feature-image

တနင်္ဂနွေနေ့ ဘောလုံးစကားဝိုင်း.. (ချယ်လ်ဆီး vs လက်စ်တာ စီးတီး)

ချယ်လ်ဆီးအသင်းက လက်စ်တာ စီးတီး အသင်းအား ၄ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သော FA ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ပွဲစဉ်မှ သွင်းဂိုးများ၊ ဆိုးဆိုးရွားရွား ခြေစွမ်းပျက်ခဲ့သော တိုက်စစ်မှူး ရာဟင်း စတာလင်း နှင့် ပွဲစဉ်မှ ထင်ရှားခဲ့သောဖြစ်ရပ်များအပေါ် အင်္ဂလန်အသင်း ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာ၊ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် နှင့် လက်စ်တာ စီးတီးအသင်း တိုက်စစ်မှူးဟောင်း ဒီယွန် ဒပ်ဘလင် တို့က BBC Sports ရုပ်/သံဌာန၏ ပွဲပြီးသုံးသပ် စကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။

ဂယ်ရီ လိုင်နီကာ - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းကပဲ အနိုင်ရလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြပေမယ့် လက်စ်တာအသင်းရဲ့ ဒုတိယပိုင်း ကစားပုံနဲ့ ရုန်းအားကြောင့် ကြည့်လို့ကောင်းပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ ပွဲပြီးခါနီးမှာ သွင်းယူသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ သွင်းဂိုးနှစ်ဂိုး သပ်ရပ်လှပခဲ့ပေမယ့် တကယ်တမ်း အဆုံးအဖြတ်ပေးခဲ့တာက ပွဲချိန် (၇၄) မိနစ်မှာ ပြသခံလိုက်ရတဲ့ လက်စ်တာ အသင်းနောက်ခံလူ ကာလန် ဒွိုင်းလ် ရဲ့  အနီကတ်ဒ် ပြစ်ဒဏ်ပဲဗျ..။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပဉ္စမအဆင့်ပွဲတုန်းကလည်း လိဒ် ယူနိုက်တက်အသင်းကို အခုလို နောက်ကျဂိုးနဲ့ပဲ အနိုင်ရခဲ့တာဆိုတော့ ဒီနေ့ပွဲနဲ့ ပုံစံအတူတူလို့ ပြောရမလိုပါပဲ…။

ဘာပဲဖြစ်ဖြစ်ပါ.. မော်ရစ္စစီယို ပိုချက်တီနို နဲ့ သူ့ရဲ့အသင်းသားတွေဟာ အကြိုဗိုလ်လုပွဲစဉ်အတွက် ဝင်ဘလေကွင်းကို ထပ်မံသွားရောက်ရဦးမှာ ဖြစ်သလို နောက်ထပ်ပြည်တွင်းဖလား ပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အခွင့်အလမ်း ရှိနေပါသေးတယ်လို့ ပြောနိုင်ပါပြီ..။



ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - လက်စ်တာ အသင်းဟာ ပထမပိုင်းအပြီးမှာ နှစ်ဂိုးပြတ် ရှုံးနိမ့်နေခဲ့သလို ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ အခွင့်အရေးတွေကို ကြည့်မယ်ဆိုရင် ဒုတိယပိုင်းမှာ နှစ်ဂိုးပြန်သွင်းပြီး သရေကျလုနီးနီး ပြန်လည်တွန်းအားပေးနိုင်ခဲ့တာ အံ့အားသင့်စရာပါပဲ..။ သူတို့ဟာ ဒုတိယပိုင်းမှာ ပိုပြီးကောင်းတဲ့အသင်းလို့ ပြောရမှာပါ..။ အဲဒီလိုအခြေအနေမျိုးမှာ မမျှော်လင့်ပဲ အနီကတ်ဒ် ပြခံလိုက်ရတာကြောင့် သူတို့အတွက် နောက်တစ်ကြိမ် ပြန်လည်ရုန်းပြနိုင်ဖို့ အတော်လေးကို ခက်ခဲလွန်းသွားပါတယ်..။

