စနေနေ့ညပိုင်းက ယှဉ်ပြိုင်ခဲ့သော မန်ချက်စတာ စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ပွဲချဉ်းကပ်ပုံနှင့် နည်းစနစ်ပိုင်း အစီအမံများနှင့် မိနစ် (၇၀) ကျော်တွင် ပြုလုပ်ခဲ့သော လူစားလဲမှုများ၏ အကျိုးသက်ရောက်မှုများကို အဲဗာတန်အသင်း ကွင်းလယ် ကစားသမားဟောင်း လီယွန် အော့စ်မန် နှင့် အာဆင်နယ် အမျိုးသမီးအသင်း ကွင်းလယ် ကစားသမားဟောင်း ဖာရာ ဝီလီယံစ် တို့က Premier League Production မှ တင်ဆက်သော Generation XG အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးသွားကြပါသည်…။
လီယွန် အော့စ်မန် - ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ရဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက ပထမအကျော့ ပွဲစဉ်ဟာ အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းခဲ့ပြီး ကြည့်လို့ကောင်းခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်ဒီတစ်ခါ ဒုတိယအကျော့ ပွဲစဉ်ဟာ ပထမအကျော့ပွဲစဉ်ကို မှီမှမှီပါ့မလား.. ဆိုပြီး စိုးရိမ်စိတ် ရှိခဲ့ပေမယ့် စနေနေ့ညပွဲစဉ်ဟာ ကျွန်တော်တို့အားလုံးရဲ့ မျှော်လင့်ချက်တွေကို ပြည့်မှီခဲ့တယ်လို့ ပြောနိုင်တယ်မလား..? ဖာရာ ရေ..
ဖာရာ ဝီလီယံစ် - မှန်တာပေါ့ရှင့်..။ ကျွန်မလည်း အဲဒီလို တွေးမိပါတယ်..။ ပွဲကြည့်ပရိသတ် တစ်ယောက်အနေနဲ့ဆိုရင် တစ်ဘက်လေးဂိုးစီ သရေကျခဲ့တဲ့ ပထမအကျော့ ပွဲစဉ်ဟာ ပိုပြီးကြည့်လို့ကောင်းမှာပါ..။ ဒါပေမယ့် ဒီနေ့ပွဲဟာ နည်းစနစ်ပိုင်းအရ ပိုပြီးအဆင့်မြင့်ခဲ့တယ်လို့ ထင်ပါတယ်..။ အထူးသဖြင့် နည်းပြပိုချက်တီနို နဲ့ ချယ်လ်ဆီးအသင်းရဲ့ ပွဲချဉ်းကပ်ပုံ၊ နည်းစနစ်ပိုင်း အစီအမံတွေ အတော်လေး ကောင်းခဲ့ပါတယ်..။ မန်ချက်စတာ စီးတီးအသင်းကို အက်တီးဟတ်ကွင်းမှာ သူတို့တွေဒုက္ခပေးခဲ့သလိုမျိုးကို တော်ရုံအသင်း လုပ်ပြနိုင်ဖို့ မလွယ်ပါဘူး..။
လီယွန် အော့စ်မန်း - ဟုတ်ကဲ့ပါ..။ ပထမဆုံးအနေနဲ့ သူတို့နှစ်သင်းရဲ့ ပွဲထွက်လူစာရင်း အခင်းအကျင်းကို ကြည့်မယ်ဆိုရင် မန်ချက်စတာ စီးတီးအသင်းဟာ နှစ်နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ကိုင်လီ ဝေါ့ကာ နဲ့ ကီဗင် ဒီ ဘရိုင်း တို့ကို ပွဲထုတ်လာခဲ့ပါတယ်..။ ချယ်လ်ဆီးမှာတော့ ရာဟင်း စတာလင်းနဲ့ လီဗိုင်း ကိုဝဲလ် တို့နှစ်ယောက် အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းဟာ ၄- ၂- ၃- ၁ ကစားကွက်နဲ့ ခင်းကျင်းခဲ့ပြီး သူတို့တွေရဲ့ ကျစ်ကျစ်လျစ်လျစ ရွှေ့လျားမှု၊ စုစုစည်းစည်းနဲ့ နားလည်မှု ကောင်းမွန်မှုတွေကြောင့် နည်းစနစ်ပိုင်းအသာစီး ရယူနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်..။ အထူးသဖြင့် ဘယ်တောင်ပံက ရာဟင်း စတာလင်း နဲ့ မန် စီးတီး ညာနောက်ခံလူ ကိုင်လီ ဝေါ့ကား တို့ရဲ့ 1 vs 1 တစ်ဦးချင်း ရင်ဆိုင်မှုတွေကလည်း အရေးပါခဲ့ပါတယ်..။
