feature-image

အရင်ကတော့ ဆာရီသား၊ အခုတော့ ဖရန်ကီလက်ရုံး

ဘရိုက်တန်ကို ပထမဆုံး Clean Sheet နဲ့ အနိုင်ရပြီးတဲ့နောက် ချယ်လ်ဆီးပရိသတ်တွေ ချီးမွမ်းရမယ့်သူစာရင်းထဲ နောက်တစ်ဦး ထပ်တိုးလာခဲ့ပါပြီ။ သူ့ကို တစ်ချိန်က ဆာရီဘောရဲ့ပိုစတာဘွိုင်း၊ ဒါမှမဟုတ် ဆာရီသားဆိုပြီး ကျွန်တော်တို့ တံဆိပ်ကပ်ခဲ့ကြဖူးတယ်။ ဒီစကားရပ်ဟာ ဂျော်ဂင်ညိုကို ရည်ညွှန်းမှန်း အားလုံးသိပြီးသား။ ဒါပေမဲ့ ဒါဟာ တစ်ဖက်သတ် တံဆိပ်ကပ်မှုတွေဖြစ်ခဲ့ပါတယ်။ ဆာရီရှိစဉ်ကတည်းက ဂါးဒီးယန်းနဲ့ အင်တာဗျူးမှာ ဂျော်ဂီက အခုလို ဖွင့်ဟတယ်။

“ကျွန်တော်က ဆာရီသား မဟုတ်ပါဘူး။ ကျွန်တော့်မှာ ဆာရီနဲ့ သာမန်ဆက်ဆံရေးမျိုးပဲ ရှိတာပါ။ ကျွန်တော် သူနဲ့ ဒင်နာ သွားမစားဘူး။ သူ့အိမ်ကိုလည်း သွားမလည်ပါဘူး။ ကျွန်တော်တို့ ဆက်ဆံရေးက ပရော်ဖက်ရှင်နယ် ဆက်ဆံရေးပါပဲ။ ကျွန်တော် မှားရင် သူ ကျွန်တော့်ကို အော်တာပဲ။ တခြားသူတွေနဲ့ မခြားနားပါဘူး။ ပရိသတ်တွေ ကျွန်တော့်ကို ဆာရီသားလို့ ထင်ချင်လည်း ထင်ကြပါ။ ကျွန်တော်ကတော့ ဆာရီ ကျွန်တော့်ကို ဘာလို့ နှစ်သက်နေရတယ်ဆိုတာကို ပရိသတ်တွေကို ပြသသွားမှာပါ”လို့ ဂျော်ဂီက ပြောပါတယ်။



အခုတော့ သူက ဒီအရာကို ပြသနိုင်ခဲ့ပါပြီ။ အားလုံးက ဆာရီထွက်ခွာသွားချိန်မှာ ဂျော်ဂီလည်း ကြွေလွင့်မယ်လို့ ထင်မှတ်ကြပေမယ့် သူက ပန်းပန်နေဆဲ။ ဖရန်ကီလက်ထက်မှာလည်း အရေးပါတဲ့နေရာတစ်ခုကို ဆုပ်ကိုင်နိုင်ဆဲပါ။ ဒါက ဘရိုက်တန်နဲ့ပွဲမှာ ပယ်နယ်တီသွင်းပြနိုင်တာကြောင့်ပဲ မဟုတ်ဘူး။ ဒီလို တည်ငြိမ်တဲ့ ပယ်နယ်တီမျိုး ကန်သွင်းရတာ သူ့အတွက် ငှက်ပျောသီးအခွံနွှာသလိုပါပဲ။ တကယ်ချီးကျူးစရာကောင်းတာက ဖရန်ကီလက်ထက်မှာလည်း နေရာတစ်ခုကို ထိန်းသိမ်းနိုင်တာ၊ အရေးပါမှုကို ပြသနိုင်တာ ဖြစ်ပါတယ်။ သူက အသက်ရှင်ကျန်ရစ်ရုံတင် မဟုတ်၊ ကိုယ့်အစွမ်းနဲ့ကိုယ် ရှင်သန်ပေါက်မြောက်နေတာ။

