feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း.. (ခရစ္စတယ် ပဲလေ့စ် vs ချယ်လ်ဆီး)

ယနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက ခရစ္စတယ် ပဲလေ့စ် အသင်းအား ၃ဂိုး- ၁ဂိုးဖြင့် အဝေးကွင်းတွင် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်မှ ဒုတိယပိုင်းတွင် ပြုလုပ်ခဲ့သော နည်းစနစ် အပြောင်းအလဲများနှင့် သွင်းဂိုးများ၊ လာမည့်အပါတ်မှစတင်ပြီး ပွဲကျပ်များကို ဖြတ်သန်းရမည့် ချယ်လ်ဆီးအသင်း၏ အလားအလာများအပေါ် ချယ်လ်ဆီးအသင်း ဂန္တဝင် ဂိုးသမားကြီး ပီတာ ချက် နှင့် လီဗာပူးလ်အသင်း ဂန္တဝင်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က Sky Sports ရုပ်/သံဌာနမှ တင်ဆက်ခဲ့သော Monday Night Football စကားဝိုင်းအစီအစဉ်မှတဆင့် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။

ဒေးဗစ် ဂျုံးစ် - ဒီနေ့ပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းအတွက် တကယ့်ကိုခက်ခဲခဲ့တဲ့ အနိုင်ပွဲလို့ ပြောရမှာပါပဲ..။ သူတို့ဟာ ပထမပိုင်းမှာ ရုန်းကန်ခဲ့ရပြီး ဂိုးကန်သွင်းချက် (shot on goal) (၁) ကြိမ်ပဲ ရရှိခဲ့သလို အဲဒီကန်ချက်ကလည်း ဂိုးပေါက်မတည့်ခဲ့ပါဘူး..။ ဒါ့အပြင် ဘောလုံးပိုင်ဆိုင်မှု (possession) (၈၀ %) ရာခိုင်နှုန်းနီးပါး ရှိခဲ့ပြီး ဘောလုံးပေးပို့မှုပေါင်း (successful passes) (၄၂၀) ရှိခဲ့ပါတယ်..။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ shot on goal (၁၃) ကြိမ် ရရှိခဲ့ပြီး (၅) ကြိမ် ဂိုးပေါက်တည့် (shot on goal) ခဲ့ပါတယ်..။ ဒါ့အပြင် ရသင့်တဲ့ဂိုး အရေအတွက် (expected goals) မှာဆိုရင် ပထမပိုင်းမှာ (ဝ.၀၉) ဂိုးပဲ ရှိခဲ့ရာကနေ ဒုတိယပိုင်းမှာ (၁.၁၂) ဂိုးအထိ သိသိသာသာ တိုးတက်ခဲ့ပါတယ်..။



အထူးသဖြင့် ဒုတိယပိုင်းအစ စက္ကန့် (၉၀) အတွင်းမှာပဲ စောစောစီးစီး ချေပဂိုး ရရှိခဲ့တာဟာ ချယ်လ်ဆီးအသင်းအတွက် ယုံကြည်မှုပိုပြီး ရရှိစေခဲ့ပါတယ်..။ ဂျေမီ ရေ.. အနိုင်ဂိုးနှစ်ဂိုး သွင်းယူသွားခဲ့တဲ့ ကော်နာ ဂါလက်ချာ နဲ့ ပွဲအပြီးတွေ့ဆုံခန်းမှာ နည်းပြမော်ရစ္စစီယို ပိုချက်တီနို ရဲ့ ဒုတိယပိုင်းမှာ ပြုလုပ်ခဲ့တဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲတွေအကြောင်း ခင်ဗျားမေးခဲ့ပါသေးတယ်…။ ဘာကြောင့်မို့ သူ့ရဲ့နည်းစနစ် အပြောင်းအလဲတွေ အလုပ်ဖြစ်ခဲ့ရတယ်လို့ ခင်ဗျားထင်မိလဲဗျ..? သုံးသပ်ပေးပါဦး..

ဂျေမီ ကာရေဂါ - ချယ်လ်ဆီးအသင်းဟာ အရင်အပါတ်က အက်စ်တွန် ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ကစားကွက်အထိုင်နဲ့ပဲ ပွဲထွက်ခဲ့ပြီး အထောင်တိုက်စစ်မှူး မပါဝင်ခဲ့ပါဘူး..။ ကော်နာ ဂါလက်ချာ ဟာ တိုက်စစ်မှူးနေရာကို ကိုးလ် ပါးမား နဲ့ တစ်လှည့်စီ အဆင်ပြေသလို ဝင်ရောက် ကစားရတဲ့အကြောင်း ပွဲအပြီး တွေ့ဆုံခန်းမှာ ပြောသွားခဲ့ပါတယ်..။ ဒုတိယပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတွေကို ပြောရမယ်ဆိုရင် အခုပူးတွဲပုံ (ပုံ- ၁) မှာ ပြထားတဲ့အတိုင်း မာလို ဂတ်စ်တို နဲ့ ဘင် ချီးဝဲလ် တို့ဟာ တောင်ပံတိုက်စစ်တွေမှာ ပိုပြီးပါဝင်လာခဲ့တာ သတိပြုမိပါတယ်..။



