feature-image

‘အရေးယူခံရမယ်’ ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြားက ချယ်လ်ဆီးရဲ့ ဘဏ္ဍာရေး အခြေအနေ…

ချယ်လ်ဆီးအသင်းဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ အသင်းရဲ့ဘဏ္ဍာရေးရှင်းတမ်းကို ပြီးခဲ့တဲ့ မတ်လ (၇) ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ရာမှာ ယခင်နှစ်က စတာလင်ပေါင် (၁၂၁.၄) သန်း အရှုံးပေါ်ခဲ့ရကနေ ဒီနှစ်မှာတော့ စတာလင်ပေါင် (၉၀.၁) သန်း လျော့ချနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်အသင်းဟာ ဝင်ငွေအရပ်ရပ် စုစုပေါင်း (turnover) မှာ စတာလင်ပေါင် (၅၁၂.၅) သန်း ပြန်လည်ရရှိခဲ့ပြီး စံချိန်တင်ရရှိခဲ့တဲ့ ဝင်ငွေပမာဏလို့ ဆိုပါတယ်..။

အဲဒီလိုတိုးတက်မှုတွေ ရှိခဲ့သော်ငြား ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အရှုံးအမြ‌တ် ခံနိုင်ရည် သတ်မှတ်ချက် စည်းမျဉ်းတွေ (profits and sustainability rules- PSR) ချိုးဖောက်မှုနဲ့ အရေးယူခံရလိမ့်မယ် ဆိုတဲ့ ပြောကြားချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်..။ ဒါ့ကြောင့်အသင်းဟာ ပရီးမီးယားလိဂ်က သတ်မှတ်ထားတဲ့ PSR စည်းမျဉ်းတွေ၊ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ ဘဏ္ဍာရေးမျှခြေ (financial fair play) သတ်မှတ်စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိအောင် စွမ်းဆောင်နိုင်ပါ့မလား..? ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်နေပါတယ်..။

FFP စည်းမျဉ်း၊ သတ်မှတ်ချက်တွေကို လိုက်နာနေနိုင်ဆဲဖြစ်တဲ့ ချယ်လ်ဆီး..

ချယ်လ်ဆီးအသင်းဟာ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါအပြီး… ရိုမန် အေဘရာမိုဗစ်ချ် ကို တားဆီး၊ ပိတ်ပင်မှုတွေ မပြုလုပ်ခင် နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၂၁/၂၂ ဘောလုံးရာသီမှာ စတာလင်ပေါင် (၁၅၆) သန်း အရှုံးပေါ်ခဲ့ပါတယ်..။ ဒါ့ကြောင့်နောက်ဆုံး သုံးနှစ်တာကာလကို ကြည့်မယ်ဆိုရင် တော့ဒ် ဘိုလေး တို့ရဲ့ လက်ထက်မှာ အသင်းဟာ အရှုံးပေါ်နေခဲ့တဲ့ ပဏာမကို တဖြည်းဖြည်း လျော့ချနိုင်ခဲ့တာ သတိပြုမိကြပါလိမ့်မယ်..။

ဒါ့အပြင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို အခုနောက်ဆုံး တင်သွင်းခဲ့တဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေအရ ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်ဘောလုံးအသင်းတွေ လိုက်နာရမယ့် သတ်မှတ်ချက်တွေအတိုင်း လိုက်နာနေနိုင်ဆဲ ဖြစ်ပါတယ်..။ အဲဒါ့ကြောင့်လည်း နော့တင်ဟမ် ဖောရက်စ်၊ အဲဗာတန်အသင်းတွေလို အမှတ်လျော့တဲ့ပြစ်ဒဏ် အရေးယူမခံခဲ့ရတာပါ..။



ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့်မရခဲ့တဲ့ အကျိုးဆက်နဲ့ ၂၀၂၅ ခုနှစ်မှာ ပါဝင်ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ကလပ် ချန်ပီယံပြိုင်ပွဲဝင်ငွေကို ၂၀၂၅/၂၆ ဘောလုံးရာသီကျမှ ထည့်သွင်းကြေငြာခွင့်ရမယ့် အခြေအနေတွေကြောင့် ချယ်လ်ဆီးအသင်းဟာ လာမယ့် ၂၀၂၄/၂၅ ဘောလုံးရာသီကျရင်တော့ ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်တွေအတိုင်း ကိုက်ညီနိုင်အောင် ရုန်းကန်ရဖို့ ရှိနေပါတယ်..။ ဒါ့ကြောင့်အခုလာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားတွေကို ရောင်းချမယ့် အစီအစဉ်ဟာ အသင်းအတွက် အရေးပါတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်လာနိုင်ပါတယ်..။

