲ့ ပြန်လည်ရောက်ရှိ လာခဲ့တဲ့အချိန် ပထမဆုံး ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်..။ ဒုတိယရာသီမှာ ဒီဇင်ဘာလအထိ အမှတ်ပေးဇယား ဒုတိယနေရာ ရောက်ရှိနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီဗီးလားအသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်..။ ဒါပေမယ့် နောက်ထပ်တစ်လပဲကြာတယ်.. ခင်ဗျားဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်..၊ ဘာတွေဖြစ်ခဲ့လဲ..? ပြောပြလို့ရနိုင်မလား…?

ဖရန့် လမ်းပတ် - ချယ်လ်ဆီးနဲ့ ပတ်သက်ရင် အစကနေ ပြန်ပြောရမယ် ထင်ပါတယ်…။ မော်ရစ္စဇီယို ဆာရီ အသင်းကနေ ထွက်သွားပြီးတဲ့နောက် ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကို ကျွန်တော်ရရှိခဲ့ပေမယ့် ပထမဦးစားပေး ရွေးချယ်မှု ဟုတ်ဟန်မတူပါဘူး..။ ကျွန်တော့်ကို ချယ်လ်ဆီးနည်းပြအဖြစ် ခန့်အပ်တဲ့အကြောင်းကို မာရီနာ ဂရာနော့ဗ်ကီးယားစ် က ဖုန်းဆက်ပြီး အသိပေးခဲ့ပါတယ်..။ သူဖုန်းဆက်လာတဲ့အချိန်က ကျွန်တော်ဟာ အိမ်နောက်ဖေးက ဥယျာဉ်ထဲမှာပါ..။ သူနဲ့ဖုန်းပြော.. နောက်ဆုံးညှိနှိုင်းမှုလေးတွေပြုလုပ်၊ အလုပ်ကိုလက်ခံလိုက်ပါတယ်..။

မာရီနာ က ‘ကျွန်မတို့အသင်းမှာ ပြဿနာတွေ ရှိနေတာ ရှင်လည်းသိပြီးသားပါ..၊ အသင်းကို တန်းဆင်းရအောင်တော့ မလုပ်လိုက်ပါနဲ့..’ လို့ ပြောပြီး ကျွန်တော်တို့နှစ်ယောက်စလုံး ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြပါတယ်..။ ချယ်လ်ဆီးလိုအသင်းကြီးကို တန်းဆင်းအထိ ဖြစ်သွားအောင် ကျွန်တော်လည်း အစွမ်းပြနိုင်မှာ မဟုတ်ဘူးလို့ ထင်ပြီးသားပါ.. ဟားဟား..။ ဒါပေမယ့် အသင်းနဲ့ပထမဆုံး ပြောဆိုမှုတွေဟာ ကျေနပ်စရာကောင်းခဲ့တယ်..၊ ကောင်းမွန်တဲ့ အစပြုမှုတွေ ဖြစ်ခဲ့တယ်ဆိုတာ ပြောပြတာပါ..။



မာရီနာ ဟာ ကျွန်တော်တို့ရဲ့ ဂေါ့ဒ်ဖားသား ဖြစ်သလို သူမရဲ့အကြောင်း ကျွန်တော်သိပြီးသားပါ..။ သူမဟာ အနိုင်ရလဒ်ကိုပဲ လိုချင်တဲ့သူ ဖြစ်ပါတယ်..။ ဒီလိုနည်းနဲ့ ချယ်လ်ဆီးနည်းပြ ဖြစ်လာခဲ့ပြီး ပထမဆုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပါတယ်..။ FA ဖလားမှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့ပေမယ့် ဗိုလ်မစွဲခဲ့တဲ့အပေါ် အရမ်းကိုစိတ်ပျက်ခဲ့ရပါတယ်..။ ကျွန်တော်တို့ဟာ ပြိုင်ပွဲတစ်လျှောက် လီဗာပူးလ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းတွေကို ကျော်ဖြတ်လာခဲ့တာပါ..။

