feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း.. (ချယ်လ်ဆီး vs နယူးကာဆယ် ယူနိုက်တက်)

ယနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက နယူးကာဆယ် ယူနိုက်တက် အသင်းအား ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ သွင်းဂိုးများနှင့် ဖိအားများနှင့် ရင်ဆိုင်နေရသော နည်းပြပိုချက်တီနို ၏ အနေအထား၊ ချယ်လ်ဆီးအသင်း၏ အနာဂတ် စီမံချက် မျှော်လင့်ချက်များအပေါ် အာဆင်နယ်အသင်း ဂန္တဝင်တိုက်စစ်မှူး အီယန် ရိုက် နှင့် လီဗာပူးလ်အသင်း ဂန္တဝင်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ တို့က Sky Sports ရုပ်/သံဌာနမှ တင်ဆက်ခဲ့သော Monday Night Football စကားဝိုင်းအစီအစဉ်မှတဆင့် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။

ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့အနိုင်ပွဲကို ကျွန်တော်နဲ့အတူ ကြည့်ရှု၊ အားပေးနေကြတဲ့ အီယန် ရိုက် နဲ့ ဂျေမီ ကာရေဂါ တို့ကို ပထမဆုံးမေးချင်တာက ဒီနေ့ပွဲရဲ့အနိုင်အရှုံးကို အဆုံးအဖြတ်ပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ဆင်၊ ကစားပုံကို ဖြစ်ပါတယ်..။ ကဲ..အိမ်ရှင်အသင်းရဲ့ ကစားပုံအပေါ် ခင်ဗျားတို့ရဲ့အမြင်၊ သုံးသပ်ချက်တွေကို ပြောပြပေးနိုင်မလား..?  

အီယန် ရိုက် - ပွဲမစခင်တုန်းကတော့ နယူးကာဆယ်အသင်းဟာ ဒီနေ့ပွဲကို စိတ်အားထက်သန်မှုအပြည့်နဲ့ အားသွန်ခွန်စိုက် ကစားခဲ့မယ်လို့ ယူဆခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလိုမဖြစ်လာခဲ့ဘူးဗျ..။ ဒီနေ့ပွဲမှာ နယူးကာဆယ်အသင်းရဲ့ ခံစစ်ပိုင်း ပိတ်ဆို့မှုတွေ အတော်လေးကို အားနည်းခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ကိုးလ် ပါးမား နဲ့ နီကိုလပ်စ် ဂျက်ဆင် တို့က ဦးဆောင်ခဲ့ကြပြီး သူတို့နှစ်ယောက်ဟာ ဧည့်သည်အသင်းရဲ့ ခံစစ်ကြောင်းကို တစ်ချိန်လုံးဒုက္ခပေးနိုင်ခဲ့တယ်ဗျ..။ လူစားဝင်လာခဲ့တဲ့ မူဒရစ်ခ် လည်း အလုပ်ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် တစ်ဖက်က နယူးကာဆယ် ကစားသမားတွေရဲ့  နှေးကွေး လေးလံနေတဲ့ ဖျက်ထုတ်ပုံတွေ၊ အားထုတ်မှုကင်းမဲ့နေတဲ့ ကစားပုံတွေကို ကြည့်နေရတာဟာ ခံစစ်ကြောင်း ပါမလာတဲ့အတိုင်းပါပဲ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ လိုအပ်နေတဲ့ အနိုင်ရလဒ်ကို ဆောင်ယူသွားနိုင်ခဲ့တယ်လို့ပဲ ပြောချင်ပါတယ်..။



ဒေးဗစ် ဂျုံးစ် - မန်နေဂျာ မော်ရစ္စစီယို ပိုချက်တီနို အတွက်လည်း တကယ့်ကို အရေးကြီးခဲ့တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့တယ် မဟုတ်လားဗျ..။
ဂျေမီ ကာရေဂါ - မှန်တာပေါ့..။ ပြီးခဲ့တဲ့ဘရန့်တ်ဖို့ဒ်အသင်းနဲ့ပွဲမှာ ချယ်လ်ဆီးပရိသတ်တွေဟာ အသင်းပိုင်ရှင်တွေနဲ့ နည်းပြအပေါ် ဆန္ဒပြခဲ့တာကို မေ့ထားလို့ မရပါဘူး..။ အဲဒီပရိသတ်ဟာ အနည်းစု.. ဆိုပေမယ့် သူတို့တွေဟာ ပရိသတ်တွေရဲ့အသံကို အနည်းနဲ့အများ ကိုယ်စားပြုမှာပါ..။ သူတို့တွေဟာ ၂- ၁ ဂိုးနဲ့ ရှုံးနေတဲ့အချိန်မှာ ‘ဟိုဆေး မော်ရင်ဟို..’ ရဲ့နာမည်ကို ဟစ်ကြွေးခဲ့ကြပါတယ်..။