အသင်းပိုင်ရှင်သစ်တွေ လက်ထက် ချယ်လ်ဆီးအသင်းမှာ ချမှတ်ထားတဲ့ ဘဏ္ဍာရေးအစီအမံပိုင်း ရေရှည်စီမံကိန်းရဲ့ ရည်မှန်းချက်က ကစားသမား ရောင်းချမှုအပေါ် မှီခိုနေရတဲ့ စီးပွားရေးပုံစံကနေ ပြောင်းလဲနိုင်ဖို့ ဖြစ်ပါတယ်..။ ဒါ့အပြင် စတန်းဖို့ဒ် ဘရစ်ချ်ကွင်း ချဲ့ထွင်မယ့်စီမံကိန်း..၊ ဒါမှမဟုတ် ကွင်းသစ်စီမံကိန်း ပြီးဆုံးသွားတဲ့အချိန် နောက်ပိုင်းမှာ အသင်းရဲ့ဝင်ငွေရလမ်းတွေ ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်..။ ဒါပေမယ့် အသင်းဟာ သက္ကရာဇ် ၂၀၃၀ မတိုင်ခင် ဘဏ္ဍာရေးပိုင်း အကျိုးအမြတ် ရရှိနိုင်ဖို့မရှိဘူးလို့ မှန်းဆထားကြပါတယ်..။

၂၀၂၃ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာရေးရှင်းတမ်းထဲမှာ ကစားသမား ရောင်းချရာကနေ စတာလင်ပေါင် (၁၄၂.၂) သန်း ပြန်လည်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်..။ ဒါ့ကြောင့်အခုလာမယ့်နှစ်မှာလည်း ကစားသမား ရောင်းချရာကနေ အဲဒီပမာဏဝန်းကျင် ပြန်လည်ရရှိနိုင်ဖို့ လိုအပ်လိမ့်မယ်လို့ အကြမ်းဖျင်း ယူဆထားလို့ ရပါတယ်..။

လာမယ့်နွေရာသီမှာ တန်ကြေးမြင့် ကစားသမားတွေ ဝယ်ယူဖို့ ဖြစ်နိုင်ဦးမှာလား..?

တော့ဒ် ဘိုလေး တို့ အသင်းကိုဝယ်ယူပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းဟာ ကာလီဒူ ကူလီဘာလေ၊ အန်ဂိုလို ကန်တေး နဲ့ ရိုမီလူ လူကာကူ (လက်ရှိအဌားချ) တို့လို လစာမြင့် ကစားသမားတွေ ရောင်းချပြီး အသစ်ခေါ်ယူထားတဲ့ လူငယ်ကစားသမားလေးတွေကိုလည်း တစ်ပါတ်ကို စတာလင်ပေါင် (၇၀,၀၀၀) ဝန်းကျင်နဲ့ သဘောတူညီမှုရရှိနိုင်အောင် ညှိနှိုင်းနိုင်ခဲ့တာကြောင့် အသင်းရဲ့လစာပေးချေရမှု မြင့်မားနေတာကို သိသိသာသာ လျော့ချနိုင်ခဲ့ပါတယ်..။