အာဆင်နယ်အသင်းနဲ့ ဗိုလ်လုပွဲမှာ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွဲတား ပေါင်တွင်းကြော ဒဏ်ရာရသွားခဲ့တယ်…၊ အဲဒီအချိန်မှာ သူတို့တွေ ဂိုးသွင်းသွားခဲ့ပါတယ်..။ ခရစ္စတီယန် ပူလီဆစ် ဟာ ဂိုးသမားနဲ့ တစ်ယောက်ချင်း 1 vs 1 တွေ့ပြီး ကန်သွင်းခါနီးကျမှ ပေါင်တွင်းကြောဒဏ်ရာ ရပြန်ပါတယ်..။ အနီကတ်ဒ်ထိတယ်.. စသဖြင့်ပေါ့ဗျာ..။ အိုကေ.. အဲဒီပွဲအပေါ် ဘာမှမပြောချင်တော့ပါဘူး.. ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ..။ အဲဒီဘောလုံးရာသီကို ခြုံငုံ၊ သုံးသပ်ရရင် အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုလို့ ပြောလို့ရပါတယ်..။

ဒါ့အပြင် လူငယ်ကစားသမားတွေရဲ့ တိုးတက်လာမှုတွေကို မြင်တွေ့ခဲ့ရပါတယ်..။ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားအသစ်တွေ ထပ်ပြီးအားဖြည့်ခဲ့ပါတယ်..။ သီယာဂို ဆေးလ်ဗား၊ ကိုင် ဟာဗာ့ဇ်၊ တီမို ဗာနာ၊ ဘင် ချီးဝဲလ် တို့ကို ခေါ်ယူခဲ့ပါတယ်..။ တစ်ချို့ကစားသမားတွေက အခုအချိန်ထိ အသင်းမှာဆက်ပြီး ရှိနေသေးတယ်..၊ တစ်ချို့တွေတော့ အသင်းမှာ မရှိကြတော့ပါဘူး..။ အဲဒီဘောလုံးရာသီမှာလည်း ဒီဇင်ဘာအထိ နိုင်ပွဲတွေအတော်များများ ရရှိခဲ့ပါတယ်..။

ဆီဗီးယားအသင်းကို အဝေးကွင်းမှာ ၄ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ဟာ အုပ်စုအဆင့်ကနေ တက်ရောက်ပြီး ဖြစ်တာကြောင့် ဒုတိယဦးစားပေးအသင်းနဲ့ ရင်ဆိုင်ခဲ့တာပါ..။ အဲဒီအချိန်က ကျွန်တော့်ရဲ့အသင်းသားတွေဟာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးပေးနိုင်မယ့် အရည်အသွေး ရှိနေပါတယ်..။ ဒါပေမယ့် ပြဿနာက ခြေစွမ်းမတည်ငြိမ် (consistency) အချက် ဖြစ်ပါတယ်..။ ကျွန်တော်လည်း အဲဒီအရာကို ခံစားမိခဲ့ပါတယ်..။



ကျွန်တော်တို့ ကစားသမားဘဝတုန်းကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ချန်ပီယံဆုတွေ အကြိမ်ကြိမ်ရခဲ့တာ ဖြစ်တဲ့အတွက် ဒုတိယနေရာဆိုတာ စိတ်ပျက်စရာပါ..။ ကျွန်တော်ကလည်း အဲဒီလိုခြေစွမ်းတည်ငြိမ်မှု ရရှိအောင် ဘယ်လိုလုပ်မလဲ..? ဆိုတဲ့အဖြေကို ရှာဖွေနေတဲ့အချိန် ဖြစ်ပါတယ်..။ ဒီဇင်ဘာလ ရောက်လာတဲ့အချိန်ထိ အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာမှာရှိနေပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့လည်း ခံစားနေမိပါတယ်..။

