feature-image

နီးလ် ဘာ့သ် (သို့မဟုတ်) အပြာရောင်သွေးသစ်များကို အုတ်မြစ်ချပေးသူ

ချယ်လ်ဆီးအသင်းရဲ့ နာမည်ပြောင်ထဲမှာ The Pensioners - ပင်စင်စားများဆိုတဲ့နာမတစ်ခုလည်း ပါဝင်ပါတယ်။ ချယ်လ်ဆီးအရပ်မှာရှိတဲ့ တော်ဝင်ဆေးရုံမှာ အငြိမ်းစားစစ်သားကြီးတွေ ဆေးကုသ၊ အနားယူကြလို့ ဒီနာမည်ပြောင်ကို ရခဲ့တယ်။ နောက်ပိုင်းမှ “အပြာရောင်များ”ဆိုတဲ့ နာမည်ပြောင်ကို ယူခဲ့တာ ဖြစ်တယ်။ ချယ်လ်ဆီးရယ်လို့ ကမ္ဘာ့ဘောလုံးထက် ထွန်းပေါက်လာတာက မှန်ရာအတိုင်း ဝန်ခံရရင် အေဘရာမိုဗစ်ချ်ရဲ့ငွေကြေးတွေနဲ့ ဖြစ်ပါတယ်။ အရမ်းအောင်မြင်ခဲ့တဲ့အချိန်မှာ အသင်းက လူရွယ်လူလတ်တွေ၊ အတွေ့အကြုံရင့်ကစားသမားတွေနဲ့သာ အဓိကတည်ဆောက်ထားတဲ့အသင်းဖြစ်ခဲ့တယ်။ အသင်းက အကယ်ဒမီထွက်ဆိုတာ တယ်ရီတစ်ဦးပဲ လောက်လောက်လားလားရှိခဲ့တဲ့အချိန်။ အောင်မြင်မှုတွေနဲ့ အခြေခိုင်ပြီးတဲ့နောက်မှာတော့ အသင်းက ဝေဖန်ခံနေရတဲ့ အကယ်ဒမီဘက်ကို ပြန်ဇောင်းပေးခဲ့ပါတယ်။


ဒါပေမဲ့ လူငယ်တွေကို နေရာပေးဖို့ဆိုတာက ထင်သလောက် လွယ်တဲ့အရာ မဟုတ်ဘူး။ အရေးအပါဆုံးက Timing လို့တောင် ဆိုရမယ်။ ထိပ်သီးအသင်းကြီးဖြစ်တဲ့အတွက် အသင်းကို ထိတ်ထိတ်ကြဲကစားသမားအများစုနဲ့ ဖွဲ့စည်းရတာ ဓမ္မတာပဲဖြစ်ပြီး ဒီကစားသမားတွေကြားထဲ အကယ်ဒမီထွက်လူငယ်လေးတွေကို ပွဲထုတ်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့အရာပါ။ အကယ်ဒမီက ကစားသမားကောင်းလေးတွေ ထုတ်လုပ်ပေးနေပေမယ့် အသင်းမှာ မြင်တွေ့ရတာ အရမ်းကို ရှားခဲ့တယ်။ ဒါက အရင်က အသင်းမှာ မြင်ခဲ့ရတဲ့ မြင်ကွင်း …။

