feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း.. (ချယ်လ်ဆီး vs အဲဗာတန်)

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက အဲဗာတန် အသင်းအား ၆ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ သွင်းဂိုးများနှင့် ပွဲစဉ်အတွင်း ထင်ရှားခဲ့သည့် ဖြစ်ရပ်များကို လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် နှင့် အာဆင်နယ်နှင့် အဲဗာတန်အသင်း တောင်ပံကစားသမားဟောင်း သီယို ဝဲလ်ကော့တ် တို့က MatchDay Live Extra ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။

စတိဗ် ဘိုးဝါး - ချယ်လ်ဆီးနဲ့ အဲဗာတန်တို့ ယှဉ်ပြိုင်ခဲ့တဲ့ ဒီနေ့ညပွဲစဉ်ပြီးဆုံးတဲ့အချိန်မှာ ချယ်လ်ဆီးအသင်းက (၆) ဂိုးရတယ်..၊ ကိုးလ် ပါးမား က (၄) ဂိုး ရခဲ့ပါတယ်..။ သူတို့တွေအတွက် ဘယ်လိုမှမေ့လို့မရနိုင်မယ့် စတန်းဖို့ဒ် ဘရစ်ချ်က ညချမ်းတစ်ခုဖြစ်မှာ အသေအချာပါပဲ..။ အဲ.. နီကိုလပ်စ် ဂျက်ဆင် ကတော့ မပြီးနိုင်၊ မစီးနိုင်... မွိုက်စ် ကိုင်ဆီဒို နဲ့ဆက်ပြီး ငြင်းခုန်နေဆဲဗျ..။ အဲဒီအကြောင်းကို ကျွန်တော်တို့သီးခြား ဆွေးနွေးကြတာပေါ့ဗျာ..။

မိုက်ကယ် ရေ.. ကိုးလ် ပါးမား ဟာ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် (၂) ပွဲမှာ (၇) ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် အဲဒီနှစ်ပွဲစလုံးဟာ သူတို့အသင်းအတွက် တကယ့်ကို အရေးပါတဲ့ အနိုင်ပွဲတွေ မဟုတ်ဘူးလားဗျ..။ ကဲ.. ပထမဆုံးအနေနဲ့ သူ့ရဲ့ဘယ်ခြေ၊ ဦးခေါင်း၊ ညာခြေတို့နဲ့ ကန်သွင်းရယူခဲ့တဲ့ hattrick.. perfect hattrick အကြောင်း ဆွေးနွေးကြရအောင်..။ သူ့ရဲ့ဒီနေ့ည သွင်းဂိုးတွေထဲမှာ ပထမအဖွင့်ဂိုးဟာ နည်းစနစ်ပိုင်းအရ အတော်လေးကို လှပတဲ့သွင်းဂိုးလို့ ပြောရမှာပဲ..

မိုက်ကယ် အိုဝင် - Yes.. မှန်တာပေါ့ဗျာ…။ အဲဒီဂိုးဟာ တကယ့်ကို အဆင့်အတန်းမြင့်ပြီး လှပတဲ့သွင်းဂိုး တစ်ဂိုးဖြစ်ပါတယ်..။ အခုနှစ်ဘောလုံးရာသီရဲ့ အကောင်းဆုံး သွင်းဂိုး (goal of the season) စာရင်းဝင် လောက်တယ်ဗျ..။ အဲဗာတန်အသင်း နောက်ခံလူတွေကြားက လှည့်ထွက်ခဲ့တဲ့ သူ့ရဲ့ယုံကြည်မှု၊ ဘောလုံးကျွမ်းကျင်မှု အထူးကောင်းမွန်ခဲ့သလို တွဲဖက်တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ဆီကို နောက်ပေါက်လေးနဲ့ ချပေးတယ်..၊ ဂျက်ဆင် ကလည်း သူ့ဆီရောက်လာတဲ့ ဘောလုံးကို ကိုးလ် ပါးမား ရဲ့ ပြေးလမ်းထဲကို ချက်ချင်းပြန်ပြီး တည်ပေးလိုက်ပါတယ်..။