ဒီလိုနဲ့ ရုတ်တရက်ဆိုသလို ခက်ခဲတဲ့ကာလတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲဒီအခိုက်အတန့်အတွင်း ကန်ခဲ့ရတဲ့ (၁၁) ပွဲမှာ (၅) ပွဲလောက် ရှုံးနိမ့်ခဲ့ရတယ်လို့ ထင်တာပဲဗျ..။ အဲဒီပွဲတွေထဲမှာ မန်ချက်စတာ စီးတီး၊ Boxing Day မှာ အာဆင်နယ် အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ထိပ်တိုက်ပွဲကြီးတွေလည်း ပါခဲ့ပါတယ်..။ ဒါ့ကြောင့်အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့အချိန်ဟာ ချက်ချင်းလက်ငင်း.. ရုတ်တရက်ကြီးလိုပါပဲ..။ ကြည့်ရတာ အဲဒီနှစ်နွေရာသီမှာ အသင်းဟာ အောင်မြင်မှုတွေ မဖြစ်မနေ ရရမယ်.. ဆိုပြီး ကျွန်တော့်ရဲ့ ဘော့စ်တွေက ဆုံးဖြတ်ခဲ့လား.. မပြောတတ်ပါဘူး..။

‘တန်းမဆင်းရရင် တော်ပါပြီ..’ လို့ ကျွန်တော့်ကိုပြောပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ အဲဒါဟာ ‘အောင်မြင်တယ်..’ လို့ သတ်မှတ်လို့ရပါတယ်..။ အဲဒီအပေါ်မှာ ဆက်လက်အားဖြည့်ပြီး ကြီးမားတဲ့အောင်မြင်မှုတွေအတွက် တွန်းတင်တဲ့အချိန်မှာ မထင်မှတ်တဲ့ အချိုးအကွေ့ တစ်ခုခုဟာ အားလုံးရဲ့အမြင်ကို ပြောင်းလဲစေနိုင်လား..? ကျွန်တော်လည်း မသေချာဘူးဗျ..။ ဒါ့ကြောင့်အစောက ခင်ဗျားပြောခဲ့သလိုပါပဲ.. ချယ်လ်ဆီးအသင်းကနေ အထုတ်ခံလိုက်ရတဲ့ အဖြစ်အပျက်ဟာ အင်မတန်မှကို လျှင်လျှင်မြန်မြန်ပဲ ဖြစ်သွားခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းနဲ့ နှစ်နှစ်တာ ကာလမှာ (၁၈) လလုံးလုံး အဆင်ပြေခဲ့ပြီး တကယ်တမ်း အခက်တွေ့ခဲ့တာဟာ ရက်သတ္တပါတ် (၆) ပါတ်လောက်ပဲ ရှိခဲ့တယ်လို့ ပြောရမှာပါ..။ မန်နေဂျာတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် အရှိုက်ကို လက်သီးနဲ့ထိုးခံခဲ့ရတဲ့ ခံစားချက်မျိုး ကျွန်တော်ရရှိခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော် ချန်ထားခဲ့တဲ့အသင်းဟာ ချန်ပီယံလိဂ်ဖလား ဗိုလ်စွဲသွားခဲ့ပါတယ်..။ ကျွန်တော့်အတွက် ‘တစ်ဘက်က ခါးသီးသလို တစ်ဘက်ကလည်း ချိုမြိန်တဲ့ (bitter sweet)’ ခံစားမှုကို ရရှိခဲ့ပြန်ပါတယ်..။



ကျွန်တော်ဟာ လူငယ်လေးတွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲမှာ ပါဝင်ခဲ့တဲ့ မေဆန် မောင့်၊ ရိစ် ဂျိမ်းစ် နဲ့ ဘင် ချီးဝဲလ် တို့လို လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဗိုလ်စွဲသွားတဲ့အသင်းဟာ ကျွန်တော့်ရဲ့အသင်း မဟုတ်ပါဘူး..။ ဒါဟာကျွန်တော့်ရဲ့ ချယ်လ်ဆီးအသင်းနည်းပြဘဝ အတွေ့အကြုံတွေပါပဲ..။