ဖာရာ ဝီလီယမ်စ် - မှန်တာပေါ့ရှင့်..။ ကိုင်လီ ဝေါ့ကား ဟာ ရာဟင်း ကို လုံးဝမထိန်းနိုင်ခဲ့ပါဘူး..။ ပထမအကျော့မှာတုန်းကလည်း စတာလင်း ဟာ ဝေါ့ကာ ရဲ့ ညာတောင်ပံဘက်ကနေ တစ်ချိန်လုံး ထိုးဖောက်နိုင်ခဲ့သလို ဒီနေ့ပွဲမှာလည်း သူဟာ တစ်ဦးချင်း (1 vs 1) ရင်ဆိုင်ခဲ့ရတိုင်း ဝေါ့ကာ့ အပေါ် အသာစီး ရယူနိုင်ခဲ့ပါတယ်..။ ပုံမှန်အားဖြင့်ဆိုရင် ကိုင်လီ ဝေါ့ကား ဟာ ကျော်ဖြတ်ရတာ ခက်ခဲတဲ့ နောက်ခံအစွန်လူ တစ်ယောက်ဖြစ်ပါတယ်..။ ဒါပေမယ့် စတာလင်း နဲ့ ရင်ဆိုင်ရတိုင်း အောက်စည်းကနေ အမြဲတမ်း အခက်တွေ့နေခဲ့ပုံပဲရှင့်..။
လီယွန် အော့စ်မန်း - ကဲ… ချယ်လ်ဆီးအသင်းရဲ့ အခင်းအကျင်းကို လေ့လာကြည့်ရအောင်ဗျာ..။ အသင်းအတော်များများဟာ အက်တီဟတ်ကွင်းကို ရောက်လာပြီဆိုရင် ခံစစ်ကြောင်းကို နောက်ဆုတ်ပြီး အိမ်ရှင်အသင်းကို ဘောလုံးကိုင်ခွင့် ပေးထားတာ များပါတယ်..။ ဖာရာရေ.. အခုအပေါ်မှာ ပြထားတဲ့ပုံ (ပုံ- ၁) မှာဆိုရင် မန်ချက်စတာ စီးတီးအသင်းရဲ့ build up play စတင်ချိန်မှာ ချယ်လ်ဆီးအသင်းရဲ့ အခင်းအကျင်းကို ပြသထားပါတယ်..။ သူတို့တွေရဲ့ နေရာယူပုံ၊ pressing ကစားပုံတွေဟာ မန် စီးတီးအသင်းကို ဘယ်လို အခက်တွေ့စေနိုင်ခဲ့လဲ..? ရှင်းပြပေးပါလား..
ဖာရာ ဝီလီယံစ် - အပေါ်ကပုံမှာဆိုရင် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ် (၃) ယောက်မှာ ဘယ်အစွန်က ဂျက်ဆင်၊ အလယ်မှာ ကောနာ် ဂါလက်ချာ နဲ့ ညာဘက်မှာ ကိုးလ် ပါးမား တို့ ရှိနေကြပါတယ်..။ သူတို့တွေရဲ့ နေရာယူပုံတွေကို ကြည့်မယ်ဆိုရင် ဂျက်ဆင် က ဂိုးသမား အီဒါဆင် နဲ့ ညာဘက်စွန်မှာ နေရာယူထားတဲ့ ဝေါ့ကား ကို ပြေးပြီး ပိတ်ဆို့နိုင်ပါမယ်..။ အလယ်မှာရှိနေတဲ့ ကော်နာ ဂါလက်ချာ ကတော့ လူကပ်ကစားတဲ့ (man marking) တာဝန်ကို ယူထားရတယ်..။ ညာဘက်မှာရှိနေတဲ့ ပါးမား ရဲ့ ခန္ဓာကိုယ် အနေအထားကို ကြည့်မယ်ဆိုရင် သူဟာမန် စီးတီးအသင်းရဲ့ ဘယ်ဘက်အစွန်ဆုံးမှာ ရှိနေတဲ့ နေသန် အက်ကေး ကို pressing ပေးဖို့ ဆိုပေမယ့် တစ်ချိန်ထဲမှာပဲ သူ့ရဲ့နောက်က ကွင်းလယ် ကစားသမားတွေရဲ့ အနေအထားကိုလည်း စောင့်ကြည့်နေပုံ ရတယ်ရှင့်..။ အလုပ်နှစ်ခုကို တပြိုင်နက်လုပ်ရတဲ့ သဘောပါပဲ..။
