ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီဟာ အင်္ဂလန်နိုင်ငံရဲ့ အအောင်မြင်ဆုံး လူငယ်အကယ်ဒမီအဖြစ် တည်ရှိနေခဲ့တာ နှစ်ပေါင်းအတော်ကြာမြင့်နေပါပြီ..။ ဒါပေမယ့် ‘ချယ်လ်ဆီးအသင်း အကယ်ဒမီ’ လို့ ပြောလိုက်တာနဲ့ ဂျွန် တယ်ရီ နောက်ပိုင်း အသင်းကြီးမှာ နေရာရခဲ့တဲ့သူ တစ်ယောက်မှ မရှိဘူး… ဆိုတဲ့ ဆိုရိုးစကားကို တန်းပြီးမြင်ယောင်မိကြတာ များပါတယ်..။ အသင်းဘက်ကလည်း အဲဒီအစွဲကြီးကို ဖျောက်ဖျက်ပစ်နိုင်အောင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြပါတယ်..။ ဒါ့ကြောင့်မနှစ်က ဘောလုံးရာသီမှာ လူငယ်အကယ်ဒမီ ကစားသမားလေးတွေဖြစ်တဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ ရူဘင် လော့ဖ်တပ်စ် ချိခ် တို့ စတင်နေရာရခဲ့ပြီး ကြိုးစားမှုရဲ့ အသီးအပွင့်တွေ၊ အပြောင်းအလဲတွေကို စတင်မြင်လာရပါပြီ..။
ဒီနှစ်ဘောလုံးရာသီမှာတော့ လူငယ်အကယ်ဒမီခြံပေါက် ကစားသမားတွေဖြစ်ကြတဲ့ တန်မီ အေဘရာဟမ်၊ မေဆန် မောင့် နဲ့ ဖီကာရို တိုမိုရီ တို့ဟာ ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ခြေစွမ်းပြ၊ နေရာရနေကြပါပြီ..။ ဒါ့အပြင် ထွန်းတောက်မယ့် ကစားသမား တစ်ယောက်အဖြစ် ရေပန်းစားနေတဲ့ နောက်ခံလူ ရီစီ ဂျိမ်းစ် ဟာ ဂရင်စ်ဘီ တောင်း အသင်းကို အနိုင်ရရှိခဲ့တဲ့ Carabao ဖလားပြိုင်ပွဲမှာ သူ့ရဲ့အသင်းကြီးအဖွင့်ဂိုး ရရှိခဲ့သလို လူငယ်ကစားသမား သုံးယောက်ဟာလည်း သူတို့ရဲ့ ပထမဆုံး အသင်းကြီးပွဲထွက်ခွင့် ရရှိခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းဟာ အသင်းကြီးနဲ့ လူငယ်အကယ်ဒမီ ကစားသမားတွေရဲ့ကြားမှာ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်..၊ ကင်းကွာခဲ့ရပြီးနောက်ပိုင်း အပြောင်းအရွှေ့ ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်နဲ့အတူ ကစားသမားဟောင်းဖြစ်သူ ဖရန့် လမ်းပတ် ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့အချိန်မှာ မြင်နေရတဲ့ပုံရိပ်၊ ရှေ့အလားအလာတွေဟာ သိသိသာသာကို ပြောင်းလဲသွားခဲ့ရပါတယ်..။ အဲဒီလို မြင်သာတဲ့ အပြောင်းအလဲတွေရဲ့ နောက်ကွယ်က အကြောင်းတရားတွေကတော့….