ကျွန်တော်ဟာ ချယ်လ်ဆီးနည်းပြဘဝက အကြောင်းတွေကို ပြန်ပြီးစမြုံ့ပြန်လေ့ မရှိပါဘူး..။ ကစားသမားဘဝမှာ ကျွန်တော်ဖြတ်သန်း၊ ကြီးပြင်းခဲ့ရတဲ့ အသင်းတစ်သင်းကို ပြန်လည်တာဝန်ယူခွင့်ရတဲ့အပေါ် အထူးဂုဏ်ယူခဲ့ရသလို လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့တယ်..၊ သူတို့လေးတွေနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်.. ဆိုတဲ့ ကြည်နူးစရာ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော့်ရဲ့အသင်းဟာ အဲဒီတုန်းက အခြေအနေကနေ ဆက်လက်တိုးတက်မှုမရှိတော့တဲ့ အနေအထားကတော့ စိတ်ပျက်စရာပေါ့ဗျာ..။

အိုလေ ဒပ်ခ်မိုး - ခုနကခင်ဗျားပြောသွားတဲ့အထဲမှာ ‘လက်ရှိချယ်လ်ဆီးအသင်းရဲ့ အခြေအနေ..’ ဆိုတော့ အဲဒီအကြောင်းကို နည်းနည်းအကျယ်ချဲ့ပြီး ပြောပြပေးလို့ရနိုင်မလား..? ဘာဖြစ်လို့လည်းဆိုတော့ အခုအသင်းပိုင်ရှင်သစ်တွေလက်ထက် ချယ်လ်ဆီးအသင်းရဲ့အကြောင်းကို ခင်ဗျားလောက် အသေးစိတ် သိထားတဲ့သူတွေ အတော်လေးကို ရှားပါးပါလိမ့်မယ်..။ အခုလက်ရှိအချိန် ခင်ဗျားတို့အသင်းမှာ ဘာတွေဖြစ်နေတယ်လို့ ယူဆပါသလဲ..?

ဖရန့် လမ်းပတ် - ကျွန်တော်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကုန်ခါနီး ရက်သတ္တပါတ် (၆) ပါတ်၊ (၇) ပါတ်လောက် အလိုမှာ ယာယီနည်းပြအဖြစ်နဲ့ ပြန်လည်တာဝန်ယူခဲ့ရပါသေးတယ်..။ အဲဒီဆုံးဖြတ်ချက်ကိုလည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာပါ..။ ချယ်လ်ဆီးအသင်းဟာ ကျွန်တော့်ရဲ့အသင်းဖြစ်ပါတယ်..၊ ဒါ့အပြင်အဲဒီအချိန်တုန်းက အသင်းဟာ ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်..။ ဒါ့ကြောင့်အသင်းအတွက် ရလဒ်ကောင်းတစ်ခုခု ဆောင်ယူပေးနိုင်လိမ့်မယ်.. ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီတာဝန်ကို လက်ခံယူခဲ့တာပါ..။ ကျွန်တော့်အတွက်လည်း ပါတာပေါ့ဗျာ..။

ဒါပေမယ့် အသင်းရဲ့အဝတ်လဲခန်းထဲကို ရောက်သွားတဲ့အချိန် တွေ့လိုက်ရတာက ကစားသမားတွေဟာ သူတို့ရဲ့အကြောင်းကိုယ်စီနဲ့ အသင်းအပေါ် စိတ်ပျက်နေကြတယ်..၊ လက်ရှိအခြေအနေအပေါ် စိတ်ပျက်နေကြတယ်..၊ မျှော်လင့်ချက် ကင်းမဲ့နေကြပါတယ်..။ သူတို့ဟာ အသင်းကနေ အမြန်ဆုံးထွက်လို့ရမယ့် နည်းလမ်းတွေ ရှာဖွေနေကြသလို အသင်းရဲ့အခြေအနေဟာ ဆင်ခြေဆင်လက်တွေ၊ အကြောင်းပြချက်တွေ အလွယ်တကူ ရှာဖွေလို့ရတဲ့ အနေအထားမှာ ဖြစ်နေတာပေါ့..။