လီယွန် အော့စ်မန်း - ခုနကခင်ဗျားပြောတဲ့ အလယ်မှာရှိနေတဲ့ ကော်နာ ဂါလက်ချာ ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိကကစားကွက် ဖန်တီးရှင်၊ ဘောလုံးတွေကို ဖြန့်ဝေပေးတဲ့ ရိုဒရီ ကို တစ်ဦးချင်းလူကပ် (man to man mark) ထားရတာပါ..။ အဲဒီလုပ်ဆောင်မှုဟာ ပိုချက်တီနို ရဲ့ နည်းစနစ် အခင်းအကျင်းမှာ အတော်လေး အရေးပါတယ်ဗျ..။ ကော်နာ က ရိုဒရီ ကို လူကပ်ကစားရတာကြောင့် ရာဟင်း စတာလင်း ဟာ နောက်ကိုပြန်ဆင်းပြီး ကွင်းလယ်က အင်ဇို၊ ကိုင်ဆီဒို နဲ့ သုံးယောက်တန်း ကွင်းလယ်အထိုင်မှာ ပါဝင်ခဲ့ရပါတယ်..(ပုံ- ၂)။
ခုနကခင်ဗျားပြောသလိုပါပဲ..၊ အဲဒီပွဲမှာ ချယ်လ်ဆီးအသင်း ကစားသမားတိုင်းဟာ အလုပ်နှစ်ခုကို တပြိုင်နက်ထဲ တာဝန်ယူခဲ့ရတယ်..၊ ကိုယ့်ရဲ့အသင်းဖော် တစ်ယောက်ယောက်ကို လိုအပ်သလို အကူအညီပေးနိုင်ဖို့ အမြဲတမ်းအသင့် ဖြစ်နေရပါတယ်..။ ဗဟိုနောက်ခံလူ ကိုဝဲလ် ဆိုရင် အားလင်း ဟာလန်း ကို စောင့်ကြည့်နေရတာ ဖြစ်ပေမယ့် ရှေ့ကိုတက်ပြီး ကွင်းလယ်ကို ကူညီပေးဖို့ အသင့်ဖြစ်နေတာ တွေ့ရပါတယ်..(ပုံ- ၃)။
ဖာရာ ဝီလီယံ - ခဏလေး… အဲဒီပုံမှာဆိုရင် ဂိုးသမား အီဒါဆန် ဟာ ဘောလုံးပေးပို့နိုင်မယ့် လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့် ကွင်းလယ်မှာ နေရာယူထားတဲ့ အကန်ဂျီ ဆီကို ဘောလုံးပေးလိုက်ပါတယ်..။ အဲဒီအချိန်မှာ ကွင်းလယ်က အင်ဇို က အကန်ဂျီ ဆီကနေ ဘောလုံးဖျက်ထုတ်ဖို့ ကြိုးစားပါတယ်..။ တချိန်ထဲမှာပဲ ကိုဝဲလ် က ကွင်းလယ်မှာ ဝင်ပြီးအားဖြည့်ခဲ့ပါတယ်ရှင့်..။ အဲဒီပွဲမှာဆိုရင် သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှု၊ နားလည်မှုပိုင်းတွေ အထူးကောင်းမွန်ခဲ့တာ တွေ့ခဲ့ရပါတယ်..။
လီယွန် အော့စ်မန်း - အထူးသဖြင့် ချယ်လ်ဆီးဘက်က ကိုးလ် ပါးမား ဟာ ကိုယ့်အသင်းခြေထဲမှာ ဘောလုံးမရှိတဲ့အချိန် (off the ball) နေရာယူ လှုပ်ရှားမှုတွေ သိပ်ကောင်းတယ်ဗျ..။ အခုပြထားတဲ့ပုံ (ပုံ- ၄) မှာဆိုရင် သူ့အတွက် ပြဿနာ အကြီးကြီးရှိနေပါတယ်..။ သူဟာ အက်ကေး ကို ပိတ်ဆို့ရမယ် ဆိုပေမယ့် သူ့ရဲ့နောက်မှာ အယ်လ်ဗာရက်ဇ် က နေရာလွတ် အကျယ်ကြီး ရနေပါတယ်..။
ဒါပေမယ့် သူဟာ အက်ကေး ဘောလုံးပေးနိုင်မယ့်လမ်းကြောင်းကို ပိတ်နိုင်ဖို့ ကြိုးစားနေရင်း တစ်ဖက်ကလည်း ဘယ်နောက်ခံလူကနေ အတွင်းမှာရှိနေတဲ့ အယ်လ်ဗာရက်ဇ် ဆီကို ဘောလုံးပေးလို့မရအောင် အာရုံစိုက်ခဲ့တာကို တွေ့ရပါတယ်…(ပုံ- ၅)။