ဒါ့ကြောင့်အဲဒီပွဲရဲ့ နောက်ဆုံးမိနစ်မှာ အက်ဆယ်လ် ဒီဆာဆီ သွင်းယူပေးခဲ့တဲ့ ချေပဂိုးဟာ အရေးကြီးခဲ့တယ်ဗျ..။ အဲဒီပွဲအပြီး ဒီနေ့ပွဲဟာ ပိုချက်တီနို အတွက် မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်..။ တကယ်တော့ ဒီနေ့ပွဲမှာ နှစ်သင်းစလုံးဟာ စိတ်ပျက်စရာကောင်းတဲ့ ဘောလုံးရာသီတစ်ခုထဲက နှစ်သိမ့်ပေးနိုင်မယ့် ရလဒ်တစ်ခုခုအတွက် ကြိုးစားပေးရမယ့်အကြောင်းတွေ ရှိခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းက ဒီနေ့ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဥရောပဝင်ခွင့် တစ်နေရာအတွက် မျှော်လင့်ချက်ကို အသက်ဆက်နိုင်ပါလိမ့်မယ်..။

ချယ်လ်ဆီးအသင်းသာ ရာသီကုန်ချိန်မှာ ဥရောပဝင်ခွင့်တစ်နေရာ လက်လှမ်းမှီခဲ့မယ်ဆိုရင် သူတို့ဟာ ဒီလောက်ပိုက်ဆံတွေအများကြီး သုံးစွဲထားခဲ့တာ… ဒီလောက်ကတော့ ဖြစ်သင့်တာပေါ့.. ဆိုပြီး ပြောကြမှာပါပဲ..။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပါတ်လောက်ကဆိုရင် သူတို့အတွက် ဘာမှမျှော်လင့်ချက်မရှိတော့တဲ့ ဘောလုံးရာသီတစ်ခု ဖြစ်သွားနိုင်မယ့် အနေအထားကနေ ပြန်လာနိုင်ခဲ့တာပါ…။ ချယ်လ်ဆီးအသင်းဟာ Carabao ဖလား ဗိုလ်လုပွဲမှာ အနိုင်ရသင့်ခဲ့ပါတယ်..။ အခုအချိန်မှာသာ ပြည်တွင်းဖလားတစ်လုံးကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဆိုရင် အဲဒီအနိုင်ရလဒ် အရှိန်အဟုန်နဲ့ ရာသီပန်းဝင်ကာလကို ဆက်လက်တွန်းတင်သွားမယ့်နိုင်ဖို့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်..။

ဒါပေမယ့် အခုကျတော့ ကလေးပေါက်စတစ်ယောက် လေးဘက်တွားသွားသလို အစကနေ ပြန်ပြီးစနေရတဲ့ပုံစံ ဖြစ်သွားပါတယ်..။ ဒါ့အပြင်အရင်ပွဲက ပရိသတ်တွေရဲ့ ဆန့်ကျင်မှုတွေကို ထွေးပိုက်ခဲ့ရတာကြောင့် ဒီနေ့ပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်လာခဲ့တယ်..၊ ဒီနေ့အနိုင်ပွဲနဲ့ အမှတ်ပေးဇယားမှာ ကိုယ့်ရဲ့အပေါ်က အသင်းတွေနဲ့ကြားက အမှတ်ကွာခြားမှုကို လျော့ချနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်အခုဆိုရင် သူတို့ဟာ ဥရောပဝင်ခွင့်များ မျှော်လင့်နိုင်မလား.? ဆိုပြီး ပြန်လည်စဉ်းစားနိုင်တဲ့ အခြေအနေ ဆိုက်ရောက်လာခဲ့ပါပြီ..။



ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ခင်ဗျ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ကိုယ့်အသင်းပရိသတ်ရဲ့ ရှေ့မှောက်မှာ ပထမဆုံးအဖွင့်ဂိုးရဖို့ အရေးကြီးခဲ့တဲ့သဘော ဖြစ်ခဲ့တာပေါ့..။ ပွဲချိန် (၆) မိနစ်မှာ ရရှိခဲ့တဲ့ နစ်ကိုလပ်စ် ဂျက်ဆင် ရဲ့ သွင်းဂိုးအပေါ် သုံးသပ်ပေးပါဦးလား..?