ချယ်လ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ်က သတ်မှတ်ထားတဲ့ သုံးနှစ်ကာလတစ်ဖြတ် စုစုပေါင်း စတာလင်ပေါင် (၁၀၅) သန်း အရှုံးခံနိုင်ခဲ့တဲ့ ပမာဏအတိုင်း လိုက်နာနိုင်မယ်လို့ ယုံကြည်ထားသလို လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေ ဝယ်ယူတာကို ဆက်လက်လုပ်ဆောင်နိုင်ဦးမယ်လို့ မှန်းဆထားပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသမီးအသင်း၊ လူငယ်အကယ်ဒမီ အသင်းတွေအတွက် အသုံးစားရိတ်တွေကို ဘဏ္ဍာရေးရှင်းတမ်း တွက်ချက်ရာမှာ ဖော်ပြဖို့ မလိုအပ်သလို ကိုဗစ်ကာလ လျော့ပေါ့မှုအတွက် ခွင့်ပြုပေးထားတဲ့ ၂၀၂၀/၂၁ ဘောလုံးရာသီဟာ လာမယ့်ရာသီရဲ့ ဘဏ္ဍာရေးရှင်းတမ်း တွက်ချက်မှုထဲမှာ ပါဝင်နေဦးမှာ ဖြစ်ပါတယ်..။

ဒါ့ကြောင့်အခုလက်ရှိ အနေအထားအရ ချယ်လ်ဆီးအသင်းဟာ PSR သတ်မှတ်ချက်တွေ ချိုးဖောက်မှုအတွက် အရေးယူခံရဖို့ ရှိမနေပါဘူး..။ ဒါပေမယ့် အသင်းပိုင်ရှင်တွေဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူပြီးနောက်ပိုင်း ‘four window plan’ ဆိုတဲ့ ‘အပြောင်းအရွှေ့ရာသီ လေးရာသီအတွင်း ကစားသမားတွေ ဒလကြမ်း ဝယ်ယူအားဖြည့်မယ့် အစီအမံ’ ဟာ အခုလာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကုန်ဆုံးပါမယ်..။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကစားသမား ဝယ်ယူအားဖြည့်မှု လုံးဝမပြုလုပ်ခဲ့တာကြောင့် အခုလာမယ့် နွေရာသီမှာ ဘဏ္ဍာရေးအခက်အခဲကြောင့် အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမား ခေါ်ယူနိုင်ဖို့ အခက်အခဲကြုံရတာမျိုးနဲ့ ရင်ဆိုင်ချင်မှာ မဟုတ်ပါဘူး..။

အဲဒီ four window plan အစီအမံအတိုင်း လာမယ့်နွေရာသီမှာ ကစားသမားခေါ်ယူမှုတွေ ကြီးကြီးမားမား ပြုလုပ်နိုင်ဖို့ဆိုရင် အခြားတစ်ဖက်က ကစားသမားတွေ ကြီးကြီးမားမား ပြန်လည်ရောင်းချဖို့ လိုအပ်နေပါတယ်..။ ဒါ့ကြောင့်အခုရာသီကုန်တာနဲ့ စတာလင်ပေါင်သန်း (၁၀၀) နဲ့အထက် ပမာဏ ကစားသမားတွေ ရောင်းချနိုင်ဖို့ဟာ အသင်းရဲ့ဘဏ္ဍာရေး စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့သာမက နောက်ထပ်ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့အတွက်ပါ အရေးပါနေပါတယ်..။

ချယ်လ်ဆီးအသင်းရဲ့ လာမယ့်ဘဏ္ဍာရေးနှစ်ဟာ အခုနှစ်မှာ ဥရောပဘောလုံးပြိုင်ပွဲဝင်ခွင့် မရခဲ့တဲ့ အကျိုးဆက်ကို ရင်ဆိုင်ရမှာ ဖြစ်သလို ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့တဲ့ စတာလင်ပေါင်သန်း (၄၀၀) နီးပါး ကစားသမား ခေါ်ယူမှုတွေ (မွိုက်စ် ကိုင်ဆီဒို ကို ဘရိုက်တန်အသင်းကနေ စတာလင်ပေါင် (၁၁၅) သန်းနဲ့ ခေါ်ယူခဲ့မှု အပါအဝင်‌) ပါဝင်လာမှာ ဖြစ်ပါတယ်..။ ကစားသမားတွေရဲ့ တန်ဖိုးတွေကို တွက်ချက်တဲ့အခါမှာ သူတို့ရဲ့ပြောင်းရွှေ့ကြေးကို စာချုပ်သက်တမ်း နှစ်အလိုက်နဲ့ ပိုင်းဖြတ်ပြီး တွက်ချက်တာ (amortization) ဖြစ်တာကြောင့် ဘဏ္ဍာရေးနှစ်တစ်နှစ်ထဲမှာ တစ်ပေါင်းတစ်စည်းထဲ ကျခံရဖို့ မရှိပါဘူး..။

