feature-image

စနေနေ့ စကားဝိုင်း (မန်ချက်စတာ စီးတီး vs ချယ်လ်ဆီး)

ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ ပွဲစဉ် (၂၅) အဖြစ် မန်ချက်စတာ စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်မှ သွင်းဂိုးများ၊ ချယ်လ်ဆီးအသင်း၏ လွဲချော်ခဲ့သော အခွင့်အရေးများနှင့် မနေ့ကပွဲတွင် ခြေစွမ်းပြခဲ့သော တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်၊ ဗဟိုနောက်ခံလူ အက်ဆယ်လ် ဒီဆာဆီ တို့၏ ခြေစွမ်းများအပေါ် ချယ်လ်ဆီးအသင်းနှင့် မန်ချက်စတာ စီးတီးအသင်း တိုက်စစ်မှူးဟောင်း ဒယ်နီရယ် စတားရစ်ချ်၊ မန်ချက်စတာ စီးတီးအသင်း နောက်ခံလူဟောင်း မီကာ ရစ်ချက် နှင့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က Sky Sports ရုပ်သံဌာန၏ Saturday Night Football အစီအစဉ်တွင် ယခုလို ဆွေးနွေးခဲ့ကြပါသည်..။

ကယ်လီ ကိတ် -  ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ သိပ်ကိုကောင်းမွန်တဲ့ခြေစွမ်းနဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တယ်လို့ ပြောရမှာပဲရှင့်..။ ဒါပေမယ့် အခုအောက်မှာ ပြသထားတဲ့ပုံပါ အချက်အလက်တွေအရဆိုရင် အိမ်ရှင် မန်ချက်စတာ စီးတီးအသင်းက သာလွန်နေခဲ့တာ တွေ့ရမှာပါ..။ မန် စီးတီးအသင်းဟာ ဂိုးကန်သွင်းချက် (shots) (၃၂) ကြိမ်ထိ ရရှိခဲ့ပြီး ရသင့်တဲ့ဂိုး (expected goals) (၃.၀၇) ဂိုး၊ ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာအတွင်းမှာ ဘောလုံးထိချက်ပေါင်း (touches in opp box) (၇၉) ကြိမ်အထိ ရရှိခဲ့ပါတယ်..။ ဒါ့အပြင် ဖြတ်တင်ဘော (crosses)(၄၇) ကြိမ် ချယ်လ်ဆီးအသင်းရဲ့ ဂိုးဧရိယာထဲကို ပေးပို့နိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှု (possession) (၇၁ %) ရာခိုင်နှုန်းအထိ ထိန်းချုပ်၊ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်..။



စွမ်းဆောင်ရည် အချက်အလက်တွေအရဆိုရင် ချယ်လ်ဆီးဘက်က အစစအရာရာ အားနည်းသလို ရှိခဲ့ပေမယ့် ဧည့်သည်အသင်းဟာ ဂိုးပေါက်တည့်ကန်ချက် (on targets) အပိုင်းမှာ (၆) ကြိမ်နဲ့ သာလွန်ခဲ့ပါတယ်..။ အဲဒီဂိုးကန်သွင်းချက် (၆) ကြိမ်ထဲကနေ ဦးဆောင်ဂိုးရရှိခဲ့ပြီး လက်ရှိချန်ပီယံအသင်းဆီက တစ်မှတ်ခွဲယူနိုင်ခဲ့တယ်လို့ ပြောရမှာပဲရှင့်..။ အဲဒီတော့ အရင်ဦးဆုံးအနေနဲ့ ပထမပိုင်း (၄၁) မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် ရာဟင်း စတာလင်း သွင်းယူပေးခဲ့တဲ့ ဦးဆောင်ဂိုးနဲ့ ပတ်သက်ပြီး ရှင့်ရဲ့အမြင်ကို ပြောပြပေးနိုင်မလား..? ဒယ်နီရယ် ရေ..

ဒယ်နီရယ် စတားရစ်ချ် - သိပ်ကိုလှပတဲ့တွဲလုံးနဲ့ အရယူသွားခဲ့တဲ့ သွင်းဂိုးလို့ ပြောရမှာပဲဗျ..။ အထူးသဖြင့် ဂျက်ဆင် နဲ့ ပါးမား တို့ရဲ့ နားလည်မှု အချိတ်အဆက်အပြည့်နဲ့ မန် စီးတီး ခံစစ်ကြောင်းကို တစ်ချက်ထိလေးတွေနဲ့ ထိုးဖောက်သွားခဲ့တာ အရမ်းကိုသေသပ်၊ လှပပါတယ်..။ ရာဟင်း ရဲ့ ပြေးလမ်းထဲကို အတိအကျ ပေးပို့လိုက်တဲ့ ဂျက်ဆင် ရဲ့ ပေးပို့မှုကလည်း သိပ်ကိုကောင်းပါတယ်..။ အဲဒီဂိုးရသွားတဲ့နေရာမှာ အဓိကကျသွားတာ ရာဟင်း ရဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ အတင်းပြေးဝင်လာတဲ့ ကိုင်လီ ဝေါ့ကား ကို တစ်ချက်ခေါက်ပြီး ထုတ်သွားခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါလိမ့်မယ်..။ အဆုံးသတ်ကန်ချက်ကတော့ ကြောက်ဖို့ကောင်းပါတယ်..။ တကယ့်ကို အတိအကျပါပဲ..။ ဒါပေမယ့် မန်ချက်စတာ စီးတီးဘက်က အခုထက်ပိုပြီး ပါးပါးနပ်နပ်နဲ့ ကာကွယ်နိုင်ခဲ့သင့်တယ်လို့ မြင်မိတာပဲဗျ..