ဒီယွန် ဒပ်ဘလင် - ဒုတိယပိုင်းမှာ (၁၁) ယောက်ချင်း ယှဉ်ပြိုင်ရတဲ့အချိန်တုန်းက နှစ်သင်းစလုံး သူ့ဘက်၊ ကိုယ့်ဘက် အပြန်အလှန်တွေ ထိုးဖောက်ခဲ့ကြပြီး အခွင့်အရေးတွေ ကိုယ်စီရခဲ့ကြပါတယ်..။ နှစ်ဂိုးစီ သရေကျနေတဲ့ အချိန်တုန်းက နှစ်သင်းစလုံးအတွက် အခွင့်အရေး ရှိနေခဲ့ပါတယ်..။ အဲဒီအချိန်မှာ အနီကတ်ဒ် ပြစ်ဒဏ်ဟာ ပွဲရဲ့အရှိန်၊ ပွဲရဲ့ချိန်ခွင်လျှာကို ပြောင်းလဲစေခဲ့တဲ့အပြင် တစ်ယောက်လျော့သွားခဲ့တဲ့ လက်စ်တာ အသင်းဟာ ကစားပုံပြောင်းလဲခဲ့ရပါတယ်..။ အချိန်ပိုအထိ သရေရလဒ်ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားနေရင်း ဂိုးတွေပေးလိုက်ရတာပါပဲ..။

ဂယ်ရီ လိုင်နီကာ - မှန်ပါတယ်..။ ဒီနေ့ပွဲဟာ နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြတာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သလို အတော်လေးကို ရယ်စရာကောင်းတဲ့ အမှားတစ်ချို့ မြင်တွေ့ခဲ့ရပါတယ်..။ အထူးသဖြင့် ဒုတိယပိုင်း ပွဲချိန် (၅၁) မိနစ်မှာ အက်ဆယ်လ် ဒီဆာဆီ ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ နောက်ပြန်ပေးပို့မှုပေါ့ဗျာ..။

ဒီယွန် ဒပ်ဘလင် - သူဘောလုံးပြန်ပေးလိုက်တဲ့နေရာမှာ ဂိုးသမား ဆန်းချက်ဇ် ရှိနေလိမ့်မယ်လို့ ဒီဆာဆီ က မျှော်လင့်ထားပုံ ရပါတယ်..။ ဂိုးသမားဟာ ရှေ့ကိုရောက်လွန်းနေတယ်လို့ ကျွန်တော်ယူဆပါတယ်..။ အနည်းဆုံးတော့ သူ့ရဲ့ဂိုးဧရိယာထဲမှာ ရှိနေသင့်ပါတယ်..။ အခုသူရောက်နေတဲ့နေရာမှာ နောက်ထပ်ဗဟို နောက်ခံလူတစ်ယောက် ရှိနေရမှာပေါ့..။
ဂယ်ရီ လိုင်နီကာ - ဂိုးသမားနေရာယူတာ မှားနေတယ်ဆိုပေမယ့် ဘောလုံးမပေးခင် မျက်လုံးထောင့်ကပ်ပြီး ကိုယ့်လူရှိ၊ မရှိ တစ်ချက်လောက်တော့ မကြည့်သင့်ဘူးလား…?



ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - မှန်ပါတယ်..။ ဒီဆာီ ဘောလုံးပေးလိုက်တာလည်း အတော့်ကို လွဲတာပါ..။ ဒါပေမယ့် ခုနက ခင်ဗျားပြောသလိုပါပဲ.. ဂိုးသမားဟာ အနည်းဆုံး (၁၀) ကိုက်လောက် နောက်ဆုတ်ပြီး ရှိနေသင့်ပါတယ်..။
ဂယ်ရီ လိုင်နီကာ - အဲဒီလိုဟာသမြောက်တဲ့ သွင်းဂိုးတွေအပြင် ဒုတိယပိုင်းမှာ လှပတဲ့သွင်းဂိုးတွေလည်း ကျွန်တော်တို့ မြင်တွေ့ခွင့်ရခဲ့ပါတယ်..။ ပွဲချိန် (၆၂) မိနစ် စတက်ဖီ မာဗီဒီဒီ သွင်းယူပေးခဲ့တဲ့ ဒုတိယချေပဂိုးက တကယ့်ကို သပ်ရပ်၊ လှပခဲ့တာဗျ..။

ဒီယွန် ဒပ်ဘလင် - မာဗီဒီဒီ ဟာ သူ့ဆီကိုရောက်လာတဲ့ ဘောလုံးကို တစ်ချက်ထိန်းပြီး လှည့်ထွက်သွားတာ သိပ်ကိုသေသပ်..၊ လှပပါတယ်..။ သူ့ရဲ့ပြေးလမ်းကို ပိတ်ဆို့နိုင်ဖို့စောင့်နေတဲ့ ဂတ်စ်တို ကို ခြေယောင်နှစ်ချက်ပြ (double steps over) လှည့်ထွက်ပြီး အတွင်းကိုတစ်ချက်ချိုးတယ်..၊ ညာခြေနဲ့ဝှေ့ဝိုက် ကန်သွင်းချက်ကလည်း သိပ်ကိုသေသပ်၊ လှပလွန်းပါတယ်..။ ဂိုးသမား ဆန်းချက်ဇ် ဘယ်လိုမှ ကာကွယ်ဖို့ မတတ်နိုင်ပါဘူး..။