ဒါပေမယ့် အသင်းရဲ့ငယ်မွေးခြံပေါက် အကယ်ဒမီ ကစားသမားတွေဖြစ်တဲ့ မေဆန် မောင့် ကို မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောင်းချရာက ကနဦး ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၅၀) ဟာ စည်းမျဉ်းတွေအရ တစ်လုံးတစ်ခဲထဲ ထည့်သွင်း တွက်ချက်ပါတယ်..။ ဒါ့ကြောင့်အသင်းဟာ လူငယ်အကယ်ဒမီ ကစားသမား တစ်ယောက်ဖြစ်တဲ့ ကော်နာ ဂါလက်ချာ ကို အသင်းရဲ့ဘဏ္ဍာရေးမျှခြေ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနိုင်ဖို့ ရောင်းချလိုနေခြင်း ဖြစ်ပါတယ်..။



ချယ်လ်ဆီးအသင်းဟာ ကစားသမား ရောင်းချမှုအများစုကို ဇွန်လ (၃၀) ရက်နေ့မတိုင်ခင် ပြုလုပ်နိုင်မယ်ဆိုရင် အကောင်းဆုံး ဖြစ်ပါမယ်..။ ဒါပေမယ့် ဥရောပထိပ်တန်း ကစားသမားတွေဟာ သူတို့ရဲ့အနာဂတ်ကို လာမယ့် ဇွန်လ (၁၅) ရက်နေ့ကျရင် ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးထိ စောင့်ဆိုင်းလိုနေတာက အသင်းကို အခက်တွေ့စေနိုင်ပါတယ်..။

လက်ရှိအချိန်မှာတော့ နယူးကာဆယ် ယူနိုက်တက်အသင်းဟာ လူးဝစ်စ် ဟောလ် ကို စတာလင်ပေါင် (၂၈) သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဆိုတဲ့ သတင်းတွေ ထွက်နေသလို ချယ်လ်ဆီးဘက်ကလည်း အဲဒီအပြောင်းအရွှေ့ အချိန်မှီ အပြီးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်..။ ဒေါ့မွန်အသင်းကို အဌားသွားရောက်နေတဲ့ ဘယ်နောက်ခံလူ အီယန် မတ်ဆန် ရဲ့ ပြောင်းရွှေ့ကြေးဟာ စတာလင်ပေါင် (၃၅) သန်းဝန်းကျင် ရှိနေပြီး ရိုမီလူ လူကာကူ ကို စတာလင်ပေါင် (၃၇) သန်းဝန်းကျင်၊ ဖူးလ်ဟမ်းအသင်းကို အဌားသွားရောက်နေတဲ့ တိုက်စစ်မှူး အာမန်ဒို ဘရိုဂျားစ် ကိုလည်း စတာလင်ပေါင် (၃၅) သန်းဝန်းကျင်နဲ့ အချိန်မှီရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်..။

ဒါ့အပြင် လူငယ်အကယ်ဒမီထွက် နောက်ခံလူ ထရေဗာ ချာလိုဘာ နဲ့ မာ့စ် ကူကူရယ်လာ တို့ကို ရောင်းချနိုင်ဖွယ် ရှိနေတာကြောင့် ချယ်လ်ဆီးအသင်းအတွက် (ကော်နာ ဂါလက်ချာ ကို မရောင်းချပဲ) စတာလင်ပေါင်သန်း (၁၀၀) ကျော် ပြန်လည်ရှာဖွေနိုင်မယ့် တခြားနည်းလမ်းတွေ ရှိနေပါတယ်..။ ဒါပေမယ့် အသင်းဟာ သူတို့ရဲ့ four window plan.. အစီအမံအတိုင်း အကောင်အထည် ဖော်နိုင်ဖို့ဆိုရင် အဲဒီရောင်းချမှုတွေကို ဇွန်လ (၃၀) ရက်နေ့မတိုင်ခင် မြန်မြန်ဆန်ဆန် ရောင်းချနိုင်ဖို့ လိုအပ်နေပါတယ်..။ အဲဒီလိုမှ မဟုတ်ခဲ့ရင်တော့ အခုဇန်နဝါရီ အပြောင်းအရွှေ့လိုမျိုး နောက်ထပ်တစ်ကြိမ် ငုတ်တုတ်မေ့ဦးမယ့် နွေရာသီတစ်ခု ဖြစ်သွားနိုင်ပါတယ်..။

ဗစ်တာ အိုဆင်ဟမ် ကို ခေါ်ယူဖို့ ဖြစ်နိုင်ပါ့မလား..?