မီကာ ရစ်ချက် - ကျွန်တော်လည်း အဲဒီအချက်ကို ပြောမလို့ပဲဗျ..။ ကိုင်လီ ဝေါ့ကာ ရဲ့ ဖျက်ထုတ်ဖို့ ကြိုးစားပုံကို ပြောရမယ်ဆိုရင် လိုအပ်တာထက်ပိုပြီး အားသုံးခဲ့တယ်လို့ (over-compensate) မြင်ပါတယ်..။ တကယ်လို့ သူသာအခုလို အတင်းမဝင်လိုက်ပဲ နည်းနည်းလေး အရှိန်လျော့လိုက်မယ်..၊ စတာလင်း တစ်ချက်ခေါက်တဲ့အချိန်ထိ စောင့်လိုက်မယ်ဆိုရင် သူ့ရဲ့ကန်ချက်ကို ပိတ်ဆို့နိုင်ဖို့ အခွင့်အရေး ရနိုင်လောက်ပါတယ်..။ ဒါဆိုရင်ဂိုးသမား အီဒါဆန် အတွက်လည်း ကာကွယ်နိုင်ဖို့ အခွင့်အရေး ပိုများမလားပေါ့ဗျာ..။ ဒါပေမယ့် ဒယ်နီရယ် ပြောသလိုပါပဲ.. စတာလင်း ရဲ့ ဘောလုံးအထိန်းအသိမ်း၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ တိကျ၊ သေချာတဲ့ ဂိုးကန်သွင်းချက်ကို ချီးကျူးရမှာပါ..။



ကယ်လီ ကိတ် - ချယ်လ်ဆီးအသင်းရဲ့ အခုနှစ်ဘောလုံးရာသီ စွမ်းဆောင်ရည်အကြောင်းကို ပြောရမယ်ဆိုရင် ကောင်းလာလိုက်..၊ ပျောက်သွားလိုက်နဲ့ တီဗွီဇာတ်လမ်းတွဲတစ်ခုကို အပိုင်းလိုက် ကြည့်နေရသလိုပဲရှင့်..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ သူတို့ဟာ မိနစ် (၉၀) လုံးလုံး တည်ငြိမ်တဲ့ခြေစွမ်းတစ်ခုကို ထိန်းသိမ်းသွားနိုင်တယ်လို့ ပြောနိုင်မလား..ဂျေမီ ရေ..

ဂျေမီ ကာရေဂါ - မှန်ပါတယ်..။ ဒီနှစ်ရာသီမှာ ချယ်လ်ဆီးအသင်းဟာ အသင်းကောင်းတွေနဲ့ ရင်ဆိုင်တဲ့ပွဲတွေကျရင် ကစားပုံ အတော်လေး ကောင်းခဲ့တာ တွေ့ရတယ်ဗျ..။ ရာသီအစပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်နဲ့ပွဲမှာ သူတို့ဘက်က ခြေအသာနဲ့ ကစားနိုင်ခဲ့တယ်..၊ အာဆင်နယ် ဆိုရင်လည်း စတန်းဖို့ဒ် ဘရစ်ချ်မှာ ကံကောင်းလို့ တစ်မှတ်ရခဲ့တာပါ..။ မန်ချက်စတာ စီးတီးအသင်းနဲ့ အခုနှစ်ပွဲစလုံး ကစားတာ ကောင်းတယ်..၊ သူတို့အတွက် ကျေနပ်စရာ ရလဒ်တွေလို့ ပြောရပါမယ်..။ နောက်ပြီးတော့တင်ဟမ် အသင်းနဲ့ အဝေးကွင်းပွဲစဉ်ပေါ့ဗျာ..။ ဒါ့ကြောင့်ပိုချက်တီနို ဟာ ထိပ်တန်းမန်နေဂျာတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ သူ့ရဲ့အသင်းကို သေသေချာချာနဲ့ အကောင်းဆုံး ပြင်ဆင်နိုင်ခဲ့တယ်လို့ပဲ ပြောရမှာပဲ..။

ဒယ်နီရယ် စတားရစ်ချ် - ပွဲကြည့်နေရင်းနဲ့ ပြောဖြစ်ပါသေးတယ်..။ ချယ်လ်ဆီးအသင်းဟာ လူငယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့အသင်း ဖြစ်နေပါတယ်..။ ဒါ့ကြောင့်သူတို့လေးတွေဟာ 'တကယ့်အကောင်းဆုံး' ဆိုတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာအရ စိတ်အားထက်သန်မှု ဆန္ဒဇောတွေ အရမ်းများနေတယ်..၊ သူတို့တွေဟာ အဲဒီလို ထိပ်တန်းအသင်းတွေကို ရင်ဆိုင်နိုင်ပါတယ်.. ဆိုတာ သက်သေပြချင်စိတ် ပြင်းပြနေကြပါတယ်..။ ဒါပေမယ့် ကန်ရတဲ့ပွဲစဉ်တိုင်းမှာ အဲဒီလိုလုပ်ပြနိုင်ပါ့မလား..? အသင်းတစ်သင်းရဲ့ အောင်မြင်မှုမှာ အရေးအကြီးဆုံးက ခြေစွမ်းတည်ငြိမ်မှုရှိဖို့၊ တသမှတ်တည်းရှိနေဖို့ (consistency) ဖြစ်ပါတယ်..။

မီကာ ရစ်ချက် - ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကို ကြည့်ရမယ်ဆိုရင် ဘောလုံးပိုင်ဆိုင်မှု အသာစီးရနေတဲ့ပွဲတွေ၊ သူတို့တွေက လွှမ်းမိုးထားတဲ့ ပွဲတွေမှာ အရမ်းကောင်းတယ်လို့ ပြောလို့မရဘူးဗျ..။ အဲ.. တန်ပြန်တိုက်စစ်ကို အားပြုကစားတဲ့ အသင်းလည်း မဟုတ်ပြန်ဘူး..။ သူတို့အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ပွဲတွေကိုကြည့်မယ်ဆိုရင် အက်စ်တွန် ဗီလာနဲ့ပွဲ၊ ဒီနေ့ပွဲတွေက ပုံစံအတိုင်း တစ်သင်းလုံး ကျစ်ကျစ်လျစ်လျစ်နဲ့ ရွှေ့လျားနေမယ်..၊ ဘောလုံးရပြီဆိုတာနဲ့ အရမ်းကိုလျှင်မြန်တဲ့ အရှိန်အဟုန်နဲ့ ထိုးဖောက်နိုင်တဲ့ ကစားဟန်ပဲ ဖြစ်ပါမယ်..။ ဂျက်ဆင်၊ စတာလင်း တို့ရဲ့အမြန်နှုန်းနဲ့ ထိုးဖောက်မယ်..၊ ကိုးလ် ပါးမား က ကွင်းလယ်နဲ့ နောက်တန်းကြား နေရာလွတ်တွေကနေ ထိရောက်တဲ့ ပေးပို့မှုတွေ ဖန်တီးမယ်..၊ ဂါလက်ချာ က ဂိုးဧရိယာထဲကို ချိန်ကိုက်ပြေးဝင်နိုင်ဖို့ ကြိုးစားပါမယ်..။ ဒီနေ့ပွဲမှာတော့ သူတို့ရဲ့ အဲဒီကစားဟန်ဟာ အလုပ်ဖြစ်ခဲ့ပါတယ်..။