အဲဒီဘောလုံးကို အဆုံးသတ် ကန်သွင်းမယ့်အချိန် ကျွန်တော်ထောက်ပြချင်တဲ့အချက်က သူ့ရဲ့သွေးအေးမှုနဲ့ နည်းစနစ်ပိုင်း တိကျ၊ သေသပ် ကောင်းမွန်မှုပါပဲ..။ သူ့ရဲ့နေရာမှာသာ တခြားတိုက်စစ်မှူးတွေဆိုရင် နောက်ခံလူတွေကြားကနေ လှလှပပ ဖောက်ထွက်လာနိုင်တာနဲ့ စိတ်လှုပ်ရှားမှုတွေများပြီး ဘောလုံးကို အားနဲ့အင်နဲ့ ဂိုးပေါက်ထဲကို ခပ်ပြင်းပြင်းကန်သွင်းလေ့ ရှိကြပါတယ်..။ ဒါပေမယ့် သူကတော့ အရမ်းကို အေးဆေးလွန်းခဲ့ပြီး ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ် ရဲ့ ညာဘက်ဂိုးထောင့်ထဲကို အနေတော်လေး အတိအကျ ကန်သွင်းခဲ့ပါတယ်..။

ကျွန်တော်ကတော့ သူ့ရဲ့အဆုံးသတ်ကန်ချက်ကို အရမ်းသဘောကျမိပါတယ်..။ သိပ်ကိုလှပတဲ့ ကန်သွင်းချက်ပါ..။ တိကျမှုကို ပြင်းအားထက် ဦးစားပေးပြီး ကန်ချက်သွားတဲ့ နည်းစနစ်ပိုင်းဆုံးဖြတ်ချက်ဟာ အဲဒီသွင်းဂိုးကို သိပ်ကိုလှပ.. ပြီးပြည့်စုံစေခဲ့တာပေါ့..။ မာလို ဂတ်စ်တို ရဲ့ ညာတောင်ပံ ပေးပို့မှုကတဆင့် ရလာတဲ့ဘောလုံးကို ဂျာရတ် ဘရတ်ဒ်ဝိတ် ရဲ့ ပေါင်ကြားထဲကနေ ဆွဲထုတ်သွားတာကစလို့ နောက်ဆုံးအဆုံးသတ် ကန်သွင်းတဲ့အချိန်ထိ ဘာမှအမှားအယွင်း မရှိခဲ့ပါဘူး..။  
 
သီယို ဝဲလ်ကော့တ် -  သူနဲ့ နီကိုလပ်စ် ဂျက်ဆင် တို့နှစ်ယောက်ကြားက တွဲလုံးနဲ့ နားလည်မှု ကောင်းမွန်တာကို ထည့်ပြောဖို့ လိုအပ်မယ်ဗျ..။ ဒီလိုဂိုးမျိုးကို အခါခါပြန်ကြည့်နေရတာ မျက်စိထဲမှာ သိပ်ကိုအေးချမ်းလွန်းပါတယ်ဗျာ..။ သူ့ကိုကြည့်ရတာ အဲဒီလိုကန်ချက်မျိုးကို လေ့ကျင့်ကွင်းမှာ ကန်နေရတဲ့အတိုင်း အရမ်းလွယ်ကူနေသလိုပါပဲ..။ သိပ်ကိုလှပတဲ့ သွင်းဂိုးတစ်ဂိုး ဆိုပေမယ့် အရမ်းတော့ အံ့ဩစရာ မရှိပါဘူး..။ သူဟာ အဲဒီလိုကန်ချက်တွေ၊ သွင်းဂိုးတွေကို လေ့ကျင့်ကွင်းမှာ အထပ်ထပ်အခါခါ ကန်သွင်းခဲ့ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်..။