အခုလာမယ့် နွေရာသီအတွက် ချယ်လ်ဆီးအသင်းက ခေါ်ယူလိုတဲ့ အဓိကဦးစားပေး ပစ်မှတ်တွေထဲမှာ နိုက်ဂျီးရီးယား တိုက်စစ်မှူး ‘ဗစ်တာ အိုဆင်ဟမ်’ လည်း ပါဝင်ပါတယ်..။ ဒါပေမယ့် နာပိုလီအသင်းကို ပေးရမယ့် စာချုပ်ဖျက်သိမ်းကြေးဟာ စတာလင်ပေါင်သန်း (၁၀၀) ကျော်မယ့်အပြင် လစာက တစ်ပါတ်ကို စတာလင်ပေါင် (၂၅၀,၀၀၀) အထက်မှာ ပေးချေရဖို့ ရှိနေပါတယ်..။ ဒါ့ကြောင့်သူ့ကိုခေါ်ယူနိုင်ဖို့ဆိုရင် အသင်းဟာ ရောင်းချမှုတွေ ထပ်မံပြုလုပ်ပြီး ငွေကြေးရှာဖွေရမှာ ဖြစ်သလို ကိုင်လီယန် အမ်ဘတ်ပေး ထွက်ခွာသွားခဲ့လို ငွေယား စတာလင်ပေါင်သန်း (၂၀၀) ကျော် လက်ထဲပိုက်ထားနိုင်မယ့် ပီအက်စ်ဂျီအသင်းကို ယှဉ်နိုင်ဖို့ မလွယ်လှပါဘူး..။



ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအဆင့် တိုက်စစ်မှူး တစ်ယောက်အပြင် ဗဟိုနောက်ခံလူတစ်ယောက်၊ နောက်ခံအစွန်လူ တစ်ယောက်ကိုပါ ထပ်မံအားဖြည့်လိုနေပါတယ်..။ တကယ်လို့ ကော်နာ ဂါလက်ချာ ကိုသာ ရောင်းချခဲ့မယ်ဆိုရင် ကွင်းလယ် ကစားသမားတစ်ယောက် ထပ်ပြီးအားဖြည့်ရပါဦးမယ်..။ ဒါ့ကြောင့်မျှော်မှန်းထားတဲ့ အပြောင်းအရွှေ့ ပစ်မှတ်တွေ ခေါ်ယူအားဖြည့်နိုင်ဖို့ ကစားသမားတွေ ထပ်ပြီးရောင်းချရဦးမှာပါ..။ အဲဒီလိုအခြေအနေမှာ အက်တလက်တီကို ဘီလ်ဘာအိုအသင်းက တောင်ပံ ကစားသမား နီကို ဝီလီယံစ် ကို ချိတ်ဆက်နေတယ်.. ဆိုတဲ့ သတင်းတွေ ထွက်လာတာဟာ အံ့ဩဖို့ကောင်းသလို အဲဒီအပြောင်းအရွှေ့ ဖြစ်လာနိုင်ဖို့ ခက်ခဲနိုင်ပါလိမ့်မယ်..။

ချယ်လ်ဆီးအသင်းဟာ အဲဒီ အသက် (၂၁) နှစ်အရွယ် လူငယ်တောင်ပံ ကစားသမားကို စောင့်ကြည့်နေတာ မှန်ပါတယ်..။ ဒါပေမယ့် အသင်းမှာ တောင်ပံတွေထက်အရင် ဦးစားပေး ဖြည့်တင်းရမယ့် အခြားနေရာတွေလည်း ရှိနေတဲ့အပြင် ရာဟင်း စတာလင်း ဟာ အသင်းမှာဆက်ပြီး ရှိနေဦးမှာပါ..။ မိုင်ဟေးလ်လို မူဒရပ်ခ် ကိုလည်း (တစ်ချို့တွေ မှန်းဆသလို) ရောင်းချဦးမှာ မဟုတ်တာကြောင့် တောင်ပံတွေကို အစောတလျင် အားဖြည့်ဖို့ မရှိနိုင်သေးပါဘူး..။  

