feature-image

ပိုချက်တီနို ရဲ့ အဆုံးအဖြတ်ကာလ နဲ့ ချယ်လ်ဆီးမန်နေဂျာသစ် ရှာပုံတော်..

လက်ရှိအချိန်တွင် ရလဒ်များ မတည်မငြိမ် ဖြစ်နေသည့် ချယ်လ်ဆီးအသင်းမှာ FA ဖလားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိဖို့နှင့် ရာသီကုန်ချိန်တွင် ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိနိုင်ဖို့ကို အာရုံစိုက်၊ ပစ်မှတ်ထားလျှက်ရှိပါသည်..။ အသင်းပိုင်ရှင်နှင့် ဘုတ်အဖွဲ့ဝင်များအနေဖြင့် လက်ရှိအသင်းနည်းပြ မော်ရစ္စစီယို ပိုချက်တီနို နှင့် ဆက်လက် လက်တွဲရန် ဆန္ဒရှိနေသော်လည်း အသင်း၏ရေရှည်အနာဂတ်တွင် ဆက်လက်လက်တွဲမှု ပြုမည်၊ မပြုမည်ကို လာမည့်နွေရာသီကာလတွင် ပြန်လည်သုံးသပ်၊ ဆန်းစစ်ရန် ရှိနေပါသည်..။

မော်ရစ္စစီယို ပိုချက်တီနို အတွက် အဆုံးအဖြတ်ကာလ

တနင်္လာနေ့တွင် နယူးကာဆယ် ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ် ပွဲစဉ်နှင့် မတ်လ (၁၇) ရက်နေ့၊ တနင်္ဂနွေနေ့တွင် လက်စ်တာ စီးတီးအသင်း FA ဖလား၊ ကွာတားဖိုင်နယ် ပွဲစဉ်များမှာ နည်းပြပိုချက်တီနို ၏ ရေတိုအနာဂတ်ကို အဆုံးအဖြတ် ပေးသွားနိုင်မည် မဟုတ်သော်လည်း ယခုရက်သတ္တပါတ်ကာလမှာ ချယ်လ်ဆီးအသင်း၏ ၂၀၂၃/၂၄ ဘောလုံးရာသီအတွက် အရေးကြီးသည့်ကာလတစ်ခု ဖြစ်လာမှာ သေချာလှပေသည်..။ FA ဖလားပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ခြင်းသည် အ‌ဝေဖန်ခံနေရသည့် အသင်းသားများအတွက် စိတ်အားတက်ကြွစေမည့် အားဆေးဖြစ်သလို နယူးကာဆယ် အသင်းကို အနိုင်ရရှိခဲ့ပါက ချယ်လ်ဆီးအသင်းမှာ ထိပ်ဆုံး (၆) သင်း (top six) ဝင်နိုင်မည့် အခွင့်အရေးကို လက်လှမ်းမှီနိုင်ဆဲ ဖြစ်ပေမည်..။

ချယ်လ်ဆီးအသင်းမှာ မော်ရစ္စစီယို ပိုချက်တီနို အား ဆက်လက်ထောက်ခံနေဆဲ ဖြစ်သလို အခြားတစ်ဘက်ကလည်း အာဂျင်တီနားနည်းပြကြီးနှင့် လမ်းခွဲခဲ့ပါက သူ၏အရိုက်အရာကို ဆက်ခံမည့်သူကို ရွေးချယ်မည့် အစီအစဉ်ကိုလည်း စဉ်းစားထားပြီးဖြစ်သည်..။ ထိုသို့အရိုက်အရာ ဆက်ဆံမည့်သူကို အမြန်ဆုံးအစားထိုးနိုင်ခြင်းဖြင့် နည်းပြနှစ်ဦးကြားကာလ ကွာခြားချက်ကို လျော့ချနိုင်မည်ဟုလည်း ယုံကြည်ထားပါသည်..။



လာမည့်ဘောလုံးရာသီတွင် ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိအောင် တစ်နည်းနည်းဖြင့် စွမ်းဆောင်ပေးနိုင်ခြင်းသည် အသင်းအတွက် အရှိန်အဝါအရရော၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အရပါ အရေးကြီးသည့်အချက်ဖြစ်မှန်း နည်းပြပိုချက်တီနို ကလည်း သိရှိပြီးဖြစ်ပါသည်..။ အထူးသဖြင့် ဗစ်တာ အိုဆင်ဟမ် ကဲ့သို့ ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူနိုင်ရန်အတွက် ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိခြင်းမှာ အရေးပါသည့် ဆွဲဆောင်မှုတစ်ခုဖြစ်မှန်း အသင်းပိုင်ရှင်များကလည်း သိရှိထားပါသည်..။