အခုတော့ ဒါတွေ အကုန်ပြောင်းလဲသွားခဲ့ပြီ။ Transfer Ban က ဖန်တီးပေးလိုက်တဲ့ Crisis မှာ အသင်းကို ပဲ့ထိန်းပေးရမယ့်သူက အကယ်ဒမီကို အားကိုးချင်တဲ့ ဖရန်ကီဖြစ်နေခဲ့တယ်။ ဖရန်ကီဟာ သတ္တိရှိရှိပဲ လူငယ်တွေရဲ့အားနဲ့ လျှောက်လှမ်းလာခဲ့ပါပြီ။ ကျွန်တော်တို့ပရိသတ်တွေအတွက်လည်း မရဖူး၊ မမြင်ဖူးတဲ့ ဆုဖလားမရှိတဲ့နောက် အခုလိုမြင်ကွင်းမျိုး မြင်ရဖို့ကို အရမ်းအားခဲထားခဲ့ကြတာပါ။ လူငယ်အသင်းတွေက အောင်ပွဲအလီလီယူပေးခဲ့တာတော့ ကြာခဲ့ပြီ။ ဒါပေမဲ့ အဓိကက အသင်းကြီးကို ရောက်ရှိလာဖို့၊ ခြေစွမ်းပြဖို့ဖြစ်ပြီး အခုအချိန်မှာတော့ ဒါဟာ တကယ်ဖြစ်လာခဲ့ပြီ။ ဒီရာသီက ချယ်လ်ဆီးခေတ်သစ်သမိုင်းမှာ အရေးအပါဆုံးရာသီ တစ်ခုတောင် ဖြစ်လာဖို့ ရှိနေတယ်။ အခုဆိုရင် Documentary ရိုက်တဲ့ Company တွေက ချယ်လ်ဆီးလူငယ်တွေကို မှတ်တမ်းရုပ်ရှင်ရိုက်ဖို့တောင် အထူးတလည်စိတ်ဝင်စားနေကြပြီ။ ဒါတွေအားလုံးအတွက် ချီးကျူးအထိုက်ဆုံးသူတစ်ဦးရှိပါတယ်။ သူက ထင်ထင်ပေါ်ပေါ်မနေသလို၊ လူတွေကြားထဲလည်း မော်မော်ကြွားကြွားလုပ်ပြလေ့မရှိဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အရည်အသွေးမြင့်လူငယ်လေးတွေ မွေးထုတ်နေဆဲပါ။ ချယ်လ်ဆီးရဲ့အကယ်ဒမီခေါင်းဆောင် “နီးလ်ဘာ့သ်” ပဲဖြစ်ပါတယ်။



ချယ်လ်ဆီးရဲ့အကယ်ဒမီကို ရောက်ပြီဆိုရင် စပါယ်ရှယ် Facilities တွေနဲ့ ဖြည့်ဆည်းပေးထားတဲ့ မြင်ကွင်းကို တွေ့ရမယ်။ အသေးစိတ်အချက်အလက်ကအစ ပြည့်စုံအောင်ဖြည်းဆည်းပြီး တည်ဆောက်ထားတဲ့ နေရာလည်း ဖြစ်တယ်။ ဒုတိယထပ်မှာ ရှိတဲ့ အခန်းတစ်ခန်းထဲမှာတော့ ကစားသမားလေးတွေ ဘောလုံးပညာ လေ့လာနေတာကို တွေ့ရလိမ့်မယ်။ ဘောလုံးပညာဆိုတာ IAP – Individual Action Plans လို့ခေါ်တဲ့ သင်ခန်းစာကို ပြောတာပါ။ Self-study လုပ်ရတဲ့နေရာလို့လည်း ဆိုနိုင်လိမ့်မယ်။ ကစားသမားလေးတွေဟာ သူတို့ကစားပြီးခဲ့တဲ့ ဗီဒီယိုဖိုင်ဖြစ်စေ၊ စီနီယာကစားသမားတွေရဲ့ ဗီဒီယိုဖိုင်ဖြစ်စေ သူတို့ကစားတဲ့နေရာအလိုက် လေ့လာရတာ ဖြစ်ပါတယ်။ ဒီသင်ခန်းစာပြီးရင် သူတို့ရဲ့ တွေ့ရှိချက်တွေကို မိသားစုထံ၊ နည်းပြထံ ပြန်လည်တင်ပြရတယ်။



အဲဒီအခန်းရဲ့ ကပ်လျက်မှာတော့ ခွဲခြမ်းစိတ်ဖြာသူ(Analyst)တွေ ရှိပါတယ်။ သူတို့ကတော့ လူငယ်တစ်ဦးချင်းစီရဲ့ Video Report တွေကို စီမံခန့်ခွဲနေရပါတယ်။ သူတို့ဟာ နည်းစနစ်တာဝန်ရှိသူတွေထံ တင်ပြဖို့အပြင် ကစားသမားရဲ့မိသားစုထံ အခြေအနေတင်ပြဖို့ပါ စီမံရတာပါ။ အဲဒီက နံရံမှာတော့ အခုလို စာတန်းအကြီးကြီးရေးထိုးထားပါတယ်။ “အကောင်းဆုံးဖြစ်ဖို့အတွက် အားပေးတဲ့ ကမ္ဘာ့အဆင့် လေ့လာရေး၊ တိုးတက်ရေး ပတ်ဝန်းကျင်ပရိုဂရမ်၊ လူငယ်လေးတွေကို သူတို့ရဲ့ဖြစ်နိုင်ခြေအမြင်ဆုံးကို ရောက်ရှိအောင် မြေတောင်မြှောက်ပေးမယ့်နေရာ”ဆိုပြီးတော့ပါ။ အဲဒီနေရာတစ်ခုလုံးကို စီမံခန့်ခွဲရတဲ့သူက နီးလ်ဘာ့သ်ပါပဲ။


