feature-image

ကော်နာ ဂါလက်ချာ နှင့် တွေ့ဆုံခြင်း

ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ ကွင်းလယ်ကစားသမား ‘ကော်နာ ဂါလက်ချာ’ မှာ ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ချာလ်တန် အက်တလက်တစ် အသင်းသို့ အဌားရောက်ရှိနေပြီး အသင်း၏ကွင်းလယ်တွင်ခြေစွမ်းပြကစားလျှက်ရှိသည်..။ ထို့အပြင် အသက် (၁၉) နှစ်အရွယ် ကွင်းလယ်ကစားသမားမှာ အသင်းအတွက် သွင်းဂိုးလေးဂိုး သွင်းယူထားနိုင်ခဲ့ပြီး ချန်ပီယံရှစ် ပြိုင်ပွဲ၏ သြဂုတ်လအတွက် ‘တစ်လတာ အကောင်းဆုံး လူငယ်ကစားသမားဆု’ ကိုပါ ဆွတ်ခူးနိုင်ခဲ့သည်..။ ထို့ကြောင့်လည်း အင်္ဂလန် လက်ရွေးစင်အသင်း လူငယ်နည်းပြ အန်ဒီ ဘို့သရွိုက် က သူ့အားအင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် ရွေးချယ်ခဲ့သည်..။

ကော်နာ ဂါလက်ချာ မှာ ချယ်လ်ဆီးအသင်းသို့ အသက် (၈) နှစ်အရွယ်တွင် ရောက်ရှိလာခဲ့ပြီး လူငယ်အကယ်ဒမီ အသင်းများနှင့်အတူ FA လူငယ်ဖလား၊ လူငယ်ပရီးမီးယားလိဂ် (အသက် ၁၈ နှစ်အောက်) ဆုဖလားများကို ဆွတ်ခူးနိုင်ခဲ့သည်..။ ထို့အပြင် အင်္ဂလန်လူငယ် (အသက် ၁၇ နှစ်အောက်) အသင်းနှင့် လူငယ်ကမ္ဘာ့ဖလားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မနှစ်ကဘောလုံးရာသီတွင် ချယ်လ်ဆီးအကယ်ဒမီ၏ ‘တစ်နှစ်တာ အကောင်းဆုံး လူငယ်အကယ်ဒမီ ကစားသမားဆု’ ချီးမြှင့်ခြင်း ခံခဲ့ရသည်..။





ယခုနှစ်ဘောလုံးရာသီတွင် ကော်နာ ဂါလက်ချာ မှာ ယခင်နာမည်ကျော် ကွင်းလယ်ကစားသမားဟောင်း လီ ဘောင်ယာ ၏ အသင်းတွင် ပွဲစဉ်တိုင်း ပါဝင်ကစားခွင့် ရရှိထားသလို ပြီးခဲ့သည့်သောကြာနေ့က အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းနှင့် ဆလိုဗေးနီးယား လူငယ်အသင်း ပွဲစဉ်တွင် အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့သည်..။ လူငယ်ကွင်းလယ်ကစားသမား ကော်နာ ဂါလက်ချာ မှာ သူ၏အင်္ဂလန်လူငယ်အသင်း ပွဲထွက်မတိုင်မီ ချယ်လ်ဆီးအသင်း Official website နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် သူ၏လက်ရှိချန်ပီယံရှစ်ပြိုင်ပွဲအတွေ့အကြုံများ၊ အနာဂတ်မျှော်လင့်ချက်များအပေါ် ယခုလို ဖြေကြားခဲ့ပါသည်..။

(၁)

မေး - ကော်နာ ရေ.. ပထမဆုံးအနေနဲ့ အခုချန်ပီယံရှစ် ပြိုင်ပွဲမှာ ပါဝင်နေရတာ ဘယ်လိုနေလဲဗျ..?