ကယ်လီ ကိတ် - မှန်ပါတယ်..။ သူတို့ရဲ့ကစားဟန်ဟာ အလုပ်ဖြစ်ခဲ့ပြီး အနိုင်ရလုနီးနီးပါပဲ..။ ဒါပေမယ့် ပထမပိုင်းအပြီးမှာ ရှင်တို့နှစ်ယောက် (မီကာ ရစ်ချက် နှင့် ဒယ်နီရယ် စတားရစ်ချ်) ဒုတိယပိုင်းကျရင် ချယ်လ်ဆီးအသင်းဟာ ဘယ်လိုပုံစံနဲ့ ပွဲကိုချဉ်းကပ်သင့်လဲ..? ဆိုပြီး  သဘောထား ကွဲလွဲခဲ့ကြပါသေးတယ်နော..။ ဒါကလည်း တိုက်စစ်မှူးနဲ့ နောက်ခံလူတွေကြားက အမြင်မတူညီမှုပဲ ဖြစ်ပါမယ်..။

မီကာ ရေ.. ရှင်ကတော့ ရထားတဲ့အနိုင်ဂိုးကို ထိန်းထားနိုင်ဖို့ ဦးစားပေးရမယ်လို့ပြောပါတယ်..။ ဒါပေမယ့် ဒယ်နီရယ် က No.. အခုအတိုင်း အလုပ်ဖြစ်နေတာပဲ..၊ အဲဒီအတိုင်း ဆက်ပြီးကစားရမှာပေါ့.. လို့ တွေးပါတယ်..။ နည်းပြပိုချက်တီနို ကတော့ ပွဲချိန်မိနစ် (၇၀) မှာပဲ အပြောင်းအလဲတွေ စတင်ပြုလုပ်ခဲ့ပါတယ်..။ အဲဒီအပြောင်းအလဲဟာ မှန်ကန်ရဲ့လား.? ရှင်တို့ရဲ့အမြင်မှာ ဘယ်လိုရှိလဲ..?

မီကာ ရစ်ချက် - ပိုချက်တီနို ဟာ နောက်တန်းလူငါးယောက် (five at back) အထိုင်ကို ပြောင်းလိုက်တာပါ..။ ကျွန်တော်က ပထမပိုင်းအပြီးမှာ ရထားတဲ့ အနိုင်ဂိုးကို ဆက်ထိန်းရမယ်လို့ အတိအကျပြောတာ မဟုတ်ပါဘူး..။ ဒါပေမယ့် ကိုယ်တွေက နောက်ခံလူတွေ ဖြစ်တာနဲ့အညီ ရထားတဲ့အနိုင်ဂိုးကို ဆက်ထိန်းထားသင့်ဖို့ ဦးစားပေးသင့်တယ်လို့ပဲ မြင်မိတာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ဒုတိယပိုင်းမှာ မန်ချက်စတာ စီးတီးအသင်းက နောက်ထပ်ဂီယာမြှင့်ပြီး တင်ကစားလာမှာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူတို့အတွက် ကစားရတာ ပိုပြီးခက်ခဲလာဖို့ ရှိပါတယ်..။ မန် စီးတီးလို အသင်းရဲ့ကွင်းမှာအနိုင်တစ်ဂိုးကို တစ်ပွဲလုံးထိန်းသွားနိုင်ဖို့ မလွယ်ဘူးဆိုတာ သိပါတယ်..။

ဒယ်နီရယ် စတားရစ်ချ် - ကျွန်တော်ကတော့ ကိုယ့်ရဲ့အသင်းက ကစားတာ အဆင်ပြေနေတာပဲလေ..၊ ဘာကြောင့်မလို့ အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်မှာလဲ..? တိုက်စစ်သမား တစ်ယောက်ရဲ့အမြင်နဲ့ဆိုရင် ဒုတိယပိုင်းမှာလည်း အခွင့်အရေးတွေ ထပ်ပြီးရနိုင်ပါသေးတယ်..။ တကယ်လည်း ရရှိခဲ့တာပဲလေ..။ တကယ်တမ်း မန် စီးတီးအသင်းဟာ မိနစ် (၇၀) လောက်အထိ ခြေစွမ်းသိပ်အကောင်းကြီး မဟုတ်သေးပါဘူး..။ ဂျက်ဆင် က တန်ပြန်တိုက်စစ်ကနေ ခြိမ်းခြောက်နိုင်စွမ်း ရှိနေသေးတယ်..၊ ဒါ့ကြောင့်လူစားလဲမယ်.. ဆိုရင်တောင် မန် စီးတီးအသင်းကို ထပ်ပြီးခြိမ်းခြောက်နိုင်မယ့် ကစားသမားတွေ (ဥပမာ- မူဒရပ်ခ်၊ မာဒူအီကေး) မဖြစ်သင့်ဘူးလား..?