နောက်ထပ် အပြောင်းအလဲအနေနဲ့ ခရစ္စတိုဖာ အန်ကွန်းကူ က မာဒူအီကေး ရဲ့ နေရာကို လူစားဝင်လာပြီး သူဟာ ဂျက်ဆင် နဲ့အတူ အတွင်းဘက်ကို ဝင်ရောက် ကစားခဲ့ပါတယ်..။ ကိုးလ် ပါးမား နဲ့ ကော်နာ ဂါလက်ချာ တို့ကတော့ ‘No.10’ တွေအဖြစ် နေရာယူပုံ ပြောင်းလဲခဲ့ပါတယ်..။ အင်ဇို နဲ့ ကိုင်ဆီဒို တို့က ကွင်းလယ်မှာ box midfielders တွေပေါ့ဗျာ..။ အဲဒီအပြောင်းအလဲဟာ ချက်ချင်းလက်ငင်းကို အကျိုးသက်ရောက်ခဲ့ပါတယ်..။

ပွဲချိန် (၄၇) မိနစ်မှာ မွိုက်စ် ကိုင်ဆီဒို ပေးပို့လိုက်တဲ့ ဘောလုံးကနေ မာလို ဂတ်စ်တို ဟာ ညာဘက်ကနေ ဖြတ်တင်ခွင့် ရခဲ့ပါတယ်..။ အခုအောက်က ပူးတွဲပုံ (ပုံ- ၂) မှာ ပြထားတဲ့အတိုင်း အလယ်က တိုက်စစ်မှူး နှစ်ယောက်ဖြစ်တဲ့ ဂျက်ဆင် နဲ့ အန်ကွန်းကူ တို့က အနီးတိုက်ဘက်ကို ဖြတ်ပြေးပြီး ပိတ်ဆို့ဟန်ပြခဲ့ပါတယ်..။ အဲဒါနဲ့ သူတို့နှစ်ယောက်ရဲ့နောက်မှာ ကော်နာ ဂါလက်ချာ အတွက် ချိန်သားကိုက် ရောက်ရှိ၊ ပိတ်သွင်းနိုင်ဖို့ နေရာလွတ် အများကြီး ရရှိခဲ့ပါတယ်..။ ဒါဟာ ပထမပိုင်းအပြီးမှာ သူတို့တွေ တိုင်ပင်ပြီး ပြုလုပ်ခဲ့တဲ့ ဇာတ်တိုက် ကစားကွက်လို့ ပြောလို့ရတာပေါ့… ဟုတ်တယ်မလား.. ပီတာ ရေ..



ပီတာ ချက် - မှန်ပါတယ်..။ အဲဒီအခိုက်အတန့်ကို ကြည့်မယ်ဆိုရင် တိုက်စစ်မှာ လိုက်ပါလာတဲ့ ကစားသမား အရေအတွက် ကြည့်ခြင်းအားဖြင့် သူတို့တွေရဲ့ ဂိုးရလိုစိတ် ထက်သန်မှုကို တွေ့နိုင်တာပေါ့..။ သူတို့ဟာ ပိတ်ဆို့ကစားနေတဲ့ ပဲလေ့စ် အသင်းရဲ့ ခံစစ်ကြောင်း နေရာလွတ်တိုင်း (every channels) ကို ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ပြီး အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်..။ ပထမပိုင်းတုန်းကဆိုရင် သူတို့ဟာ ပဲလေ့စ်အသင်းရဲ့ ဂိုးဧရိယာရှေ့မှာတင် အချိန်ကုန်ခဲ့ပြီး ထိထိရောက်ရောက် ကန်သွင်းခွင့် မရခဲ့ပါဘူး..။

ဒေးဗစ် ဂျုံးစ် - ဂတ်စ်တို ရဲ့ ဖြတ်တင်ဘောဟာ ခုန်နေတာဆိုတော့ ကော်နာ ရဲ့ ဂိုးကန်သွင်းသွားတဲ့ နည်းစနစ် အတော်လေး ကောင်းမွန်တယ်လို့ ပြောရမှာပဲဗျ.။ ဒါ့အပြင် ကန်ချက်ကလည်း အားပါတာကြောင့် ဂိုးသမားတွေ ကာကွယ်နိုင်ဖို့ ခက်ခဲမယ်ထင်တယ်.. ဟုတ်တယ်မလား..? ပီတာ ရေ..

ပီတာ ချက် - မလွယ်လောက်ဘူးဗျ..၊ ဘာဖြစ်လို့လည်းဆိုတော့ ဘောလုံးဟာ အရှိန်ပါတာကြောင့် မြန်ဆန်တဲ့အပြင် ဂိုးသမားရဲ့ ခေါင်းပေါ်တည့်တည့်ဆိုတာ တကယ့် သေကွင်းသေကွက် (dead space) ပဲဗျ..။ ကျွန်တော်တို့တွေက လက်နှစ်ဘက် မြှောက်ရတာလေ… ဒါ့ကြောင့်ခေါင်းပေါ် တည့်တည့်လာတဲ့ ဘောလုံးတွေဟာ ကာကွယ်နိုင်ဖို့ ခက်ပါတယ်..။ ဒါပေမယ့် ကော်နာ ဂါလက်ချာ ရဲ့ ကန်သွင်းသွားတဲ့ပုံစံနဲ့ နည်းစနစ်ပိုင်း ကောင်းမွန်မှုကို ချီးကျူးရမှာပါ..။ ခုန်နေတဲ့ ဘောလုံးကို ထိချက်မှန်မှန်နဲ့ အပြင်းကန်သွင်းနိုင်ခဲ့တာကြောင့် သပ်ရပ်တဲ့ သွင်းဂိုးတစ်ဂိုးလို့ ပြောချင်ပါတယ်…။