“ကျွန်တော့်အတွက် တကယ့်ကို ကြီးမားတဲ့ခြေလှမ်းတစ်ခုပါပဲ..။ ဒါပေမယ့် မနှစ်က အကယ်ဒမီအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ခြင်းဟာ အခုလိုချန်ပီယံရှစ် အသင်းတစ်သင်းကို တက်လှမ်းခွင့်ရဖို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်..။ အခုဆိုရင် ခန္ဓာကိုယ် ကြံ့ခိုင်မှုအပိုင်းမှာရော၊ စိတ်ပိုင်းဆိုင်ရာ အရပါ ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ပွဲတွေအတွက် အသင့်ဖြစ်နေပြီလို့ ခံစားနေရပါတယ်..။ ဒါ့အပြင် ရာသီအစပိုင်းမှာ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းကို ဆက်လက်သယ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။”

မေး - ခင်ဗျားဟာ ချယ်လ်ဆီးအရန်အသင်းနဲ့ အသက် (၂၃) နှစ်အောက် အသင်းအဆင့်မှာ ပါဝင်ခဲ့ပြီးသားပါ..။ အခုရောက်ရှိနေတဲ့ ချန်ပီယံရှစ် ပြိုင်ပွဲနဲ့ ဘာတွေကွာခြားတာ သတိထားမိလဲဗျ..?

“ချယ်လ်ဆီးအသင်းမှာတုန်းက ကျွန်တော်တို့ဟာ ပွဲချိန်တော်တော်များများကို ဘောလုံးကိုင်ပြီး ကစားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ချာလ်တန်အသင်းမှာ အဲဒီလိုမဟုတ်ပါဘူး..။ off the ball လှုပ်ရှားမှုတွေ ပိုပြီးပြုလုပ်ရတဲ့အတွက် ပိုပြီးခက်ခဲပါတယ်..။ နောက်ပြီးပွဲအတော်များများမှာ ပြိုင်ဘက်တွေက ကျွန်တော်တို့ထက်ပိုပြီး ဘောလုံးကိုင်ထားနိုင်ပါတယ်..။ ဒါ့ကြောင့်ပိုပြီး ရုန်းကန်ရပါတယ်..။ ဒါပေမယ့် ချာလ်တန်အသင်းမှာ အဲဒီလိုလုပ်အားနှုန်း ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် ပြီးခဲ့တဲ့ (၁၁) ပွဲအတွင်း ရလဒ်ကောင်းတွေ ကျွန်တော်တို့ ရရှိခဲ့တာပါ..။

နောက်ပြီးမနှစ်က ဘောလုံးရာသီနဲ့ မတူတဲ့နောက်တစ်ချက်က ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပွဲစဉ်တွေ အရမ်းများပြီး ပွဲစဉ်စိတ်လွန်းတာပါပဲ..။ ပွဲစဉ်တိုင်းကလည်း အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားရတယ်..၊ ခက်ခဲကြမ်းတမ်းပါတယ်..။ ဥပမာ ပြီးခဲ့တဲ့အပါတ်အတွင်း ကျွန်တော်တို့ဟာ လိဒ်၊ ဆွမ်ဆီး၊ ဖူးလ်ဟမ်း တို့လို အသင်းတွေနဲ့ သုံးရက်ခြား ယှဉ်ပြိုင်ခဲ့ရပါတယ်..။ ဒီပွဲစဉ်တွေဟာ အရမ်းကိုခက်ခဲပါတယ်..။ ကျွန်တော်ကတော့ ကိုယ့်ရဲ့တိုးတက်မှုအတွက် ပွဲတွေရနိုင်သလောက် ပါဝင်ကစားခွင့် ရရှိချင်တာပါပဲ..။”




(၂)

မေး - အခုခင်ဗျားတို့ အသင်းကို တာဝန်ယူနေတဲ့ လီ ဘောင်ယာ ဟာ ထိပ်တန်းအဆင့်ပွဲစဉ်တွေမှာ နှစ်ပေါင်းများစွာ ကစားခဲ့တဲ့ နာမည်ကျော် ပရီးမီးယားလိဂ် ကွင်းလယ်ကစားသမားဟောင်း တစ်ယောက် ဖြစ်ပါတယ်..။ အခုသူနဲ့လက်တွဲခွင့်ရတဲ့အပေါ် ခင်ဗျားအနေနဲ့ ဘယ်လိုများ ခံစားမိပါလဲ..?