ချယ်လ်ဆီးအသင်းနည်းပြသစ် ဖြစ်လာနိုင်မည့် ထိပ်တန်းနည်းပြများ…

ပိုချက်တီနို အား ရော်ဘတ်တို ဒီ ဇာဘီ၊ ရူဘင် အေမိုရင် တို့ဖြင့် အစားထိုးရန် စဉ်းစားနေသည်ဟူသည့် သတင်းမှာ ယခုအချိန်အထိ မှန်ကန်မှုမရှိပေ..။ ချယ်လ်ဆီးအသင်းမှာ အဆိုပါနည်းပြနှစ်ဦးအပေါ် လေးစားမှုအပြည့် ရှိနေသော်လည်း သူတို့နှစ်ဦးစလုံးမှာ လက်ရှိအချိန်ထိ အသင်း၏အဓိက ဦးစားပေးပစ်မှတ် မဟုတ်သေးကြောင်း သိရပါသည်..။

ချယ်လ်ဆီးအသင်းမှာ ဂရေဟမ် ပေါ်တာ အား နည်းပြသစ်အဖြစ် မရွေးချယ်ခင်က ပေါ်တူဂီလိဂ် ပြိုင်ပွဲဝင် စပိုးတင်း လစ္စဘွန်းအသင်းနည်းပြ အေမိုရင် အား စဉ်းစားခဲ့ပြီး လာမည့်နွေရာသီတွင် ထပ်မံစိတ်ဝင်စားလာဖွယ် ရှိနိုင်ပါသည်..။ ရော်ဘတ်တို ဒီ ဇာဘီ မှာ လီဗာပူးလ်အသင်း အပါအဝင် နည်းပြလစ်လပ်နိုင်မည့် အသင်းများစွာနှင့် သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်..။ သို့သော်ချယ်လ်ဆီးအသင်းမှာ မကြာသေးခင်ကပဲ ဘရိုက်တန်အသင်းမှ ကင်းထောက်ချုပ် (head of recruitment) ဆမ် ဂျူဝယ်လ် အား ထပ်မံခေါ်ယူခဲ့ပြီး ဖြစ်သောကြောင့် ယခင်အသင်းဟောင်းမှ ဝန်ထမ်းများ၊ ကစားသမားများ အများအပြား ရှိနေခြင်းက သူ့အတွက် အလုပ်လုပ်ရပိုမိုလွယ်ကူနိုင်မည့် အလားအလာတစ်ခု ရှိနေပါသည်..။



အကယ်၍ မန်နေဂျာအပြောင်းအလဲ မဖြစ်မနေ ပြုလုပ်ရမည်ဆိုပါက ချယ်လ်ဆီးအသင်းမှာ ဟန်ဆီ ဖလစ်ခ်၊ ဂျူလန် လိုပက်တီဂူ နှင့် အသက် (၄၆) နှစ်အရွယ်ရှိ အင်္ဂလိပ်နည်းပြ အက်ဒီ ဟောင်းဝ် (နယူးကာဆယ် အသင်းနှင့် လမ်းခွဲခဲ့ပါက) တို့ကို ဦးစားပေး စဉ်းစားဖွယ်ရာ ရှိနေသလို ရော်ဘတ်တို ဒီ ဇာဘီ ကလည်း သူ၏အနာဂတ်အသင်းကို ရွေးချယ်ရာတွင် ချယ်လ်ဆီးအသင်းမှာ ဦးစားပေး ဖြစ်နိုင်ဖွယ်မရှိပေ..။

၂၀၂၃/၂၄ ရာသီအတွက် နည်းပြသစ်ရွေးချယ်ခဲ့ရာတွင် ဂျာမန်နည်းပြ ဂျူလီယန် နာဂယ်စ်မန်း မှာ ဆန်ကာတင် နည်းပြစာရင်းတွင် ပါဝင်ခဲ့သော်လည်း အင်တာဗျူး ဆွေးနွေးမှုများတွင် သူ၏ဖြေကြားချက်များမှာ လက်ရှိချယ်လ်ဆီးအသင်း လျှောက်လှမ်းလိုသည့် လမ်းကြောင့်နှင့် ကိုက်ညီမှုမရှိခဲ့သောကြောင့် အသင်းဘက်က သဘောမကျခဲ့ပေ..။ လက်ရှိဂျာမနီ လက်ရွေးစင်အသင်းနည်းပြ နာဂယ်စ်မန်း မှာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် နိုင်ငံအသင်း နည်းပြရာထူးကို စွန့်လွှတ်ဖွယ် ရှိနေသော်လည်း ချယ်လ်ဆီးအသင်းက သူ့အားဦးစားပေး နည်းပြအဖြစ် ပြန်လည်ရွေးချယ်မည်ဆိုပါက အံ့အားသင့်စရာ ဖြစ်နေပေလိမ့်မည်..။