အသင်းပိုင်ရှင်သစ်တွေနဲ့ အခုမှအသစ်ပြန်စတာ..၊ ကျွန်တော့်ကို သူတို့က အသင်းကနေ ထွက်စေချင်နေတာ.. စသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ အားကြိုးမာန်တက် ကစားပေးချင်စိတ် မရှိကြတော့ပါဘူး..။ ရိုးရိုးသားသား ဝန်ခံရရင် အဲဒီအခြေအနေဟာ ကျွန်တော့်အတွက် အသစ်အဆန်း၊ အတွေ့အကြုံသစ်ပါပဲ..။ ဒါ့အပြင် ထိပ်တန်းအဆင့် အသင်းတစ်သင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ဖို့ အခြေခံလိုအပ်ချက်ဟာ ဘာတွေလဲ.. ဆိုတာ သိခဲ့ရပါတယ်..။

အသင်းတစ်သင်းမှာ အသင်းရဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေကနေစပြီး အသင်းဘုတ်အဖွဲ့အထိ အားလုံးဟာ တစုတစည်းထဲ အမြင်တူညီနေဖို့ လိုအပ်တယ်..၊ ကောင်းမွန်မျှတတဲ့ ပတ်ဝန်းကျင်တစ်ခုပေါ်မှာ အသင်းနဲ့ ပတ်သက်တဲ့သူအားလုံး တစုတစည်းထဲ လျှောက်လှမ်းနေဖို့ အရေးကြီးတယ်.. ဆိုတာ သိခဲ့ရပါတယ်..။ ဒါ့ကြောင့်အသင်းကနေ ထွက်လာခဲ့ပြီးနောက်ပိုင်း ‘ကျွန်တော့်ရဲ့အသင်းဟာ ထိပ်တန်းအဆင့် အသင်းတစ်သင်းအတွက် လိုအပ်တဲ့ အဆင့်အတန်းမှာ ရှိမနေဘူး..’ လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်..။

နည်းစနစ်ပိုင်းတွေ၊ နည်းဗျူဟာပိုင်းတွေ မေ့ထားလိုက်ပါ..။ အဲဒီနည်းစနစ်ပိုင်းတွေ..၊ အသေးစိတ်တွေ ဆိုတာဟာ အသင်းရဲ့အောက်ခြေ၊ အခြေခံအုတ်မြစ်.. လိုအပ်ချက်တွေ အားလုံးပြည့်စုံနေမှ အဲဒီအုတ်မြစ်တွေအပေါ်မှာ ထပ်ဆင့်၊ သွန်းလောင်းရတာ ဖြစ်ပါတယ်..။ အဲဒီအချိန်တုန်းက ဘာမှရှိမနေပါဘူး..။

ဒီလိုနဲ့နွေရာသီ အပြောင်းအရွှေ့ကာလ ရောက်လာတယ်..၊ ကစားသမားအများစုဟာ အသင်းအတွက်..၊ သူတို့တွေအတွက်.. အကြောင်းပြချက် ကိုယ်စီနဲ့ အသင်းကနေ ထွက်သွားခဲ့ပါတယ်..။ သူတို့ရဲ့နေရာကို ကစားသမားသစ်တွေ ရောက်လာပါတယ်..။ မြေလှန်ပြီး သွေးသစ်လောင်းတာပေါ့ဗျာ..။ မန်နေဂျာအသစ်နဲ့ ရာသီကြို ပြင်ဆင်မှုတွေ စတင်ပါတယ်..။ ကျွန်တော်ဟာ မော်ရစ္စစီယို ပိုချက်တီနို အပေါ် လေးစားမှုအပြည့် ရှိပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ အသင်းဟာ လူတွေမျှော်လင့်ထားတဲ့ အရှိန်အဟုန်မျိုးနဲ့ လမ်းကြောင်းသစ်ပေါ်မှာ မောင်းနှင်နိုင်ဖို့ ခက်ခဲနေပါတယ်..။

ဘေးကနေ ကြည့်နေတဲ့သူတွေ၊ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ဟာ အရမ်းကြီးမားပါတယ်..။ ဒါပေမယ့် အခုလက်ရှိ အသင်းရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး မန်နေဂျာအပေါ် လုံးဝဥဿုံ အပြစ်ပုံချဖို့ ခက်ခဲပါလိမ့်မယ်..။ ဒါမှမဟုတ် မျှော်မှန်းထားသလောက် စွမ်းဆောင်ရည် မပြသနိုင်တဲ့ လူငယ်ကစားသမားတွေကြောင့်.. ဆိုပြီး လက်ညှိုးထိုးမှာလား..? ဒါပေမယ့် သူတို့ဟာ အခုမှအသင်းသစ် တစ်ခုပြန်လည် စတင်ပေမယ့် လိုအပ်တဲ့ အတွေ့အကြုံမရှိဘူး..၊ ခိုင်မာတဲ့ကျောရိုး ရှိမနေပါဘူး..။