ဒေးဗစ် ဂျုံးစ် - ပွဲချိန်မိနစ် (၉၀) မှာ ရရှိခဲ့တဲ့ ကော်နာ ဂါလက်ချာ ရဲ့ အနိုင်ဂိုးမတိုင်ခင်အထိ တစ်ဘက်တစ်ဂိုးစီ သရေရလဒ်နဲ့ပဲ ပွဲပြီးသွားလိမ့်မယ်လို့ပဲ အားလုံးက ထင်နေခဲ့ကြပါတယ်...။ အဲဒီအချိန်မှာ ဘယ်လိုတွေ ဖြစ်သွားကြတာလဲဗျ..? လုပ်ပါဦး…

ဂျေမီ ကာရေဂါ - အဲဒီသွင်းဂိုးဟာ တန်ပြန်တိုက်စစ်ကနေတဆင့် ရရှိသွားတဲ့ ဘောလုံးကို ကိုးလ် ပါးမား က ညာတောင်ပံ ပေးပို့ရာမှာ ကော်နာ ဂါလက်ချာ က ဂိုးဧရိယာထိပ်ကနေ ပိတ်သွင်းယူခဲ့တဲ့သွင်းဂိုး ဖြစ်ပါတယ်..။ ကျွန်တော်အဓိက ပြောချင်တဲ့အချက်က ကော်နာ ဂါလက်ချာ ကန်သွင်းမယ့်အချိန် သူ့ရဲ့ရှေ့မှာ နေရာယူထားတဲ့ နောက်ခံလူတွေရဲ့ နေရာယူမှုတွေဟာ ဂိုးသမား ဒင်း ဟန်ဒါဆင် ကို အခက်တွေ့စေခဲ့သလား.. လို့ တွေးမိနေလို့ပါ..။ ခင်ဗျားရဲ့အမြင်ကို ပြောပြပါလား..? ပီတာ ရေ..

ပီတာ ချက် - အင်းဗျ..။ ဂိုးသမားအတွက် အတော်လေးကို ခက်ခဲတဲ့ အနေအထားပါပဲ..။ ပထမကစားသမားက (ဂျက်ဖာဆင် လားမား) ကော်နာ ရဲ့ ကန်ချက်ကို ပိတ်ဆို့ဖို့ ကြိုးစားပါတယ်..။ အဲဒီမှာဘောလုံးက သူ့ရဲ့ခြေထောက်ကြားကနေ ထွက်သွားခဲ့ပါတယ်..။ ဘောလုံးလမ်းကြောင်းပေါ်မှာ နောက်ခံလူ နောက်တစ်ယောက် (ဂျိုချင်း အင်ဒါဆင်) ရှိနေပါတယ်..။ တကယ်တမ်းမှာ သူက ရှေ့တက်ပြီး ဖျက်ထုတ်ဖို့ ကြိုးစားနေတဲ့ ဂျက်ဖာဆင် ကို ကူညီပေးနိုင်ဖို့ နောက်မှာစောင့်နေခဲ့တာ ဖြစ်ပုံရပါတယ်…။ အခုပြထားတဲ့ပုံ (ပုံ - ၃) အရဆိုရင် ဂိုးသမား ဟာ ဘောလုံးကိုမြင်လိုက်ပုံ မရပါဘူး..။



ဘာဖြစ်လို့လည်းဆိုတော့ ဒင်း ဟန်ဒါဆင် ရဲ့ နေရာယူထားပုံကို ကြည့်မယ်ဆိုရင် ဘယ်ခြေထောက်ဘက်ကို အားပြုထားပြီး သူ့ရဲ့ရှေ့က နောက်ခံလူဖြစ်တဲ့ အန်ဒါဆင် ရဲ့ ဘေးကနေ ဘောလုံးလမ်းကြောင်း မြင်ရဖို့ ချောင်းကြည့်နေရတဲ့ပုံ ဖြစ်နေပါတယ်..။ ဒါ့ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဟာ ဘယ်ဘက်ကို ပိုပြီးပါနေသလို ဖြစ်နေတာဆိုတော့ ဘောလုံးမြင်လိုက်တဲ့အချိန် ညာဘက်ကို လာနေတာလည်းမြင်ရော ဘာမှလုပ်လို့ မရတော့ဘူးဗျ..။

အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ - ၄) မှာဆိုရင် ပိုပြီးရှင်းလင်းပါတယ်..။ ကော်နာ ဂါလက်ချာ ကန်သွင်းလိုက်တဲ့အချိန်မှာ ဂိုးသမား ဟန်ဒါဆင် ဟာ ဘောလုံးကိုမြင်နိုင်ဖို့ ဘယ်ဘက်ကို ချောင်းကြည့်နေတာ တွေ့ရပါလိမ့်မယ်..။ ဒီလိုအနေအထားတွေမှာ ဂိုးပေါက်အထိ ရောက်မလာအောင် နောက်ခံလူတွေက ကြိုပြီးပိတ်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ..။



ဂျေမီ ကာရေဂါ - မှန်ပါတယ်..။ ဒါပေမယ့် အဲဒီလိုသွင်းဂိုးတွေအကြောင်း သုံးသပ်ကြမယ်ဆိုရင် ဂိုးကန်သွင်း (shot) သွားတဲ့သူတွေရဲ့အကြောင်းအပြင် အဲဒီဂိုးကန်သွင်းခွင့်ရအောင် အကောင်းဆုံး ပေးပို့နိုင်ခဲ့တဲ့ (pass) သူတွေအကြောင်းကိုပါ ထည့်ပြောမှ ပြည့်စုံမှာပါ..။ ကော်နာ ဂါလက်ချာ မနားတမ်းကန်သွင်း (first time shot) နိုင်ဖို့ ပြင်းအား၊ အရှိန်ပါ အတိအကျ ပေးပို့ခဲ့တဲ့ ကိုးလ် ပါးမား ရဲ့ ဖန်တီးမှုဟာ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်..။