“အခုလို ထိပ်တန်းအဆင့်မှာ ကစားခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်း တစ်ယောက်နဲ့ လက်တွဲခွင့်ရခဲ့တာ ကျွန်တော့်အတွက် အထောက်အကူ အများကြီးရရှိပါတယ်...။ သူဟာကျွန်တော့်ကို အကြံဉာဏ်ကောင်းတွေ နေ့တိုင်းပေးနေတာကြောင့်လည်း အခုလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်..။ တောင်ပံဘက်တွေကို ဘောလုံးရောက်သွားတိုင်း ဂိုးဧရိယာထဲမှာ အသင့်နေရာယူပေးဖို့ သူပြောပါတယ်..။ ကျွန်တော်ရရှိခဲ့တဲ့ တစ်ချို့သွင်းဂိုးတွေဟာ သူ့ရဲ့အကြံပေးချက်ကနေ ရရှိခဲ့တာပါ..။ ဒါ့ကြောင့်အဲဒီအတွက် သူ့ကိုကျေးဇူးတင်ပါတယ်..။ လေ့ကျင့်ကွင်းမှာ အစွမ်းကုန် ကြိုးစားဖို့..၊ ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့ ဂိုးဧရိယာထဲကို အချိန်ကိုက်ရောက်ရှိနိုင်ဖို့ကို အာရုံစိုက်ဖို့ အမြဲတမ်းသူက သွန်သင်၊ ဆုံးမခဲ့ပါတယ်..။ ဒ့ါအပြင် ပွဲစဉ်အလိုက် လိုအပ်ချက်တွေ..၊ အသေးစိတ် ညွန်ကြားချက်တွေကိုလည်း စဉ်ဆက်မပြတ် ပေးနေပါတယ်..။ ဒါတွေဟာ ကျွန်တော့်အတွက် အထောက်အကူ အများကြီး ဖြစ်စေခဲ့ပါတယ်..။ ဒါ့ကြောင့်အခုလာမယ့် ဘောလုံးရာသီအတွင်း ရှေ့ဆက်ပြီး သူနဲ့အကောင်းဆုံး ဆက်လက်လက်တွဲနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။”

မေး - အဝတ်လဲခန်းထဲက ဝါရင့်စီနီယာ ကစားသမားကြီးတွေအကြောင်း ပြောပြပေးပါဦး..

“ချာလ်တန်အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ဝါရင့်ကစားသမားကြီးတွေ အများကြီး ရှိပါတယ်..။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ သူတို့ဆီကနေ အများကြီး သင်ယူခွင့်ရရှိခဲ့ပါတယ်..။ လက်ရှိအသင်းမှာ ဝါရင့်ကစားသမားတွေနဲ့ အတွေ့အကြုံ..၊ အောင်မြင်မှုတွေ ဆာလောင်နေတဲ့ လူငယ်ကစားသမားတွေ အချိုးကျကျ မျှမျှတတ ဖွဲ့စည်းထားပါတယ်..။ ဒါ့ကြောင့်လည်း အခုအချိန်မှာ ရလဒ်ကောင်းတွေ ရရှိနေတာ ဖြစ်ပါတယ်..။ အသင်းဟာ လူကြီးနဲ့လူငယ် ဟန်ချက်မျှတအောင် ဖွဲ့စည်းထားတဲ့အတွက် ကျွန်တော်တို့လို လူငယ်လေးတွေအတွက် သင့်တော်တဲ့ အခြေအနေလို့ ပြောရမှာပါပဲ..။”




(၃)

မေး - ကော်နာ ရေ.. အခုဆိုရင် ခင်ဗျားဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ လေးဂိုးသွင်းယူထားနိုင်ခဲ့ပါပြီ..။ မနှစ်က ပရီးမီးယားလိဂ် (၂) ပြိုင်ပွဲမှာ ခင်ဗျားဟာ တစ်ရာသီလုံးလေးဂိုးပဲ သွင်းယူထားနိုင်ခဲ့ပါတယ်..။ အဲဒီတော့ ခင်ဗျားအတွက် သွင်းဂိုးတွေဟာ ဘယ်လောက်ထိ အရေးပါလဲဗျ..?

