feature-image

ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း (သို့မဟုတ်) အပြာရောင်တို့ရဲ့ အနာဂတ်မျှော်လင့်ချက်

ပြီးခဲ့တဲ့စနေနေ့က ချယ်လ်ဆီးအသင်းဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ နယူးကာဆယ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်..။ ဒါပေမယ့် ဧည့်သည်အသင်းရဲ့ ခံစစ်နည်းဗျူဟာနဲ့ ဂိုးဧရိယာထိ်ပ်ကနေ ပိတ်ဆို့ကစားမှုတွေကြောင့် ထိထိရောက်ရောက် ထိုးဖောက်နိုင်ဖို့ အတော်လေး ခက်ခဲနေခဲ့ပါတယ်..။ ဒါပေမယ့် အသက် (၁၈) နှစ်အရွယ် လူငယ်တောင်ပံ ကစားသမား ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ကတော့ သူ့ရဲ့ပင်ကိုယ်ပါရမီနဲ့ ရှေ့အလားအလာကို ပြသခဲ့ပြီး သူ့အပေါ်ထားရှိခဲ့တဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ  အလာဟသ မဖြစ်စေခဲ့ဘူးဆိုတာ ထပ်မံပြသခဲ့ပါတယ်..။

အဲဒီပွဲမှာဆိုရင် သူဟာအသက်အရွယ်နဲ့ မမျှအောင်ပဲ ရင့်ကျက်မှုရှိတယ်..၊ အခြေအနေပေါ် မူတည်ပြီး တိုက်စစ်လမ်းကြောင်းကို မှန်ကန်စွာ ရွေးချယ်နိုင်စွမ်းရှိတယ်ု..၊ ရိုးရှင်းတဲ့ ကစားဟန်နဲ့ ထိရောက်စွာ ထိုးဖောက်နိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်ခဲ့သလို ဌက်ကျားအသင်း တစ်ဖက်ခံစစ်သမားတွေဟာ သူ့ကိုနေရာလွတ် လုံးဝမရအောင် ပိတ်ဆို့ထားခဲ့ပေမယ့် သူဟာလျှင်မြန်တဲ့ အမြန်နှုန်း၊ ရွှေ့လျားမှုတွေနဲ့ သပ်ရပ်တဲ့ ဘောလုံးအထိန်းအသိမ်းတို့နဲ့ ပရိသတ်အကြိုက် ကစားပြနိုင်ခဲ့ပါတယ်..။




နယူးကာဆယ်အသင်းဟာ အိမ်ရှင်အသင်းကို ငါးယောက်တန်း ခံစစ်ကြောင်းနဲ့ ပိတ်ဆို့ဖို့ စီစဉ်ခဲ့ပြီး ဘယ်တောင်ပံကနေ ထိုးဖောက်မယ့် အိုဒွိုင်း ကို ဒီယန်ဒရီ ယက်ဒ်လင် က တစ်ဦးချင်းကျော်ဖြတ်ခွင့် မပြုလုပ်နိုင်အောင် တောက်လျှောက်လိုက်ပါ ပိတ်ဆို့ခဲ့ပါတယ်..။ ဒါ့ကြောင့်ပွဲချိန်အစောပိုင်းမှာ အိုဒွိုင်း ဟာ ကွင်းလယ် ကစားသမားတွေ..၊ ဒါမှမဟုတ် နောက်ခံအစွန်လူတွေနဲ့သာ တွဲကစားပြီး တိုက်စစ်လမ်းကြောင်း ရှာဖွေနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်..။ ဒါပေမယ့် ပွဲချိန် (၁၅) မိနစ်အရောက်မှာတော့ ယက်ဒ်လင် ရဲ့ ခဏတာ တွေဝေသွားမှုကို အခွင့်ကောင်းယူပြီး သူ့ရဲ့အမြန်နှုန်းနဲ့ လွတ်အောင်ရုန်းထွက်တယ်..၊ အဝေးတိုင်မှာ အသင့်ရှိနေတဲ့ ဝီလီယံ ရဲ့ ခေါင်းပေါ်ကို အတိအကျ ဖြတ်တင်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဘရာဇီးလ် တောင်ပံကစားသမားရဲ့ ခေါင်းတိုက်ချက် လွဲချော်သွားခဲ့လို့သာ ဂိုးမရခဲ့တာပါ..။ နယူးကာဆယ်အသင်းနဲံ့ပွဲစဉ် ပထမပိုင်းမှာ ချယ်လ်ဆီးအသင်း တိုက်စစ်ကစားသမားတွေ ခြေစွမ်းပျောက်ဆုံးနေခဲ့ပေမယ့် သူကတော့ ဖန်တီးပေးပို့မှုငါးကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်..။