အီယန် ရိုက် - အဲဒီဂိုးဟာ နယူးကာဆယ်အသင်းရဲ့ ဂိုးလွန်ဘောကို ဂိုးသမားပီထရိုဗစ် နဲ့ နောက်တန်းလူတွေရဲ့ အပေးအယူနဲ့ ပြန်လည်စတင်ခဲ့တဲ့ ဘောလုံးကနေတဆင့် ဂိုးရရှိခဲ့တာပါ..။ ဒါ့ကြောင့် build up play ကစားပုံအတွက် နမူနာကောင်း၊ ဥပမာကောင်းတစ်ခုလို့ ပြောရမှာပေါ့..။ အင်ဇို က ကွင်းလယ်ကနေဆင်းပြီး ဘောလုံးယူတယ်..၊ ညာဘက်ကို ဖြန့်လိုက်ပါတယ်..။

ညာတောင်ပံကနေ နှစ်ချက်လောက် အပေးအယူ လုပ်လိုက်တာနဲ့ ကိုးလ် ပါးမား က ကွင်းလယ်မှာ လွတ်လွတ်လပ်လပ် ဘောလုံးသယ်ယူခွင့်ရခဲ့တယ်..၊ ဂတ်စ်တို ဟာ နောက်တန်းကနေ ညာတောင်ပံတစ်လျှောက် တောက်လျှောက်ပြေးတက်လာခဲ့ပါတယ်..။ အန်တော်နီ ဂေါ်ဒွန် ဟာ သူနဲ့ခံစစ်ကိုလိုက်ပြီး ဆင်းသင့်တာပေါ့..။ ပါးမား က ညာတောင်ပံဘက်ကို ပြန်ပြီးခုတ်တင် ပေးလိုက်တဲ့အချိန် နယူးကာဆယ် ဘယ်နောက်ခံလူ ဒမ် ဘန်း ဟာ အတင်းဝင် ဖျက်ထုတ်ခဲ့သင့်ပါတယ်..။ ဒါပေမယ့် သူကအတွင်းအသင့်စောင့်နေတဲ့ ကော်နာ ဂါလက်ချာ ရဲ့ ပြေးလမ်းထဲကို ထိုးပေးမှာစိုးတဲ့အတွက် စောင့်ကြည့်နေတဲ့ သဘောရှိပါတယ်..။

ဂတ်စ်တို က ကော်နာ ဆီကိုပေးမယ့်ဟန်ပြပြီး တောင်ပံတစ်လျှောက်ဆွဲပြေးတယ်..၊ ဂိုးရှေ့ကိုဖြတ်တင်ရာမှာ နယူးကာဆယ်အသင်း နောက်ခံလူ ဆဗန် ဘော့တ်မန်း က ဂိုးသမားရှေ့ကနေ ဖျက်ထုတ်ပါတယ်..။ ဌက်ကျားတွေဟာ အဲဒီအချိန်ကျမှ ဘောလုံးစပြီး ထိရတာဗျ..။ ဒါပေမယ့် ဖျက်ထုတ်ပုံဟာ မပီပြင်ပဲ ဂိုးဧရိယာထိပ်မှာ ရှိနေတဲ့ ကိုးလ် ပါးမား ရဲ့ရှေ့ကို အနေတော်လေး ကျလာပါတယ်..။ ကိုးလ် ပါးမား ရဲ့ တစ်ချက်ထိန်းပြီး ကန်လိုက်တဲ့ကန်ချက်ကို ဘောလုံးလမ်းကြောင်းပေါ်မှာရှိနေတဲ့ ဂျက်ဆင် က နောက်ပေါက်နဲ့ လမ်းကြောင်းပြောင်းပေးလိုက်တာကြောင့် ဂိုးဝင်သွားခဲ့ပါတယ်..။ နယူးကာဆယ်အသင်းဟာ ချယ်လ်ဆီးအသင်းကို ဘောလုံးကိုင်ခွင့်ပေးတယ်…၊ စိတ်ကြိုက်ထိုးဖောက်ခွင့် ပေးလိုက်တဲ့အတွက် အခုလို ဂိုးပေးလိုက်ရတာ မဆန်းပါဘူး.။