မီကာ ရစ်ချက် - ဟေ့... ဘောလုံးက ကျွန်တော်တို့အသင်း ခြေထဲမှာလေ..၊ ကိုယ့်ရဲ့ခြေထဲမှာ ဘောလုံးမရှိပဲ တိုက်စစ်ကစားသမားတွေ ထပ်ပြီးအားဖြည့်ဖို့ ခင်ဗျားမလို့ စဉ်းစားမိတယ်..။ အဲဒီလိုလုပ်လိုက်ရင် ဖီးလ် ဖိုဒန်၊ ဒီ ဘရိုင်း တို့  နေရာလွတ်တွေ ပိုပြီးရလာမှာပေါ့..။ ခင်ဗျားပြောချင်တာကို နားလည်ပါတယ်..။ အခွင့်အရေးတွေ ဖန်တီးနိုင်နေတာကြောင့် ဆက်ပြီးကြိုးစားသင့်တယ်.. ဆိုတာလည်း မှန်ပါတယ်..။ ဒါပေမယ့် ခင်ဗျားကိုယ်တိုင်လည်း ကစားသမား တစ်ယောက်ပါပဲ..။ ကိုယ့်အသင်းခြေထဲမှာသာ ဘောလုံးမရှိရင် ဘောလုံးနောက်လိုက်ပြီး ပတ်ပြေးနေရတာနဲ့ မိနစ် (၆၀) ကျော်ရင် ခြေကုန်နေပြီလေ..



ဂျေမီ ကာရေဂါ - ကျွန်တော်လည်း တွေးမိပါတယ်..။ ဒီလိုအနေအထားတွေဟာ မန်နေဂျာတွေအတွက် အတော်လေးကို ဆုံးဖြတ်ရတာ ခက်ခဲပါလိမ့်မယ်..။ အနိုင်ရလဒ်ကိုထိန်းထားနိုင်ဖို့ ခံစစ်အထိုင် (defensive formation) ကို ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ပြောင်းလဲမလဲ..? ဒီနေ့ပွဲမှာ ပိုချက်တီနို ရဲ့ စဉ်းစားပုံကိုလည်း ကျွန်တော်မှန်းဆကြည့်ပါတယ်..။ စီးတီးအသင်းဟာ တောက်လျှောက် တင်ပြီးကစားလာခဲ့သလို တဖြည်းဖြည်းနဲ့ ဘယ်တောင်ပံက ဒိုကူး နဲ့ ညာဘက်က ဒီ ဘရိုင်း တို့ဟာ ဖြတ်တင်ဘောတွေ ပိုပြီးပေးပို့လာနိုင်တယ်..၊ နေရာလွတ်တွေ ပိုပြီးရလာခဲ့ပါတယ်..။ ကျွန်တော့်ရဲ့အမြင်အရဆိုရင် စီးတီးအသင်းဟာ တိုက်စစ်ကို (၅) ယောက်နဲ့ ဆင်လေ့ရှိပြီး အဲဒီ (၅) ယောက်ကို back five နဲ့ ရင်ဆိုင်တာ အကောင်းဆုံးပါပဲ..။ တကယ့်ထိပ်တန်းအဆင့် အသင်းမှပဲ အဲဒီ (၅) ယောက် တိုက်စစ်ကို back four နဲ့ ခံဆော့နိုင်လိမ့်မယ်..။ ပိုချက်တီနို က ချာလိုဘာ ကို အားဖြည့်ရတာဟာ တဖြည်းဖြည်းနဲ့ ဒိုကူး၊ ဒီ ဘရိုင်း တို့ တောင်ပံတွေကနေ ထိုးဖောက်မှု ပိုပြီးရရှိလာခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်..။

ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ.. အပြစ်တင်ချင်တဲ့စိတ်နဲ့ ပြောတာမဟုတ်ပါဘူးရှင့်..။ ကြုံနေတဲ့အခြေအနေကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းမလဲ..? ဆိုတဲ့အပေါ် အမြင်ကွဲပြားမှုတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်..။ နောက်ဆုံးမှာတော့ စီးတီးအသင်းဟာ သူတို့လိုအပ်နေတဲ့ ချေပဂိုးကို ရရှိသွားခဲ့ပါတယ်...။ အဲဒီအချိန် အိမ်ရှင်အသင်းပရိသတ်တွေရဲ့ စိတ်ထဲမှာ အနိုင်ပွဲရတော့မှာပဲ.. ဆိုတဲ့ ခံစားချက်၊ ယုံကြည်မှုတွေ ဖြစ်လာခဲ့မှာပဲ.. ဟုတ်တယ်မလား..? မီကာ ရေ..

မီကာ ရစ်ချက် - ဖြစ်နိုင်ပါတယ်..။ ကျွန်တော်တို့လည်း ကြည့်နေရင်းနဲ့ စီးတီးအသင်းဟာ တစ်ချိန်ကျရင် ဂိုးရမှာပဲ.. လို့တောင် ပြောမိခဲ့ကြသေးတာပဲလေ..။ ပွဲချိန် (၈၃) မိနစ်မှာ ရရှိသွားတဲ့ ရိုဒရီ ရဲ့ သွင်းဂိုးမှာ ချယ်လ်ဆီးဘက်က back five ဆိုပေမယ့် လူတိုင်းဟာ ဘောလုံးနောက်ကို စုပြုံလိုက်နေတဲ့ပုံ ဖြစ်နေပါတယ်..။ အဲဒီလိုနဲ့ ဘောလုံးဟာ ရိုဒရီ ရဲ့ရှေ့ကို အနေတော်လေးကျလာပါတယ်..။ သူကလည်း တစ်ချိန်ချိန်ကျရင် အဲဒီလိုကန်သွင်းခွင့်ရကိုရလိမ့်မယ်.. လို့လည်း ယုံကြည်နေပါလိမ့်မယ်.။ တကယ်တမ်း ကန်ခွင့်ရတဲ့အချိန်.. နေရာက တဒင်္ဂလေးပါပဲ..။ သူ့ရဲ့ကန်ချက်ဟာ လူထိပြီးလမ်းကြောင်းပြောင်းသွားတယ်.. ဆိုပေမယ့် တကယ့်ကို ကောင်းပါတယ်..၊ လူမထိလည်း ဂိုးဝင်သွားဖို့ များပါလိမ့်မယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကစားသွားပုံကို ကျွန်တော်တော့ ချီးကျူးမိပါတယ်..။ သူတို့ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ တိုက်စစ်လှိုင်းလုံးတွေကို အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်..။