(၁) Set Up
======
ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ နဲ့ ပတ်သက်တဲ့အကြောင်း နီးစပ်တဲ့သူတွေကို မေးကြည့်မယ်ဆိုရင် ‘နီးလ် ဘတ်’ နဲ့ ‘ဂျင် ဖရေဇာ’ ဆိုတဲ့ နာမည်နှစ်လုံးကို အရင်ဆုံးကြားမိကြမှာ မြေကြီးလက်ခတ်မလွဲပါပဲ..။ ဘတ် ဟာ အသင်းရဲ့ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းရဲ့ တာဝန်ခံ (Head of Youth Development) ဖြစ်ပြီး ဖရေဇာ ကတော့ သူ့ရဲ့လက်ထောက် ဖြစ်ပါတယ်..။ နီးလ် ဘတ် ဟာ ချယ်လ်ဆီးအသင်းကို ၂၀၀၂ ခုနှစ်ကတည်းက ရောက်ရှိနေခဲ့ပြီး ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ၊ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်း တစ်ခုလုံးကို ဦးဆောင် မောင်းနှင်နေတဲ့သူ ဖြစ်ပါတယ်..။ အသင်းကို လက်ထောက်အကယ်ဒမီ ဒါရိုက်တာ ရာထူးနဲ့ စတင်ရောက်ရှိခဲ့တဲ့ အချိန်ကစတင်ပြီး သူဟာအကယ်ဒမီက အရည်အသွေးမြင့် လူငယ်ကစားသမားတွေ အနေနဲ့ အသင်းကြီးအဆင့်ထိ ရောက်ရှိနိုင်မယ့် လမ်းကြောင်းတစ်ခု ရှိသင့်တဲ့အကြောင်း အမြဲတမ်း တွန်းအားပေးနေခဲ့တဲ့သူ ဖြစ်ခဲ့ပါတယ်..။ အခုအချိန်မှာတော့ သူ့ရဲ့တွန်းအားနဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာမယ့် လမ်းစကို အားရ၊ ကျေနပ်နေမှာ အသေအချာပါပဲ..။
တကယ်တော့ နီးလ် ဘတ် ဟာ ကစားသမားတွေကိုသာ ပြုစုပျိုးထောင်ပေးနိုင်ရုံမကပဲ သူ့ရဲ့လက်အောက်မှာ အကယ်ဒမီ နည်းပြတွေအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဘရန်ဒန် ရောဂျားစ်၊ စတိဗ် ကလာ့ခ်၊ ပေါလ် ကလီးမန့် တို့ဟာ အခုဆိုရင် နာမည်ကျော် နည်းပြတွေအဖြစ် အဆင့်မြင့်ဘောလုံးရပ်ဝန်းမှာ ကျင်လည်နေကြပါပြီ..။ အခုလက်ရှိ သူ့ရဲ့လက်ထောက်အဖြစ် တာဝန်ယူနေတဲ့သူက ‘ ဂျင် ဖရေဇာ’ ပါ..။ တစ်ချို့ကတော့ သူဟာချယ်လ်ဆီးလူငယ် အကယ်ဒမီရဲ့ အောင်မြင်မှုရဲ့ နောက်ကွယ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပေမယ့် ထိုက်တန်တဲ့ ချီးမြှောက်၊ ဂုဏ်ပြုမှု မရရှိခဲ့ဘူးလို့ ပြောကြပါတယ်..။
ဖရေဇာ ဟာ အရည်အသွေးရှိနိုင်တဲ့ ကျောက်ရိုင်းတုံးလေးတွေကို ရှာဖွေ၊ ဖော်ထုတ်တဲ့နေရာမှာ အထူးချွန်ဆုံးလို့ ဆိုပါတယ်..။ သူဟာအင်္ဂလန်၊ ဥရောပနဲ့ ကမ္ဘာတစ်ဝန်းမှာ ကျင်းပတဲ့ နာမည်ကျော် လူငယ်ပြိုင်ပွဲတွေ..၊ နာမည်ကြီး လူငယ်သင်တန်းကျောင်းတွေ.. အပါအဝင် လိုအပ်တဲ့နေရာတိုင်း မနားတမ်း၊ လှည့်လည်သွားလာနေပြီး အကယ်ဒမီမှာ ပါဝင်နိုင်ဖို့ အလားအလာရှိနိုင်တဲ့ ကစားသမားလေးတွေကို ရှာဖွေစုဆောင်းနေပါတယ်..။ ဒါ့အပြင် သူ့ရဲ့ကင်းထောက်အဖွဲ့ (team of scouts) တွေက ရှာဖွေပေးတဲ့ ကစားသမားလေးတွေ အကယ်ဒမီကို မခေါ်ဆောင်လာမှီ အရည်အချင်းကို နောက်ဆုံးအကဲဖြတ်ရတဲ့ တာဝန်တစ်ရပ်လည်း ပါဝင်ပါတယ်..။