ချယ်လ်ဆီးအသင်း နည်းပြဟောင်း သောမတ်စ် တူခယ်လ် မှာ လာမည့်နွေရာသီတွင် အသင်းလက်မဲ့ နည်းပြတစ်ဦး ဖြစ်လာပါမည်..။ အပြာရောင်ပရိသတ်များက အသင်းအတွက် ချန်ပီယံလိဂ်ဖလားနှင့် ကမ္ဘာ့ကလပ် ချန်ပီယံဖလား ဆွတ်ခူးပေးခဲ့သည့် ယခင်နည်းပြဟောင်းအား ပြန်လည်ခေါ်ယူစေလိုသည့်ဆန္ဒ ရှိနေသော်လည်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက အသင်းနှင့်လမ်းခွဲရသည့် အဓိကအကြောင်းရင်းမှာ အသင်းပိုင်ရှင်များနှင့် အနာဂတ်လမ်းကြောင်းအပေါ်တွင် သဘောထားအမြင် မတိုက်ဆိုင်ခြင်း၊ ပုဂ္ဂိုလ်ရေးအရ ရေရှည်လက်တွဲရန် မဖြစ်နိုင်တော့ခြင်းတို့ ဖြစ်နေခဲ့သည်..။

ထို့ကြောင့်နည်းပြဟောင်း တူခယ်လ် အား ပြန်လည်ခေါ်ယူမည်ဆိုပါက အသင်းတွင် အရေးပါသည့် ဆုံးဖြတ်ချက်များကို ချမှတ်နေသည့် အသင်းပိုင်ရှင် ဘာဒက် အက်ဂ်ဘာလေ ဘက်က စိတ်ပြောင်းလဲပေးဖို့ လိုအပ်မည်ဖြစ်သလို အသင်း၏အနာဂတ်လမ်းကြောင်း စီမံချက်ကို တူခယ်လ် ၏ နည်းစနစ် အယူအဆများနှင့် ကိုက်ညီနိုင်ရန် အပြောင်းအလဲများ ပြုလုပ်ပေးရဖွယ် ရှိနေသည်..။ လက်ရှိအချိန်တွင် ထိုသို့ဖြစ်နိုင်ရန် မလွယ်ကူနိုင်ပေ..။

ဘရန့်တ်ဖို့ဒ် အသင်းနှင့်ပွဲက ချယ်လ်ဆီးပရိသတ်များ တောင်းဆိုခဲ့သည့် ပေါ်တူဂီနည်းပြဟောင်း ဟိုဆေး မော်ရင်ဟို အား ပြန်လည်ခန့်အပ်ပေးခဲ့ပါက အသင်းပရိသတ်များ၏ စိတ်နှလုံးကို ပြန်လည်သိမ်းကြုံး ရယူနိုင်စွမ်း ရှိလာမည် ဖြစ်သော်လည်း ပေါ်တူဂီနည်းပြကြီး ‘စပယ်ရှယ်ဝမ်း’ အား ပြန်လည်ခန့်အပ်ခြင်းမှာ ရေရှည်တွင် အခက်အခဲတွေ့ဖို့သာ ပိုများလိမ့်မည်ဟု အသင်းဘုတ်အဖွဲ့ဝင် အများစုက ရှုမြင်ထားကြသည်..။



မန်နေဂျာအသစ် သတင်းများ လှုပ်ခပ်လာမှုဟာ ပိုချက်တီနို အတွက် အခက်အခဲ ဖြစ်စေနိုင်သလား..?

လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းနည်းပြသစ် ရာထူးကို ဆက်ခံနိုင်မည့် နည်းပြများနှင့် ပတ်သက်သည့် သတင်းများ၊ ထင်ကြေးများ အဆက်မပြတ် ထွက်ပေါ်နေခြင်းမှာ လက်ရှိနည်းပြ မော်ရစ္စစီယို ပိုချက်တီနို အပေါ် လေးစားမှုမရှိသည့်သဘော သက်ရောက်နိုင်သလို သူ့အတွက်လည်း အခက်အခဲရှိစေမှာ အမှန်ပဲဖြစ်ပါသည်..။ ထို့အပြင် လက်ရှိချယ်လ်ဆီးအသင်း၏ မတည်ငြိမ်သည့်ခြေစွမ်း၊ အမှတ်ပေးဇယား ရပ်တည်မှုတို့မှာ သူ့အတွက် လက်တလောတွင် အန္တရာယ်ရှိနိုင်သည်ကိုလည်း နားလည်ထားပြီးဖြစ်သည်ကို သတင်းစာ ရှင်းလင်းပွဲ ပြောကြားချက်များအရ သိရှိနိုင်ပေသည်..။