ဂျေမီ ကာရေဂါ - ဒယ်နီ ရေ.. high defence line ကို ဖောက်ထွက်တဲ့အချိန်မှာ တိုက်စစ်မှူးတွေရဲ့ အယူအဆတွေ ဘယ်လိုရှိလဲမသိဘူးဗျ..။ ချယ်လ်ဆီးဘက်က ပထမပိုင်းမှာ ဂျက်ဆင်၊ ဒုတိယပိုင်းမှာ အန်ကွန်းကူ.. သူတို့တွေဟာ ခံစစ်ကစားသမားတွေရှေ့မှာ ကြိုတင်နေရာယူပြီး အစွန်ဘက်နေ ကိုယ့်အသင်းဘက်က ကစားသမားတွေ တိုက်စစ်ကျွံထွက်လာချိန်မှာ လူကျွံဘောမဖြစ်အောင် နေရာယူရတယ်..၊ အချိန်ကိုက်ပြေးထွက်ရပါတယ်..။ ဥပမာ ညာတောင်ပံကနေ ဂတ်စ်တို ဖောက်ထွက်သွားချိန်မှာ အန်ကွန်းကူ က လူကျွံဘော ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် ပထမပိုင်းမှာ ဂျက်ဆင် ရခဲ့တဲ့ အခွင့်အရေးကတော့ လူကျွံဘောမဖြစ်ခဲ့ပါဘူး.။ ခင်ဗျားတို့တိုက်စစ်မှူးတွေအနေနဲ့ အဲဒီလိုလူကျွံဘောမဖြစ်အောင် ဘယ်လိုချိန်ဆရလဲ.။? ချိန်သားကိုက် ပြေးထွက်မှုတွေ ဘယ်လိုပြုလုပ်ရပါသလဲ..?

ဒယ်နီရယ် စတားရစ်ချ် - ကိုယ့်အသင်းက ကစားသမားတွေ အချင်းချင်းကြားမှာနားလည်မှု (chemistry) ဘယ်လောက်ရှိသလဲ.. ဆိုတဲ့အပေါ် မူတည်ပြီး လွယ်တယ်..၊ ခက်တယ် ပြောရမယ်ထင်ပါတယ်...။ တစ်ချို့တိုက်စစ်မှူးတွေက ကိုယ့်ရဲ့ရှေ့ကို ကြိုပြီးပေးတာကို ကြိုက်တယ်..၊ ကျွန်တော်ဆိုလည်း ပြေးလမ်းကြောင်းထဲကို ကြိုပြီးပေးတာကို ကြိုက်ပါတယ်..။ တစ်ချို့ကျတော့ အရင်ပြေးထွက်မယ့် နောက်ကျမှသူ့ရဲ့ပြေးလမ်းကြောင်းထဲ ထိုးထည့်ပေးတာကို ကြိုက်နှစ်သက်ကြပါတယ်..။ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဗျ..။ နောက်ပြီးတောင်ပံက ဖောက်ထွက်လာတဲ့သူနဲ့ ယှဉ်ပြေးပြီး သူကပြန်ချိုးပေးတဲ့အခါ ဘယ်လိုပုံစံ နေရာယူရမလဲ..? ဆိုတာ ရှိသေးတယ်..။

အဓိကအနေနဲ့ ဘောလုံးပေးမယ့်သူက တိုက်စစ်မှူးအကြောင်းကို ကောင်းကောင်းသိနေဖို့ လိုအပ်ပါလိမ့်မယ်..။ သူ့ရဲ့အမြန်နှုန်း ဘယ်လောက်ရှိလဲ..၊ သူကဘယ်လိုပုံစံ ဘောလုံးပေးတာကို ကြိုက်သလဲ.. အဲဒီအပေါ်မူတည် တွက်ဆပြီး ကွက်တိပေးဖို့နိုင်မှ ဂိုးဧရိယာထဲက တိုက်စစ်မှူးမှာ မနားတမ်းကန်သွင်းမှု (first time shot) တွေ ပြုလုပ်နိုင်ပါလိမ့်မယ်..။ ဒီနေ့ပွဲမှာ ပထမဆုံးအခွင့်အရေးကို ဂျက်ဆင် က ဘောလုံးထိန်းပြီး ကန်သွင်းရာမှာ မအောင်မြင်ခဲ့ပေမယ့် နောက်ထပ်တစ်ကြိမ်မှာ စတာလင်း က ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်တိုက်စစ်မှူးတစ်ယောက်ရဲ့ ချိန်သားကိုက်ပြေးထွက်ရမယ့်အချိန် (timing) vs ကိုယ့်ဆီကို ရောက်လာမယ့် ပေးပို့မှုပုံစံ (pass).. နှစ်ခုစလုံးက အရေးကြီးပါတယ်..။ ကျွန်တော်တို့ တိုက်စစ်မှူးဟာ နောက်ခံလူနဲ့တပြေးညီ အနေအထားကနေ အရင်ဦးအောင် ပြေးထွက်နိုင်ပေမယ့် ပေးပို့မှုက ပုံမကျခဲ့ရင် ဘာမှလုပ်မရပါဘူး..။

အဲ.. သီယာရီ အွန်နရီ..၊ အဂွဲရိုး တို့လို တိုက်စစ်မှူးတွေကျတော့ ခြွင်းချက်ပေါ့ဗျာ..။ သူ့ဆီကို လာချင်သလိုလာတဲ့ ဘောလုံးတွေကို သူ့ရဲ့စိတ်ကြိုက်အနေအထားရအောင် ပြန်ပြီးပြင်ဆင်ယူနိုင်ကြပါတယ်..။ ဒါကတစ်ဆင့်မြင့်သွားပြီ..၊ တိုက်စစ်မှူးတိုင်း မလုပ်နိုင်ပါဘူး..။ တိုက်စစ်မှူးအများစုကတော့ ပေးပို့လာတဲ့ ဘောလုံးရဲ့အနေအထားပေါ်မှာ ချက်ချင်းလက်ငင်း အသုံးချနိုင်အောင် ကြိုးစားကြရတာ ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ တကယ့်ကို အားကုန်သုံးပြီး အမြန်ဆုံးပြေးနေတဲ့အချိန် ကိုယ့်ဆီလာတဲ့ ဘောလုံးကိုစိတ်ကြိုက်ကန်လို့ရမယ့် အနေအထားရအောင် တခါတည်းထိန်းမယ်..၊ ကန်သွင်းမယ်.. ဆိုတာ ပြောသလောက်တော့ မလွယ်လှဘူး..