ဂျေမီ ကာရေဂါ - ကျွန်တော်ရွေးချယ်တဲ့ ပရီးမီးယားလိဂ်ရဲ့ ‘ပထမရာသီဝက် အကောင်းဆုံးအသင်း’ ထဲမှာ ကိုးလ် ပါးမား ပါဝင်ပါတယ်..။ တကယ်လို့ သူသာလက်ရှိခြေစွမ်းကို ဆက်ပြီးထိန်းထားနိုင်မယ်ဆိုရင် ဂါးရတ် ဆောက်ဂိတ် ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်..။ ချယ်လ်ဆီးအသင်းအတွက် ဆိုရင်တော့ ဒီနှစ်ဘောလုံးရာသီရဲ့ အငြင်းပွားဖွယ်မရှိ အကောင်းဆုံး ကစားသမားပါပဲ..။ ဒီနေ့ပွဲမှာ နယူးကာဆယ်ဘက်က အန်တော်နီ ဂေါ်ဒွန် နဲ့ သူနဲ့ဟာ အင်္ဂလန်အသင်းမှာလည်း နေရာတစ်နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရဦးမယ်လို့ ခန့်မှန်းမိတာပါပဲ..။  

ကိုးလ် ပါးမား ကို သဘောကျမိတဲ့ အချက်တွေထဲမှာ သူ့ရဲ့ခြေစွမ်းတင်မကပါဘူး..၊ သူဟာလက်ရှိအချိန်မှာ ဥရောပရဲ့ အကောင်းဆုံး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပေမယ့် ပုံမှန်ပွဲကစားခွင့်အတွက် ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့တဲ့ ရဲရင့်မှုကိုပါ သဘောကျမိပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အစစအရာရာ အသစ်ကပြန်လည်စတင်နေတဲ့ စီမံချက်သစ်တစ်ခုဖြစ်ပြီး နောင်တစ်ချိန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူကမှ ကြိုတင်ခန့်မှန်းလို့ မရသေးတာ.. ဒါပေမယ့် ဘောလုံးကစားခွင့်တစ်ခုထဲကို ဦးစားပေး ဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့ရွေးချယ်မှုကို ကျွန်တော်လေးစားမိပါတယ်..။

ဒေးဗစ် ဂျုံးစ် - ဒီနေ့ပွဲဟာ ကိုးလ် ပါးမား အတွက် သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါ ရရှိခဲ့တဲ့ (၅) ပွဲမြောက်ပွဲ ဖြစ်ခဲ့ပါတယ်..။ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံခန်းမှာ အဲဒီနေရာလွတ်ကလေးကို သတိထားမိခဲ့တာကြောင့် ဂိုးကန်သွင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တဲ့အကြောင်း ပြောသွားခဲ့တယ်နော်..

ဂျေမီ ကာရေဂါ - အဲဒီသွင်းဂိုးဟာ နယူးကာဆယ်အသင်းရဲ့ ခံစစ်ကစားပုံအကြောင်းကို မဖြစ်မနေ ထည့်သွင်း၊ ပြောကြားရမယ့် ဂိုးတစ်ဂိုး ဖြစ်ပါတယ်..။ အခုအောက်က ပူးတွဲပုံ (ပုံ- ၁) မှာ ချယ်လ်ဆီးအသင်းရဲ့ လက်ပစ်ဘောကနေ အင်ဇို ဖာနန်ဒက်စ် ဆီ ဘောလုံးရောက်သွားတဲ့အချိန် နယူးကာဆယ် ကစားသမားတွေရဲ့ နေရာယူပုံ အခင်းအကျင်းကို ပြထားပါတယ်..။