စနေနေ့ကပွဲမှာ ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ pressing လိုက်ပြီး ကစားနေရင်း အတွင်းဘက်က အန္တရာယ်ရှိတဲ့ဇုန်တွေထဲကို အလွယ်တကူ ဘောလုံးပေးလို့မရအောင် ကာကွယ်သွားနိုင်ခဲ့တာကို သတိပြုမိပါတယ်..။ အဲဒီပုံထဲမှာဆိုရင် ချယ်လ်ဆီးကစားသမားတွေဟာ ဘောလုံးရှိနေတဲ့ ကွင်းဘက်တစ်ခြမ်းထဲမှာပဲ စုပြုံရောက်ရှိ၊ ပိတ်ဆို့နိုင်ခဲ့တာကို တွေ့ရမှာပါ.။
ဖာရာ ဝီလီယံစ် - မှန်ပါတယ်ရှင့်..။ မန်ချက်စတာ စီးတီးအသင်းလို အသင်းကြီးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကစားသမားတိုင်းဟာ အခုချယ်လ်ဆီးအသင်း ကစားသွားခဲ့သလို လူတိုင်းလူတိုင်းဟာ အလုပ်နှစ်ခု၊ တာဝန်နှစ်ခု.. ဆိုလိုချင်တာက ကစားသမားကို pressing ပေးနိုင်ရမယ်..၊ အခြားတစ်ဘက်ကလည်း နေရာလွတ်တွေ (spaces) ကို ပိတ်ဆို့နိုင်ရပါမယ်..။ အဲဒါမှလည်းအခုလိုမျိုး သူတင်ကိုယ်တင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မှာပါ..။
အခုအပေါ်မှာ ရှင်ပြခဲ့တဲ့ပုံ (ပုံ- ၅) မှာဆိုရင် ကိုးလ် ပါးမား ဟာ အယ်လ်ဗာရက်ဇ် ဆီကို ဘောလုံးပေးမယ့် လမ်းကြောင်းကို ပိတ်ဆို့နိုင်ဖို့ အာရုံစိုက်ခဲ့ပါတယ်..။ ဒါပေမယ့် မတော်တဆ လွတ်ထွက်သွားခဲ့ရင်တောင် ကွင်းလယ် ကစားသမားတွေက သူ့ကိုအထောက်အကူပေးနိုင်ဖို့ အသင့်ရှိနေပါတယ်..(ပုံ- ၆)။ အဲဒီပုံမှာဆိုရင် သူတို့တစ်ဦးချင်းစီရဲ့ pressing ကစားဖို့အတွက် အကွာအဝေး (distance) ယူထားတာ သိပ်ကိုကောင်းပါတယ်..။
လီယွန် အော့စ်မန်း - ဘယ်ဘက်အစွန်ဆုံးမှာရှိနေတဲ့ ရာဟင်း စတာလင်း နဲ့ ဘင် ချီးဝဲလ် တို့ရဲ့ နေရာယူထားပုံကိုလည်း ထည့်ပြောရမယ် ထင်ပါတယ်..။ သူတို့ဟာ အသင်းရဲ့ pressing ရွှေ့လျားမှုထဲမှာ မပါသလိုတော့ ဖြစ်နေသလိုပဲ..။
ဖာရာ ဝီလီယံစ် - ရာဟင်း စတာလင်း ဟာ အတွင်းဘက်ကိုဝင်ပြီး ကွင်းလယ်ကစားသမား ရိုဒရီ ကို အာရုံစိုက်မယ်.. ဆိုရင် ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် သူသာ အတွင်းဘက်ကို ပိုပြီးဝင်သွားမယ်ဆိုရင် ညာဘက်အခြမ်းဟာ လုံးဝပွင့်သွားနိုင်ပါတယ်..။ မန် စီးတီးအသင်းမှာ ဘောလုံးကို လိုအပ်တဲ့နေရာ၊ အနီးအဝေးကို တခဏအတွင်း ရောက်ရှိအောင် ပို့ပေးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်..။ ဒါပေမယ့် ရာဟင်း စတာလင်း ရဲ့ နေရာယူထားပုံကို ကြည့်မယ်ဆိုရင် သူဟာကွင်းလယ်ကိုရော၊ ညာဘက်အစွန်ဘက်ကိုပါ အချိန်မှီပိတ်ဆို့နိုင်မယ့် အနေအထားမှာ ရှိနေပါတယ်..(ပုံ- ၆)။