ဒါ့အပြင်သူဟာပထမပိုင်းအပြီးမှာ ဖီကာရို တိုမိုရီ ဆီကနေ အဝေးဘောတွေနဲ့ သူ့ရဲ့ပြေးလမ်းကြောင်းထဲကို ရိုက်တင်ပေးပို့ဖို့ သွာရောက် တောင်းဆိုခဲ့ပါသေးတယ်..။ နည်းပြ ဖရန့် လမ်းပတ် ကလည်း သူ့ဆီကနေ ဆာလောင်မှုအပြည့်နဲ့ ရုန်းအားတွေ..၊ တစ်ကိုယ်ကောင်းမဆန်ပဲ အသင်းဖော်တွေအတွက် ဖန်တီးပေးလိုစိတ်တွေကို အလိုရှိနေတာပါ..။ သူကလည်း နည်းပြကြီးရဲ့ ယုံကြည်အားထားမှုကို မားကို့စ် အလွန်ဆို ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးပြီး ဖြည့်ဆည်းပေးခဲ့ပါတယ်..။ ဒါဟာဖရန့် လမ်းပတ် အတွက် ငါးပွဲဆက်တိုက် အနိုင်ပွဲရလဒ် ဆောင်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်..။




“နယူးကာဆယ် အသင်းနဲ့ပွဲမှာ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ တစ်ယောက်ချင်း ဖြတ်ကျော်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ထိရောက်တဲ့ပေးပို့မှုတွေပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့် သူ့ရဲ့ခြေစွမ်းဟာ အရမ်းကောင်းမွန်ခဲ့တယ်လို့ ပြောချင်ပါတယ်..။ နောက်ပိုင်းပွဲစဉ်တွေမှာလည်း ကျွန်တော်တို့ဟာ သူ့ဆီက သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ထပ်ပြီးမြင်ရဖို့ ရှိပါတယ်..။”

ပွဲအပြီးမှာ နည်းပြကြီး ဖရန့် လမ်းပတ် က သူ့ရဲ့ခြေစွမ်း၊ ပံ့ပိုးမှုတွေကို အခုလို ထုတ်ဖော်၊ ချီးကျူးခဲ့တာပါ..။ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ကလည်း အဲဒီလို ချီးကျူး ပြောဆိုခံရမှုနဲ့ ထိုက်တန်လောက်အောင် ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်ကောင်းလာခဲ့ပြီးနောက်ပိုင်း အထူးခြေစွမ်းပြ ကစားနေခဲ့ပါတယ်..။ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ငါးပွဲကစား၊ တစ်ဂိုးသွင်း၊ လေးကြိမ်ဖန်တီးပေးနိုင်ခဲ့သလို ဘယ်တောင်ပံကနေ တစ်ချက်တစ်ချက် ထိုးဖောက်မှုတွေဟာ အီဒင် ဟာဇက် ရဲ့ လစ်လပ်သွားတဲ့နေရာကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မယ့်သူဆိုတာ ပြသနေသလိုပါပဲ..။




အချက်အလက်များအရ ကြည့်မယ်ဆိုရင် အိုဒွိုင်း ဟာ ဂိုးဖန်တီးမှုတစ်ကြိမ်နဲ့အထက် ပြုလုပ်ထားတဲ့ ပရီးမီးယားလိဂ် ကစားသမားတွေအနက် ဂိုးဖန်တီးမှုနဲ့ မိနစ်အချိုး (minutes per assist ratio) အကောင်းဆုံး ဖြစ်နေပြီး အခုအချိန်ထိ (၆၅.၃၃) မိနစ်တိုင်းမှာ ပျမ်းမျှဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ပါတယ်..။ သူနဲ့အနီးစပ်ဆုံးအဖြစ် မန်ချက်စတာ စီးတီးအသင်းက ကီဗင် ဒီ ဘရိုင်း ဟာ (၇၇.၅) မိနစ်မှာ ပျမ်းမျှဂိုးဖန်တီးမှုတစ်ကြိမ်နဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ်..။ နည်းပြ အန်တိုနီယို ကွန်တီ လက်ထက်၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ (၃၁) ရက်နေ့မှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ရရှိခဲ့တဲ့ လူငယ်ကစားသမားလေးဟာ ပရီးမီးယားလိဂ် (၁၅) ပွဲအတွင်း အခွင့်အရေး ဖန်တီးပေးမှု (chances) (၁၈) ကြိမ် ပြုလုပ်ထားခဲ့ပြီး ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါပြီ..။ သူဟာဂိုးကန်သွင်းမှု (၁၂) ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး (၅) ကြိမ် ဂိုးပေါက်ထည့်ခဲ့ပေမယ့် သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးရရှိဖို့ စောင့်ဆိုင်းနေရဆဲပါပဲ..။

တကယ်တော့ အိုဒွိုင်း ဟာ ‘ကမ္ဘာ့အဆင့်ကို ရောက်ရမယ်’ ဆိုတဲ့ အားလုံးရဲ့မျှော်မှန်းချက်ကြီးကို အသက်အရွယ်နဲ့ မမျှအောင် ထမ်းပိုးထားရတဲ့သူပါ..။ ဒါပေမယ့် သူကိုယ်တိုင်ကလည်း အဲဒီဝန်ထုတ်ဝန်ပိုးကြီးကို ကြောက်ရွံ့၊ စိုးရိမ်နေဟန် မရှိပါဘူး..။ ဒါဆိုရင် နောက်လာမယ့် စိန်ခေါ်မှုကဘာလဲ..?