အဲဒီပုံမှာဆိုရင် ဘောလုံးရယူထားတဲ့ အင်ဇို ဖာနန်ဒက်စ် ကို ဘယ်သူကမှ ပြေးဝင်ဖျက်ထုတ်ဖို့ စဉ်းစားထားပုဲ မရပါဘူး..။ မနှစ်တုန်းက နယူးကာဆယ်အသင်းဟာ အဲဒီလိုမဟုတ်ဘူးဗျ..။ အဲဒါနဲ့ အင်ဇို က ကွင်းလယ်နဲ့ နောက်တန်းကြားမှာ ရှိနေတဲ့ ကိုးလ် ပါးမား ဆီကို ဘောလုံးပေးပို့ပါတယ်..။ ပါးမား ဟာ နယူးကာဆယ်အသင်းရဲ့ ဂိုးဧရိယာထိပ်မှာ နှစ်ကြိမ်လောက် အေးအေးဆေးဆေး ဘောလုံးသယ်ယူလို့ ရနေတာကို ဖျက်ထုတ်မယ့်သူ မရှိတာဟာလည်း အံ့ဩဖို့ကောင်းတာပါပဲ..။ အဲဒါပြီးရင် နောက်တစ်ချက်က အခုအောက်က ပူးတွဲပုံ (ပုံ- ၂) မှာ ပြထားတဲ့ ဂိုးသမား ဒူဘရက်ဗ်ကာ ရဲ့ နေရာယူပုံဟာ မှားယွင်းနေပါတယ်..။ ကိုးလ် ပါးမား ကန်သွင်းမယ့် အနေအထားအရဆိုရင် ဂိုးသမားဟာ အနည်းဆုံး (၂) ပေ၊ (၃) ပေလောက် ဘယ်ဘက်ကိုရွေ့ပြီး ရှိနေသင့်ပါတယ်..။



ပါးမား ဟာ အဲဒီနေရာလွတ်ကို သတိထားမိတာကြောင့် ရှေ့မှာကာထားတဲ့ နောက်ခံလူရဲ့ ခြေထောက်ကြားကနေ ကန်သွင်းယူသွားခဲ့ပါတယ်..။ ဒါ့အပြင် အဲဒီအချိန်မှာ ဂိုးသမားဟာ သူ့ရဲ့ခန္ဓာကိုယ်ကို ညာဘက်ခြေထောက်ပေါ် အားပြုထားသလို ဖြစ်နေတာကြောင့် ဆန့်ကျင်ဘက်ကို ပြန်ပြီးဒိုက်ထိုးရသလို ဖြစ်နေခဲ့ပါတယ်..။ သူ့အနေနဲ့ ဘယ်လိုမှ လှမ်းပြီးပုတ်ထုတ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး..။

အီယန် ရိုက် - ဂိုးသမားတွေအတွက်က ကိုယ့်အသင်းရဲ့ နောက်ခံလူတွေရဲ့ ခြေထောက်ကြားကနေ ကန်သွင်းချက်တွေဟာ အိပ်မက်ဆိုးပါပဲ..။ အချိန်မှီကာကွယ်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။ ဒါ့အပြင် ကိုးလ် ပါးမား ရဲ့ အဲဒီကန်ချက်ဟာ အားပါပြီး ပြင်းထန်တိကျတာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဂိုးဖို့များပါတယ်..။ ဒါ့အပြင် ကန်သွင်းခါနီး သူ့ရဲ့နေရာယူထားပုံ မှားယွင်းနေခြင်းဟာ ဂိုးပေးရဖို့ အခွင့်အလမ်းကို ပိုများသွားစေခဲ့ပါတယ်..။

ဒေးဗစ် ဂျုံးစ် - မူဒရပ်ခ် ရဲ့ တတိယဂိုးကရောဗျ..? အဲဒီဂိုးဟာ ချယ်လ်ဆီးအတွက်‌ အပိုဆုလို ဖြစ်သွားတာပေါ့..။
ဂျေမီ ကာရေဂါ - ယူကရိန်း လူငယ်တောင်ပံ ကစားသမားလေးဟာ အခက်အခဲတွေ၊ ဝေဖန်မှု‌တွေနဲ့ ရင်ဆိုင်နေတာကြောင့် အခုလိုလှပတဲ့ သွင်းဂိုးတစ်ဂိုး ရရှိခဲ့တဲ့အပေါ် ကျွန်တော်တော့ အထူးကျေနပ်မိပါတယ်..။ သူဟာပရီးမီးယားလိဂ်ပြိုင်ပွဲမျာ အသားကျဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်..။ အဲဒီလိုအချိန်မှာ အခုလိုလှပတဲ့ သွင်းဂိုးတစ်ဂိုး ရရှိခဲ့တာကြောင့် ယုံကြည်မှု ပိုပြီးရရှိသွားပါလိမ့်မယ်..။ အဲဒီဂိုးမှာဆိုရင် နယူးကာဆယ်အသင်းရဲ့ ခံစစ်ပိုင်းဖျက်ထုတ်ပုံ အတော်လေး အားနည်းနေတာ သတိပြုမိကြပါလိမ့်မယ်..။   