အသင်းရဲ့လက်ရှိ ဘဏ္ဍာရေးအခြေအနေကို ခန့်မှန်းကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ ဥရောပဘောလုံး အဖွဲ့ချုပ်တွေရဲ့ သတ်မှတ်ချက် စည်းမျဉ်းတွေကို ချိုးဖောက်မိမှာ အရမ်းကြီးစိုးရိမ်စရာ မရှိပါဘူး..။ ဒါပေမယ့် လက်ရှိအသင်းရဲ့ အရှုံးပြနေတဲ့ပမာဏ၊ ပြောင်းရွှေ့ကြေးတွေ ဖောင်းပွနေတဲ့ အပြောင်းအရွှေ့ဈေးကွက် အခြေအနေတွေအပေါ် မူတည်ပြီး အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ မဟာဗျူဟာ စီမံချက်ကို ပြန်လည်သုံးသပ်ရဖို့ ရှိနိုင်ပါတယ်..။ ဒါ့ကြောင့်နည်းပြမော်ရစ္စစီယို ပိုချက်တီနို ဟာ အခြေအနေတွေကို ပိုမိုနားလည်နိုင်အောင် လာမယ့်အပါတ်တွေမှာ အသင်းရဲ့အားကစား ဒါရိုက်တာတွေနဲ့ ဆွေးနွေးဖို့ စီစဉ်နေတယ်.. ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်..။

ချယ်လ်ဆီးအသင်းအနေနဲ့ ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ယောက်နဲ့ တခြားလိုအပ်တဲ့ နေရာတွေကို ထပ်မံအားဖြည့်ဖို့နဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို မချိုးဖောက်ပဲ အားဖြည့်မှုတွေ ပြုလုပ်နိုင်ဖို့ (ကစားသမားတွေ ရောင်းချရာကနေ) ငွေကြေးထပ်မံရှာဖွေရမှာ ဖြစ်ပါတယ်..။ ဒါ့အပြင်ချယ်လ်ဆီး အသင်းဟာ အပြောင်းအရွှေ့ အသုံးစားရိတ် စတာလင်ပေါင်သန်း (၂၀၀) အောက် ပမာဏနဲ့ တိုက်စစ်မှူး+ ခံစစ်ပိုင်း အားဖြည့်မှုတွေပါ ပြုလုပ်နိုင်ဖို့ဆိုရင် ဗစ်တာ အိုဆင်ဟမ် အစား ပိုပြီးသက်သာတဲ့ အခြားတိုက်စစ်မှူးတွေဖြစ်တဲ့ ဗစ်တာ ဂျီယိုကီးရက်စ် (စပိုးတင်း လစ္စဘွန်း)၊ ဘင်ဂျမင် ဆက်စ်ကို (လိုက်ပ်ဇစ်) တို့ကိုလည်း စဉ်းစားသွားဖွယ် ရှိနေပါတယ်…။



ဆော်ဒီ အာရေဗျလိဂ် ရဲ့ အကူအညီ ရရှိဖွယ် ရှိနေတဲ့ ချယ်လ်ဆီး..