အကယ်၍ ယခင်အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် လက်ထက်တွင်သာဆိုပါက လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်း၌ ဆက်လက်ရှိနေတော့မည် မဟုတ်ကြောင်းကို နည်းပြပိုချက်တီနို က လက်ခံထားပြီး ဖြစ်ပါသည်..။ သို့သော်လက်ရှိအချိန်တွင် နယူးကာဆယ်၊ လက်စ်တာ အသင်းတို့အပေါ် အနိုင်ပွဲရလဒ်များဖြင့် ချယ်လ်ဆီးအသင်းနှင့် ထိုက်တန်သည့် မန်နေဂျာတစ်ယောက်ဖြစ်ကြောင်း သက်သေထူပေးနိုင်မည့် အခွင့်အရေး ရှိနေပါသေးသည်..။

နည်းပြပိုချက်တီနို အတွက်ကတော့ ချယ်လ်ဆီးပရိသတ်များ၏ ဆန့်ကျင်မှုများကို တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွား ရရှိလာသည့်အချက်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်..။ ယခင်နည်းပြ ဂရေဟမ် ပေါ်တာ မှာ ပရိသတ်များ၏ ဆန့်ကျင်မှုများကို ရုန်းမထွက်နိုင်ပဲ နောက်ဆုံးတွင် သူ၏ရာထူးဖြင့် ပေးဆပ်ခဲ့ရသည်..။ စဉ်းစားစရာ ရှိသည့်အချက်က ‘ချယ်လ်ဆီးအသင်း၏ အနာဂတ်စီမံချက်’ ဖြစ်ပါသည်..။ အသင်းပိုင်ရှင်များ မျှော်မှန်းထားသည့် အနာဂတ်စီမံချက်သစ်မှာ ‘တည်ငြိမ်မှု (stability)’ အပေါ်တွင် မူတည်နေသောကြောင့် အသင်းပိုင်ရှင်များအနေဖြင့် ပိုချက်တီနို အား တတ်နိုင်သမျှ အချိန်ပေးလိုသည့်ဆန္ဒ ရှိနေပေသည်..။



သို့သော် ‘ဘောလုံးအသင်း.’ ဆိုသည်မှာ ရလဒ်အပေါ်တွင် မူတည်နေသည့် လုပ်ငန်းတစ်ခု ဖြစ်သောကြောင့် လက်ရှိအသင်းမှာ ဒဏ်ရာပြဿနာနှင့် လူငယ်ကစားသမားများပြားနေသည် ဆိုသည့် အချက်များ ရှိနေသော်ငြား အမှတ်ပေးဇယား ရပ်တည်မှု အဆင့် (၁၁) နှင့် ဥရောပပြိုင်ပွဲဝင်ခွင့် လွဲချော်ခြင်းတို့မှာ သူ့အတွက် လုံလောက်သည့် စွမ်ဆောင်ရည်၊ အသင်းဘက်က လက်ခံပေးနိုင်မည့် စွမ်းဆောင်ရည် မဟုတ်မှန်းကို နည်းပြပိုချက်တီနို ကလည်း သိရှိပြီးဖြစ်သည်..။

ထို့ကြောင့်အာဂျင်တီးနား နည်းပြကြီးမှာ ယခုမတ်လအတွင်း ရင်ဆိုင်၊ ဖြတ်သန်းရမည့် ပွဲကျပ်ကာလကို အကောင်းဆုံး ဖြတ်သန်းနိုင်မည်ဆိုပါက ဝေဖန်သူများ၏ နှုတ်ဆိပ်သွားစေမည် ဖြစ်သလို သူ၏အစွမ်းအစကိုလည်း သက်သေပြနိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်နိုင်သည်ကိုလည်း သိရှိထားပါသည်..။ ထို့အပြင် အသင်းပိုင်ရှင်များဘက်ကလည်း မော်ရစ္စစီယို ပိုချက်တီနို အား ရာသီကုန်ချိန်တွင် ပြန်လည်ဆန်းစစ်နိုင်ရန်အတွက် အချိန်အတိုင်းအတာတစ်ခု ဆွဲဆန့်ထားနိုင်ခွင့် ရနိုင်ဦးမည်လား..? သို့မဟုတ် အဆိုပါဆုံးဖြတ်ချက်ကို ရှေ့ကိုတိုးပြီး ဆုံးဖြတ်ရတော့မည်လား..? ဆိုသည့်အဆုံးအဖြတ်ကို ယခုမတ်လအတွင်း ချယ်လ်ဆီးအသင်း ရင်ဆိုင်ရမည့်ပွဲစဉ် ရလဒ်များက အဆုံးအဖြတ် ပေးသွားနိုင်ပါကြောင်း တင်ဆက်လိုက်ပါသည်..။

(Give Me Sports မှ ဆောင်းပါးရှင် Ben Jacobs ၏   ‘Chelsea 'Could Look at Eddie Howe' if he Leaves Newcastle’ သတင်းဆောင်းပါးကို ပြန်ဆို၊ တင်ဆက်ပေးပါသည်..။)