တစ်ချိန်ကတော့ ဂျော်ဂင်ညိုက ဆာရီသားအနေနဲ့မို့၊ ဆာရီရဲ့ကစားပုံနဲ့ အသားကျနေသူမို့ ကျွန်တော်တို့ဆီမှာ နေရာရနေတာလို့ အားလုံးထင်ခဲ့ဖူးတယ်။ အခုချိန် ပြန်စဉ်းစားရင် အပေါ်ကအချက်တွေကြောင့်၊ ဆာရီရဲ့ ပစားပေးမှုကြောင့် ဂျော်ဂီက နေရာတစ်နေရာအပိုင်စားရတာလား၊ ဒါမှမဟုတ် သူ့အရည်အသွေးတွေကို ဆာရီ ကိုယ်တိုင်ကိုက၊ ဆာရီရဲ့System ကိုက လိုအပ်လွန်းလို့ သူ ဒီလို သတ်မှတ်ခံရတာလား အဖြေပေါ်မယ် ထင်ပါတယ်။ တကယ်တော့ လူတွေက ပြေးလွှားလှုပ်ရှားကစားနေမှ အသင်းအတွက် ပေးဆပ်တယ်လို့ အလွယ်မှတ်ထင်တတ်ကြတယ်။ ဂျော်ဂီလို လူမျိုးကျတော့ ပျင်းရိပျင်းတွဲ၊ လူပေးတာကလွဲပြီး ဘာမှမလုပ်တတ်၊ ဂိုးလည်း မသွင်း၊ ဖန်တီးမှုလည်း မရှိဆိုပြီး ထင်တတ်ကြတယ်။ ဂျော်ဂီရဲ့ Playing Style အကြောင်းပြောရင် စာတစ်ပုဒ်စာ ထပ်ရှည်သွားလိမ့်မယ်။ ဒီတော့ တိုတိုနဲ့လိုရင်းပဲ ဘာစီလိုနာကွင်းလယ်က ဘူးစကွက်စ်နဲ့ နှိုင်းမြင်ကြည့်ပါလို့ ပြောချင်တယ်။ ဒီနေရာမှာ နောက်ထပ် ပြောစရာရှိတာက ဂျော်ဂီက နှေးနှေးလေးလေးကြီး၊ ပျင်းရိပျင်းတွဲကြီးဆိုတဲ့ အမြင်တွေကိုပါ။ ပြီးခဲ့တဲ့ရာသီမှာ သူ့ရဲ့ Distance Covered ထက်သာတာ ပရီးမီးယားလိဂ်မှာ လက်တစ်ဆုပ်စာပဲ ရှိတယ်။



ဒါပေမဲ့ သူ့မှာ Dynamism မရှိတဲ့အခါ၊ လူတွေက သူ ပြေးလွှားနေတာတွေ၊ Space တွေကို လိုက်ဖြည့်ပေးနေတာတွေကို မမြင်ကြတော့ဘူး။ ကွင်းလယ်မှာ ကွန်တေလို Marathon Destroyer တစ်ယောက်ရှိနေတာလည်း ပါမှာပေါ့လေ။ နောက် သူ့ရဲ့ အရေးအပါဆုံး စွမ်းဆောင်ရည်ဖြစ်တဲ့ Deep Progression ဆိုတဲ့ အပိုင်းကို သွားပါမယ်။ တိုတိုနဲ့ နားရှင်းအောင် ပြောရရင်တော့ Deep Progression ဆိုတာ ကစားသမားတစ်ဦးဟာ ပြိုင်ဘက်ကွင်းခြမ်း(Final Third)ကို ဘောလုံးဘယ်နှကြိမ်သယ်သွားနိုင်သလဲကို ဆိုလိုပါတယ်။ ဘယ်လိုနည်းမျိုးနဲ့ပဲဖြစ်ဖြစ်ပေါ့။ ဒီအပိုင်းမှာ သူဟာ ပြီးခဲ့တဲ့ရာသီက ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ အဆင့်(၆)ဖြစ်ပါတယ်။ (သူ့အပေါ်မှာ မက်ဆီ၊ နေမာတို့လို ကစားသမားတွေ ရှိနေ။) တစ်ပွဲပျမ်းမျှ Deep Progression (၁၁.၃)ရှိပြီး အလွန်မြင့်တဲ့ ပမာဏလို့ သုံးသပ်နိုင်တယ်။ (ကျွန်တော်တို့အသင်းမှာ ဒီလိုစွမ်းဆောင်ရည်ရှိတဲ့ ကစားသမားနောက်တစ်ဦးက ကိုဗာချစ်ပါ။ တစ်ပွဲပျမ်းမျှ ၁၀.၇ ကြိမ် လုပ်နိုင်ပါတယ်။) ဒီတိုင်းတာမှုက Advanced Unit ဖြစ်လို့ နည်းနည်းလေး နားရှုပ်နိုင်ပေမယ့် တိုက်စစ်ကို စတင်ပုံဖော်ခြင်းလို့ ခပ်လွယ်လွယ်ယူဆထားလို့ ရပါတယ်။ ဒါကြောင့် ဂျော်ဂီဟာ တိုက်စစ်တစ်ခု စတင်ဖို့အတွက် အခရာနေရာမှာ ရှိနေပါတယ်။ တခြားဘယ်အသင်းကြီးမှာပဲဖြစ်ဖြစ် သူဟာ ဒီအခန်းကဏ္ဍမှာ ရှိနေမှာဖြစ်ပြီး သူ့ကို ရထားတာ ကျွန်တော်တို့ ကံကောင်းတယ်လို့ မှတ်ယူနိုင်ပါတယ်။ ဆာရီကြောင့်သာ သူ ဒီကို ရောက်လာတာဖြစ်ပြီး ဆာရီသာ မရောက်လာရင် ဂျော်ဂီကို ကျွန်တော်တို့ မန်စီးတီးမှာ မြင်နေရလိမ့်မယ်။ နောက်ပြီး မနာလိုဝန်တိုနေရလိမ့်မယ်။ ဂွါဒီယိုလာလက်ထဲမှာ သူ ပိုကောင်းလာနိုင်တယ်ဆိုတာ မှန်းဆကြည့်လို့ရပါတယ်။