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - မှန်ပါတယ်..။ ဂိုးသမား ကာကွယ်ပေးဖို့ ဘယ်လိုမှမတတ်နိုင်တဲ့ ကန်ချက်မျိုး ဖြစ်ပါတယ်..။ ဒါပေမယ့် ကွင်းလယ်က ကိုင်ဆီဒို အနေနဲ့ အခုထက်ပိုပြီး နေရာယူ ကောင်းမွန်ခဲ့သင့်၊ ဂတ်စ်တို ကို အခုထက်ပိုပြီး အကူအညီပေးနိုင်ခဲ့သင့်ပါတယ်..။ အခုပူးတွဲပုံ (ပုံ- ၁) မှာ မြင်တွေ့ရတဲ့အတိုင်း မာဗီဒီဒီ ဟာ ဂိုးဧရိယာကို ဝင်ရောက်လာချိန် ကိုင်ဆီဒို ဟာ အခုသူရှိနေတဲ့နေရာထက် နောက်မှာပိုရောက်ပြီး ရှိနေသင့်ပါတယ်..။ အခုကျတော့ မာဗီဒီဒီ အတွက် အတွင်းကိုချိုးဝင်၊ ညာခြေနဲ့ကန်သွင်းယူနိုင်ဖို့ နေရာလွတ် ရသွားခဲ့တာပေါ့..။ ဒါပေမယ့် သူ့ရဲ့ကန်သွင်းချက်က တကယ့်ကို ကောင်းမွန်တာပါ..။ အဲဒါကိုတော့ ငြင်းစရာမရှိပါဘူး..။



ဂယ်ရီ လိုင်နီကာ - ပွဲချိန်မိနစ် (၉၀) အကျော်မှာ သွင်းယူပေးခဲ့တဲ့ ကာနေး.. ပြီးတော့ ဘယ်လိုခေါ်လဲ..? အား.. ‘ချူကွီမီးကား’ ရဲ့ အနိုင်ဂိုးအကြောင်း မပြောခင် ပွဲရဲ့အဓိကအလှည့်အပြောင်း ဖြစ်ခဲ့တဲ့ ကာလန် ဒွိုင်းလ် ရဲ့ အနီကတ်ဒ် ပြစ်ဒဏ်အကြောင်း ဆွေးနွေးကြရအောင်ဗျာ..။ ဖြစ်ဖြစ်ချင်းတုန်းက ပင်နယ်တီ ပေးရမယ့် ဖျက်ထုတ်မှုလို့ပဲ ကျွန်တော်တို့ ယူဆခဲ့ကြပါတယ်..။ အဲဒီလိုအခြေအနေမျိုးကျတော့ VAR ရဲ့ အကူအညီနဲ့ ပြန်ပြီးစစ်ဆေးကြည့်ရမှာ ဂိုးဧရိယာပြင်ဘက်မှာ ဖျက်ထုတ်တာဖြစ်တယ်..၊ အနီကတ်ဒ် ပြသင့်တယ်ဆိုတာ သေချာစေခဲ့ပါတယ်..။

ဒီယွန် ဒပ်ဘလင် - ကျွန်တော်တို့အပါအဝင် လူတိုင်းက ပင်နယ်တီ ပေးရမယ့် ဖျက်ထုတ်မှုလို့ပဲ ထင်ခဲ့ကြမှာပါ..။ ဒါပေမယ့် အနှေးပြကွက်တွေကို သေချာပြန်ကြည့်ရင် ဘောလုံးသယ်လာတဲ့ ဂျက်ဆင် ကို ထိမိလိုက်တဲ့အချိန်ဟာ ဂိုးဧရိယာ အပြင်ဘက်မှာ ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်ကတော့ နောက်ဆုံးကျန်နေတဲ့ နောက်ခံလူ ဒွိုင်းလ် ရဲ့ ရှေ့ကနေ ဖြတ်ပြေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ဂျက်ဆင် ရဲ့ ပါးနပ်မှုကို ချီးကျူးမိပါတယ်..။