အခုအပေါ်မှာ ပြထားတဲ့ ပူးတွဲပုံ (ပုံ- ၇) မှာဆိုရင် မန်ချက်စတာ စီးတီးအသင်းက ညာဘက်အခြမ်းမှာ ဘောလုံးရလာတဲ့အချိန် ချယ်လ်ဆီးအသင်းရဲ့ pressing ကစားပုံကို တွေ့နိုင်ပါတယ်..။ အခုပြထားတဲ့ ဧရိယာအတွင်းမှာရှိနေတဲ့ မန် စီးတီးကစားသမား (၄) ယောက်ကို ချယ်လ်ဆီးကစားသမား (၆) ယောက်က ပိတ်ဆို့နိုင်ခဲ့ပါတယ်..။ အဲဒါနဲ့မန် စီးတီးကစားသမားတွေဟာ နောက်ကိုပဲပြန်ပေးပြီး build up play ကို ပြန်စခဲ့ရပါတယ်..။
လီယွန် အော့စ်မန်း - အဲဒီပွဲမှာ မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းဘက်ခြမ်းကို ချယ်လ်ဆီးဘက်က တစ်သင်းလုံးတက်ပြီး ရဲရဲရင့်ရင့် pressing ကစားတဲ့ပုံစံမျိုးကို အသင်းအတော်များများ မလုပ်ရဲကြပါဘူး..။ အခုအောက်မှာပြထားတဲ့ ပူးတွဲပုံ (ပုံ- ၈) မှာဆိုရင် အင်ဇို က ရှေ့ကိုတက်ပြီး pressing လိုက်သွားတဲ့အချိန် နောက်တန်းက လီဗိုင်း ကိုဝဲလ် ဟာ သူ့ရဲ့ရှေ့မှာ လူကပ်ထားမယ့်သူ မရှိပဲ လွတ်နေတဲ့ ဒီ ဘရိုင်း ကို ပိတ်ဆို့ဖို့ ရှေ့ကိုတက်သွားခဲ့တာ သတိပြုမိပါတယ်..။ အဲဒီအချိန်မှာ မန် စီးတီးအသင်းရဲ့ အဓိကတိုက်စစ်မှူး အားလင်း ဟာလန်း ကို နောက်ခံလူ ဒီဆာဆီ ဟာ ရဲရဲရင့်ရင့်ပဲ တစ်ဦးချင်း လူကပ်ထားခဲ့တာကို တွေ့ရမှာပါ..။
ကွင်းလယ်က ကိုင်ဆီဒို ရဲ့ နေရာယူထားပုံကို ကြည့်မယ်ဆိုရင်လည်း ခင်ဗျားပြောခဲ့သလို ကစားသမားကိုရော၊ နေရာလွတ်ကိုပါ ပိတ်ဆို့နိုင်ဖို့ အသင့်ရှိနေတာကို တွေ့ရမှာပါ..။ ဒါ့အပြင်သူတို့ရဲ့ခံစစ်ကြောင်း နေရာယူပုံကို ကြည့်မယ်ဆိုရင်လည်း ရှေ့ကိုတက်ပြီး high defence line နဲ့ ကစားခဲ့တာကို တွေ့နိုင်ပါတယ်..။ အဲဒီလို ခံစစ်ကြောင်းကို ကွင်းလယ်အထိ တက်ပြီးကစားခြင်းဖြင့် ဘောလုံးပြန်ပြီး ရလိုက်တာနဲ့ တိုက်စစ်ကို အမြန်ဆုံးပြန်လည်စတင်နိုင်မယ့် အားသာချက် ရှိပါတယ်..။
အခုအောက်မှာ ပြထားတဲ့ ပူးတွဲပုံ (ပုံ- ၉) မှာဆိုရင် မန်ချက်စတာ စီးတီးဘက်က ဘယ်တောင်ပံကနေ ထိုးဖောက်လာတဲ့အချိန် ဂိုးဧရိယာထဲမှာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းက နောက်ခံလူ (၄) ယောက်ရဲ့ နေရာယူပုံကို တွေ့နိုင်ပါတယ်..။ အဲဒီအချိန်မှာ သူတို့ဟာ ဟာလန်း ကို အခွင့်အရေးမရအောင် သုံးယောက်အထိ ပိတ်ဆို့ထားခဲ့ပါတယ်..။