တကယ်လို့ သူ့ရဲ့ပေးပို့မှုဟာ အခုထက်ပိုပြီး အရှိန်ပါနေခဲ့မယ်ဆိုရင် ကော်နာ ဟာ မကန်ခင်မှာ တစ်ချက်ထိန်းရပါဦးမယ်..။ ဆိုရင် ပဲလေ့စ် က ဂျက်ဖာဆင် လာမား က ဖျက်ထုတ်ဖို့ အသင့်ရောက်လာပြီဆိုတော့ ထိန်းပြီးမှ ကန်သွင်းဖို့ အချိန်မရပါဘူး..။အခုကျ အသာလေး လှိမ့်ပေးလိုက်သလိုပဲဆိုတော့ မနားတမ်းကန်သွင်းလိုက်ရုံပါပဲ..။

ဒေးဗစ် ဂျုံးစ် - ပွဲကိုအဆုံးသတ်စေခဲ့တဲ့ အင်ဇို ဖာနန်ဒက်စ် ရဲ့ တတိယဂိုးကရောဗျာ… ပီတာ ရေ.. အဲဒီဂိုးဝင်သွားပြီး ခင်ဗျားရဲ့အောင်ပွဲခံခဲ့တဲ့အကြောင်းကိုသာ ပြောခိုင်းမယ်ဆိုရင် မိုးလင်းသွားမယ် ထင်တာပဲဗျ… ဟားဟား..

ပီတာ ချက် - ဟားဟား.. ဟုတ်တာပေါ့ဗျာ..။ ဒီနေ့ပွဲဟာ ကျွန်တော်တို့ ချယ်လ်ဆီးအတွက် ခက်ခဲလိမ့်မယ်လို့ ကြိုပြီးမျှော်လင့်ထားခဲ့ပါတယ်..။ တကယ်တော့ ပထမပိုင်းမှာ ကိုယ့်ဟာကိုယ် တိုင်ပတ်နေပြီး ခက်ခဲနေခဲ့တာပါ..။ ပဲလေ့စ်အသင်းဟာ စုစည်းမှုကောင်းမွန်ပြီး အကောင်းဆုံး ပိတ်ဆို့နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ကော်နာ ရဲ့ သွင်းဂိုးနှစ်ဂိုးဟာ ပွဲရဲ့အနေအထားအားလုံးကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်..။ ပဲလေ့စ်အသင်းဟာ ရှုံးနေပြီဆိုတော့ လက်ကျန်မိနစ်ပိုင်းလေးအတွက် ရှိသမျှ တက်ကုန်ဖွင့်ပြီး တိုက်စစ်ဆင်ဖို့ ကြိုးစားဖို့ပဲ ရှိပါတော့တယ်..။ အဲဒီမှာ ကောင်တာ မိသွားတာပါပဲ..။



ဂျေမီ ကာရေဂါ - ပါးမား ဘောလုံးသယ်လာတာ ဘယ်သူမှ ဝင်မဖျက်ကြဘူးဗျာ..၊ ဒါ့ကြောင့် ဘယ်ဘက်ကနေ ပြေးတက်လာတဲ့ အင်ဇို ကို ဖန်တီးပေးနိုင်ဖို့ အချိန်အများကြီး ရခဲ့တာပဲဗျ..
ပီတာ ချက် - အန်ကွန်းကူ ရဲ့ ညာဘက်ကို အယောင်ပြ ပြေးထွက်သွားတဲ့ လှုပ်ရှားမှုက အရေးပါခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်..။ သူ့ရဲ့လှုပ်ရှားမှုကြောင့် နောက်ခံလူတစ်ယောက်ကို ဆွဲထုတ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်..။ ဒါ့အပြင် ပါးမား အတွက် အချိန်ပိုပြီး ရခဲ့သလို အင်ဇို ကလည်း သူ့ဆီရောက်လာတဲ့ ဘောလုံးကို အေးအေးဆေးဆေးနဲ့ တစ်ချက်ခေါက်ပြီး ကန်သွင်းဖို့ အချိန်ရခဲ့ပါတယ်..။

ဂျေမီ ကာရေဂါ - နေဦးဗျ..။ ခင်ဗျားရှိနေတုန်း ဂိုးသမားတွေရဲ့ နည်းစနစ်တွေနဲ့ ပတ်သက်ပြီး တွေ့မိတာလေးတွေ တခါထဲ မေးသွားပါဦးမယ်..။ အခုပူးတွဲပုံ (ပုံ- ၅) မှာ ပြထားတဲ့အတိုင်း အင်ဇို ကန်သွင်းမယ့်အချိန် ဂိုးသမာ ဟန်ဒါဆင် ရဲ့ နေရာယူမှုကို ကြည့်ရအောင်ဗျာ..။ သူဟာကန်သွင်းလာမယ့် ဘောလုံးကို ကာကွယ်နိုင်ဖို့ လက်နှစ်ဘက် ရှေ့နောက်လွှဲပြီးနေတဲ့ပုံစံကို ကြည့်မယ်ဆိုရင် လက်နှစ်ဘက်အသင့်ထားတဲ့ ပုံစံဟာ အောက်ကိုရောက်လွန်းတယ်လို့ မထင်မိဘူးလား..? အဲဒါကြောင့် အင်ဇို က အပေါ်ကိုကန်သွင်းသွားတဲ့အချိန် ဘာမှမလုပ်နိုင်ခဲ့တာ မဟုတ်ဘူးလား..?



