feature-image

Frank lampard ( သို့မဟုတ် ) ချယ်လ်ဆီးအတွက် ဖန်ဆင်းပေးလိုက်တဲ့ ဘုရားပေးတဲ့ဆုတစ်ခု

ဖရန့်တစ်ယောက် မန်စီးတီးဂျာစီ ဝတ်ပြီး အသင်းကို ဂိုးပြန်သွင်းခဲ့တဲ့ အခိုက်အတန့်မှာ.. ခင်ဗျား မျက်ရည်ကျခဲ့သေးလား၊ ကျွန်တော်ကတော့ အဲ့ဒီအချိန်မှာ ငိုခဲ့ဖူးပါတယ်...။

ဟုတ်ပါတယ်။ ကစားသမားတွေ ဝင်လာကြတယ်၊ ထွက်သွားကြတယ်။ အဲ့ဒီအထဲကမှ ဖရန့်၊ ဒီဒီယာ နဲ့ ဂျွန်တို့ကတော့ နည်းနည်းကွဲထွက်သွားမယ်ထင်တယ်။ သူတို့ အသင်းက ထွက်ခွာသွားတဲ့ခံစားချက်က အလွန်ချစ်ကြတဲ့ မိသားစုဝင်တွေထဲက သားသုံးယောက်ကို စွန့်လွှတ်ပေးလိုက်ရတဲ့အတိုင်းပါပဲ။

ကစားသမားဘဝတွေ ရဲ့အဆုံးသတ်မှာ သူတို့သုံးယောက်စလုံး ဘဝရည်မှန်းချက်ကိုယ်စီရွက်လွှင့်နေကြတဲ့အချိန် အိမ် ဆိုတဲ့ မွေးဖွားသန့်စင်ပေးခဲ့တဲ့ မိခင်အသင်းဆီ အပြန်ခရီးအတွက် လက်မှတ် ၃ စောင် ပေးအပ်ခဲ့တယ်။ ဒီဒီယာ ဆက်ချ် နဲ့  ဖရန့် အတွက်....။ ဂျွန်အတွက်ကတော့ ဗီလာပက်ခ် မှာ အနာဂတ် သူ့ အိပ်မက် မိခင်အသင်းရဲ့ head coach ဖြစ်လာဖို့ ထုဆစ်နေတုန်းမို့ မိခင်ကြီးက ခွင့်လွှတ်ပေးထားခဲ့တယ်။
ဒီဒီယာကတော့ နိုင်ငံအရေး ကို ကိုယ်ပိုင်အရေးထက် ပိုဦးစားပေးသူပီပီ လက်မှတ်တစ်စောင်ကို စိတ်မကောင်းစွာနဲ့ ငြင်းခဲ့တယ်။



သို့သော်... အရာရာ.. ငယ်စဥ်ဘဝထဲက အောင်မြင်မှု အကြိမ်ကြိမ်ထုဆစ်ပြခဲ့ပြီး နည်းပြဘဝမှာလဲ EPL က ပေါင် သန်းပေါင်းများစွာ နဲ့ တည်ဆောက်ထားတဲ့ မန်ယူလို အသင်းကို အနိုင်ယူခဲ့သလို မိခင်အသင်းကိုလည်း သူ့ရဲ့ အစွမ်းအစက ဘာလဲဆိုတာ ထုတ်ပြခဲ့တဲ့ ချန်ပီယံရှစ်ကနေ EPL ကို တန်းတက်လုနီးနီး ဖြစ်အောင် စွမ်းဆောင် မှတ်ကျောက်တင်ပြနိုင်ခဲ့တဲ့ ဖရန့်အတွက် .... မိခင်ကြီးရဲ့ လက်ဆောင်က နည်းပြချုပ်ကြီးတစ်ယောက်အဖြစ် အိမ်ပြန်လာခွင့်.....၊
နောက်ဆုံး.... သူ့ရဲ့ ဘဝတစ်လျောက်လုံးမက်ခဲ့တဲ့ အိပ်မက်ကို ဖရန့် ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးကို ကိုင်ခွင့်ရပြီဆိုတဲ့အချိန်မှာ ဖရန့် ဘာတွေ ရည်မှန်းချက်ထားမလဲ ကျွန်တော် စဥ်းစားခဲ့ဖူးတယ်။ သူ့အရှေ့က နည်းပြအဆက်အဆက်အတွက် ရာထူးအာမခံချက်က ဆုဖလားက အသက်...။ ခင်ဗျား..ဘယ်လောက်ပဲ လှအောင် ကစားကစား၊ ဆုဖလားတွေနဲ့ ကင်းဝေးတဲ့အချိန်မှာ ကြီးမားတဲ့ဖိအားဆိုတာ မထိုးဘဲနဲ့ ပေါက်လာမယ့် ထီဆုတစ်ခုပါ။