နောက်တန်း (၄) ယောက်ရဲ့ရှေ့မှာ ကွင်းလယ် ကစားသမား နှစ်ယောက်က ဖီးလ် ဖိုဒန် ကို လွတ်ထွက်မသွားအောင် ပိတ်ဆို့ထားပါတယ်..။ ရည်ရွယ်ချက်က နောက်ခံအစွန်လူနဲ့ ဗဟိုနောက်ခံလူရဲ့ကြားက နေရာလွတ်ကနေ မန် စီးတီးအသင်း လွတ်ထွက်မသွားဖို့ ဖြစ်ပါတယ်..။ ဒါ့အပြင် ဂျက်ဆင်၊ ကော်နာ ဂါလက်ချာ နဲ့ စတာလင်း တို့ဟာလည်း နောက်ကိုဆင်းပြီး ဂိုးဧရိယာထိပ်မှာ ပိတ်ဆို့ထားခဲ့တာကို တွေ့ရမှာပါ..။ ဒါ့အပြင် သူတို့ဟာ ဘောလုံးပြန်ပြီးရခဲ့တာနဲ့ လျှင်မြန်တဲ့အမြန်နှုန်းနဲ့ တန်ပြန်တိုက်စစ်ကို ချက်ချင်းစတင်နိုင်ခဲ့ပါတယ်..။ ကျွန်တော်ကတော့ ချယ်လ်ဆီးအသင်းရဲ့ ပွဲချဉ်းကပ်ပုံ၊ အစီအမံဟာ မိနစ် (၇၀) အထိ အလုပ်ဖြစ်ခဲ့တယ်လို့ သုံးသပ်ချင်ပါတယ်..။
ဖာရာ ဝီလီယံစ် - သဘောတူပါတယ်..။ မန်ချက်စတာ စီးတီးအသင်းဟာ တိုက်စစ်ဆင်တဲ့အခါမှာ ပြိုင်ဘက်ကွင်းဘက်ခြမ်းကို တစ်သင်းလုံးတက်ပြီး အင်ပြည့်အားပြည့်နဲ့ တိုက်စစ်ဆင်လေ့ရှိပါတယ်..။ ဒါ့ကြောင့်သူတို့ရဲ့တိုက်စစ်အရှိန်အဟုန်၊ တိုက်စစ်လှိုင်းလုံးတွေကို ဟန့်တားနိုင်ဖို့ဆိုရင် ကိုယ့်အသင်းရဲ့ခြေထဲ ဘောလုံးရောက်တာနဲ့ ခံစစ်ကနေ တိုက်စစ်ကိုပြောင်းလဲတဲ့ အခိုက်အတန့်တွေမှာ (trasitions) လျှင်မြန်မှု၊ အပေးအယူ တိကျမှုအပြည့်မှုနဲ့ သူတို့အသင်းရဲ့ ခံစစ်ကြောင်းရဲ့နောက်ထဲ အမြန်ဆုံးထိုးဖောက်နိုင်မှ ရပါမယ်..။ ချယ်လ်ဆီးအသင်းမှာ အဲဒီလို transition တွေကို အကောင်းဆုံး အသုံးချနိုင်တဲ့ စွမ်းရည်အပြည့် ရှိနေပါတယ်..။
သူတို့ဟာ pressing ကစားတဲ့အချိန်မှာ တစ်ကွင်းလုံးလိုက်ပြီး အတင်းလိုက်၊ ဖိအားပေး (aggressive) ကစားနိုင်ခဲ့သလို ကိုယ့်ရဲ့ခြေထဲ ဘောလုံးရောက်လာတာနဲ့ အလျှင်မြန်ဆုံးသော အရှိန်အဟုန်နဲ့ တိုက်စစ်ကို ပြန်လည်စတင်နိုင်ခဲ့ပါတယ်..။
လီယွန် အော့စ်မန် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် နည်းစနစ်ပိုင်းမှာ အရေးပါခဲ့တဲ့ ကော်နာ ဂါလက်ချာ ရဲ့ အခန်းကဏ္ဍကို နည်းနည်းပြောချင်ပါတယ်..။ သူဟာမန် စီးတီးအသင်းရဲ့ အဓိကကွင်းလယ် ကစားသမား၊ ကစားကွက် ဖန်တီးရှင် ရိုဒရီ ကို စိတ်ကြိုက်ကစားခွင့် မရအောင် အကောင်းဆုံး အနှောင့်အယှက်ပေး၊ ပိတ်ဆို့ ကစားနိုင်တာ တွေ့မိပါတယ်..။ ပြီးခဲ့တဲ့ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ရိုဒရီ မပါဝင်နိုင်တဲ့ပွဲတွေမှာ မန်ချက်စတာ စီးတီးအသင်းဟာ ရုန်းကန်ရလေ့ရှိတာ သတိပြုမိတယ်..။
အခုအပေါ်မှာ ပြထားတဲ့ပုံမှာဆိုရင် ရိုဒရီ ရဲ့ အခုနှစ်ဘောလုံးရာသီမှာ ပျမ်းမျှစွမ်းဆောင်ရည် အချက်အလက်တွေနဲ့ ချယ်လ်ဆီးအသင်းနဲ့ပွဲက စွမ်းဆောင်ရည်တွေကို နှိုင်းယှဉ်ပြသထာပါတယ်..။ ဒီနေ့ပွဲက ဘောလုံးထိချက် (touches) ပိုင်းမှာ အတူတူနီးပါး ဖြစ်ခဲ့ပေမယ့် ဒီနေ့ပွဲမှာ သူ့ဆီကနေ ဘောလုံးဆုံးရှုံးမှုအကြိမ်ရေ (possession lost) (၁၅) ကြိမ် ရှိခဲ့ပြီး ပုံမှန်ထက် နှစ်ဆနီးပါး များပြားခဲ့ပါတယ်..။ ဒါ့အပြင် ဘောလုံးပေးပို့မှု တိကျနှုန်း (passing accuracy)၊ မိမိအသင်းဖော်တွေဆီ ရောက်ရှိခဲ့တဲ့ ဘောလုံးပေးပို့မှုတွေ (passes completed) မှာလည်း လျော့ကျသွားခဲ့ပါတယ်..။