ပီတာ ချက် - ဂိုးသမားတွေအနေနဲ့ ဒီအတိုင်းရပ်နေရာကနေ ကာကွယ်ဖို့ တုံ့ပြန်တာထက်စာရင် တစ်ခုခု လှုပ်ရှားနေတာက တိုက်စစ်ကစားသမား ကန်သွင်းတဲ့အချိန် ချက်ချင်းတုံ့ပြန်နိုင်ဖို့ ပိုပြီးလွယ်ကူစေပါတယ်..။ ဒါ့ကြောင့်သူဟာ လက်နှစ်ဘက်ကို အနားမပေးပဲ လက်လွှဲနေခဲ့တာပါ..။ ဒါပေမယ့် အင်ဇို က မကန်သွင်းခင် အဝေးဂိုးတိုင်ဘက် ကန်မယ့်ဟန်ပြလိုက်၊ အနားဂိုးတိုင်ဘက် ကန်မယ့်ဟန်ပြလိုက်နဲ့ လှည့်စားမှုတွေ အကြိမ်ကြိမ်ပြုလုပ်ဖို့ အချိန်ရခဲ့ပါတယ်..။ ဒါ့ကြောင့်ဂိုးသမားတွေအနေနဲ့ ပထမဆုံး လုပ်နိုင်မှာက တိုက်စစ်မှူးတွေ ကန်သွင်းမယ့်ဘက်ကို အရင်ဆုံးမှန်းဆနိုင်ဖို့ပါပဲ..။ ဒါပေမယ့် ဖြစ်ချင်တော့ အနီးဆုံး နောက်ခံလူကလည်း မြက်ခင်းပေါ်မှာ ကားယားကြီးလဲနေတာဆိုတော့ သူ့ကိုဘာမှ အကူအညီမပေး နိုင်တော့ပါဘူး..။

ဂျေမီ ကာရေဂါ - ဟုတ်ပါတယ်..။ ဘောလုံးက ဂိုးဝင်သွားပြီဆိုတော့ အပြစ်တင်ဖို့ အမှားရှာနေတာ မဟုတ်ပါဘူး..။ ကျွန်တော်သိချင်တာက အဲဒီလိုအနေအထားမှာ ဂိုးသမား တစ်ယောက်ရဲ့ အကောင်းဆုံး နေရာယူမှု ဘယ်လိုဖြစ်သင့်တယ်..၊ လက်အနေအထား ဘယ်လိုထားရင် အသင့်တော်ဆုံး ဖြစ်မယ် သိချင်တာပါ..။ တခြားနည်းနဲ့ လွယ်အောင် မေးရမယ်ဆိုရင် ခင်ဗျားသာ အဲဒီနေရာမှာဆို ဘာလုပ်မလဲ..?

ပီတာ ချက် - ဂိုးသမား တစ်ယောက်အနေနဲ့ လက်ကိုအပေါ်မှာထားမလား..? အောက်ကိုချထားရမှာလား..? အဲဒီလို အနေအထား ဆုံးဖြတ်ဖို့ဆိုတာ ကစားပွဲရဲ့ ဘောလုံးရွှေ့လျားမှု အခြေအနေ၊ တိုက်စစ်ဆင်လာတဲ့သူ ကန်သွင်းမယ့် အခြေအနေတွေအပေါ် မူတည်ပါတယ်..။ ကန်တဲ့သူက အပေါ်၊ အောက်..၊ ဘေး… ဘယ်.. ညာ ကန်ချင်တဲ့နေရာ ကန်မှာပါပဲ..။ ဒါ့ကြောင့်ကျွန်တော်ဆိုရင်တော့ လက်နှစ်ဘက်ကို တံတောင်ဆစ်ကွေး (၉၀ ဒီဂရီ) လောက်မှာပဲ ထားပါမယ်..။ ဒါမှအပေါ်ကိုကန်ရင်လည်း မှီချင်မှီမယ်..၊ အောက်ကိုကန်လာရင်လည်း မှီချင်မှီနိုင်ပါမယ်..။ အရေးအကြီးဆုံးက လက်ရဲ့အနေအထားဟာ နေရာအစုံ၊ ထောင့်အစုံဘက်ကို အမြန်ဆုံးလှမ်းနိုင်ဖို့ သက်တောင့်သက်သာ ရှိနေရပါမယ်..။

ဥပမာ ပြောပြရမယ်ဆိုရင် ရှေ့ကိုကုန်းလွန်းနေရင် ကိုယ့်ရဲ့ပခုံးကြွက်သား လှုပ်ရှားမှုတွေကို ကန့်သတ်လိုက်သလို ဖြစ်သွားပါမယ်..။ အဲ.. နောက်ကိုလန်လွန်းနေရင် တိုက်စစ်ကစားသမားကို အချိန်ပေးသလို ဖြစ်သွားမယ်..။ ဒါ့ကြောင့်ခန္ဓာကိုယ်အနေအထား ဘယ်လိုထားရှိရမလဲ..? ဆိုတာ အတော်လေးကို ရှုပ်ထွေးပြီး ပကတိအခြေအနေတွေနဲ့ လိုက်လျောညီထွေ ရှိနေရပါမယ်..။ ဒါပေမယ့် ဒီသွင်းဂိုးမှာကျတော့ သူကတိုက်စစ်ကစားသမား ကန်လာနိုင်မယ့် အမြင့်နဲ့ထောင့်ကို မှန်းဆပြီး ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ထားတယ်..၊ အင်ဇို က သူရဲ့ ခန္ဓာကိုယ်အနေအထားကို သေသေချာချာကြည့်ပြီး ဘယ်လိုမှ လှမ်းလို့မမှီနိုင်အောင် ကန်သွင်းသွားခဲ့တာပါ..။