အခုနှစ်ဘောလုံးရာသီဟာ ချယ်လ်ဆီးအသင်းအတွက် အတက်အကျတွေ များပြားလွန်းခဲ့ပြီး ထူးခြား၊ ဆန်းပြားတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ပါတယ်..။ ဒါပေမယ့် ကိုးလ် ပါးမား ဟာ သူ့ရဲ့တည်ငြိမ်တဲ့ ခြေစွမ်းနဲ့အတူ ချယ်လ်ဆီးပရိသတ်တွေအတွက် မျှော်လင့်ချက်ရောင်ခြည် ထွန်းညှိပေးနေတယ်လို့ ပြောရမှာပါပဲ..။

စတိဗ် ဘိုးဝါး - ပွဲချိန် (၁၈) မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ဒုတိယဂိုးကိုရော မကြိုက်ဘူးလားဗျ..?
သီယို ဝဲလ်ကော့တ် - မာ့စ် ကူကူရယ်လာ..၊ မွိုက်စ် ကိုင်ဆီဒို နဲ့ မိုင်ဟေးလ်လို မူဒရပ်ခ် တို့ ဘယ်တောင်ပံကနေ ထိုးဖောက်လာတဲ့အချိန် ကိုးလ် ပါးမား ဟာ ဂိုးဧရိယာထိပ်မှာပဲ ရှိနေပါသေးတယ်..(ပုံ- ၁)။ အဲဒီတော့ သူဟာဂိုးဧရိယာထိပ်ကနေပဲ ပြန်လျှံထွက်လာတဲ့ ဘောလုံးတွေကို ကောက်စားဖို့ စောင့်နေမလား..? ဂိုးဧရိယာထဲထိ လိုက်သွားမလား..? ခန့်မှန်းလို့မရတဲ့အတွက် လူကပ်ကစားဖို့ မလွယ်ဘူးဗျ..။



ဒါပေမယ့် မူဒရပ်ခ် ရဲ့ ထိုးဖောက်မှုကတဆင့် နီကိုလပ်စ် ဂျက်ဆင် ရဲ့ ကန်ချက်ကို ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်လိုက်ချိန်မှာ သူဟာပြန်ကျလာတဲ့ ဘောလုံးကို ခေါင်းတိုက်ပြီး အဆုံးသတ်ပေးနိုင်ဖို့ အချိန်ကိုက်.. အသင့်ရှိနေခဲ့ပါတယ်…။ ကွင်းထဲမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးဟာ သူ့ဘက်မှာ ရှိနေတာလည်း ပါနိုင်တာပေါ့..။ ဘာလုပ်လုပ် တင့်တယ်နေတာပါပဲ..။

ဒါ့အပြင်သူဟာ အသင်းမှာ လွတ်လွတ်လပ်လပ် လှုပ်ရှား.. ကစားခွင့် ရနေတာကြောင့် ယုံကြည်မှုတွေ ပိုပြီးမြင့်တက်လာခဲ့ပုံ ရပါတယ်..။ နောက်ပိုင်းကျရင် အခုသွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးလို အင်မတန်မှ လွယ်ကူလှတဲ့ အဆုံးသတ် ဂိုးသွင်းမှုတွေ ထပ်ပြီးရနိုင်ဦးမလား.. သိပ်တော့မသေချာဘူး ထင်မိတာပဲ..။ ခံစစ်ကစားရတဲ့ ရှုထောင့်ကနေ ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် ဂိုးသမား ပစ်ဖို့ဒ် အနေနဲ့ အခုထက်ပိုပြီး ကောင်းမွန်အောင် ကာကွယ်နိုင်ခဲ့သင့်ပါတယ်..။ ဒါ့ကြောင့်သူရရှိခဲ့တဲ့ ဒုတိယဂိုးဟာ လွယ်ကူတယ်.. ဆိုပေမယ့် တတိယဂိုးလောက် မရိုးရှင်း.. မလွယ်ကူခဲ့ပါဘူး..။