မီဒီယာတွေက အပြစ်တွေထောက်ပြမယ်၊ ကစားသမားတွေ စိတ်ဝန်းကွဲကြမယ်၊ ပရိသတ်တွေက အုပ်ချုပ်သူတွေအပေါ် အားမလိုအားမရ ပြောဆိုလာကြမယ်၊ ခင်ဗျားဟာ.. ဘယ်လောက်ပဲ.. ကမ္ဘာ့ဖလားရလာခဲ့တဲ့ နည်းပြကြီးပဲဖြစ်ဖြစ် ဗြိတိန်မီဒီယာတွေရဲ့ ခေါင်းကြီးသတင်းမှာ ခင်ဗျား သတင်းဆိုးတွေ၊ ခင်ဗျား.. ကစားသမားတွေကို မထိန်းချုပ်နိုင်တာတွေ.. ယုတ်စွအဆုံး.. အသင်းကနေ မအောင်မြင်လို့ ထုတ်ပစ်ခံရတာနဲ့ ဥရောပ ထိပ်တန်းအသင်းတွေရဲ့ နည်းပြစာရင်းမှာ ခင်ဗျားကို နှစ်အနည်းငယ်လောက် ဖယ်ထုတ်ကျမှာပါ။




အဲ့ဒီတော့ ဖရန့် ဘာကိုရွေးချယ် ဦးစားပေးမလဲ၊ ရေတိုရလဒ်လား၊ ရေရှည်အသင်းအတွက် အောင်မြင်မှုရဖို့လား....။

ဟာဇတ်ထွက်သွား ပြီး Transfer ban မိနေတဲ့အသင်းကို လာကိုင်ဖို့ဆိုတာ တော်ယုံ စိန်ခေါ်မှုမျိူး ဘယ်ဟုတ်ပါ့မလဲ။ ဒီကြားထဲ လူးဝစ်လို ဝီလျံလို ကစားသမားတွေကို ထိန်းချုပ်မယ့်အရေး ကစားသမားအချို့ အကျဘက်ရောက်နေ ထွက်သွားတဲ့အခြေအနေတွေဟာ ဖရန့်အတွက်တော့ နူရာဝဲပါ လိုက်စွဲပေးလိုက်ရတဲ့အနေအထား။

တစ်ချို့က ဖရန့်မှာ လူငယ်တွေ ရှိတယ်လို့ ပြောတယ်၊ မနှစ်ကမှစ အူဒွိုင်းနဲ့ ချိ လောက်ကလွဲပြီး ချယ်လ်ဆီးလူငယ်တွေ အရံအသင်းမှာ နေရင်နေ၊ အငှားချရင်ချ အချိန်တွေကုန်ဆုံးခဲ့ရတာ မဟုတ်ဘူးလား။ ဆိုတော့.... ဂျီရော့လို လူးဝစ်လို ပီဒရို ဝီလျံလို ဝါရင့်တွေကို ပုံမှန် ရုပ်မပျက်အောင် သမ္ဘာနဲ့ထိန်းကန်၊ လူဝယ်ခွင့်ရရင် အားဖြည့်.. ရေတိုမှာတော့ သိပ်ရုပ်မပျက်ဘူး၊ ရှင်းရှင်းပြောရင် ရာသီအစမှာ ၄ဂိုးနဲ့လဲ ဂိုးပြတ်မရှုံးဘူး၊ အနာဂါတ်လည်း မရှိဘူးပေါ့ဗျာ။

နောက်တစ်ခု... လူငယ်တွေသုံး... အသင်းအနာဂါတ်ကို တည်ဆောက်။ ဖလားလမ်းကြောင်းတွေပေါ်ကနေ အတွေ့အကြုံနည်းပါးခြင်းကြောင့် သွေဖီကောင်း သွေဖီသွားမယ်၊ ဖရန့်လည်း အသင်းရဲ့ legend ကနေ ပွဲပြီးတိုင်း မေတ္တာပို့ခံနေရတဲ့ ဗီလိန်ကြီးဘဝ ပြောင်းချင်လည်းပြောင်းသွားမယ်။




ဖရန့်နေရာ.. ခင်ဗျားသာဆို.. ဘယ်လမ်းကြောင်းကို ရွေးမှာလည်း ရိုးရိုးသားသားဖြေကြည့်ပါ။