“သွင်းဂိုးတွေဟာ ကျွန်တော့်ရဲ့ ဒီနှစ်ဘောလုံးရာသီမှာ လိုအပ်နေတဲ့ အရာတွေပါ..။ ချာလ်တန်အသင်းကို မရောက်လာခင်က သူတို့အသင်းဟာ ကွင်းလယ်မှာ စိန်ပွင့်ပုံစံ (diamond) ကစားတယ်လို့ သိထားပါတယ်..။ ကျွန်တော်က box to box ကစားတဲ့နေရာမှာ အကောင်းဆုံးဆိုတော့ သူတို့စိန်ပွင့်ရဲ့ ဘေးတစ်ဘက်၊ တစ်ချက်မှာ ကစားရရင် သိပ်ကောင်းမယ်လို့ ယူဆပါတယ်..။ အဲဒီနေရာဟာ ပိုပြီးလွတ်လွတ်လပ်လပ် ကစားနိုင်သလို ဂိုးတွေဖန်တီးနိုင်၊ ဂိုးတွေလည်း ပိုပြီးသွင်းပေးနိုင်ပါတယ်..။ အခုနှစ်ဘောလုံးရာသီမှာ ကျွန်တော်ဟာ ကံကောင်းထောက်မစွာနဲ့ သွင်းဂိုးတွေ ရရှိခဲ့ပါတယ်..။ ရှေ့ဆက်ပြီးတော့လည်း သွင်းဂိုးတွေ ထပ်ပြီးရရှိဦးမယ်လို့ မျှော်လင့်ထားပါတယ်..။”

မေး - အခုလို ရာသီအစပိုင်း ခြေစွမ်းကြောင့်လည်း အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် ခင်ဗျားကိုခေါ်ယူခဲ့တာပေါ့.။ အဲဒီလို အင်္ဂလန်လူငယ် အသင်းအတွက် ရွေးချယ်ခံခဲ့ရတဲ့အပေါ် ခင်ဗျားရဲ့ခံစားချက်လေး ပြောပြနိုင်မလား..?

“အဲဒီလိုအင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် ခေါ်ယူခြင်းခံခဲ့ရတာဟာ ကျွန်တော့်အတွက်ရော၊ ကျွန်တော့်မိသားစု အတွက်ပါ အရမ်းကိုအဓိပ္ပါယ် ရှိပါတယ်..။ ကျွန်တော်ဟာ သက်တမ်းအလိုက် အင်္ဂလန်လူငယ် အသင်းအဆင့်ဆင့်ကို အသက် (၁၈) နှစ်အောက် အသင်းအဆင့်ကနေ စတင်ပါဝင်ခဲ့ပါတယ်..။ ဒါတွေဟာ အခုလို အသက် (၂၁) နှစ်အောက် အသင်း..၊ နောက်တစ်ဆင့်အနေနဲ့ လက်ရွေးစင် အသင်းကြီးအတွက် အရွေးချယ်ခံရဖို့ အခြေခံအုတ်မြစ်တွေပါပဲ..။ အခုနှစ်ဘောလုံးရာသီအတွက် ကျွန်တော့်ရဲ့ ရည်မှန်းချက်ထဲမှာ အသက် (၂၁) နှစ်အောက် လူငယ်အသင်းမှာ အရွေးချယ်ခံရဖို့ဆိုတဲ့ ရည်မှန်းချက် ပါဝင်ခဲ့ပါတယ်..။ အခုလိုရာသီအစပိုင်းမှာပဲ စောစောစီးစီး အရွေးချယ်ခံခဲ့ရတာ ကံကောင်းတယ်လို့ ပြောရမှာပါ..။ နောက်ပိုင်းမှာလည်း ကျွန်တော်ရရှိထားတဲ့ နေရာကိုဆက်ပြီး ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်..။”