ချယ်လ်ဆီးလူငယ်အသင်းတွေက ၂၀၁၄ နောက်ပိုင်းမှာ FA Youth Cup (၅)ကြိမ်၊ ယူ-၁၈ ပရီးမီးယားလိဂ်ချန်ပီယံဆု(၂)ကြိမ်၊ ယူ-၂၁ ပရီးမီးယားလိဂ်ချန်ပီယံဆု(၁)ကြိမ်၊ UEFA Youth League (၂)ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ ဘာ့သ် တည်ဆောက်ခဲ့တာက ဒီလိုလူငယ်အသင်းတင် မဟုတ်ပါဘူး။ သူက အင်္ဂလန်ရဲ့အကောင်းဆုံးလူငယ်ထုတ်လုပ်ရေးစနစ်တစ်ခုကို ထူထောင်နိုင်ခဲ့တာ ဖြစ်တယ်။ သူက အသင်းကို ၁၉၉၃ ခုနှစ်ကတည်းက ရောက်နေခဲ့တဲ့သူဖြစ်တယ်။ အဲဒီတုန်းကတော့ သူက ချယ်လ်ဆီးကျောင်းသားအသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ် အချိန်ပိုင်းလာလုပ်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ အကယ်ဒမီဖွဲ့စည်းပုံရဲ့ ရာထူးအမြင့်ပိုင်းကို တက်လာခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ အကယ်ဒမီရဲ့ လက်ထောက်ဒါရိုက်တာအထိ ဖြစ်လာခဲ့တယ်။ ဒီအချိန်ကို ချယ်လ်ဆီးရဲ့အနာဂတ်အိပ်မက်တွေ အစပြုချိန်လို့ အခုအချိန်မှာ တင်စားနိုင်ပါပြီ။ အဲဒီအချိန်မှာ အသက်(၈)နှစ်ကနေ (၁၆)နှစ်အတွင်းရှိ လူငယ်ကစားသမားအုပ်စုကို ကိုင်တွယ်ခဲ့ရတယ်။ ၂၀၀၄ ခုနှစ်မှာတော့ သူ အကယ်ဒမီဒါရိုက်တာ၊ အကယ်ဒမီခေါင်းဆောင်ရာထူးကို ရရှိခဲ့ပါပြီ။ သူက အဲဒီအချိန်မှာ အသက်(၃၉)နှစ်ပဲ ရှိသေးပါတယ်။ အကယ်ဒမီကို သူ့လက်သူ့ခြေကိုင်တွယ်နိုင်တဲ့အချိန်ကစပြီး ချယ်လ်ဆီးအကယ်ဒမီက အုတ်မြစ်ကောင်းတွေ ချမှတ်နိုင်ခဲ့ပါပြီ။ အေဘရာဟမ်ကို ၂၀၀၄၊ တိုမိုရီနဲ့ မေဆန်မောင့်တို့ကို ၂၀၀၅ မှာ အသင်းထံ သိမ်းသွင်းနိုင်ခဲ့တာ ဖြစ်တယ်။




၂၀၀၈ လောက်ကနေစပြီး ချယ်လ်ဆီးအကယ်ဒမီဟာ ကမ္ဘာ့အကောင်းဆုံးစာရင်းထဲ ပြန်ဝင်လာခဲ့တယ်။ ၂၀၁၀ FA Youth Cup မှာ မက်အိချရန်၊ ဘရူးမား၊ ဂိုခန်တိုးရ် တို့လူစုနဲ့ ဗိုလ်စွဲခဲ့တာက ၁၉၆၁ နောက်ပိုင်း ဒီလူငယ်ပြိုင်ပွဲမှာ ပထမဆုံးဆုဖလားဖြစ်ခဲ့တယ်။ နောက် The Rest is History လို့ ပြောလို့ရသွားပါပြီ။ နောက်ပိုင်းမှာ ဆုဖလားတွေ ဆက်တိုက်သိမ်းပိုက်လိုက်တာ ဥရောပအဆင့်အထိပါ ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အကယ်ဒမီဒါရိုက်တာတစ်ဦးရဲ့ ဗျူဟာဆိုတာ လူငယ်အဆင့်ပြိုင်ပွဲမှာ အောင်မြင်ရုံတင် မဟုတ်ပါဘူး။ သူက FA နဲ့ အင်တာဗျူးမှာ သူ့ရည်ရွယ်ချက်ကို ရှင်းပြတယ်။