သူဟာကစားသမားလေးတွေအပြင် သူတို့ရဲ့မိသားစုနဲ့ပါ ရင်းနှီးအောင် ပြုလုပ်ပြီး လိုအပ်တဲ့ အခက်အခဲတွေကို အမြဲတမ်း ကူညီတတ်တဲ့သူ၊ အလုပ်ထက်ပိုပြီး စိတ်ရင်းမှန်နဲ့ အားပေးစောင့်ရှောက်တတ်သူအဖြစ် လူသိများပါတယ်..။ ဒီလိုဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့်ပဲ တကယ့်ဥရောပရဲ့ ထိပ်တန်းလူငယ်သွေးသစ်တွေဖြစ်တဲ့ အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန်၊ နေသန် အက်ကီ၊ ပက်ထရစ် ဘန်းဖို့ဒ် နဲ့ ဘီလီ ဂေးလ်မား တို့လို ကစားသမားလေးတွေကို ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီနဲ့ လက်တွဲလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်..။
(၂) Coaches
========
ချယ်လ်ဆီးအသင်းကို ရောက်ရှိလာတဲ့ လူငယ်ကစားသမားတိုင်းအတွက် မှန်ကန်တဲ့လမ်းကြောင်းအတိုင်း တိုးတက်နိုင်ဖို့ သင့်တင့်လျှောက်ပတ်တဲ့ ပတ်ဝန်းကျင်တစ်ခု ရှိရမယ်ဆိုတဲ့ အယူအဆကို နီးလ် ဘတ် က ခံယူ၊ ကျင့်သုံးပါတယ်..။ ဒါ့ကြောင့် ဘတ် ဟာ သူ့ရဲ့အကယ်ဒမီ ဝန်ထမ်းတွေအားလုံးကို ချယ်လ်ဆီး စိတ်ဓါတ်အပြည့်ရှိတဲ့သူတွေနဲ့ပဲ ဖွဲ့စည်းထားပါတယ်..။ ဒါမှလည်း မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်ကမ်းတဲ့အချိန်မှာ ချယ်လ်ဆီး တို့ရဲ့ အပြာရောင်စိတ်ဓါတ်၊ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓါတ်တွေကို တစ်ပြားတစ်ချက်မှ မလျော့ပဲ လက်ဆင့်ကမ်းနိုင်မှာ ဖြစ်တယ်လို့ သူကယူဆထားပါတယ်..။ အခုဆိုရင် ဖရန့် လမ်းပတ်၊ ဂျိုဒီ မောရစ်စ် တို့ရဲ့ အိမ်အပြန်ခရီးနဲ့အတူ နီးလ် ဘတ် အတွက် အဲဒီလို ‘We Are Chelsea’ စိတ်ဓါတ် အပြည့်အ၀ ရှိတဲ့သူတွေစာရင်းဟာ ပိုမိုပြီးတော့ များပြားလာပါပြီ..။
ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ အရန်အသင်း (Development Squad (သို့) Under 23) ကို ဦးဆောင်မည့်သူ နှစ်ယောက်ဟာလည်း ချယ်လ်ဆီးအသင်း ကစားသမားဟောင်းတွေဖြစ်တဲ့ အန်ဒီ မိုင်ယားစ် နဲ့ သူ့ရဲ့လက်ထောက် ဂျွန် ဟာလေ တို့ပဲ ဖြစ်ကြပါတယ်..။ လူငယ်အသင်း (အသက် ၁၈ နှစ်အောက်) ကို ဦးဆောင်မယ့်သူတွေကတော့ ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ အက်ဒ် ဘရန်း နဲ့ ဂျိမ်းစ် ဆင်မွန် တို့ပါပဲ..။ ဘရန်း နဲ့ ဆင်မွန် တို့နှစ်ယောက်စလုံးဟာ နောင်တစ်ချိန်မှာ အခုဖရန့် လမ်းပတ် ရဲ့ နည်းပြတစ်ယောက်ဖြစ်တဲ့ ဂျိုး အက်ဒ်ဝဒ် ရဲ့ ခြေရာကိုနင်းနိုင်မယ့်သူတွေအဖြစ် ထင်ကြေးပေးခံကြရပါတယ်..။