အသင်းတစ်သင်းဟာ ခိုင်မာတဲ့အခြေခံကျောရိုး ရှိရမယ်..၊ သူတို့တွေ စံနမူနာပြုရမယ့် ကစားသမားတွေ ရှိနေရပါမယ်..။ အဲဒီအပေါ်မူတည်ပြီး ဘယ်လိုပုံစံ လူငယ်ကစားသမားတွေကို ခေါ်ယူမယ်..၊ သူတို့တွေကို ဘယ်လိုနည်းဗျူဟာနဲ့ ပေါင်းစပ်၊ သွတ်သွင်းမယ်.. ဆိုတာ ပြင်ဆင်ရပါမယ်..။ တခြားနိုင်ငံ၊ တခြားလိဂ်ပြိုင်ပွဲတစ်ခုက အသက် (၂၁) နှစ်ဝန်းကျင် ကစားသမားတွေကို အသင်းသစ်ထဲမှာ ချက်ချင်းထည့်သွင်းပြီး အံဝင်အောင် ကစားခိုင်းနေရပါတယ်..။

‘ကျွန်တော်တို့ခေတ်က..’ ဆိုတဲ့ စကားကို မပြောချင်ပါဘူး..၊ ဒါပေမယ့် ကျွန်တော်တို့ကစားသမား ဘဝတုန်းက အသင်းကိုရောက်လာတဲ့ ကစားသမားသစ်တွေဟာ အချိန်တစ်ခုအထိ အရန်ခုံမှာထိုင်ရတယ်..၊ အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေကို ထိုင်ကြည့်ပြီး ကျွန်တော်တို့ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေ ဘယ်လောက်တောင်မှ ပြိုင်ဆိုင်မှု ပြင်းထန်သလဲ.. ဆိုတာ လေ့လာရင်း ဒရော့ဘာ ဘယ်လိုလေ့ကျင့်တယ်..၊ ဂျွန် တယ်ရီ က အသင်းသားတွေကို ဘယ်လိုပုံစံ ဦးဆောင်မှုပေးတယ်.. ဆိုတာ သင်ယူရပါတယ်..။ အဲဒီလိုသင်ယူရင်း ထိုက်တန်တဲ့အချိန် ရောက်လာရင် အသင်းရဲ့လူစာရင်းမှာ ပါဝင်ခွင့်ရမယ်..၊ လိုအပ်တဲ့အဆင့်အတန်း မရောက်လာရင် အသင်းကနေ ထွက်ခွာရမယ်.. အဲဒီလိုပေါ့..။

အခုကျတော့ ကစားသမားသစ် အများအပြားကို အသင်းရဲ့အကြောင်း၊ ပြိုင်ပွဲရဲ့အကြောင်းကို သင်ယူရင်း တစ်ဘက်ကလည်း ချက်ချင်းလက်ငင်း တိုးတက်မှု ရှိရမယ်.. ဆိုတာ သိပ်မလွယ်ပါဘူး..။ နည်းပြအတွက်လည်း လွယ်ကူမှာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်အသင်းရဲ့လမ်းကြောင်း၊ ဘယ်လိုနည်းဗျူဟာနဲ့ အသင်းကို တည်ဆောက်မလဲ..? ဆိုတာ မလွဲမသွေ မေးခွန်းထုတ်ခံရမှာပါပဲ..။ အဲဒီအတွက် အသင်းဘက်ကလည်း ပြီးသွားခဲ့တဲ့အရာတွေကို ပြန်လည်သုံးသပ်ပြီး တစ်ချို့အရာတွေကို အမြန်ဆုံးပြင်ဆင်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။