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ကွင်းလယ်မှာ ဘောလုံးကိုလက်ခံပြီး လှည့်ထွက်သွားတဲ့ ထိချက်လည်း မိုက်ပါတယ်ဗျ..။ တကယ်တော့ သူဟာပင်နယ်တီရဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပဲ နောက်ခံလူကို ကျော်ဖြတ်ပြီး ဂိုးသွင်းဖို့ပဲ စဉ်းစားခဲ့တာပါ..။ ဒါပေမယ့် ကာလန် ဒွိုင်းလ် ရဲ့ ဖျက်ထုတ်မှုဟာ ဂိုးဧရိယာ အပြင်ဘက်မှာဖြစ်ခဲ့တယ် ဆိုတာ သေချာသွားတဲ့အချိန် ကွင်းလယ်ဒိုင်လူကြီးအနေနဲ့ အနီကတ်ဒ်ကို ပြန်ပြောင်းဖို့ကလွဲပြီး တခြားရွေးစရာ မရှိတော့ပါဘူး..။

ဂယ်ရီ လိုင်နီကာ - တစ်ယောက်လျော့သွားတဲ့ နောက်ပိုင်းမှာ လက်စ်တာ အသင်းဟာ နောက်တန်းလူငါးယောက်နဲ့ ပိတ်ဆို့ကစားဖို့ ဆုံးဖြတ်လိုက်ရတော့တာပါပဲ….
ဒီယွန် ဒပ်ဘလင် - သူတို့အတွက် အတော်လေးကို ကစားရတာ ခက်သွားပါတယ်..။ အဲဒီအချိန်မှာ ဂိုးပေးလိုက်ရမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ နောက်ကနေ ပြန်လိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး..။ ပွဲဟာတစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် တိုက်စစ်ဆင်နေတဲ့ အခြေအနေကနေ ပိတ်ဆို့ကစားတဲ့ နည်းဗျူဟာဘက်ကို ပြောင်းလိုက်ရတာဆိုတော့ စိတ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်မှုတွေ ရှိသွားပါတယ်..။



ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အင်းဗျ.. သူတို့အနေနဲ့ အချိန်ပိုနဲ့ ပင်နယ်တီ ကန်သွင်းရမယ့်အချိန်ထိ ဆွဲခေါ်သွားနိုင်ဖို့ကိုပဲ ဦးစားပေးရတော့မှာပါ..။
ဂယ်ရီ လိုင်နီကာ - ကျွန်တော်ကတော့ အချိန်ပိုမိနစ် (၃၀) ကို လုံးဝသဘောမကျပါဘူး..။ အချိန်ပိုမိနစ် (၃၀) ကစားတာ ဘယ်လိုတန်ဖိုးရှိလဲ.. အခုအချိန်ထိ နားမလည်မိပါဘူး..။ အချိန်ပိုရောက်သွားတဲ့အချိန်မှာ ကစားသမားတွေဟာ ပင်ပန်းနေပါပြီ..။ ဒါ့ကြောင့်ကစားပွဲရဲ့ အရည်အသွေးပိုင်း ကျဆင်းသွားသလို နှစ်သင်းစလုံးဟာ အမှားလုပ်မိမှာ စိုးရိမ်နေကြပါတယ်..။ ဒါ့အပြင် အချိန်ပိုမိနစ် (၃၀) ကန်နေပေမယ့် လူတိုင်းက ပင်နယ်တီ တစ်ဘက်ငါးလုံးစီ ကန်သွင်းမယ့်အချိန်ကို စောင့်နေကြတာပါပဲ..။ အဲဒါကပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်လေဗျာ.. ကဲပါ… ထားလိုက်ပါ…။ လုပ်ပါဦး.. ချူကွီမီးကား ရဲ့ အဆုံးအဖြတ် အနိုင်ဂိုးလေး..

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အဲဒီသွင်းဂိုးမှာ ကိုးလ် ပါးမား ရဲ့ နောက်ပေါက်လေးနဲ့ ပါးပါးနပ်နပ် ပြန်ချပေးပြီး ဖန်တီးပေးလိုက်တာဟာ သိပ်ကိုလှပလွန်းပါတယ်..။ အဲဒီဂိုးရဖို့ တိုက်စစ်ကို အစပြုခဲ့သူကလည်း ‘ကာနေး’ ပါပဲ..။ သူဟာဘယ်ထောင့်ကနေ ဂိုးဧရိယာထဲထိ ရောက်အောင် ဘောလုံးကိုသယ်ယူလာခဲ့တယ်..၊ ပြီးတော့ နောက်တန်းလူတွေကြားက နေရာလွတ်မှာရှိနေတဲ့ ကိုးလ် ပါးမား နဲ့ ဝမ်းတူးရိုက်ပြီး သပ်သပ်ရပ်ရပ် ကန်သွင်းယူသွားခဲ့ပါတယ်..။