ဘာဖြစ်လို့လည်းဆိုတော့ အဲဒီပွဲမှာ သူဟာ ကော်နာ ဂါလက်ချာ ရဲ့ တောက်လျှောက်ဖိအားပေးမှု အောက်ကနေ ပြုလုပ်ခဲ့ရတာ ဖြစ်တဲ့အတွက် တခြားပွဲတွေကခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကို မရရှိခဲ့ဘူးလို့ ပြောလို့ရပါတယ်..။ ဒါပေမယ့် မိနစ် (၇၀) နောက်ပိုင်း ပွဲရဲ့ချိန်ခွင်လျှာ ပြောင်းလဲသွားခဲ့ရာမှာ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ လူစားလဲမှုတွေကပဲ သူတို့ကို ထိခိုက်သွားစေခဲ့တယ်လို့ မထင်မိဘူးလား.. ဖာရာ ရေ…
ဖာရာ ဝီလီယံစ် - အစောကလည်း ကျွန်မတို့ပြောခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ သူတို့အသင်းရဲ့ ပွဲချဉ်းကပ်ပုံ၊ နည်းစနစ်ပိုင်း အဓိကကျခဲ့တဲ့အချက် ခံစစ်ပိုင်းမှာရော၊ တိုက်စစ်ပိုင်းမှာပါ အတင်းလိုက် ဖိအားပေးနိုင်ခြင်း၊ အမြန်ဆုံးနည်းလမ်းတွေနဲ့ တန်ပြန်တိုက်စစ် ဆင်နိုင်ခြင်း (aggressive) ပဲ ဖြစ်ပါတယ်..။ အဲဒီအချိန်မှာ ရာဟင်း စတာလင်း နဲ့ ကိုးလ် ပါးမား တို့ကို လူစားလဲလိုက်တာနဲ့ transition တွေမှာ လျှင်မြန်မှုရော၊ တိုက်စစ်ကို စတင်နိုင်ဖို့ ဘောလုံးလက်ခံယူတဲ့အပိုင်း၊ ဘောလုံးပေးပို့နိုင်မှုတွေမှာပါ အားနည်းသွားခဲ့ပါတယ်..။
လီယွန် အော့စ်မန် - ပိုချက်တီနို ဟာ ပွဲချိန်မိနစ် (၇၀) မှာ ထရေဗာ ချာလိုဘာ ကို ကိုးလ် ပါးမား ရဲ့အစား ထည့်သွင်းပြီး ငါးယောက်တန်းခံစစ် (back five) အထိုင်ကို ပြောင်းလဲခဲ့ပါတယ်..။ အဲဒီအချိန်မှာ သိသာသွားတာက build up play ပြန်စမယ့်အချိန် အခုအောက်ကပုံ (ပုံ- ၁၀) မှာ ပြသထားအတိုင်း မန် စီးတီးအသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ကြားမှာ (between the lines) ဘောလုံးလက်ခံပေးမယ့်သူ မရှိတော့တာ ဖြစ်ပါတယ်..။ ဒါ့ကြောင့် တိုက်စစ်ကို အလျှင်အမြန်ပြောင်းလဲပြီး (quick transition) မန် စီးတီးအသင်းကို အခြေပျက်သွားအောင် မလုပ်နိုင်ပဲ ဖြစ်ခဲ့ပါတယ်..။
မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရာမှာ သူတို့ကိုဒုက္ခပေးနိုင်စွမ်း လျော့ကျလေလေ၊ သူတို့တွေက ကိုယ့်အသင်းရဲ့ ခံစစ်ကြောင်းအပေါ် ဖိအားပေးလာလေလေပဲ ဖြစ်ပါလိမ့်မယ်..။ ချယ်လ်ဆီးဟာ တဖြည်းဖြည်းနဲ့ ကိုယ့်ကွင်းဘက်နေ ရုန်းမထွက်နိုင်တာနဲ့အမျှ အိမ်ရှင်ဘက်က အခွင့်အရေးတွေ ပိုပြီးရလာခဲ့ပါတယ်..။