နောက်ပြီး အားလုံးသိတဲ့အတိုင်း သူက ပေးပို့မှုစွမ်းရည်နဲ့ ပြည့်စုံနေတယ်။ ပေးပို့မှုရဲ့ (၉၀)ရာခိုင်နှုန်းအထက်ကို လိုရာရောက်အောင်ပေးနိုင်တယ်။ ဒီနေရာမှာလည်း ကျွန်တော်တို့ ပရိသတ်တွေ သူ့ကို စိတ်ကွက်မိပါသေးတယ်။ သူက ပီယာလိုလို Long Ball တွေ၊ ဇာဗီလို Lob Ball တွေ မထွက်တာ အားလုံး အမြင်ပါ။ ကျွန်တော်တို့က ဒါမျိုး လိုချင်ကြတယ်။ ဒါပေမဲ့ အဲဒါမျိုးက တစ်ခေတ်တစ်ယောက်ထွန်းစွမ်းရည်တွေပါ။ ရိုးသားစွာပဲ ကျွန်တော်တို့ လက်ခံရအောင်။ သူ ဒါမျိုး မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ သူ လုပ်နိုင်တာ ရှိပါတယ်။ အလုံးရေ ရာဂဏန်းကပ်တဲ့၊ ကျော်တဲ့ ပေးပို့မှုတွေ သူ လုပ်နိုင်တယ်။ သာမန်စဉ်းစားရင် လွယ်ကူပေမယ့် Pressing ကဏ္ဍကို ထည့်စဉ်းစားတဲ့အခါ အနီးကပ်ပေးရတာလည်း ခက်ခဲတယ်ဆိုတာ တွေ့ရမှာပါ။ မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နေရာကို သူ ဘောလုံး ပေးပို့နေပါတယ်။ ဥရောပဘောလုံးသုံးသပ်သူတွေက သူ့ကို Metronome လို့ခေါ်တယ်။ ဂီတတူရိယာတွေ တီးခတ်တဲ့အခါ စည်းချက်ထုတ်ပေးတဲ့ပစ္စည်းတစ်ခုပေါ့။ သူက အသင်းရဲ့ ဟန်ချက်ကို၊ အထူးသဖြင့် တိုက်စစ်ဟန်ချက်၊ ကစားကွက်ဟန်ချက်ကို Passing and Positional Play နဲ့ ထိန်းပေးထားပါတယ်။

ဒီလို အားသာချက်ကြီးတွေ ရှိနေတာကြောင့် ဖရန်ကီလက်ထက်မှာလည်း ဂျော်ဂီက ပန်းပန်လျက်ရှိနေတာ ဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ ပွဲအပြီး ဖရန်ကီက အခုလို ပြောတယ်။