ပါးမား နဲ့ ကာနေး တို့နှစ်ယောက်ဟာ အင်မတန်မှ ပါးနပ်ပြီး နည်းစနစ်ပိုင်း ထူးချွန်တဲ့ လူငယ်ကစားသမားလေးတွေ ဖြစ်ကြပါတယ်..။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အရမ်းကိုကောင်းမွန်တယ်ဗျ..။ ပရိသတ်တွေကတော့ ဒီလိုအဆင့်အတန်းမြင့်တဲ့ သွင်းဂိုးတွေကို မြင်တွေ့ချင်တာပေါ့ဗျာ…။ လက်စ်တာ နောက်ခံလူတွေဆိုရင် ဘာလုပ်သွားလိုက်မှန်းတောင် သိလိုက်မှာမဟုတ်ဘူး..။ မတ်တပ်ကြီးတွေရပ်နေရင်း ကြက်သေသေပြီး ကျန်နေခဲ့တာပါ..။



ဂယ်ရီ လိုင်နီကာ - ဂျင်မီ ရေ… ကိုးလ် ပါးမား ရဲ့ အကောင်းဆုံးနေရာက ဘယ်နေရာလို့ ခင်ဗျားထင်လဲ..?    
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ကွင်းထဲမှာရှိနေရင်ကို ရပါပြီ..။ ဘယ်နေရာမှာဖြစ်ဖြစ် ကောင်းနေတာပါပဲ..။ သူ့ရဲ့ဘောလုံး IQ မြင့်မားတယ်..၊ ပွဲရဲ့အခြေအနေ.. ကစားသမားတွေရဲ့ ရွှေ့လျားမှုအားလုံးကို ပုံဖော်ပေးနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။ ဒါ့အပြင်ကစားပွဲအပေါ် အာရုံစူးစိုက်မှုအပြည့်နဲ့ စိတ်နှစ်ပြီးကစားတယ်..၊ တာဝန်ယူရမှာကို တွန့်ဆုတ်တဲ့သူလည်း မဟုတ်ပါဘူး..။ သူ့အနေနဲ့ နောက်ထပ်တစ်ဆင့်မြင့်တဲ့ ထိပ်တန်းကစားသမားအဆင့်ကို တက်လှမ်းနိုင်ဖို့ အသင့်ရှိနေပါပြီ..။
    
ပထမပိုင်းပြီးခါနီးမှာ သွင်းယူပေးခဲ့တဲ့ဂိုးမှာဆိုရင် ရာဟင်း စတာလင်း က ဘယ်တောင်ပံကနေ ဂိုးဧရိယာထဲ ချိုးဝင်လာချိန်မှာ ပါးမား ဟာ ညာတောင်ပံမှာပဲ ရှိနေပါသေးတယ်..။ စတာလင်း ဆွဲဝင်လာတာကို မြင်လိုက်တာနဲ့ သူဟာဘယ်နောက်ခံလူ ကာလန် ဒွိုင်း ထက်အရင်ဦးအောင် ရောက်ရှိရမယ်ဆိုတာ ချက်ချင်းသိလိုက်ပါတယ်..။ စတာလင်း ဘောလုံးပေးလိုက်တဲ့အချိန်မှာ ချိန်သားကိုက် ရောက်ရှိလာပြီး အမှားအယွင်းမရှိ အနီးကပ်ပိတ်သွင်းယူ ပေးခဲ့ပါတယ်..။ သူဟာပွဲရဲ့အခြေအနေတိုင်းကို သိရှိနားလည်နေတဲ့ အင်မတန်မှ ပါးနပ်တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။

သူနဲ့ပတ်သက်ပြီး စိတ်ဝင်စားမိတဲ့ တစ်ချက်ကို ပြောပြဦးမယ်ဗျ..။ မစ်ဒယ်လ်ဘရော့ အသင်းနဲ့ယှဉ်ပြိုင်ရတဲ့ Carabao ဖလားပြိုင်ပွဲ၊ အဝေးကွင်းပွဲစဉ်မှာ သူ့ရဲ့ခြေစွမ်း အတော်လေးကို ဆိုးရွားခဲ့တယ်..၊ တကယ့်ကို လွယ်ကူလှတဲ့ အခွင့်အရေးတွေကို လွဲချော်ခဲ့တယ်ဗျာ..။ အမှန်တော့ အဲဒါမျိုးကို ကစားသမားတိုင်း ကြုံရတတ်ပါတယ်..။