“ပထမတစ်ခုက၊ အရေးအကြီးဆုံးတစ်ခုက သူတို့လေးတွေကို ပထမအသင်းမှာ ကစားတာ မြင်ရဖို့ပါပဲ။ ဒုတိယတစ်ခုကတော့ ကျွန်တော်တို့တွေ ပရိုဘောလုံးသမားအဆင့် ကစားသမား များနိုင်သမျှ များများ မွေးထုတ်ပေးနိုင်ဖို့ပါ။ လူငယ်ဆုဖလားတွေ ရတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အဓိကပန်းတိုင်က အဲဒါမဟုတ်ပါဘူး”
လို့ ဘာ့သ်က ဆိုခဲ့တယ်။

ဆိုလိုတာက ချယ်လ်ဆီးအကယ်ဒမီရဲ့ အန္တိမပန်းတိုင်ဟာ လူငယ်ကစားသမားတွေကို အသင်းကြီးမှာ နေရာရဖို့ ဖြစ်တယ်။ အခုတော့ သူ့ရဲ့စီမံကိန်းက အမှန်တကယ် အကောင်အထည် ပေါ်လာခဲ့ပါပြီ။ သူက တစ်နှစ်ကို အကယ်ဒမီကစားသမားတစ်ယောက် နေရာရဖို့အတွက် ရည်ရွယ်ချက်ထားခဲ့တာပါ။ လက်ရှိမှာတော့ ရှေ့နည်းပြတွေလက်ထက်မှာ မျက်နှာသာမပေးခဲ့ရသမျှ အုံနဲ့ကျင်းနဲ့ကို ပထမအသင်းရဲ့ လူစာရင်းကို သိမ်းပိုက်နေကြတာ အားရစရာပါ။



အင်္ဂလန်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ Class of 92 နောက်ပိုင်း ဒီလိုအစုအဖွဲ့မျိုး မပေါ်ခဲ့ဖူးပါဘူး။ အရင်ကငြူစူခဲ့သမျှ အခုတော့ လက်ရွေးစင်အသင်းကြီးမှာလည်း ကိုယ့်ကစားသမားတွေက ဖြစ်တန်စွမ်းကြီးကြီးနဲ့ နေရာယူနေပါပြီ။ ဘာ့သ် မျိုးစေ့ချပေးလိုက်တဲ့ စိတ်ဓာတ်ကို အခု ချယ်လ်ဆီးအသင်းမှာ မြင်နေရတယ်။ ချယ်လ်ဆီးလူငယ်အသင်းတွေက အောင်ပွဲတွေအလီလီ ယူခဲ့တဲ့နေရာမှာ အရေးပါတာက Winning Mentality ဖြစ်ပါတယ်။ ဘာ့သ်က သူ့ကောင်လေးတွေကို ဒီစိတ်ဓာတ်ကို ဦးစားပေးရိုက်သွင်းပေးထားတယ်။ သူက “ချယ်လ်ဆီးအတွက် အရေးပါတာက နိုင်စိတ်ပါ။ ဒီ့နောက်မှ နည်းစနစ်အရည်အသွေးက လာပါတယ်”ဆိုပြီး သူ့ရည်မှန်းချက်ကို ပြောပြပါတယ်။ ဒါကို အခု မေဆန်မောင့်၊ တိုမိုရီ၊ အေဘရာဟမ်တို့ရဲ့မျက်နှာမှာ၊ သူတို့ပြသနေတဲ့ ခြေစွမ်းမှာ မြင်နေရပြီ။ စတမ်းဖို့ဒ်ကောင်းကင်မှာ သွေးသစ်တွေရဲ့ အရောင်တွေက တလက်လက်ပါ။ အဲဒီအလင်းရောင်အတွက် ကျွန်တော်တို့ အကယ်ဒမီပဲ့ကိုင်ရှင် “နီးလ်ဘာ့သ်”ကို ကျေးဇူးတင်ထိုက်ပါတယ်။


#MagicBox_Zo25