ဘတ် ရဲ့ အကယ်ဒမီ အတွက် လူငယ်သွေးသစ်များကို ရှာဖွေ ဖော်ထုတ်ပေးမယ့် ကင်းထောက်အဖွဲ့ကိုတော့ ကားလ် မက်ဂ်နေး နဲ့ တွမ် တိုင်ဝို တို့က ဦးဆောင်ပါတယ်..။ သူတို့နှစ်ယောက်ဟာ သက်ဆိုင်ရာ ဒေသအလိုက် ကင်းထောက်တွေရဲ့ လှုပ်ရှားမှုတွေကို ကြီးကြပ်ပါတယ်..။
ချယ်လ်ဆီးအသင်း ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ တိုး အင်ဒရေ ဖလိုး နဲ့ ပေါ်လို ဖာရဲရား တို့ကတော့ အဌားချကစားသမားတွေရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြတွေအဖြစ် တာဝန်ယူထားပါတယ်..။ ဒါ့အပြင် နီးလ် ဘတ် တို့ရဲ့ အကယ်ဒမီ လူငယ်ကစားသမား ဖွံ့ဖြိုးရေး အစီအစဉ်၊ ဆောင်ရွက်မှုတွေကို ကစားသမားဟောင်းတွေဖြစ်တဲ့ ပီတာ ချက်၊ ကလော့ဒ် မက်ခလီလီ၊ ဟင်းနရစ်ခ် ဟီလာရီယို နဲ့ ကာလို ကူဒီစီနီ တို့ကလည်း ထပ်မံအားဖြည့်ပေးနေပါတယ်..။ သူတို့တွေဟာ အသင်းကြီးနည်းပြတွေဖြစ်တဲ့ ဖရန့် လမ်းပတ်၊ ဂျိုဒီ မောရစ်စ် တို့နဲ့လည်း အနီးကပ် လက်တွဲ ဆောင်ရွက်နေကြပါတယ်..။
ဒီလိုလူငယ်ကစားသမားတွေနဲ့ ဆက်စပ်နေတဲ့ နည်းပြတွေ၊ ဝန်ထမ်းတွေ အားလုံးဟာ အပြာရောင်သွေးတွေနဲ့ ပြည့်လျံနေတဲ့ ချယ်လ်ဆီးသွေးစစ်စစ် ကစားသမားဟောင်းတွေ ဖြစ်ကြတာကြောင့် နောင်လာမယ့် မျိုးဆက်သစ်တွေကို တစ်ချိန်က သူတို့တွေ မောင်းနှင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်အကျီကို တန်ဖိုးထားမှု၊ အသင်းအတွက် အနိုင်မခံ၊ အရှုံးမပေး အစွမ်းကုန် ပေးဆပ်ခဲ့တဲ့ စိတ်ဓါတ်၊ သွေးတွေကို လက်ဆင့်ကမ်းနိုင်မှာ မုချပါပဲ..။
(၃) Recruitment
==========
အင်္ဂလန်မြေ သာမက ကမ္ဘာ့နေရာ အနှံ့အပြားက မီးခဲပြာဖုံး လူငယ်ကစားသမားလေးတွေကို လက်ဦးမှုရယူပြီး ရှာဖွေဖော်ထုတ်နိုင်ဖို့ ချယ်လ်ဆီးအသင်းဟာ ကင်းထောက်တွေနဲ့ ပတ်သက်ပြီး ပြိုင်ဘက်တွေထက် ငွေကြေးအများကြီး စိုက်ထုတ်၊ သုံးစွဲခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်..။ ရိုမန် အေဘရာမိုဗစ်ချ် အသင်းကို ဝယ်ယူခဲ့တဲ့ ၂၀၀၃ ခုနှစ်ကစတင်ပြီး ချယ်လ်ဆီးအသင်းဟာ လူငယ်အကယ်ဒမီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြတ်လမ်းနည်းအနေနဲ့ ကမ္ဘာတစ်ဝန်းက ကောင်းပေ့ဆိုတဲ့ လူငယ်ကစားသမားလေးတွေကို ကြေးမရှောင်ပဲ ဝယ်ယူပြီး အကယ်ဒမီရဲ့ အဆင့်အတန်းကို မြှင့်တင်ခဲ့ပါတယ်..။ ဒါပေမယ့်အခုအချိန်မှာတော့ သက်တမ်းအလိုက် လူငယ်အသင်း အဆင့်ဆင့်မှာ ပါဝင်နေတဲ့ ကစားသမားအများစုဟာ အသက် (၆) နှစ်အရွယ်လောက် ကတည်းက အကယ်ဒမီကို ရောက်ရှိနေခဲ့တဲ့ ငယ်မွေးခြံပေါက်စစ်စစ်တွေ ဖြစ်ကြပြီး ကမ္ဘာတစ်ဝန်းနဲ့ အင်္ဂလန်မြေက ခေါ်ယူထားတဲ့ လူငယ်ကစားသမားလေးတွေနဲ့ သူတို့ကို အားဖြည့်ထားပါတယ်..။