စတိဗ် ဘိုးဝါး - အဲဒီတတိယဂိုးဟာ ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် ရဲ့ အမှားကနေ ရရှိခဲ့တာ မဟုတ်ဘူးလားဗျ..?
မိုက်ကယ် အိုဝင် - ခုနကပေးလိုက်ရတဲ့ ဒုတိယဂိုးမှာ ဂိုးသမား ပစ်ဖို့ဒ် ရဲ့ စွမ်းဆောင်ရည်ကို ခင်ဗျားတို့ စိတ်ပျက်မိမယ်ဆိုရင် အခုတတိယဂိုးက ပိုဆိုးမှာပေါ့..။ တကယ်တော့ ဂိုးသမား ပစ်ဖို့ဒ် ဟာ သူ့ဆီရောက်လာတဲ့ ဘောလုံးကို ညာဘက်မှာ ရှိနေတဲ့ နောက်ခံလူဆီကို အေးအေးဆေးဆေး ပေးလိုက်လို့ရပါတယ်..။ ရှေ့ကိုမဖြစ်မနေ ပေးရဖို့ ဖိအားလည်း ရှိနေတာ မဟုတ်ဘူးလေ..။

ဒါပေမယ့် ကိုးလ် ပါးမား ကတော့ သူ့ရဲ့အနားကို ပေးပို့လာမယ့် ဘောလုံးတွေကို မရမက လုယူနိုင်ဖို့ အဆင်သင့်ရှိနေတဲ့အပြင် တဒင်္ဂအတွင်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီး အကောင်းဆုံး အဆုံးသတ် ကန်သွင်းယူနိုင်ခဲ့ပါတယ်..။ ဂိုးသမား ပစ်ဖို့ဒ် ရဲ့ ပေးပို့ချက်ကို ဖြတ်ဆွဲပြီး မနားတမ်း ကန်သွင်းခဲ့ရာမှာ သူအားသန်တဲ့ ဘယ်ခြေနဲ့ မဟုတ်ခဲ့ပါဘူး.။ အဲဒါ့ကြောင့်ကန်သွင်းရမယ့်ပြင်းအား၊ ဘောလုံးပြန်ပြီး ခုန်လာမယ့် နေရာကို တွက်ဆတာတွေဟာ အရမ်းကြီး စိတ်တိုင်းကျဖြစ်ခဲ့ပုံ မရပါဘူး..။ ဒါပေမယ့် ဂိုးပေါက်ထဲကို အမိအရ ကန်သွင်းယူနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ သူ့ရဲ့ပထမဆုံး perfect hattrick ကို အရယူနိုင်ခဲပါတယ်..။



တကယ်တော့ ကစားသမား တစ်ယောက်ဟာ သူ့ရဲ့ကစားသမားဘဝ သက်တမ်းတစ်လျှောက် အဲဒီလို perfect hattrick ရယူနိုင်ဖို့ သိပ်တော့လွယ်ကူလှတာ မဟုတ်ဘူးဗျ...။ ဒါ့ကြောင့်ဒီနေ့ပွဲအပြီး သူ့ဆီကနေ ပွဲမှာဝတ်ဆင်ခဲ့တဲ့ အင်္ကျီကို တောင်းလို့ ရချင်ရမယ်..၊ ဒီနေ့ပွဲရဲ့ match ball ကို ဘယ်သူတောင်းတောင်း ပေးမှာမဟုတ်ပါဘူး..။

စတိဗ် ဘိုးဝါး - မှန်တာပေါ့ဗျ...။ ဒီနေ့ပွဲမှာဆိုရင် ကိုးလ် ပါးမား ဟာ ချယ်လ်ဆီးအသင်းအတွက် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ပရီးမီးယားလိဂ် ခုနှစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်ခဲ့သလို တစ်ရာသီအတွင်း အိမ်ကွင်းမှာ hattrick ကို နှစ်ပွဲဆက်တိုက် သွင်းယူပေးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား.. ဆိုတဲ့ စံချိန်မှတ်တမ်းကိုလည်း စိုက်ထူပေးနိုင်ခဲ့ပါတယ်..။