ချယ်လ်ဆီးအသင်းဟာ အခုလာမယ့် ဗုဒ္ဓဟူးနေ့မှာ အေဂျက်စ်အသင်းနဲ့ ရင်ဆိုင်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဆင့်ကို ကျော်လွန်နိုင်ဖို့ တိုက်ပွဲကြီးကို စတင်ရတာ့မှာပါ..။ အဲဒီခရီးလမ်း စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် သွင်းဂိုးတွေ ပိုမိုရရှိမှ ဖြစ်မှာပါ..။ ဒါ့ကြောင့်အိုဒွိုင်း အနေနဲ့ လူငယ်အသင်းမှာကတည်းက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အထူးကောင်းမွန်ခဲ့တဲ့ တန်မီ အေဘရာဟမ် ကို ဖန်တီးပေးနိုင်မှုတွေ ပိုမိုပြုလုပ်ပေးရတော့မှာ ဖြစ်သလို ဘယ်တောင်ပံ ခံစစ်ကြောင်းကနေ အသင့်နေရာယူ၊ ပြေးတက်လာနေမယ့် မားကို့စ် အလွန်ဆို ကို မေ့ထားလို့ မရပါဘူး..။




အိုဒွိုင်း ဟာ နယူးကာဆယ် အသင်းနဲ့ပွဲမှာ ဌက်ကျားတို့ရဲ့ ခံစစ်ကြောင်းကို ဒုက္ခအပေးနိုင်ဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် တခါတရံမှာ မင်ဂူရယ်လ် အယ်လ်မီယွန် ဟာ ကွင်းလယ်ကနေ ဆင်းလာပြီး တောင်ပံခံစစ်မှူးတွေနဲ့အတူ ပိတ်ဆို့ချိန်မှာ သူဟာအခက်အခဲ အနည်းငယ် တွေ့ခဲ့ရပါတယ်..။ အခုအချိန်မှာ ကာလန် ဟာ အသက်အရွယ်နဲ့ အတွေ့အကြုံတွေအရ လိုအပ်ချက်၊ အားနည်းချက်တွေ ရှိနေသေးတယ်..။ ဒါပေမယ့် နောင်တစ်ချိန်.. မဝေးတော့မယ့်အနာဂတ်မှာ အပြာရောင်တွေရဲ့ အနာဂတ်ကို ထမ်းပိုး၊ သယ်ဆောင်မယ့် ‘ကမ္ဘာ့အဆင့်’ ကစားသမားတစ်ယောက်အဖြစ် မလွဲမသွေ ရောက်ရှိမယ်ဆိုတာ ယုံကြည်ထားတဲ့အကြောင်း နည်းပြ ဖရန့် လမ်းပတ် က ယခုလို တိုက်တွန်းစကား လက်ဆောင်နဲ့အတူ အဆုံးသတ်လိုက်ပါတယ်..။

“ကာလန် ဟာ အခုလက်ရှိခြေစွမ်းနဲ့ ကစားဟန်အတိုင်း ဆက်လက်ရှေ့ဆက်နိုင်ဖို့ လိုအပ်ပါတယ်..။ ဒါ့အပြင် ဘောလုံးခြေထဲမရှိတဲ့အချိန် ရွှေ့လျားမှုနဲ့ ခံစစ်ပိုင်း ကူညီမှုအပိုင်းတွေမှာ ဒီထက်ပိုပြီး တိုးတက်ဖို့အောင် ပြုလုပ်ရပါဦးမယ်..။ သူဟာအခုထက်ပိုပြီး ကောင်းမွန်တဲ့ အဆင့်တစ်ခုကို သေချာပေါက် တက်လှမ်းနိုင်မှာပါ..။ အဲဒါကို သူကိုယ်တိုင်လည်း သိထားပါတယ်..။ အထူးသဖြင့် ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးနဲ့ တစ်ဦးချင်း ဖြတ်ကျော်နိုင်မှုတွေဟာ သူ့ဆီကနေ နောက်ထပ်အများကြီး မျှော်လင့်လို့ရနေတယ်ဆ ိုတဲ့အကြောင်း ပြသနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်..။”
 
#FRANK

(The Independent မှ ဆောင်းပါးရှင် Jack Rathborn ၏ ‘Chelsea’s Callum Hudson-Odoi already showing glimpses of the world class player he is destined to become’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)