မေး - ကော်နာ ရေ.. အခုနှစ်ဘောလုံးရာသီဟာ ခင်ဗျားအတွက် ပထမဆုံး အဌားထွက်ခဲ့တဲ့ ဘောလုံးရာသီပေါ့..။ အခုဆိုရင် နည်းပြဖရန့် လမ်းပတ် လက်ထက်မှာ အဌားထွက်ခွာရာကနေ ပြန်လာပြီး အသင်းကြီးမှာ နေရာရနေတဲ့ အကယ်ဒမီထွက် လူငယ်ကစားသမားတွေ အများကြီးပါပဲ..။ အခုလို ခင်ဗျားနဲ့တစ်သင်းတည်းထွက် လူငယ်ကစားသမားလေးတွေ နေရာရနေတဲ့အပေါ် ဘယ်လိုမြင်မိလဲဗျ..

“တန်မီ အေဘရာဟမ်၊ မေဆန် မောင့်၊ ဖီကာရို တိုမိုရီ နဲ့ ရီစီ ဂျိမ်းစ် တို့ လေးယောက်စလုံးဟာ မနှစ်က ဘောလုံးရာသီတုန်းက ချန်ပီယံပြိုင်ပွဲမှာ ကစားခဲ့တဲ့သူတွေ ဖြစ်ပါတယ်..။ သူတို့လေးယောက်စလုံး မနှစ်က အကောင်းဆုံးခြေစွမ်းကို ပြသခဲ့သလို ချယ်လ်ဆီးအသင်းကို ပြန်ရောက်ပြီး အခုအချိန် အသင်းကြီးမှာ ပါဝင်ခွင့် ရရှိနေကြပါတယ်..။ သူတို့လျှောက်လှမ်းခဲ့တဲ့ ခရီးလမ်းကြောင်းစာ ကျွန်တော်တို့ လူငယ်ကစားသမားတိုင်းရဲ့ အိပ်မက်လမ်းကြောင်းလည်း ဖြစ်ပါတယ်..။ နောက်ပြီးအခုလို သူတို့တွေ တိုးတက်သွားတာ.၊ နေရာရလာတာကို မြင်ခဲ့ရတဲ့အချိန် ဖရန့် လမ်းပတ် ဟာ လူငယ်ကစားသမားတွေကို အမှန်တကယ် အခွင့်အရေးပေးတဲ့သူမှန်း သေချာစေခဲ့ပါတယ်..။ အဲဒီအချက်ဟာ ကျွန်တော်တို့လို လူငယ်ကစားသမားတွေအတွက် တကယ့်ကို စိတ်အားတက်ကြွစရာပါပဲ..။”

(၄)

မေး - မနှစ်ကဘောလုံးရာသီမှာ ခင်ဗျားဟာ အသေးစား နှလုံးခွဲစိတ်မှု ပြုလုပ်ခဲ့ရပါသေးတယ်..။ အဲဒီခွဲစိတ်မှုကြောင့် ဒီနှစ်ဘောလုံးရာသီ မစခင် လအတော်ကြာကြာ နားခဲ့ရသေးတယ်နော်..။ အဲဒီခွဲစိတ်မှုနောက်ပိုင်း ခင်ဗျားရဲ့ခြေစွမ်းပိုင်း တိုးတက်မှုဟာ ပိုပြီးတော့ မြန်ဆန်လာတယ်လို့ ထင်မိတာပဲ..