အဲဒီလို ရှေရှည်မှာ အကယ်ဒမီထွက် ခြံပေါက်စစ်စစ်တွေနဲ့ပဲ တည်ဆောက်မယ်ဆိုတဲ့ အယူအဆဟာ နီးလ် ဘတ် တစ်ယောက် လူငယ်အကယ်ဒမီကို အပြည့်အ၀ တာဝန်ယူခွင့်ရခဲ့တဲ့ ၂၀၀၄ ခုနှစ်ကနေ စတင်ကျင့်သုံးလာတဲ့ အယူအဆလည်း ဖြစ်ပါတယ်..။ ဒါ့ကြောင့်အခုလက်ရှိ ချယ်လ်ဆီးအသင်းရဲ့ အထောက်အပံ့ (scholars) နဲ့ အကယ်ဒမီမှာ တက်ရောက်နေတဲ့ ကစားသမားအများစုဟာ အသင်းကို အသက် (၁၀) နှစ် မတိုင်မီ ရောက်ရှိနေကြတဲ့ ကစားသမားများ ဖြစ်ကြပါတယ်..။
လက်ရှိအသင်းမှာ နေရာရနေတဲ့ အကယ်ဒမီထွက် လူငယ်ခြံပေါက် ကစားသမားတွေဖြစ်တဲ့ လော့ဖ်တပ်စ် ချိခ်၊ ဟတ်ဒ်ဆန် အိုဒွိုင်း၊ အေဘရာဟမ် နဲ့ တိုမိုရီ တို့ဟာ ချယ်လ်ဆီးအသင်းကို အသက် (၈) နှစ်အရွယ်ကတည်းက ရောက်ရှိနေခဲ့တဲ့သူတွေ ဖြစ်ကြသလို မေဆန် မောင့် နဲ့ ရီစီ ဂျိမ်းစ် တို့ကတော့ အသက် (၆) နှစ်အရွယ်မှာ အသင်းကို စတင်ရောက်ရှိနေကြသူတွေ ဖြစ်ကြပါတယ်..။ အခုဆိုရင် မန်ချက်စတာ စီးတီး အသင်းဟာ ချယ်လ်ဆီးအသင်း Model ကို လိုက်လံတုပလာခဲ့ပြီ ဖြစ်ပါတယ်..။
(၄) Facilities
========
လူငယ်သက်တမ်းအဆင့်အဆင့်ရဲ့ လေ့ကျင့်ကွင်းတွေဟာ ချယ်လ်ဆီးအသင်းကြီးရဲ့ ဌာနချုပ်လည်းဖြစ်တဲ့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ တည်ရှိပါတယ်..။ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းများနဲ့ လေ့ကျင့်ထောက်ကူ ပစ္စည်းများဟာ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ဖြစ်ခဲ့ပြီး အခုအချိန်ထိလည်း ထိပ်တန်းအကယ်ဒမီစာရင်းထဲမှာ ပါဝင်နေတုန်းပါပဲ..။ နည်းပြ ဖရန့် လမ်းပတ် တာဝန်ယူတဲ့အချိန်က စတင်ပြီး သိသာထင်ရှားတဲ့ အပြောင်းအလဲကတော့ လူငယ်ကစားသမားလေးတွေကို အသင်းကြီး ကစားသမားတွေ လေ့ကျင့်ရာ နေရာဘက်ကို ကူးလူးဆက်သွယ်ခွင့် ပေးလိုက်ခြင်းဖြစ်ပါတယ်..။
အဲဒီလိုအသင်းကြီး ကစားသမားတွေရဲ့ လေ့ကျင့်ရာနေရာ၊ အသုံးဆောင်ပစ္စည်းတွေကို VIP အဖြစ် သတ်မှတ်ထားချက်ကို ပယ်ဖျက်လိုက်ခြင်းကြောင့် အသင်းသားတွေအချင်းချင်း ဆက်ဆံမှု၊ ရင်းနှီးမှုတွေ ပိုမိုကောင်းမွန်လာသလို အခုဆိုရင် လူငယ်ကစားသမားလေးတွေဟာ အသင်းကြီး ကစားသမားတွေ အသုံးပြုတဲ့ gym မှာ လာရောက်လေ့ကျင့်ခွင့် ရခဲ့သလို သူတို့နဲ့လည်း စားသောက်ခန်း (canteen) အတူတူ စားသောက်ခွင့်ပါ ရရှိလာခဲ့ပါပြီ..။
ဒါ့အပြင် လမ်းပတ်၊ မောရစ်စ် နဲ့ အက်ဒ်ဝဒ် တို့ဟာ သက်တမ်းအလိုက် လူငယ်ပွဲစဉ်တွေကို ရနိုင်သလောက် အချိန်ပေးပြီး သွားရောက် ကြည့်ရှုလေ့ ရှိပါတယ်..။ အဲဒီပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်တဲ့ လူငယ်ကစားသမားတွေကို အသင်းကြီး ကစားသမားတွေရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ခေါ်ယူစေခြင်းဖြင့် လူငယ်ကစားသမားလေးတွေအနေနဲ့ ကြယ်ပွင့်ကစားသမားတွေနဲ့အပြိုင် လေ့ကျင့်နိုင်ဖို့ အခွင့်အရေးတွေ ပိုမိုရရှိလာခဲ့ပါတယ်..။