အဲဒီအချိန်မှာ ဟန်ဒါဆင် ဟာ ရှေ့တက်ပြီး ပိတ်ဆို့နိုင်ဖို့ ကြိုးစားတာ ပိုပြီးကောင်းမလား..? စဉ်းစားမိပါတယ်..။ ဒါပေမယ့် အဲဒီလိုရှေ့ကိုတက်လာဖို့ကျတော့ သူ့ရဲ့ရှေ့မှာ နောက်ခံလူက လဲကျနေတဲ့အတွက် သိပ်မလွယ်လှပါဘူး..။ ဂိုးသမားအတွက် အတော်လေးကို ဆုံးဖြတ်ရခက်ခဲပါတယ်..။ အန်ဇို ရဲ့ ကန်ချက်ကလည်း တကယ့်ကို ကောင်းခဲ့ပါတယ်..။



ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ ပီတာ ရေ.. ဒီနေ့ပွဲမှာ ခင်ဗျားတို့အသင်းဟာ အနိုင်ရဖို့ တကယ့်ကို အစွမ်းကုန် ကြိုးစားခဲ့ရပြီး အနိုင်ဂိုးနှစ်ဂိုးစလုံးကို မိနစ် (၉၀) ကျော်ချိန်မှ ရရှိခဲ့တာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ဂိုးတွေရပြီးတော့လည်း အူလှိုက်သည်းလိုက် အောင်ပွဲခံကြတာပေါ့ဗျာ..။ အင်ဇို ဂိုးသွင်းပြီးတဲ့အချိန် ကွင်းအပြင်မှာ ရောက်နေတဲ့ နီကိုလပ်စ် ဂျက်ဆင် ဟာ အခုအောက်ကပုံမှာ ပြထားတဲ့အတိုင်း တစ်ကွင်းလုံးကို ဖြတ်ပြေးပြီး ကစားသမားတွေနဲ့အတူ အောင်ပွဲခံခဲ့တာကြောင့် အဝါကတ်ဒ် အပြခံခဲ့ရပါတယ်..။ (ဂျေမီ ကာရေဂါ - Oh.. No.. သူကကွင်းလယ်ဒိုင်ရဲ့ ဘေးကနေ ဖြတ်သွားခဲ့တာဗျ..၊ အဲဒါကြောင့် အဝါထိသွားတာလား မသိဘူး.. မယုံနိုင်စရာပါပဲ..)

ဟုတ်ပါ့ဗျာ..။ ပီတာ ရေ… ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ ပွဲတစ်ပွဲကို အခုလိုအခြေအနေမျိုးနဲ့ အနိုင်ရတဲ့အခါ ပေးဆပ်မှုတွေ၊ ဖိအားတွေ၊ ခံစားမှုတွေကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်တဲ့အတွက် သူတို့လိုလူငယ် အသင်းတွေမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မယ်လို့ ထင်မိလဲဗျ..

ပီတာ ချက် - နိုင်ပွဲတိုင်းဟာ အသင်းတိုင်းကို တိုးတက်စေတယ်..၊ ရင့်ကျက်စေတာ အသေအချာပါပဲ..။ ခက်ခက်ခဲခဲ အနိုင်ရခဲ့တဲ့ပွဲတိုင်းဟာ အသင်းတစ်သင်းလုံး အနေနဲ့သာမက တစ်ဦးတစ်ယောက်ချင်းကိုပါ တိုးတက်မှု ရရှိစေပါတယ်..။ အထူးသဖြင့် ယုံကြည်မှု (confidence) ပိုပြီးကောင်းလာစေနိုင်တဲ့ အပိုင်းပေါ့ဗျာ..။ အဲဒီလို ကိုယ့်ကိုယ်ကိုရော၊ အသင်းလိုက် ယုံကြည်မှုတွေမှာပါ ပိုပြီးခိုင်မာလာတယ်ဆိုရင် ခြေစွမ်းမကောင်း၊ ကစားပုံ မကောင်းနေရင်တောင်မှ ကိုယ်ကစားနေကျ ပုံစံအတိုင်း ဆက်ပြီးကစား..၊ တစ်ချိန်ကျရင် နိုင်ကိုနိုင်ရမယ်.. ဆိုတဲ့ ခံစားချက်တွေ ပေါက်ဖွားလာစေပါတယ်..။