“အဲဒီလို ခွဲစိတ်မှု ခံယူရတော့မယ် ဆိုတဲ့အချိန်မှာ ကျွန်တော်အရမ်း စိုးရိမ်ခဲ့မိပါတယ်..။ ဒါ့အပြင် လအနည်းငယ်လောက်ပဲ အနားယူရမယ် ဆိုပေမယ့် စိတ်ထဲမှာစိုးရိမ်ခဲ့ရတာ အမှန်ပါပဲ..။ ခွဲစိတ်မှုအပြီးမှာ အရင်လို ကြံ့ခိုင်မှုမျိုး ပြန်ပြီးရရှိပါ့မလား စိတ်လှုပ်ရှားခဲ့ရသလို လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြန်ပြီးပါဝင်တဲ့အချိန်..၊ ပွဲတွေပြန်ကစားတဲ့အချိန်တွေမှာလည်း ဖြစ်မှဖြစ်ပါ့မလား စိုးရိမ်ခဲ့ရပါတယ်..။ အရေးကြီးဆုံးက ဆန္ဒမစောပဲ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာအောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ကျွန်တော်ဟာ ခြေစွမ်းကောင်းတွေ ပြသနေသလို ဒီထက်ပိုပြီး အောင်မြင်မှုတွေ..၊ ရည်မှန်းချက်တွေကို ရရှိဆွတ်ခူးနိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်..။”




မေး - နောက်ဆုံးအနေနဲ့ မေးချင်တာက အခုဆိုရင် ဒီနှစ်ဘောလုံးရာသီရဲ့ လေးပုံတစ်ပုံ ပြီးဆုံးသွားပြီပေါ့..။ လာမယ့်ရာသီလက်ကျန်ကာလအတွက် ခင်ဗျားရဲ့ရည်မှန်းချက်တွေကို ပြောပြနိုင်မလား..?

“ကျွန်တော်ဟာ ရေရှည်ရည်မှန်းချက်တွေထက်စာရင် ရေတိုရည်မှန်းချက်လေးတွေပဲ သတ်မှတ်ပြီး အကောင်းဆုံး ပြည့်မှီအောင် ကြိုးစားလေ့ရှိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ဘဝကို ရိုးရိုးသားသားပဲ ဖြတ်သန်းချင်တာကြောင့်ပါ..။ ရာသီအစပိုင်းမှာ ကျွန်တော်ဟာ အကောင်းဆုံး ခြေစွမ်းပြချင်တယ်..၊ ချာလ်တန်အသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆက်ပြီးရှင်သန်ခွင့် ရချင်ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အသင်းဟာ ဒီနှစ်ဘောလုံးရာသီကျမှ တန်းတက်လာတဲ့အသင်း ဖြစ်တာကြောင့် တန်းဆင်းရဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေခဲ့တာကိုးဗျ..။

အခုအချိန်မှာတော့ ကျွန်တော်တို့အသင်းဟာ လူတွေထင်မှတ်ထားတာထက် ပိုပြီးခြေစွမ်းကောင်းမွန်နေတဲ့အပြင် ကျွန်တော်ကိုယ်တိုင်လည်း သွင်းဂိုးတွေ ရရှိထားနိုင်ပါတယ်..။ ဒါဟာမျှော်လင့်မထားတဲ့ ကျေနပ်စရာပါပဲ..။ အခုဆိုရင် ကျွန်တော့်ရဲ့ ရည်မှန်းချက်ကို သွင်းဂိုး (၁၀) ဂိုးအထိ ရရှိဖို့..၊ ချာလ်တန်အသင်းကို play off အဆင့်မှာ ပါဝင်နိုင်ဖို့ဆိုပြီး မြှင့်တင်လိုက်ပါပြီ..။ အဲဒီရည်မှန်းချက်ဟာ အတော်လေး ကြီးမားနေတယ်ဆိုတာ ကျွန်တော်သိပါတယ်..၊ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာ အဲဒီရည်မှန်းချက်တွေကို ပြည့်မှီနိုင်မယ့်အစွမ်း ရှိနေတယ်လို့ ယုံကြည်ထားပါတယ်..။”