ဒါပေမယ့်.. ဖရန့်ဟာ.. သူအလွန်ချစ်တဲ့အသင်း  သူအလွန်လိုချင်ခဲ့တဲ့ သူ့အိပ်မက်ကို ဘေးချပြီး အသင်းကို တည်ဆောက်ခဲ့ပါတယ်။ စကားနားမထောင်တတ်တဲ့ လူးဝစ်ကို ရောင်းထုတ်၊ ပထမ ကစားသမားစာရင်းမှာ မေဆန်မောင့်၊ အေဗရာဟမ်၊ တိုမိုရီလို လူငယ်အနာဂါတ်တွေထည့်သွင်း နောက်ထပ် ရိစ်ဂျိမ်း၊ အူဒွိုင်း၊ ချိ တို့က အရံသင့်၊ သူတို့ရဲ့နောက်မှာ မက်သီဆန်၊ ဂေလ်မော့ တို့က အိပ်မက်တွေကိုယ်စီနဲ့။

EPL လို ပြိုင်ဆိုင်မှုပြင်းတဲ့ လိဂ်မှာ ဖရန့် ရဲ့ လူငယ်လေးတွေ ချယ်လ်ဆီးရဲ့ ထုတ်ကုန်စစ်စစ်တွေ။ လာမားရှား လို၊ အေဂျက် အကယ်ဒမီလို ချယ်လ်ဆီး အကယ်ဒမီက ဖရန့်အတွက် လိုရာသုံးဖို့ အဆင့်သင့်။

တကယ်တော့ ဖရန့်ဟာ သူစိုက်ပျိုးတဲ့ အပင်ကို သူ ရိတ်သိမ်းရတော့မှာပါ။

သူသာ... အသင်းရဲ့ နှလုံးသား ကစားသမားတစ်ယောက် မဖြစ်ခဲ့ရင်၊

သူသာ... ကစားသမားဘဝတုန်းက ကျားကုတ်ကျားခဲ ကြိုးစားတဲ့သူတစ်ယောက်မဟုတ်ခဲ့ရင်၊

သူသာ... မေဆန်နဲ့ တိုမိုရီလို လူငယ်လေးတွေကို မိခင်အသင်းအတွက် မပြုစုပေးခဲ့ရင်၊

သူသာ... မိခင်အသင်းကြီး အခက်တွေ့လာတဲ့အချိန် တာဝန်ရဲရဲ မယူခဲ့ရင်၊

သူသာ... ကိုယ့်တစ်ကိုယ်ရေ အောင်မြင်ဖို့အတွက် ရွေးချယ်ခဲ့ရင်၊

သူသာ... အသင်းကို တစ်သွေးတည်းတစ်သားတည်းလို မချစ်တတ်ခဲ့ရင်
ဖရန့်လမ်းပါတ်ဟာ သူ့လမ်းသူလျောက်၊ EPL အသင်းတွေမှာ နည်းပြဖို့ ကြိုးစားနေတဲ့ လူငယ်နည်းပြတစ်ဦးပဲ ဖြစ်နေကောင်းဖြစ်နေမှာပါ။

ယနေ့လို ရလဒ်သိပ်မကောင်းသေးတဲ့အချိန်မှာတောင် နည်းပြကောင်းတစ်ဦးအရည်အသွေး အပြည့်အဝရှိတယ်လို့ ပြိုင်ဘက်နည်းပြတွေ ချီးကျူးခံရတဲ့၊ သူမွေးထုတ်ပေးတဲ့ မေဆန်မောင့်လို လူငယ်တောင် ရီရဲယ်လ်အသင်းက စိတ်ဝင်စားခံလာရတဲ့၊ ကိုယ်ပိုင်ကစားဟန် အပြည့်အဝရှိတဲ့၊ နောက်ဆုံး....



ရှုံးနိပ်နေရင်တောင် အသင်းပရိသတ်က
စူပါဖရန့်လို အော်ဟစ်အားပေးခံရတဲ့ ချယ်လ်ဆီးဖြစ် နည်းပြတစ်ဦးကို ကျွန်တော်တို့ ပိုင်ဆိုင်လာခဲ့ရတာ အိပ်မက်အလား။

အောင်မြင်မှုဆိုတာ ထာဝရ မတည်မြဲတတ်သလို ကြိုးစားနေတဲ့သူတစ်ယောက်ဟာ  ရှုံးနိပ်မှုတွေထဲမှာ အမြဲတမ်းမနစ်မွန်းရပါဘူး။

ဖရန့်မှာ ချယ်လ်ဆီးအတွက် သီးသန့်ဖြစ်တည်လာရတဲ့ လက္ခဏာ အပြည့် အပြာရောင် သွေးအပြည့်။
Keep the Blue Flag Flying high ဆိုတဲ့ အပြာရောင်အလံတော်ကို မြင့်မြင့်ကိုင်ပြီး ထာဝရ ဝှေ့ယမ်းနေဖို့ ဖရန့် ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ထာဝရ ယုံကြည်ပြီးသားပါ။

#Kepa Win