အကယ်ဒမီရဲ့ အတွင်းဘက်နေရာတိုင်းမှာလည်း ချွေးနဲ့သွေးနဲ့ ပေးဆပ်ခဲ့သူတွေအတွက် အခွင့်အရေးရရှိဖို့ လမ်းကြောင်းများ ပွင့်လန်းနေတဲ့အကြောင့် သတိပေးထားတဲ့ စာတမ်းတွေ၊ ဓါတ်ပုံတွေ ထားရှိပါတယ်..။ အကယ်ဒမီထဲကို ဝင်ဝင်ချင်း လှေကားထက်ကို မော့ကြည့်လိုက်မယ်ဆိုရင် ‘ဂျွန် တယ်ရီ’ ရဲ့ ဓါတ်ပုံအကြီးကြီးကို ချိတ်ဆွဲထားတာ တွေ့ရမှာပါ..။ အဲဒီကနေ ဆက်သွားလို့ စြင်္ကန်လမ်း တစ်ဖက်တစ်ချက်မှာတော့ အကယ်ဒမီကနေ ပေါက်ဖွားလာပြီး အသင်းကြီးဆီကို တက်လှမ်းနိုင်ခဲ့တဲ့ ကစားသမား အဆက်ဆက်ရဲ့ ဓါတ်ပုံတွေ..၊ အင်္ဂလန်လူငယ် အသင်းအဆင့်အဆင့်မှာ ဆုဖလားတွေ ရရှိခဲ့တဲ့ အင်္ဂလန်လူငယ် လက်ရွေးစင် ကစားသမားတွေရဲ့ ပုံရိပ်များကို ချိတ်ဆွဲထားရှိပါတယ်..။ အဲဒီအပြင်အဆင်တွေဟာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ချယ်လ်ဆီးအသင်း၊ ချယ်လ်ဆီးစိတ်ဓါတ်တွေ ပေါက်ဖွားလာဖို့..၊ နောင်တော်ကြီးတွေရဲ့ ခြေရာကို အားကျ၊ ဆက်ခံချင်စိတ် ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်..။
(၅) Preparation & Philosophy
=========
ချယ်လ်ဆီးအကယ်ဒမီနဲ့ ပတ်သက်ပြီး နောက်ထပ်ထင်ရှားတဲ့ဂုဏ်ပုဒ်တစ်ခုကတော့ ‘အစစအရာရာမှာ အသေးစိတ်ကအစ အသေအချာ ပြင်ဆင်တတ်ခြင်း’ ဖြစ်ပါတယ်..။ လူငယ်ကစားသမားလေးတွေကို ကွင်းအတွင်း ပြင်ဆင်မှုတွေတင်မကပဲ ပြင်ပလူနေမှုဘဝမှာပါ ရင့်ကျက်တည်ငြိမ်တဲ့သူတွေအဖြစ် ရပ်တည်သွားနိုင်အောင် အခြားလိုအပ်တဲ့ သင်ခန်းစာများကိုပါ ထည့်သွင်းသင်ကြားပေးပါတယ်..။ ဘဝတစ်သက်တာ ကျွမ်းကျင်စရာ သင်ခန်းစာ (life skill courses) များ အပါအဝင် ချက်ပြုတ်နည်း သင်တန်းကအစ တစ်ဦးတစ်ယောက်ချင်းစီနဲ့ လိုက်လျောညီထွေဖြစ်နိုင်မယ့် သင်တန်းတွေ၊ သင်ခန်းစာတွေကိုပါ ပြင်ဆင်လေ့ကျင့်ပေးပါတယ်..။
ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ အကယ်ဒမီကို တက်ရောက်သင်ကြားနေတဲ့ လူငယ်ကစားသမားတွေကို ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတည်ရှိရာ Surrey အရပ် အနီးတစ်ဝိုက်မှာပဲ နေထိုင်စေပါတယ်..။ တစ်ချို့ကစားသမားလေးတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် မိသားစုနဲ့အတူ နေထိုင်တာ..၊ သီးခြားအပြင်မှာ ဌားရမ်းနေထိုင်ကြတာတွေ ရှိပါတယ်..။ ဒါပေမယ့် အကယ်ဒမီနဲ့ လက်တွဲဖို့ စာချုပ်ချုပ်ဆိုစဉ်ကတည်းက သူတို့တွေဟာ အသင်းရဲ့ဌာနချုပ်နဲ့ ကားမောင်းချိန် နာရီဝက်အတွင်းရှိမယ့် နေရာတွေမှာပဲ နေထိုင်ရမယ်ဆိုပြီး သဘောတူညီချက် ပါရှိထားပါတယ်..။