လက်ရှိအချိန်မှာ ပေါ်ထွက်နေတဲ့ အပြောင်းအရွှေ့ သတင်းများအရ ချယ်လ်ဆီးအသင်းက ကစားသမားတွေကို စိတ်ဝင်စားနေတဲ့ အသင်းတွေရှိနေပေမယ့် ငွေကြေးအသုံးစွဲနိုင်ဆုံး ဖြစ်နေတဲ့ တခြားပရီးမီးယားလိဂ် အသင်းတွေဟာလည်း (ချယ်လ်ဆီးအသင်းနည်းတူ) အပြောင်းအရွှေ့ အသုံးစားရိတ်တွေကို ချင့်ချင့်ချိန်ချိန် သုံးစွဲနေရတဲ့ သဘောမှာရှိနေပါတယ်..။ အကျိုးဆက်အနေနဲ့လာမယ့် နွေရာသီအပြောင်းအရွှေ့ ကာလဟာ ဝယ်လက်နည်းတဲ့ ဈေးကွက် (less buyers market) ဖြစ်နေဦးမယ်လို့ မှန်းဆနေကြပါတယ်..။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ခေါ်ဈေးအတိုင်း ကစားသမားတွေကို ရောင်းချနိုင်ဖို့ ခက်ခဲနိုင်ပါလိမ့်မယ်..။ အဲဒီလိုအခြေအနေတွေကြားမှာ ချယ်လ်ဆီး အပါအဝင် အခြားပရီးမီးယားလိဂ် အသင်းတွေဟာ ဆော်ဒီ အာရေဗျ လိဂ်ပြိုင်ပွဲကို ‘ကယ်တင်ရှင်’ တစ်ယောက်အနေနဲ့ မျှော်လင့်လာရဖို့လည်း ရှိနေပါတယ်..။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ လက်ရှိစီးပွားရေး တည်ဆောက်ပုံ (business model) ဟာ ကစားသမား ရောင်းချမှုအပေါ် အများကြီး မှီခိုနေရပါတယ်..။ အခြားတစ်ဘက်က အသင်းရဲ့စီမံချက် အသစ်ကတော့ အရည်အသွေးမြင့် လူငယ်ကစားသမား သွေးသစ်တွေ ခေါ်ယူပြီး အသင်းကို တည်ဆောက်ဖို့ ဖြစ်နေပါတယ်..။ ဒါ့ကြောင့်အရေးအကြီးဆုံး မေးခွန်းက ‘ချယ်လ်ဆီးအသင်းအနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်း သတ်မှတ်ချက်တွေကို မချိုးဖောက်ပဲ သူတို့လိုချင်တဲ့ ကစားသမားတွေ ခေါ်ယူလို့ ရနိုင်ပါ့မလား..? အဲဒီလို စွမ်းဆောင်နိုင်ဖို့ ဘယ်သူတွေကို အချိန်မှီရောင်းချဖို့ လိုအပ်မှာလဲ..? ဖြစ်ပါတယ်..။

ချယ်လ်ဆီးအသင်းဘက်ကတော့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ အခက်အခဲတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်မှာဖြစ်ပြီး ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေကြောင့် အပြစ်ပေးခံရဖို့၊ အရေးယူခံရဖို့ မရှိနိုင်ပါဘူး.. လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်..။ ဒါပေမယ့်အခြေအနေတွေဟာ အတော်လေးကို ရှုပ်ထွေးပြီး မှန်းဆရခက်နေပါတယ်..။ ဒါ့ကြောင့်အခုလာမယ့် နွေရာသီဟာ ချယ်လ်ဆီးအသင်းအတွက် ‘အဝင်ကြမ်း၊ အထွက်ကြမ်းဦးမယ့် နွေရာသီ (big spending, big sales summer)’ ဖြစ်လာဦးမယ်လို့ အကြမ်းဖျင်းခန့်မှန်းပါတယ်..။

လက်ရှိအချိန်မှာတော့ ၂၀၂၃/၂၄ ရာသီအတွက် ကစားသမား ရောင်းချရမယ့် နောက်ဆုံးရက်ဖြစ်တဲ့ (deadline for outgoings) ဇွန်လ (၃၀) ရက်နေ့အထိ အသင်းကနေ ထွက်ခွာသွားမယ့် ကစားသမားတွေရဲ့ အခြေအနေကို သေသေချာချာသိရှိပြီးမှသာ ချယ်လ်ဆီးအသင်းရဲ့ လာမယ့်ဘောလုံးရာသီ ခြေလှမ်းတွေကို မှန်းဆနိုင်ဖို့ ဖြစ်နိုင်မယ်လို့ ယူဆထားပါကြောင်း တင်ဆက်လိုက်ပါတယ်..။  

(Give Me Sport မှ ဆောင်းပါးရှင်  Ben Jacobs ၏ ‘Chelsea's Current Financial Position Explained Amid FFP Rules’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)