ဒါပေမယ့် အဲဒီပွဲအပြီး နောက်တစ်ပါတ် ကန်ရတဲ့ပွဲမှာ ခြေစွမ်းမကျဆင်းသွားခဲ့ပါဘူး..။ ပုံမှန်ခြေစွမ်းနဲ့ သွင်းဂိုးပါ အရယူပေးနိုင်ခဲ့ပါတယ်..။ ပြောချင်တာက သူ့ရဲ့ခံယူချက်နဲ့ အခြေအနေတွေအပေါ် မတုန်မလှုပ် ရင်ဆိုင်နိုင်တဲ့ စိတ်ဓါတ်ဟာ သိပ်ကိုချီးကျူးဖို့ ကောင်းပါတယ်..။ (ဒီယွန် ဒပ်ဘလင် - ဒါတောင်မှ အသက် (၂၁) နှစ်ပဲ ရှိပါသေးတယ်နော်..)



ပိုချက်တီနို ဟာ သူ့ကိုဘယ်တောင်ပံ၊ No.10..၊ False 9..၊ ညာတောင်ပံ.. နေရာစုံမှာ ကစားခဲ့ပါတယ်..။ တိုက်စစ်မှူးနေရာပါ ပါလိုက်သေးတယ်..။ နည်းပြဟာ သူ့ရဲ့ကစားပွဲအပေါ် နားလည်နိုင်စွမ်းကို အပြည့်အဝ ယုံကြည်တဲ့သဘော ဖြစ်ပါတယ်..။

ဂယ်ရီ လိုင်နီကာ - နိုနီ မာဒူအီကေး ရဲ့ အပိတ်ဂိုးကလည်း ထူးရှယ်ဂိုးပါပဲဗျာ…
ဒီယွန် ဒပ်ဘလင် - အမှန်ကသူကပွဲပြီးဖို့ စောင့်နေတာ…။ ဒါပေမယ့် သူ့ဆီကို ဘောလုံးရောက်လာတဲ့အချိန် ဆွဲပြေးရမယ့် နေရာလွတ်ကိုလည်း မြင်လိုက်ရော.. သူဟာအသက်ဝင်လာခဲ့ပါတယ်..။ သူ့ရဲ့ခွန်အား၊ တိုးအား၊ လျှင်မြန်မှုတွေကို ဘောလုံးကျွမ်းကျင်မှုနဲ့အတူ ပေါင်းစပ်နိုင်ခဲ့သလို အဆုံးသတ်ကန်သွင်းချက် လှပခဲ့ပါတယ်..။ အဲ.. နောက်ခံလူနဲ့ထိပြီး လမ်းကြောင်းပြောင်းသလို ဖြစ်သွားတော့ ပိုပြီးတော့တောင် လှပသွားခဲ့တာပေါ့ဗျာ..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဘောလုံးကို ဆွဲယူလာကတည်းက ကန်သွင်းခွင့်ရအောင် ဖန်တီးပြီး ဂိုးကန်သွင်းမယ်.. ဆိုတဲ့စိတ် တစ်ခုထဲ ရှိခဲ့တာပါ..။ ဆုံးဖြတ်ချက် ခိုင်မာတဲ့သဘောပေါ့..။ ကန်သွင်းချက်ကလည်း ကောင်းပါတယ်..။ လူထိပြီးလမ်းကြောင်းပြောင်းသွားတာကြောင့် ဂိုးသမားအပေါ် ကျော်ပြီးကန်သွင်းလိုက်သလို ဖြစ်သွားပါတယ်..။ ကံတရားကပါ သူ့ဘက်မှာ ရှိနေခဲ့ပါတယ်..။ ဒါပေမယ့် လှပတဲ့သွင်းဂိုးတစ်ဂိုးဆိုတာ ငြင်းစရာ မရှိပါဘူး..။