အဲဒီလိုအသေးစိတ်ကအစ အသေအချာ ပြင်ဆင်ခဲ့တဲ့ အလေ့အထကြောင့်လည်း ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီဟာ နောက်ဆုံးဆယ်နှစ်အတွင်း လူငယ်အသင်းအဆင့်ဆင့်မှာ ဆုဖလား (၁၆) ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်..။ ချယ်လ်ဆီးအကယ်ဒမီရဲ့ အယူအဆ..၊ အကယ်ဒမီရဲ့ ယဉ်ကျေးမှုကတော့ ‘အောင်မြင်သူ (winners) များကို မွေးထုတ်ပေးနိုင်ဖို့’ ပဲ ဖြစ်ပါတယ်..။ အကယ်ဒမီ လှေကားထစ်တွေကနေ ဆင်းလာပြီး အဆောက်အဦးထဲကို ရောက်လာပြီဆိုကတည်းက လျောက်လမ်းဘေး ဝဲယာတစ်လျှောက် ချိတ်ဆွဲထားတဲ့ လူငယ်အသင်းအဆင့်ဆင့် ဆွတ်ခူးရရှိခဲ့တဲ့ ဆုဖလားတွေ..၊ အောင်မြင်မှုရရှိခဲ့တဲ့ လူငယ်အသင်းတွေရဲ့ ပုံရိပ်များဟာ အကယ်ဒမီကို ရောက်ရှိလာမယ့် မျိုးဆက်သစ်လေးတွေအဖို့ အောင်ပွဲအဆင့်ဆင့်ကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ခံစားမှုကို ရရှိလာစေမှာ ဖြစ်ပါတယ်..။
လူငယ်ကစားသမားလေးတွေကို အကယ်ဒမီစတင်ရောက်ရှိခဲ့တဲ့ အချိန်ကစပြီး ‘ဆုဖလားရရှိဖို့၊ အောင်မြင်မှုရရှိဖို့ အရေးကြီးတယ်’ ဆိုတဲ့ စိတ်ဓါတ်ကို ရိုက်သွင်းခဲ့တာ ဖြစ်သလို အဲဒီလို အောင်ပွဲတွေကို ဆာလောင်တဲ့ စိတ်ဓါတ်နဲ့ မဆုတ်မနစ်တဲ့ ကြိုးစား အားထုတ်မှုတွေဟာ အသင်းကြီးကို အရောက်လှမ်းရမယ့် ခရီးရှည်တစ်လျှောက် အနည်းဆုံးရှိရမယ့်အဆင့်၊ သတ်မှတ်ချက်လည်း ဖြစ်ပါတယ်..။ ဒါ့အပြင် အကယ်ဒမီထွက် ကစားသမားများဟာ လူသားဆန်ရမယ်..၊ ခံယူချက်ကောင်းမွန်ရမယ်..၊ ရင့်ကျက်တည်ငြိမ်တဲ့သူများအဖြစ် ပြင်ပလောကမှာ လျှောက်လှမ်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်များလည်း ထားရှိပါတယ်..။
အကယ်ဒမီ အဆောက်အဦးရဲ့ နံရံများမှာ ဂျွန် တယ်ရီ၊ ဖရန့် လမ်းပတ် တို့လို ထင်ရှားခဲ့တဲ့ ကစားသမားကြီးများရဲ့ ပြောကြားခဲ့တဲ့ စကားများကို ချိတ်ဆွဲထားပြီး လူငယ်တွေအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ မျှော်မှန်းချက်..၊ အောင်မြင်တဲ့သူတွေအဖြစ် သူတို့လေးတွေ နောင်တစ်ချိန်မှာ လျှောက်လှမ်းနိုင်ဖို့ လိုအပ်မယ့် သတ်မှတ်ချက်များကိုပါ သတိရစေမှာ ဖြစ်ပါတယ်..။
“ကိုယ့်ရဲ့ခြေစွမ်းနဲ့ ဘောလုံးကျွမ်းကျင်မှု အလုံးစုံ ပြည့်စုံကောင်းမွန်လာဖို့အတွက် အစွမ်းကုန် ကြိုးစားလေ့ကျင့်ဖို့ဆိုတာ ဘယ်လောက်အရေးကြီးမှန်း ကျွန်တော်ထပ်ပြီး မပြောတော့ပါဘူး..။ တကယ်လို့ မင်းတို့တွေ ကြိုးစားလေ့ကျင့်မယ်..၊ လိုအပ်တဲ့ အရည်အချင်းတွေ ရရှိမယ်..၊ ဒါဆိုရင်မင်းတို့နဲ့ ထိုက်တန်တဲ့ နေရာကို ရရှိမှာ အသေအချာပါပဲ..။”
- ဖရန့် လမ်းပတ် (လူငယ်အကယ်ဒမီ လျှောက်လမ်းတွင် ချိတ်ဆွဲထားသော ဂန္ထဝင် ကစားသမားကြီး၏ ပြောကြားချက်)