ဒါတွေအပြင် သူဟာပင်နယ်တီ ပြစ်ဒဏ်ဘောကနေတဆင့် အဲဒီထက်ပိုပြီး ထူးခြားကောင်းမွန်ခဲ့တဲ့ စံချိန်၊ မှတ်တမ်းတွေကိုပါ ရေးထိုးပေးနိုင်ခဲ့ပါတယ်..။ အခုဆိုရင် ပွဲချိန် (၆၄) မိနစ်မှာ ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောဟာ ဂိုးဧရိယာထဲမှာ သူ့ကိုဖျက်ထုတ်မှုကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီဖြစ်တဲ့အကြောင်း ကျွန်တော်တို့တွေ သိရှိခဲ့ရပါပြီ..။

သီယို ဝဲလ်ကော့တ် - ပွဲကန်နေတုန်းက ကျွန်တော်တို့တွေ ငြင်းခဲ့ကြသေးတယ်မလား..? ဒါပေမယ့် ဒိုင်လူကြီးကတော့ ဖြစ်စဉ်ရဲ့အသေးစိတ်တွေကို VAR ဒိုင်၊ အကူဒိုင်တွေဆီကတဆင့် ပိုပြီးသိရှိခဲ့ပါလိမ့်မယ်..။ အနှေးပြကွက်တွေ ပြန်ကြည့်တဲ့အခါမှာ နောက်မှကျန်နေခဲ့တဲ့ သူ့ရဲ့ခြေကျင်းဝတ်ကို ကန်မိခဲ့တာ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်..(ပုံ- ၂) ။ ဂျိမ်းစ် တာကော့စကီး က မာဒူအီကေး ကို ဖျက်ထုတ်ခဲ့မှုအတွက် ပင်နယ်တီ ပေးခဲ့တာ မဟုတ်ပါဘူး..။



အဲဒီလိုအခြေအနေမျိုးမှာ ကွင်းလယ်ဒိုင်လူကြီးဟာ VAR ရဲ့ အကူအညီ လိုအပ်ခဲ့မှာ အမှန်ပါပဲ..။ အခုအခိုက်အတန့်မှာတော့ ဒိုင်လူကြီး ပေါလ် တီယာနီ ဟာ အခြေအနေပေါ်မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့တယ်လို့ ယူဆပါတယ်..။ အဲဒီအချိန်က ဖြစ်သွားခဲ့တဲ့ အနေအထားဟာ ကစားသမားတွေဘက်ကကြည့်ရင် ဘာတွေဖြစ်သွားခဲ့လဲ.. သေသေချာချာ သိရှိနိုင်ဖို့ မလွယ်ကူနိုင်ပါဘူး...။  

စတိဗ် ဘိုးဝါး - ကိုးလ် ပါးမား ဟာ ချယ်လ်ဆီးအသင်းရဲ့ ပထမဦးစားပေး ပင်နယ်တီ ကန်သွင်းရမယ့်သူ ဟုတ်တယ်မလားဗျ..။ သူဟာအဲဒီကန်ချက်မတိုင်ခင် ပင်နယ်တီပြစ်ဒဏ်ဘောတွေကနေ (၈) ကြိမ် ကန်သွင်းပြီး (၈) ဂိုး သွင်းယူပေးခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီပင်နယ်တီကန်ချက်ကြောင့် ကစားသမားတွေကြားမှာ မထင်မှတ်ပဲ အတော်လေးကို ရှုပ်ထွေးသွားခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ ပြီးပြည့်စုံတဲ့ အနိုင်ပွဲကို အမဲစက်ထင်စေခဲ့တဲ့ ခေါင်းစီးသတင်း ဖြစ်သွားခဲ့ပါတယ်..။ မိုက်ကယ် ရေ.. ပင်နယ်တီမကန်သွင်းခင် ချယ်လ်ဆီးကစားသမားတွေကြားမှာ ဘယ်လိုဖြစ်ပြီး အငြင်းအခုန် ဖြစ်သွားရသလဲ..? သုံးသပ်ပေးပါဦး..