ဖာရာ ဝီလီယံစ် - မန်ချက်စတာ စီးတီးအသင်းဟာ ဂိုးဧရိယာအတွင်းမှာ ပိတ်ဆို့ကစားတတ်တဲ့ အသင်းတွေကို အကောင်းဆုံး ထိုးဖောက်နိုင်တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်..။ ဟာလန်း ဆိုရင် အပိုင်ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် အပေါ်ထောင်သွားခဲ့တာကြောင့် ချယ်လ်ဆီးအသင်း ကံကောင်းခဲ့ပါတယ်..။ တကယ်တော့ ချယ်လ်ဆီးနဲ့ ပိုချက်တီနို တို့ရဲ့ နည်းစနစ် အပြောင်းအလဲကြောင့် မန် စီးတီးအသင်း အနိုင်တောင် ရသွားနိုင်ပါတယ်..။
ပွဲချိန် (၈၃) မိနစ်၊ ချေပဂိုးမရခင် ဘယ်တောင်ပံဘက်က ထိုးဖောက်လာမှုကို ချယ်လ်ဆီးအသင်းက ဖျက်ထုတ်ရင်း ညာဘက်မှာရှိနေတဲ့ ကိုင်လီ ဝေါ့ကာ ရဲ့ရှေ့ ဘောလုံးရောက်သွားတဲ့ အခင်းအကျင်း အနေအထားကို ပူးတွဲပုံ (ပုံ- ၁၁) မှာ ပြထားပါတယ်..။
ပထမပိုင်းက အခင်းအကျင်းအရဆိုရင် မန် စီးတီးအသင်းရဲ့ ခံစစ်မှူးနှစ်ယောက်ရဲ့ရှေ့မှာ ချယ်လ်ဆီးကစားသမား သုံးယောက်လောက် ရှိနေပါမယ်..။ ဒါဆိုရင် ကိုင်လီ ဝေါ့ကား ဟာ အခုလိမ္မော်ရောင် ဝိုင်းပြထားတဲ့ နေရာမှာ ရှိနေမှာ ဖြစ်တာကြောင့် ဂိုးပေးချင်မှ ပေးရပါလိမ့်မယ်..။
လီယွန် အော့စ်မန်း - ဝေါ့ကား ရဲ့ကန်ချက်ကနေ ပြန်လျံထွက်လာတဲ့ ဘောလုံးကို ရိုဒရီ ရဲ့ ပိတ်သွင်းချက် သိပ်ကိုကောင်းခဲ့ပါတယ်..။ ကျွန်တော်ကတော့ ပိုချက်တီနို ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ တိုက်စစ်ကို ခံစစ်အသေထိုင်ပြီး ကစားဖို့ ဆုံးဖြတ်ခဲ့တာ နည်းနည်းများစောသွားသလဲပေါ့ဗျာ..။ ဘာဖြစ်လို့လည်းဆိုတော့ ပါးမား၊ စတာလင်း တို့ကို လူစားလဲခဲ့ပြီးနောက်ပိုင်းမှာ သူတို့တွေရဲ့ တိုက်စစ်ပိုင်း ထက်မြက်မှု လုံးဝပျောက်ဆုံး သွားခဲ့ပါတယ်..။
ဖာရာ ဝီလီယံစ် - ရိုဒရီ ရဲ့ ကစားပုံကို ကျွန်မသဘောကျပါတယ်..။ ဒါပေမယ့် အဲဒီမိနစ် (၈၀) မတိုင်ခင်အထိက ရိုဒရီ ဟာ ကော်နာ ဂါလက်ချာ ရဲ့ အလစ်မပေးပဲ လူကပ်ကစားထားမှုကြောင့် အခုလိုဂိုးဧရိယာထိပ်ကနေ ကန်သွင်းခွင့် လုံးဝကို မရခဲ့တာပါ..။ ဒါပေမယ့် back five နဲ့ ခံစစ်ကိုဆုတ်သွားလေလေ၊ ကော်နာ ဂါလက်ချာ လည်း ခံစစ်ကိုပိုပြီး ဆင်းထိုင်သွားခဲ့ရတာကြောင့် ဂိုးဧရိယာထဲကို ကျလာချိန်မှာ ရိုဒရီ ရဲ့အနားမှာ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်မရအောင် ပိတ်ဆို့ပေးမယ့်သူ မရှိတော့ဘူး ဖြစ်သွားခဲ့ပါတယ်ရှင့်..။