ကယ်လီ ကိတ် - ကိုယ့်ရှေ့မှာ ရှိနေတဲ့ တိုက်စစ်မှူးက ဘယ်လိုပုံစံ ပေးပို့တာကို ကြိုက်သလဲ.. ဆိုတဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု (chemistry) ရယ်..၊ ပေးပို့လိုက်တဲ့ ဘောလုံးရဲ့အရှိန် (pace).. အဲဒါတွေကလည်း အရေးပါတာပေါ့.. ဟုတ်တယ်မလား.. ရှင့်

ဒယ်နီရယ် စတားရစ်ချ် - ဟုတ်တာပေါ့..။ ပထမပိုင်းမှာ ဂျက်ဆင် ရခဲ့တဲ့ အခွင့်အရေးမှာဆိုရင် ပါးမား ချပေးလိုက်တဲ့ ဘောလုံးကို ဂတ်စ်တို က ဆွဲထွက်သွားရာမှာ သူ့ရဲ့ပထမဆုံး ထိချက်ဟာ ခြေထောက်နဲ့ထိပြီး လည်ထွက်လာတဲ့ ဘောလုံး (rebound) လို ဖြစ်နေခဲ့ပါတယ်..။ တကယ်လို့ အဲဒီပထမဆုံးထိချက်၊ ဆွဲထုတ်သွားမယ့် ထိချက်သာ အခုထက် ကောင်းမွန်ခဲ့မယ်ဆိုရင် ဂျက်ဆင် ဆီကို အခုထက်စောစော ပေးပို့နိုင်ပါလိမ့်မယ်..။

နောက်ပြီး ပထမပိုင်းမှာပဲ ရာဟင်း စတာလင်း ဟာ အင်ဇို ရဲ့ ပေးပို့မှုကနေ မန် စီးတီးအသင်းရဲ့ လူကျွံဘောထောင်ချောက်ကို တစ်ကြိမ်လွတ်ထွက်သွားခဲ့ပါတယ်..။ အဲဒီအချိန်မှာ ရှေ့ကိုပြေးထွက်လာတဲ့ ဂိုးသမား အီဒါဆန် ရဲ့ အပေါ်ကိုကျော်ပြီး သွင်းလိုက်မယ်ဆိုရင် ဂိုးရနိုင်မယ့် အခြေအနေရှိခဲ့ပါတယ်..။ ဒါပေမယ့် ရာဟင်း ဟာ လိုအပ်တာထက် အချိန်ပိုပြီးရနေတော့ သူ့ရဲ့စိတ်ထဲ ဘာဆက်လုပ်ရမှန်း မသိပဲဖြစ်သွားပုံပါပဲ..။

ဆိုလိုချင်တာက အချိန်ပိုရသွားတော့ သူ့ရဲ့စိတ်ထဲ တွေးစရာများသွားသလား.. ထင်မိပါတယ်..။ ဂိုးသမားအပေါ်ကပဲ ကျော်ပြီးကန်သွင်းရမလား..? ဒါမှမဟုတ် သူ့ကိုလိမ်ခေါက်ပြီး ဆွဲပြေးရမလား..? စဉ်းစားနေရင်းနဲ့ ဝေဝါးသွားပုံ ရပါတယ်..။ ကျွန်တော်တို့ဟာ အနှေးပြန်ကြည့်တဲ့အချိန်မှာ 'ဟာ့ကွာ.. ဂိုးသမားအပေါ် အသာလေး 'မ' ပြီး ကျော်သွင်းလိုက်ရင် ပြီးနေတာပဲ..' လို့ တွေးကြမှာဖြစ်ပေမယ့် တကယ့်မြေပြင်.. အဲဒီနေရာကနေ ဂိုးသမားပေါ်ကျော်ပြီး ကန်သွင်းဖို့ဆိုတာ အရမ်းလွယ်လှတာ မဟုတ်ပါဘူး..။



ကယ်လီ ကိတ် - နီကိုလပ်စ် ဂျက်ဆင် ဟာ သူ့ရဲ့ဂိုးသွင်းအဆုံးသတ်ပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်..။ ဒါပေမယ့် သူဟာအသင်းအတွက် အကျိုးပြုနိုင်တဲ့နေရာမှာ ဂိုးသွင်းပေးတာ တစ်ခုတည်း မကဘူးနော..။ ရှင်တို့ရော သူ့ကိုဘယ်လိုမြင်မိလဲ..?

ဒယ်နီရယ် စတားရစ်ချ် - ဒီနေ့ပွဲမှာ သူ့ရဲ့ကစားပုံကို ယေဘူယျခြုံငုံကြည့်မယ်ဆိုရင် အဆင်ပြေပါတယ်..။ သူဟာဘယ်တောင်ပံဘက်ကို ထွက်ပြီးကစားခဲ့ရတဲ့နောက်ပိုင်း ယုံကြည်မှုပိုင်းမှာရော၊ ခြေစွမ်းပိုင်းမှာပါ တိုးတက်မှုတွေ ပြသနိုင်ခဲ့ပါတယ်..။ ဒီနေ့မှာဆိုရင် နောက်ခံအစွန်လူတွေ၊ ကွင်းလယ် ကစားသမားတွေနဲ့ တစ်ချက်ထိ ဖောက်ထွက်မှုတွေ၊ တွဲလုံးတွေ ပြုလုပ်နိုင်ခဲ့သလို မန် စီးတီးအသင်း ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့တယ်..၊ သူတို့အသင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။