ဒါ့အပြင် အခက်အခဲတွေကြားမှာ အနိုင်ရလဒ်တွေကို ရှာဖွေနိုင်တဲ့ စွမ်းရည်ဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းရှိမယ့် အသင်းတစ်သင်း ဖြစ်လာဖို့ မရှိမဖြစ် လိုအပ်တဲ့ အရည်အသွေးတစ်ခုလို့ ပြောရမှာပါ…။ တခါတလေမှာ ပြိုင်ဘက်အသင်း ပရိသတ်တွေရဲ့ ဆန့်ကျင်ဘက် တုံ့ပြန်မှုတွေ၊ အခြားထင်မှတ်မထားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြားမှာ ကိုယ့်ရဲ့ပုံမှန်ခြေစွမ်းအတိုင်း တည်တည်ငြိမ်ငြိမ် ကစားသွားနိုင်ဖို့၊ လုံလောက်တဲ့ အေးဆေး တည်ငြိမ်မှုတွေ ရရှိလာဖို့ဆိုရင် အခုလိုအနိုင်ပွဲတွေ ဖြတ်သန်းရင်းနဲ့ပဲ သင်ယူသွားရမှာပါ..။ ဒါ့ကြောင့်လည်း ပွဲအပြီးမှာ ကော်နာ ဂါလက်ချာ သူတို့အသင်းအနေနဲ့ တည်ငြိမ်တဲ့ခြေစွမ်း (consistency) ရှိနေဖို့ အရေးကြီးတဲ့အကြောင်း သေသေချာချာ ပြောသွားခဲ့တာပေါ့ဗျာ..။



ဒေးဗစ် ဂျုံးစ် - အခုအပေါ်မှာ ပြထားတဲ့ပုံအရဆိုရင် ချယ်လ်ဆီးအသင်းအတွက် အခုနောက်လာမယ့် (၆) ပွဲ၊ (၇) ပွဲလောက်ဟာ တကယ့်ကို ပွဲကြပ်တွေ၊ ပွဲကြီးပွဲကောင်းတွေလို့ ပြောလို့ရပါတယ်..။ အထူးသဖြင့် နောက်တစ်ပါတ်ကစပြီး ယှဉ်ပြိုင်ရမယ့် မန်ချက်စတာ စီးတီး၊ ပြီးရင် လီဗာပူးလ်နဲ့ Carabao ဖလား ဗိုလ်လုပွဲတွေဟာ တကယ့်ကိုခက်ခဲတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာမှာပါ..။ ဒါ့ကြောင့်အခုအချိန်မှာ ခင်ဗျားတို့အသင်းဟာ အခုလိုကြီးမားတဲ့ စိန်ခေါ်ပွဲတွေကို ကျော်ဖြတ်နိုင်လောက်တဲ့ အရှိန်အဟုန် (momentum) ရရှိနေပြီလို့ ပြောနိုင်ပြီလား..? ပီတာ ရေ..

ပီတာ ချက် - အင်းဗျ..။ လာမယ့်ပွဲတွေကတော့ တကယ့်ပွဲကြပ်တွေပါပဲ..။ မန်ချက်စတာ စီးတီးအသင်းရဲ့ကွင်းမှာ ယှဉ်ပြိုင်ရမယ့်ပွဲဆိုရင် ကျွန်တော်တို့အသင်းအတွက်သာမက အိမ်ရှင်အသင်းအတွက်ကလည်း ဆုဖလားလမ်းကြောင်းပေါ်မှာ ဆက်လက်ရှိနေဖို့ ခြေစွမ်းပြနိုင်ရမှရမယ်.. ဆိုတဲ့ ဖိအားကိုယ်စီ ရှိနေကြတာပါပဲ...။ ဒါ့ကြောင့်အဲဒီလိုပွဲမှာ မကြောက်မရွံ့၊ မတွန့်မဆုတ် ရင်ဆိုင်နိုင်စွမ်း ရှိရမယ်..၊ ကိုယ့်အတွက် ဘာမှအရှုံးမရှိဘူး.. ဆိုတဲ့ ရဲရင့်တဲ့စိတ်ဓါတ်နဲ့ ချဉ်းကပ်နိုင်ရပါမယ်..။

အခုရထားတဲ့ ခြေစွမ်းအရှိန်ကို (momentum) ဆက်ပြီးထိန်းထားနိုင်ဖို့ဆိုရင် အဲဒီပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရပါမယ်..။ ဆိုလိုချင်တာက စောစောစီးစီး ဂိုးမပေးရဖို့ လိုအပ်တာပေါ့..။ အဲဒါဆိုရင် ဂိုးပြတ်သွားပါလိမ့်မယ်..။ ဒါ့အပြင် နည်းစနစ်ပိုင်းအရလည်း အိမ်ရှင်အသင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်ရမယ်..၊ မဆုတ်မနစ်တဲ့ ကြိုးစားအားထုတ်မှုတွေ ပြသနိုင်ရပါမယ်..။ တကယ်လို့ အဲဒီပွဲကို ကျော်ဖြတ်နိုင်ခဲ့ပြီဆိုရင် လီဗာပူးလ်နဲ့ပွဲအတွက် ယုံကြည်မှုတွေ ပိုပြီးရလာနိုင်ပါတယ်..။

ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ အန်ဖီးလ်ကွင်းကပွဲမှာ ၄ဂိုး- ၁ဂိုးနဲ့ ပြတ်ပြတ်သားသား ရှုံးထားခဲ့တာကိုးဗျ..။ အိုကေ… ကျွန်တော်တို့တွေဟာ အရှုံးတွေကနေလည်း သင်ယူနိုင်ရမယ်..၊ အဲဒီလိုအမှားတွေ ထပ်ပြီးမကျူးလွန်မိဖို့ အရေးကြီးပါတယ်..။ ဒါ့ကြောင့်အခုတစ်ကြိမ်မှာ သူတို့ကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ရမယ်.. ဆိုတာ သိနေလောက်ပြီလို့ ယူဆပါတယ်..။ ဗိုလ်လုပွဲဆိုတာ တစ်ပွဲထဲ ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်မျိုးဖြစ်တာကြောင့် ‘ဘာမဆို ဖြစ်လာနိုင်တယ်..’ ဆိုတဲ့ စိတ်ဓါတ်နဲ့ ပြတ်သားတဲ့ ခံယူချက်‌တွေ ထားရှိနိုင်ခဲ့မယ်ဆိုရင် အဆင်ပြေသွားနိုင်ပါတယ်..။