ကျွန်တော်ဟာ မူဒရ်ပ်ခ် ကို လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စတင်၊ သတိထားမိခဲ့ပါတယ်..။ အဲဒီအချိန်ကတည်းက နောင်တစ်ချိန် ထွန်းတောက်လာမယ့် ကစားသမား တစ်ယောက်ဖြစ်လာလိမ့်မယ်ဆိုပြီး ကြိုတင်၊ ခန့်မှန်းခဲ့ပြီးသားပါ..။ ဒါ့ကြောင့်သူ့ရဲ့တိုးတက်မှုအတွက် အင်မတန်မှ အရေးပါတဲ့အချိန်တွေဟာ အလဟာသ ကုန်ဆုံး၊ ပျောက်ဆုံးကုန်မှာ အထူးစိုးရိမ်မိပါတယ်..။ သူ့အနေနဲ့ အခုလိုပွဲစဉ်မှာ အရည်အသွေးမြင့် ကစားသမား တစ်ယောက် ဖြစ်တဲ့အကြောင်း သွင်းဂိုးတွေနဲ့ သက်သေထူနိုင်တာ သိပ်ကိုကောင်းပါတယ်..။ အဲဒီသွင်းဂိုးဟာ မကြာတော့မယ့် အနာဂတ်မှာ အစွမ်းကုန် တောက်ပမယ့် ကြယ်တစ်ပွင့် ဖြစ်လာဖို့ အစပြုလိုက်တဲ့ တွန်းအား ဖြစ်လာခဲ့ရင် သိပ်ကိုကောင်းသွားပါလိမ့်မယ်..။



အီယန် ရိုက် - အဲဒီဂိုးမှာဆိုရင် မူဒရပ်ခ် ဟာ သူများဖန်တီးပေးတဲ့ အခွင့်အရေးကို အရန်သင့် အသုံးချ (ကောက်စား) ရတာ မဟုတ်ပဲ တစ်ကိုယ်တော်အစွမ်းနဲ့ နောက်တန်းလူတွေကြားက ဆွဲထွက်ရတယ်..၊ ဂိုးသမားက တက်ပိတ်ဖို့ ပြေးထွက်လာတဲ့အချိန်မှာ ကန်သွင်းမယ်ဆိုရင် အခွင့်အရေးရော၊ ကန်သွင်းရမယ့် နေရာလွတ်ပါ ရှိနေပါတယ်..။ ဒါပေမယ့် နောက်ထပ်တစ်ချက် ပြန်ခေါက်ထွက်သွားပြီး အမိအရ ကန်သွင်းယူသွားခဲ့ပါတယ်..။

မူဒရပ်ခ် ဟာ ဂိုးသမားကိုကျော်ဖြတ်ပြီးချိန်ကျမှ အသာလေး ကန်သွင်းခဲ့တာကြောင့် ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်ခံရမလား..? ဆိုပြီး စိုးရိမ်ခဲ့ရပါသေးတယ်..။ တကယ်တမ်းဆိုရင် ဘောလုံးကို ခပ်မြင့်မြင့် အပြင်းကန်သွင်းရယူလိုက်ရမှာ..။

ဂျေမီ ကာရေဂါ - ဒီနှစ်ဘောလုံးရာသီမှာ နယူးကာဆယ်အသင်းရဲ့ ခံစစ်ကြောင်းကာကွယ်မှုဟာ အတော်လေးကို ဆိုးရွားနေပြီး ဂိုးသမား နစ်ခ် ပုပ် မပါဝင်နိုင်ခဲ့တဲ့ (၁၄) ပွဲမှာ ပေးဂိုး (၃) ဂိုးနဲ့အထက် ခွင့်ပြုခဲ့ရတဲ့ပွဲ (၈) ပွဲတောင် ရှိခဲ့ပါတယ်..။ နည်းပြအက်ဒီ ဟောင်းဝ် ရဲ့ အသင်းတွေခံစစ်ကစားပုံကို ကျွန်တော်တို့ ချီးကျူးခဲ့ကြဖူးပေမယ့် သူတို့တွေသာ လက်ရှိပေးဂိုးနှုန်းအတိုင်း ဆက်သွားနေရင် ရာသီကုန်တဲ့အချိန် ပေးဂိုး (၆၀) နဲ့အထက် ခွင့်ပြုရမယ့် သဘောပါပဲ..။  