(၆) The Future
========
အခုလက်ရှိအနေအထားအရ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီရဲ့ အနာဂတ်ဟာ မျှော်လင့်ချက်ကောင်းတွေ ပေါ်ထွန်းနေတယ်..၊ မျှော်လင့်ချက်ကောင်းမွန်နေတယ်လို့ ပြောနိုင်ပါတယ်..။ ဒါပေမယ့် တစ်ချိန်တုန်းက ယခုလိုအသင်းကြီးကို ရောက်ရှိနိုင်မယ့် ပတ်ဝန်းကျင်ကောင်း မရှိခဲ့တာကြောင့် နေသန်နီယယ် ချာလိုဘာ၊ ဂျော့ရှ် မက်ချိအိယန်၊ ဒေါမနစ် ဆိုလန်ကီ တို့လို အရည်အသွေးမြင့် လူငယ်သွေးသစ်တွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်..။
ဒါပေမယ့် အခုအချိန်မှာ အခြေအနေအရပ်ရပ်ဟာ လုံးဝခြားနားသွားခဲ့ပါပြီ.။
လူငယ်အကယ်ဒမီဆိုတာ စီးပွားရေး အမြတ်အစွန်းရဖို့ ဦးတည်တဲ့ နေရာ ဆိုတဲ့အမြင်မျိုး မဟုတ်တော့ပဲ အသင်းကြီးအတွက် လိုအပ်တဲ့ ကစားသမားသစ်တွေ..၊ မျိုးဆက်သစ်လေးတွေကို မွေးထုတ်ပေးရာ နေရာတစ်ခုအဖြစ် ရှုမြင်နိုင်ကြပြီ ဖြစ်ပါတယ်..။
အခုဆိုရင် လက်ရှိအသင်းကြီးကို ရောက်ရှိနေတဲ့ လူငယ်သွေးသစ်တွေရဲ့ ခြေရာကိုဆက်ခံနိုင်ဖို့ အသင့်ရှိနေကြတဲ့ နောက်ထပ်ငယ်မွေးခြံပေါက်၊ မျိုးဆက်သစ်လေးတွေလည်း အစီအရီ ရှိနေပါပြီ..။ ဒါ့အပြင် ပြီးခဲ့တဲ့အပါတ်က လူငယ်ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ လူငယ်ကစားသမား (၃၂) ယောက်ထဲက (၂၇) ယောက်ဟာ အင်္ဂလန်သားတွေ ဖြစ်ကြတယ်..၊ (၁၅) ယောက်ဟာ အင်္ဂလန် လူငယ်လက်ရွေးစင်အဖြစ် သက်တမ်းအဆင့်ဆင့်ပြိုင်ပွဲတွေမှာ ပါဝင်နိုင်ခဲ့တယ်ဆိုတဲ့အချက်ဟာ အင်္ဂလန်ဖြစ် ငယ်မွေးခြံပေါက်တွေကို ပိုမိုဦးစားပေးလာတဲ့ ချယ်လ်ဆီးအသင်းရဲ့ လူငယ်သွေးသစ် ပေါ်လစီ အရွှေ့ကိုလည်း မြင်လာကြမှာ ဖြစ်ပါတယ်..။
နောင်တစ်ချိန်ကျရင် အဲဒီလူငယ်လေးတွေအကုန်ုလုံးဟာ ချယ်လ်ဆီးအသင်းကြီးကို ရောက်လာကြမှာတော့ မဟုတ်ပါဘူး..။
အချိုးအကွေ့တွေရှိတယ်..၊
အပြောင်းအလဲတွေရှိတယ်..၊
ဒါပေမယ့် အခုအချိန်မှာ အပြာရောင်လူငယ်သွေးသစ်တွေအနေနဲ့ အသင်းကြီးကို တက်လှမ်းနိုင်မယ့်လမ်းကြောင်းဟာ ပွင့်လန်းနေပြီဖြစ်သလို ချယ်လ်ဆီးအသင်းရဲ့ရိုးရာ၊ ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်စိတ်ဓါတ်ကို အဆင့်ဆင့် လက်ကမ်းနိုင်မယ့် အခွင့်အရေး ရှိနေပြီဖြစ်တဲ့အကြောင်း တင်ဆက်ပေးလိုက်ရပါတယ်..။
#FRANK
(Daily Mail မှ ဆောင်းပါးရှင် Adrian Kajumba ၏ ‘SPECIAL REPORT: From ex-players behind the scenes to teaching a trophy-winning mentality (alongside cookery lessons!)... how Chelsea's incredible academy set up Frank Lampard's youth revolution' ဆောင်းပါးကို ပြန်ဆိုပါသည်..။)