ဒေးဗစ် ဂျုံးစ် - ဂျေမီ ရေ.. ဖလားပွဲတွေဟာ ချယ်လ်ဆီးအသင်းရဲ့ အခုနှစ်ရာသီ ရည်မှန်းချက်ကို အပြောင်းအလဲ ဖြစ်သွားနိုင်တယ်.. လို့ ယူဆနိုင်ပါ့မလား..?    

ဂျေမီ ကာရေဂါ - ဖလားတွေဟာ လာမယ့်ဘောလုံးရာသီ ဥရောပဝင်ခွင့်အတွက် နောက်ဖေးပေါက်က အခွင့်အရေးတွေလို့ ပြောနိုင်တာပေါ့..။ ဒါ့အပြင်ချယ်လ်ဆီးအသင်းဆိုတာ ဆုဖလားတွေ အစဉ်တစိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ အစဉ်အလာရှိတဲ့ အသင်းဖြစ်ပါတယ်..။ ဒါကိုကျွန်တော်သိပါတယ်..။ ဒါပေမယ့် ပြဿနာက သူတို့ကို ကိုယ်တွယ်နေတဲ့ မန်နေဂျာဟာ အင်္ဂလန်မြေမှာ ဘာဆုဖလားကိုမှ မရဖူးတဲ့ နည်းပြတစ်ယောက် ဖြစ်နေတာပါ..။ နောက်ပြီး တော့တင်ဟမ်အသင်းကို သူကိုယ်တွယ်စဉ်တုန်းက အဲဒီအသင်းဟာ ငယ်ရွယ်တဲ့ အသင်းဆိုပေမယ့် အခုလက်ရှိ ချယ်လ်ဆီးအသင်း ပုံစံမျိုးမဟုတ်ဘူးဗျ..။ လက်ရှိအချိန်မှာ ချယ်လ်ဆီးပရိသတ်တွေဟာ အသင်းရဲ့ပကတိ အခြေအနေအပေါ် မခံစားနိုင်ဘူး ဖြစ်နေတာကိုး..။

ဒါ့ကြောင့် မော်ရစ္စစီယို ပိုချက်တီနို တို့အနေနဲ့ ဖလားပြိုင်ပွဲတွေကိုပဲ အာရုံစိုက်တော့မယ်.. လို့ ဆုံးဖြတ်ထားရင်တောင်မှ မန်ချက်စတာ စီးတီးနဲ့ပွဲဟာ အရေးကြီးပါတယ်..။ အဲဒီပွဲမှာ မန် စီးတီးအသင်း အနိုင်ရလိမ့်မယ်လို မျှော်လင့်ထားပေမယ့် ချယ်လ်ဆီးအသင်းဟာ စီးတီးအသင်းရဲ့ကွင်းကနေ တစ်ခုခုတော့ ပြန်ပြီးအရယူနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။ အနည်းဆုံးတော့ ခြေစွမ်းပြနိုင်ခဲ့တယ်..၊ သူတင်ကိုယ်တင် ရင်ဆိုင်နိုင်ခဲ့တယ်ပေါ့ဗျာ..။ တကယ်သာ ခြေစွမ်းပြနိုင်ရင် ကံကောင်းခဲ့မယ်ဆိုရင်.. သရေလည်း ကျနိုင်တာပဲ..၊ နိုင်ချင်လည်း နိုင်သွားနိုင်တာပါပဲ.. ဘယ်သူကကြိုတင်ပြီး ပြောနိုင်မှာလဲဗျ…။

အဲဒီပွဲကနေ ယုံကြည်မှုတစ်ခုခု ရလာခဲ့မှသာ သူတို့တွေဟာ မကြာသေးခင်က ခြေရှုံး၊ ဂိုးရှုံးခဲ့တဲ့ လီဗာပူးလ်အသင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ကြမှာပါ..။ ကျွန်တော်မှတ်မိသလောက်ဆိုရင် ပိုချက်တီနို ရဲ့အသင်းဟာ ပြီးခဲ့တဲ့ပထမရာသီဝက်မှာ တစ်ချို့ပွဲကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာ စီးတီး တို့နဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး သူတင်ကိုယ်တင် ရင်ဆိုင်နိုင်ခဲ့ပါတယ်..။ လီဗာပူးလ်အသင်းနဲ့ ရာသီအဖွင့်ပွဲစဉ်.. အိမ်ကွင်းပွဲမှာလည်း ခြေစွမ်းအသာရခဲ့တာပါပဲ..။ အဲဒီပွဲတွေမှာ ပိုချက်တီနို ရဲ့ နည်းစနစ်ပိုင်း အခင်းအကျင်းနဲ့ ပွဲချဉ်းကပ်ပုံတွေ ကောင်းမွန်ခဲ့ပါတယ်..။ ဒါ့ကြောင့်အခုလာမယ့် ပွဲကြီးတွေမှာလည်း သူတို့အတွက် မျှော်လင့်ချက်တွေ ရှိပါတယ်လို့ပဲ ပြောချင်ပါတယ်..။