“သူက သူ့စရိုက်လက္ခဏာနဲ့ သူ ခေါင်းဆောင်ဖြစ်နေတဲ့သူမျိုးပါ။ ပြီးခဲ့တဲ့နှစ်က ဘာတွေ ဖြစ်ခဲ့ပါစေ၊ ကျွန်တော်က ဒီမှာ ရှိတာမဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် လူတွေက Judge လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ရှေ့က သူ့ကိုပဲ ကြည့်တယ်။ ရာသီကြိုမှာကတည်းက သူဟာ ကွင်းထဲမှာရော၊ အဝတ်လဲခန်းထဲမှာပါ ခေါင်းဆောင်တစ်ဦးဖြစ်တယ်ဆိုတာကို ပြသပြီးသားပါ။ သူက ပွဲတစ်ပွဲရဲ့အခြေခံအားလုံးကို သိတယ်။ တကယ်တော့ သိနေရုံနဲ့ မပြီးဘူး။ လုပ်နိုင်ဖို့ လိုတယ်။ သူက တကယ်လုပ်နိုင်တယ်။ ကျွန်တော် သူ့အပေါ် အရမ်းကျေနပ်နေပါတယ်။ လူငယ်လေးတွေအနေနဲ့ ဂျော်ဂီတစ်ယောက် နေ့စဉ် ဘယ်လိုတွေးခေါ်ဖြတ်သန်းနေတယ်ဆိုတာ လေ့လာဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။"




ဒီစကားတွေက ဂျော်ဂီရဲ့ အပြာရင့်ခြင်္သေ့တစ်ဦးရဲ့ဘဝကို အကောင်းဆုံး ထင်ဟပ်ပေးခြင်းလည်း ဖြစ်ပါတယ်။ လူငယ်တွေရဲ့အားနဲ့ ပြန်ထမြောက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်တို့ အတွေ့အကြုံရင့် ဦးဆောင်မယ့်သူတွေ လိုအပ်တယ်။ ဂျော်ဂီက ဦးဆောင်သူလို့ ကျွန်တော်က ပြောရင် ရယ်စရာကြီးလို အားလုံးတွေးချင်တွေးကြလိမ့်မယ်။ အခုတော့ လမ်းပတ်က အတည်ပြုပေးလိုက်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ ထပ်စဉ်းစားကြည့်ရအောင်။ ခေါင်းဆောင်ဆိုတာ အမျိုးစုံရှိတယ်ဆိုတာ အားလုံးလည်း သိပြီးသား၊ ဂျော်ဂီကတော့ အပြုအမူနဲ့၊ ကစားပုံနဲ့ ဦးဆောင်သူ ဖြစ်တယ်။ မန်ချက်စတာယူနိုက်တက်မှာ ကာရစ် ထမ်းရွက်ခဲ့သလို၊ အေစီမီလန်၊ ဂျူဗင်တပ်စ်တို့မှာ ပီယာလို လုပ်ပြခဲ့သလိုမျိုး။ ဒီကစားသမားတွေက အသက်ရလာတော့မှ အသက်ကြောင့် အသင်းခေါင်းဆောင်လက်ပတ် အပ်နှင်းခံရသူတွေဖြစ်တယ်၊ ဒါပေမယ့် အရင်ကတည်းက အသင်းကို ကစားပုံနဲ့ ဦးဆောင်မှုပေးနိုင်ခဲ့တယ်။ အခု ဂျော်ဂီလည်း ဒီလိုပါပဲ။

ရာသီအစက ပြောခဲ့တဲ့ ဂျော်ဂီရဲ့စကားတစ်ခွန်းနဲ့ အဆုံးသတ်ချင်ပါတယ်။


“ဆာရီ ထွက်သွားတယ်။ ကျွန်တော် ကျန်ခဲ့တယ်။ ဆာရီက ကျွန်တော့် မန်နေဂျာသာ ဖြစ်ပြီး ကျွန်တော့် သူငယ်ချင်း မဟုတ်ပါဘူး။ အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး ရှေ့ကို တွေးနေတယ်။ အသင်းအတွက် အလုပ်တစ်ခု ကျွန်တော် လုပ်ပေးချင်တယ်။ ကျွနတေ်ာ် ချယ်လ်ဆီးမှာ အရမ်းပျော်ရွှင်နေပါတယ်”

#MagicBox_Zo25