မနှစ်ကဆိုရင် အက်ဒီ ဟောင်းဝ် ရဲ့ နယူးကာဆယ်အသင်းသားတွေရဲ့ လုပ်အားနှုန်း၊ အားသွန်ခွန်စိုက် ပြေးလွှားနိုင်မှု၊ တစ်ကွင်းလုံးအနှံ့ လှုပ်ရှားနေမှုတွေကို ကျွန်တော်တို့ သဘောကျမိခဲ့ကြပါတယ်..။ ကလော့ပ် ရောက်လာခါစက လီဗာပူးလ်အသင်းလိုပဲဗျ..။ ဒါပေမယ့် ဒီနှစ်မှာတော့ သူတို့ဟာ ကြီးမားတဲ့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ကြံ့ခိုင်မှုကောင်းတဲ့ ကစားသမားတွေကိုပဲ ထပ်တလဲလဲ ရေညှစ်သုံးစွဲ နေရတဲ့သဘောမှာ ရှိပါတယ်..။ ဒါ့ကြောင့်သူတို့တွေရဲ့ လုပ်အားနှုန်း၊ ပြေးလွှားကစားနိုင်မှုနှုန်းတွေ ကျဆင်းကုန်ပါတယ်..။

ပွဲတစ်ပွဲကိုချဉ်းကပ်တဲ့နေရာမှာ အသင်းတစ်သင်းဟာ စုစည်းကျစ်လျစ်မှုရှိဖို့ (compact) လိုအပ်ပါတယ်..။ ပထမဂိုးမှာဆိုရင် ချယ်လ်ဆီးအသင်းဟာ ဂိုးလွန်ဘောကနေ build up play ပြန်စရတယ်..၊ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့တစ်သင်းလုံး ကွင်းလယ်ကို ပြန်ဆင်းပြေးဖို့ မလိုအပ်သေးပါဘူး..။ ဘယ်လိုဖြစ်နေလဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပါတ်လောက်က မန်ချက်စတာ ယူနိုက်တက် အသင်းကို ကျွန်တော်တို့ ဝေဖန်သလိုပေါ့.. တိုက်စစ်ကစားသမားတွေက high press တက်ဖိကစားနေချိန်မှာ နောက်တန်းခံစစ်ကြောင်းက low block ထိုင်တားတော့ ကွင်းလယ်မှာ ကွက်လပ်အကြီးကြီး ဖြစ်နေတဲ့ပုံစံမျိုးပါပဲ..။



ကိုးလ် ပါးမား ရဲ့ ဒုတိယဂိုးမှာဆိုရင်လည်း ချယ်လ်ဆီးအသင်းက ကွင်းလယ်မှာ လက်ပစ်ဘော မြှောက်မယ့်အချိန် နောက်တန်းလေးယောက်စလုံးက ကိုယ့်အသင်းရဲ့ဂိုးဧရိယာထဲ.. ကိုက် (၂၀) လောက်အကွာမှာ ရောက်နေပါတယ်..။ မူဒရပ်ခ် ရဲ့ တတိယဂိုးဆိုလည်း နောက်တန်းတစ်ခုလုံးကို ဖြတ်ကျော်ခံလိုက်ရအောင် နှေးကွေးနေခဲ့ကြပါတယ်..။ သူတို့အသင်းရဲ့ ဒီနေ့ကစားပုံကို ကြည့်ရတာ ရာသီပြီးဆုံးဖို့ အသင့်ဖြစ်နေတဲ့ အသင်းလိုပါပဲ..။ တကယ်တမ်းဆိုရင် ဒီနေ့မှာ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာလည်း အရမ်းကြီးကောင်းနေတာ မဟုတ်ပါဘူး..။ သာမာန်ပါပဲ..။

ဒေးဗစ် ဂျုံးစ် - ကဲ.. နောက်ဆုံးအနေနဲ့ မေးချင်တာက ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြပိုချက်တီနို အနေနဲ့ နောက်လာမယ့်ပွဲတွေကနေ ရာသီကုန်အထိ ကာလအတွင်းမှာ ပိုပြီးကောင်းမွန်တဲ့ ရလဒ်တွေ၊ ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ပရိသတ်တွေရဲ့ ထောက်ခံ၊ အားပေးမှုကို ပြန်လည်အရယူနိုင်လိမ့်မယ်လို့ မျှော်လင့်နိုင်ပြီလား..? အီယန် ရေ..