မိုက်ကယ် အိုဝင် - ရှက်စရာကြီးပါဗျာ..။ ချယ်လ်ဆီးအသင်းရဲ့ အဝတ်လဲခန်းနဲ့ ပတ်သက်ပြီး ကျွန်တော် ဝေဖန်နေခဲ့တာ ကြာပါပြီ..။ အရင်ကတည်းက သူတို့အသင်းရဲ့ အဝတ်လဲခန်းထဲက အရှိန်အဝါဟာ ကြီးမားခဲ့ပါတယ်..။ ဒါပေမယ့် အခုဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် အသင်းရဲ့အဝတ်လဲခန်းထဲဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိနေပုံမရပါဘူး..။

ဒီလိုဖြစ်ရပ်တွေဟာ ကစားသမားတွေရဲ့ အတ္တကြီးမားမှု၊ တစ်ကိုယ်ကောင်းစိတ် ကြီးမားမှုတွေရဲ့ လက္ခဏာတွေပေါ့ဗျာ..။ ကစားသမားတွေဟာ သူတို့ရဲ့တစ်ကိုယ်ရည် အောင်မြင်မှုတွေကို အသင်းထက်ပိုပြီး အလေးထားတယ်.. ဆိုတာ ပြသနေတာပါပဲ..။ ကိုးလ် ပါးမား ဟာ သူတို့အသင်းရဲ့ မူလပထမ ပင်နယ်တီ ကန်သွင်းတဲ့သူဆိုတာ အားလုံးကသိထားပြီးသားပါ..။ ဒီတစ်ကြိမ်မတိုင်ခင်က (၈) ကြိမ်ကန်ပြီး (၈) ဂိုး ရထားခဲ့ပါတယ်..။ ဒါ့ကြောင့်အရမ်းကို ရှင်းလင်းနေတဲ့အရာပါ..။

ပါးမား ရဲ့ကန်ချက် ဂိုးဝင်သွားပြီးတဲ့အချိန်ထိ ဂျက်ဆင် တို့ဟာ ဆက်ပြီးစကားများနေဆဲ ဖြစ်တာကြောင့် ချာလိုဘာ က ကြားဝင်ပြီး ဂိုးသွင်းပေးတဲ့သူနဲ့အတူ အောင်ပွဲခံပေးဖို့ ပြောပေးနေရတာကို တွေ့ခဲ့ရပါတယ်..။ အဲဒါတွေဟာ မှားယွင်းပါတယ်..။ ဘောလုံးကစားနည်းဆိုတာ အသင်းလိုက် ဦးစားပေးရတဲ့ ကစားနည်းတစ်ခု ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပြီးသားပါ..။ ကစားသမားတွေဟာ ဂိုးတွေသွင်းပေးချင်တယ်..၊ ပွဲရဲ့အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းပေးတဲ့ သူရဲကောင်းကြီး ဖြစ်ချင်ကြတယ်..၊ တစ်ကိုယ်ရည် အောင်မြင်မှုတွေ ရရှိချင်တယ်ဆိုတာ မှန်ပါတယ်..။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘောလုံးကစားနည်းဟာ အသင်းလိုက် ကစားနည်းတစ်ခု ဖြစ်ပါတယ်..။