အထူးသဖြင့် ဝေဖန်မှုတွေကြားမှာ ယုံကြည်မှု မပျက်ယွင်းပဲ မားမားမတ်မတ် ရင်ဆိုင်နိုင်တဲ့ စိတ်ဓါတ်ပိုင်း ခိုင်မာမှု၊ ကြိုးစားအားထုတ်မှုနဲ့ ခံယူချက် ကောင်းမွန်မှုတွေကို အသိအမှတ်ပြုရမှာပါပဲ..။ ဒီနှစ်ဘောလုံးရာသီဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ပထမဆုံးရာသီလည်း ဖြစ်ပါတယ်..။ သူ့ဆီကနေ သွင်းဂိုးတွေ အခုထက်ပိုပြီးရရှိဖို့ မျှော်လင့်ထားပေမယ့် ရှေ့လာမယ့် အနာဂတ်မှာ အများကြီးတိုးတက်လာဦးမှာပါ..။

မီကာ ရစ်ချက် - ဘယ်ဘက်ကို ပြောင်းပြီးကစားလိုက်ရတာကြောင့် သူ့အတွက် ဖိအားပိုပြီး နည်းသွားလို့လား..?
ဒယ်နီရယ် စတားရစ်ချ် - ဘယ်တောင်ပံမှာ ကစားတဲ့ တိုက်စစ်မှူး တစ်ယောက်နဲ့ အလယ်ကနေ ထိုးဖောက်မယ့် အထောင်တိုက်စစ်မှူးတစ်ယောက်အပေါ် ထားရှိတဲ့ မျှော်မှန်းချက်ချင်း မတူညီပါဘူး..။ အထူးသဖြင့် ချယ်လ်ဆီးမှာဆိုရင် 'No.9'.. အထောင် တိုက်စစ်မှူး.. ဆိုတာနဲ့ အားလုံးက ဒီဒီယာ ဒရော့ဘာ ကိုပဲ ပြေးပြီးမြင်နေကြတာကိုးဗျ..။ အဲဒီတော့ အသင်းကိုရောက်လာတဲ့ တိုက်စစ်မှူးတွေဟာ ရောက်လာတာနဲ့ ဂိုးတွေအများကြီး သွင်းပေးနိုင်ရမယ်.. ဆိုတဲ့ မျှော်မှန်းချက်ကြီးတွေ ရှိနေကြပါတယ်..။



ဒါပေမယ့် အခုခေတ်ဘောလုံးပွဲတွေမှာတော့ တောင်ပံ ကစားသမားတွေကလည်း ဂိုးသွင်းနိုင်ရမယ်.. ဆိုတဲ့ မျှော်မှန်းချက်တွေ ရှိနေကြတာပါပဲ..။ တောင်ပံ ကစားသမား တစ်ယောက်ရဲ့ ဘောလုံးလက်ခံယူပုံ၊ ဂိုးပေါက်ဆီ ရှုမြင်၊ ထိုးဖောက်တဲ့ အနေအထားနဲ့ အထောင်တိုက်စစ်မှူး တစ်ယောက်ရဲ့ ပြေးထွက်နေရာယူပုံ ဘယ်လိုမှတူညီနိုင်မှာ မဟုတ်ပါဘူး..။ ဂျက်ဆင် ကတော့ သူ့အပေါ် ဝေဖန်မှုတွေကို မတုန်မလှုပ်ရင်ဆိုင်ရင်း လေ့ကျင့်ကွင်းမှာ ကြိုးစား၊ လေ့ကျင့်တယ်.၊ အာရုံစူးစိုက်မှု မလျော့ပါးပဲ သူ့ရဲ့တိုးတက်မှုကို ရှာဖွေနိုင်ခဲ့တာကို ချီးကျူးရမှာပါ..။

ကယ်လီ ကိတ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးတွေနဲ့ ဆန့်ကျင်ဘက်က ခံစစ်မှူးတွေဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ဒရစပ်ထိုးဖောက်မှုတွေကို ကြံ့ကြံ့ခံ ကာကွယ်ရင်း တစ်ဂိုးပဲ ခွင့်ပြုခဲ့ရပါတယ်..။ ဒီလိုခြေစွမ်းပြနိုင်ခဲ့တဲ့ သူတို့အသင်းရဲ့ ခံစစ်ကြောင်းမှာ အထူးခြေစွမ်းပြခဲ့တဲ့ အက်ဆယ်လ် ဒီဆာဆီ ရဲ့ သက်ရောက်မှု၊ အခန်းကဏ္ဍ ဘယ်လောက်ထိ ပါဝင်နိုင်မလဲရှင့်.. ဂျေမီ ရေ..

ဂျေမီ ကာရေဂါ - ဒီနှစ်ဘောလုံးရာသီ တစ်ခုလုံးမှာ ကျွန်တော်ကြည့်ဖူးသမျှ ဗဟိုခံစစ်မှူးတွေထဲက အကောင်းဆုံး စွမ်းဆောင်ရည်လို့ ပြောချင်ပါတယ်..။ မန်ချက်စတာ စီးတီးအသင်း တိုက်စစ်မှူးတွေဆိုတာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေ ဖြစ်ကြပါတယ်..။ ဒီဆာဆီ ဟာ သူတို့တွေကို အခွင့်အရေး လုံးဝမပေးရအောင် တားဆီးနိုင်ခဲ့လို့လည်း ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုပါ ရရှိခဲ့တာ မဟုတ်ဘူးလားဗျ..။ ဒီနေ့ပွဲက သူ့ရဲ့ကစားပုံ၊ ဖျက်ထုတ်ပုံမျိုးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀).. ကျွန်တော်တို့ခေတ်တွေက ခံစစ်မှူးတွေရဲ့ စွမ်းဆောင်ရည်၊ ကစားပုံမျိုး ဖြစ်ပါတယ်..။