ဂယ်ရီ လိုင်နီကာ - ဟုတ်ကဲ့ပါ.. ဒီနေ့ပွဲမှာ ရာဟင်း စတာလင်း ဘာဖြစ်သွားခဲ့တာလဲဗျ..? စိတ်ဝင်စားစရာပါပဲ..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ရာဟင်း စတာလင်း အတွက် ဒီနေ့ဟာ အင်မတန်မှကို အခက်အခဲကြုံခဲ့ရတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် သူဟာအလွယ်တကူ အလျော့ပေးမယ့်သူမျိုး မဟုတ်ပါဘူး..။ အခုလိုအဝေဖန်ခံရမှုတွေ၊ အခက်အခဲတွေကို အကောင်းဆုံး တုံ့ပြန်၊ တိုက်ပွဲဝင်မယ့်သူ ဖြစ်ပါတယ်..။ ပင်နယ်တီ လွဲချော်ခဲ့ပြီးတဲ့နောက်ပိုင်း သူ့ကိုယ်သူ ပြန်ပြီးမြှင့်တင်နိုင်အောင်၊ ယုံကြည်မှုတွေ ပိုပြီးရရှိလာအောင် အစွမ်းကုန် ကြိုးစားခဲ့တာ တွေ့မိတယ်ဗျ..။ ဒါ့အပြင် ပါးမား ရဲ့ ဒုတိယဂိုးအတွက် လှပတဲ့ဖြတ်တင်ဘောတစ်ကြိမ် ပေးပို့နိုင်ခဲ့ပါသေးတယ်..။ သူဟာအသင်းအတွက် အကောင်းဆုံး ကြိုးစားပေးချင်စိတ် ပြင်းပြနေတာကို တွေ့ခဲ့ရပါတယ်..။



ဒီယွန် ဒပ်ဘလင် - ဒီနေ့ပွဲက သူ့ရဲ့အပြုအမူတွေဟာ ချယ်လ်ဆီးပရိသတ်တွေ မပြောပါနဲ့.. သာမာန်ပွဲကြည့်နေတဲ့ ပရိသတ်တွေအတွက်ပါ စိတ်ပျက်စရာပါပဲ..။ ဒါပေမယ့် သူဟာအသင်းအတွက် တာဝန်ယူပေးရဖို့ တွန့်ဆုတ်နေတဲ့သူမျိုး မဟုတ်တာ သေချာပါတယ်..။
ဂယ်ရီ လိုင်နီကာ - ပါးမား ဆီကနေ အတင်းလုပြီး ပင်နယ်တီကန်တဲ့ တာဝန်ယူမှုမျိုးကို ပြောချင်တာလားဗျ..
ဒီယွန် ဒပ်ဘလင် - ဟုတ်ပါ့ဗျာ.. ပင်နယ်တီကန်ချက်က အတော့်ကို ဆိုးရွားပါတယ်..
ဂယ်ရီ လိုင်နီကာ - အချက်အလက်တွေအရ နောက်ဆုံးကန်ခဲ့တဲ့ ပင်နယ်တီ (၇) ကြိမ်မှာ (၅) ကြိမ် လွဲချော်ခဲ့ပါတယ်..။

ဒီယွန် ဒပ်ဘလင် - အဲဒါကျ သူ့ရဲ့ယုံကြည်မှုပိုင်းနဲ့ ပိုပြီးဆိုင်သွားမလား မပြောတတ်ဘူးဗျ..။ သူ့ရဲ့ကန်ချက် အများစုကို ဂိုးပေါက်တည့်အောင်ပဲ ဦးစားပေးကန်သွင်းနေတာ တွေ့မိပါတယ်…။ လိုတာထက်ပိုပြီး ကိုယ့်ကိုယ်ကို စိတ်ချရအောင် လုပ်နေတဲ့ပုံစံ ဖြစ်နေတာပေါ့..။



ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ကျွန်တော်ကတော့ ပွဲချိန် (၄၄) မိနစ်မှာ မွိုက်စ် ကိုင်ဆီဒို ရဲ့ ဖန်တီးပေးမှုကတဆင့် လွတ်လွတ်ကျွတ်ကျွတ်ကြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ လုံးဝကို ဂိုးပေါက်လွဲခဲ့တဲ့ကန်ချက်မှာ သူ့ကိုပိုပြီးစိုးရိမ်မိပါတယ်..။ အေးအေးဆေးဆေး စိတ်ကြိုက်ကန်သွင်းဖို့ အချိန်အများကြီးရခဲ့တာ ဖြစ်တာကြောင့် အနည်းဆုံးတော့ ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခဲ့သင့်ပါတယ်..။ အရမ်းကြီးခက်ခက်ခဲခဲ ကန်သွင်းရတာလည်း မဟုတ်ပါဘူး.. (ဒီယွန် ဒပ်ဘလင် - အေးဗျ.. ဂိုးသမားက လှဲတောင်ချပြီးနေပြီ..)