အီယန် ရိုက် - ပရိသတ်တွေရဲ့ ထောက်ခံ၊ အားပေးမှု ပြန်ပြီးရရှိဖို့ဆိုရင် အခုဒီနေ့ပွဲလို ရလဒ်မျိုးတွေ ဆက်တိုက်ရရှိဖို့ လိုအပ်မှာပေါ့..။ ချယ်လ်ဆီးပရိသတ်တွေဟာ အခုထက်ဆိုးရွားတဲ့ အခြေအနေတွေကိုလည်း ကြုံတွေ့ဖူးပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ တစ်ရာသီမှာ အရမ်းဆိုးရွားသွားရင်တောင် နောက်လာမယ့်ရာသီကျရင် အောင်မြင်မှုကြီးတွေ အရယူပေးတတ်တဲ့ အစဉ်အလာတွေလည်း ရှိခဲ့ပါတယ်..။ အခုအချိန်မှာတော့ ဆိုးရွားမှုတွေ.. မှောင်မိုက်နေတဲ့ကာလတွေ ဘယ်အချိန်မှာ ကုန်ဆုံးမယ်.. ဆိုတဲ့ မျှော်လင့်ချက် အလင်းရောင်စကို မမြင်ရသေးပါဘူး..(can’t see the light at the end of tunnel)။



သူတို့အသင်းရဲ့ ရှေ့ဆက်နေတဲ့လမ်းကြောင်း အစီအမံတွေအပေါ် ကျွန်တော်လေးစားမှုအပြည့် ရှိပါတယ်..။ ဒါပေမယ့် အခုအချိန်မှာတော့ အသင်းရဲ့ကွင်းပြင်ပ စီးပွားရေး..၊ ဘဏ္ဍာရေး ကဏ္ဍတွေမှာရော..၊ ကွင်းတွင်း အောင်မြင်မှုအပိုင်းတွေမှာပါ အနာဂတ်ကို ဘယ်လိုမှမှန်းဆလို့ မရပါဘူး..။ ဒီနေ့ဆိုရင် နိုင်ပွဲလိုအပ်နေတဲ့အချိန်.. အိမ်ကွင်းမှာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် နောက်ပွဲကျရင် ဘယ်လိုရလဒ် ထွက်လာမလဲ..? ဘယ်သူမှ ကြိုတင်မခန့်မှန်းနိုင်ပါဘူး..။

ဒီနေ့ပွဲမှာဆိုရင် နယူးကာဆယ်အသင်းဟာ အိမ်ရှင်အသင်းကို အခုထက်ပိုပြီး အခက်တွေ့စေလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်..၊ ဒါပေမယ့် ကိုယ့်ကိုဒုက္ခမပေးနိုင်ရင် သူတို့ဘက်ကလည်း တန်ပြန်အခက်တွေ့အောင် ပြုလုပ်နိုင်စွမ်းရှိတဲ့အကြောင်း ချယ်လ်ဆီးအသင်းက အစွယ်ထုတ် ပြသနိုင်ခဲ့ပါတယ်..။ တစ်ဘက်က နယူးကာဆယ်အသင်းဟာလည်း အတော်ဆိုးဆိုးရွားရွားနေတယ်.. ဆိုတဲ့ အနေအထားမှာ နှစ်ဂိုးရအောင် သွင်းသွားခဲ့ပါသေးတယ်..။

ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ ဆက်လက်ပြီး တိုးတက်အောင် လုပ်ဆောင်ရမယ့်အရာတွေ အများကြီးပါပဲ..။ သူတို့တွေဟာ ဒီနေ့ပွဲလို နိုင်ပွဲတွေကို ဆက်လက်ရရှိအောင် ကြိုးစားရင်း နိုင်ပွဲအရှိန်အဟုန်၊ ယုံကြည်မှုတွေကို ဆက်လက်သယ်ဆောင်လို့ တိုးတက်မှုတွေ ရရှိအောင် ဆောင်ရွက်သွားရမှာပါ..။