ဒါ့အပြင် နောက်တန်းကနေ ကစားကွက် စတင်ရာမှာ (play out from the back) ပေးပို့မှုတွေ အမှားအယွင်း မရှိခဲ့ဘူး..။ လိုအပ်လာရင် ရဲရဲရင့်ရင့် ရှေ့ကိုတက်ပြီး ဖျက်ထုတ်ရဲတယ်..။ တစ်ဖက်အသင်းရဲ့ တိုက်စစ်တွေကို ကျောက်ဆောင်ကြီးတစ်ခုအလား၊ နံရံကြီးတစ်ခုအလား ကြံ့ကြံခံ ရင်ဆိုင်သွားနိုင်ခဲ့ပါတယ်..။ မန် စီးတီးအသင်းဘက်က ပေးပို့သမျှ ဖြတ်တင်ဘောတွေဟာ သူ့ရဲ့ခေါင်းပေါ်ကိုပဲ ကျလာနေတာဆိုတော့ သူ့ရဲ့ခေါင်းထဲမှာ ဘောလုံးတွေကို ဆွဲဆောင်နိုင်တဲ့ သံလိုက် တစ်ခု ရှိနေသလား မပြောတတ်ပါဘူး..။ ချယ်လ်ဆီးအသင်းက ဆိုတော့ အရင်တုန်းက လူတွေနဲ့ နှိုင်းယှဉ်ပြရမယ်ဆိုရင် သူ့ရဲ့ဒီနေ့စွမ်းဆောင်ရည်ဟာ 'ဂျွန် တယ်ရီ' ကြီးကို ပြန်ပြီးကြည့်နေရသလိုပါပဲ..။ အဲဒီထက်ပိုပြီး ချီးကျူးဖို့ ကျွန်တော်လည်း မပြောတတ်တော့ဘူး..။



မီကာ ရစ်ချက် - ချယ်လ်ဆီးအသင်း ပေးဂိုးများနေရတဲ့ အကြောင်းရင်းတွေထဲမှာ နောက်ခံလူတွေ အတွဲအစပ်၊ နေရာယူမှုတွေနဲ့ သက်ဆိုင်မယ် ထင်ပါတယ်..။ ဒီဆာဆီ က သိပ်ကိုလျှင်မြန်တယ်..၊ အရမ်းလည်း သန်မာပါတယ်..။ အဝင်အထွက်ကြမ်းတယ်..၊ ဖျက်ထုတ်ပုံ ရဲတင်းပါတယ်..။ ဒါ့အပြင် နောက်ခံလူတစ်ယောက်ရဲ့ အရည်အသွေးကို ဆုံးဖြတ်တဲ့နေရာမှာ သူ့ရဲ့နေရာယူမှု၊ ဘောလုံးလမ်းကြောင်း တွက်ဆနိုင်မှုတွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်..။ ဒီနေ့ပွဲက သူ့ရဲ့ခြေစွမ်းကိုတော့ အပြစ်ပြောစရာ မရှိပါဘူး..။

ဂျေမီ ကာရေဂါ - ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ ခံစစ်ကစားပုံ ရရှိခဲ့တဲ့ အက်စ်တွန် ဗီလာအသင်းနဲ့ FA ဖလားပွဲစဉ်ရယ်..၊ ဒီနေ့ပွဲရယ်.. နှစ်ပွဲစလုံးမှာ သီယာဂို ဆေးလ်ဗား မပါခဲ့ပါဘူး..။ ဝါရင့်ဘရာဇီးလ် နောက်ခံလူကြီးရဲ့ ခြေစွမ်းဟာ အရမ်းကို ကောင်းပါတယ်..။ ဒါပေမယ့် အခုဆိုရင် သူ့ရဲ့အသက်အရွယ်အပြင် ရာသီကုန်ရင် အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးပါတော့မယ်..။ အဲဒီလိုအနေအထားတွေရယ်.. အဲဒီပွဲတွေမှာ ကစားသွားခဲ့ကြတဲ့ လူငယ်နောက်ခံလူတွေရဲ့ ခြေစွမ်းအရဆိုရင် သီယာဂို ဆေးလ်ဗား အနေနဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အတော်လေး ခက်သွားမယ်လို့ ထင်ပါတယ်..။

လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ပြည်တွင်းဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါပြီ..။ သူတို့တွေရဲ့ ဒီနေ့ပွဲခြေစွမ်းကို ကြည့်မယ်ဆိုရင် အနာဂတ်မှာ အောင်မြင်မှုတွေ အလီလီရမယ့် အသင်းတစ်သင်းရဲ့ အရိပ်အယောင်တွေ စတင်မြင်တွေ့နေရပြီလား.. လို့ စဉ်းစားနေမိတယ်ဗျ..။ တကယ်တော့ သူတို့ဟာ လာမယ့်အပါတ်မှာ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ရမယ့် Carabao ဖလား ဗိုလ်လုပွဲနဲ့ ဖလားပွဲတွေကလွဲရင် အခုနှစ်ရာသီမှာ ကြိုးစားပမ်းစား အာရုံစိုက်စရာ ပွဲတွေများများစားစား မရှိတော့ပါဘူး..။ ဒါ့ကြောင့် Carabao ဖလားပွဲစဉ် ပြီးသွားတာနဲ့ သူတို့ဟာ လာမယ့်အနာဂတ် ကာလအတွက် ပြင်ဆင်မှုတွေကိုပဲ ပိုပြီးအာရုံစိုက်သင့်ပြီလို့ ထင်ပါတယ်..။

ကယ်လီ ကိတ်- ဟုတ်ကဲ့ပါ.. အခုဆိုရင် ကျွန်မနဲ့အတူ ဆွေးနွေးနေတဲ့သူတွေထဲမှာ တိုက်စစ်မှူး ပါတယ်..၊ ညာနောက်ခံလူရော.. ဗဟိုနောက်ခံလူရော ပါနေတယ်ဆိုတော့ ချယ်လ်ဆီးရဲ့အနာဂတ်အတွက် ပြင်ဆင်မှုတွေအတွက် ရှင်တို့သုံးယောက်ကို လွှတ်လိုက်မှထင်တယ်.. ဟားဟား..။ ဟုတ်ကဲ့.. အခုလိုအက်တီးဟတ်ကွင်းက တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းလှတဲ့ ပွဲစဉ်တစ်ပွဲမှာ ကျွန်မနဲ့အတူ စီးမြောပေးခဲ့ကြတဲ့အတွက် ရှင်တို့သုံးယောက်စလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း လာမယ့်အပါတ်မှာ ပြန်ဆုံကြရအောင်လားရှင့်...