ကာလန် ဒွိုင်းလ် အထုတ်ခံရတဲ့ အနီကတ်ဒ်ကြောင့်ရခဲ့တဲ့ ပြစ်ဒဏ်ဘောနဲ့ သိက္ခာပြန်ဆည်မယ်ဆိုမှ ပွဲကြည့်စင်ပေါ်အထိ ကန်ပစ်လိုက်ပြန်ပါတယ်..။ အရင်တုန်းက ကျွန်တော်လည်း အဲဒီလိုဆိုးဆိုးရွားရွား ခြေပျက်ခဲ့တဲ့ပွဲတွေ ရှိခဲ့ဖူးပါတယ်..။ ဂိုးဝင်အောင် ဘယ်လိုမှကို ကန်သွင်းလို့ မရခဲ့တဲ့နေ့တွေ ရှိခဲ့ဖူးပါတယ်..။

ဂယ်ရီ လိုင်နီကာ - ဒါပေမယ့် ရာဟင်း က ကြောက်ရွံ့ ၊ နောက်တွန့်သွားမယ့်သူတော့ မဟုတ်ဘူးဗျ..။
ဒီယွန် ဒပ်ဘလင် - အဲဒီအချက်ဟာ အရေးကြီးပါတယ်..။ သူဟာတကယ့်ထိပ်တန်း ကစားသမား တစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြသပြီး ဖြစ်ပါတယ်..။ ဒါ့ကြောင့်တစ်ချို့နေ့တွေ၊ ကံမကောင်းတဲ့နေ့တွေမှာ အပိုင်အခွင့်အရေးတွေ လွဲတယ်ပေါ့ဗျာ..။ ဒါပဲပေါ့.. မဟုတ်ဘူးလား..?
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - မှန်ပါတယ်..၊ သူဟာခံယူချက်၊ စိတ်ဓါတ်ပိုင်း ကောင်းမွန်တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။



ဂယ်ရီ လိုင်နီကာ - တကယ်လို့ FA ဖလားကိုသာ ဆွတ်ခူးနိုင်မယ့်ဆိုရင် ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ကြီးမားတဲ့အောင်မြင်မှု၊ တကယ့်ကို ယုံကြည်မှုခွန်အား ရရှိစေမယ့် ဆုဖလား ဖြစ်လာပါလိမ့်မယ်..။ အခုဘောလုံးရာသီတင် မဟုတ်ပါဘူး..၊ အခုနှစ်ပိုင်းတွေဟာ ချယ်လ်ဆီးအသင်းအတွက် ခက်ခဲတဲ့ကာလတွေ ဖြစ်ပါတယ်..။

ဒါပေမယ့် သူတို့ဟာ အကြိုဗိုလ်လုပွဲအတွက် ဝင်ဘလေကွင်းကို နောက်ထပ်တစ်ကြိမ် သွားရောက်ရပါဦးမယ်..။ အကြိုဗိုလ်လုပွဲအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် အရင်လက Carabao ဖလားပွဲကလိုပဲ.. ပြည်တွင်းဖလား ဗိုလ်လုပွဲကို နောက်ထပ်တစ်ကြိမ် တက်ရောက်နိုင်ပါဦးမယ်..။ ဂျင်မီ ရေ… ခင်ဗျားတို့အသင်းရဲ့ လက်ရှိအနေအထားကို အကြမ်းဖျင်း သုံးသပ်ကြည့်မယ်ဆိုရင် ဆုဖလားရရှိနိုင်တဲ့ အဆင့်အတန်း ရှိမနေသေးပါဘူး..။ အသင်းဟာ သိပ်ကိုငယ်ရွယ်လွန်းပြီး အတွေ့အကြုံ၊ မာကျော ကျစ်လျစ်မှုတွေ လိုအပ်နေပါသေးတယ်..။

ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - မှန်ပါတယ်..။ လက်ရှိအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးလေးသင်းအဆင့်နဲ့ အဝေးကြီးမှာပါ..။ ဒါပေမယ့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် သူတို့ခြေတွေ့တဲ့နေ့မျိုးနဲ့ ကြုံခဲ့လို့က အနိုင်ရသွားနိုင်တာပါပဲ..။ မဟုတ်ဘူးလား..? ဒါဆိုရင် ဥရောပပြိုင်ပွဲဝင်ခွင့် ရပြီပေါ့ဗျာ..၊ ဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲ..။