အဲဒီလိုပင်နယ်တီ ကန်ခါနီးမှာ အသင်းဖော်အချင်းခင်း အငြင်းအခုန် ဖြစ်ခဲ့ကြတဲ့ ဖြစ်ရပ်ဟာ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး တစ်ခုထဲသော စိတ်ပျက်စရာဖြစ်ရပ်လို့ ပြောရမှာပါပဲ..။ နည်းပြပိုချက်တီနို ကလည်း အဲဒီဖြစ်ရပ်အပေါ် သူ့ရဲ့ကစားသမားတွေကို ပြင်းပြင်းထန်ထန် သတိပေး၊ ဆုံးမတာတွေ ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ ဒီနေ့ဖြစ်ရပ်ဟာ ၅ဂိုး- ဂိုးမရှိ၊ ၆ဂိုး- ဂိုးမရှိ ဆိုတဲ့အချိန်မှာ ဖြစ်ခဲ့တာကြောင့်သာ ပြဿနာသိပ်ပြီး မကြီးခဲ့တာပေါ့..။ တကယ်လို့ ဂိုးမရှိသရေကျတဲ့အချိန်... ဒါမှမဟုတ် အဲဒီပင်နယ်တီသာ လွဲချော်ခဲ့ရတယ်ဆိုရင် ခေါင်းကြီးသတင်းနဲ့ ပြဿနာဟာ ပိုပြီးကြီးမားသွားပါလိမ့်မယ်..။

သီယို ဝဲလ်ကော့တ် - ဒီလိုဖြစ်ရပ်ဟာ ဒီနေ့ပွဲကိုကြည့်နေတဲ့ လူငယ်တွေ၊ ကလေးတွေအတွက် အတုယူဖို့ကောင်းတဲ့ အပြုအမူမဟုတ်ပါဘူး..။ လူငယ်တွေ၊ ချာတိတ်တွေဟာ ဒီလိုအပြုအမူတွေကိုလိုက်ပြီး အတုယူမယ်ဆိုရင် ကောင်းပါ့မလားဗျ..။ ကျွန်တော်ဟာ အပါတ်စဉ်တိုင်းမှာ လူငယ်လေးတွေကို လေ့ကျင့်ပေးနေပါတယ်..။ အဲဒီလိုလေ့ကျင့်ပေးတဲ့နေရာမှာ ဂိုးသွင်းပြီးတဲ့အခါတိုင်း အသင်းသားတွေနဲ့အတူ အောင်ပွဲခံဖို့၊ ပင်နယ်တီကန်ချက်တွေ မဝင်ခဲ့ဘူးဆိုရင်လည်း အဲဒီအသင်းဖော်ကို ကျန်တဲ့သူတွေက ဖေးမကြမယ်..၊ ဝိုင်းဝန်းအားပေးရမယ်.. ဆိုတဲ့ အပြုအမူတွေကို သင်ကြားပေးရတာပါပဲ..။

တကယ်လို့ ဂျွန် တယ်ရီ လို ကစားသမားမျိုးသာ ရှိနေခဲ့ရင် အခုလိုဖြစ်လာပါ့မလား..? သီယာဂို ဆေးလ်ဗား တော့ ရှိပါတယ်..။ သူဟာအခုလက်ရှိ မျိုးဆက်သစ်တွေအပေါ် ဩဇာမလွှမ်းလို့လား..? ဒါမှမဟုတ် အဲဒီမျိုးဆက်သစ် ကစားသမားလေးတွေနဲ့ တစ်သားတည်း မဖြစ်လို့လား..? ဒီဖြစ်ရပ်အပေါ် ပိုချက်တီနို က အသေအချာ အလေးအနက်ထားပြီး ဖြေရှင်းပေးလိမ့်မယ်..။



စတိဗ် ဘိုးဝါး - ကိုးလ် ပါးမား ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ပွဲထဲမှာ (၄) ဂိုး သွင်းပေးခဲ့တဲ့ ပဉ္စမမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်..။ အဲဒီစံချိန်မှတ်တမ်းမှာ အသက်အငယ်ဆုံး ကစားသမားက ဘယ်သူဖြစ်မလဲဗျ..?
မိုက်ကယ် အိုဝင် - သီယို နဲ့ ကျွန်တော်တို့နှစ်ယောက်ထဲက တစ်ယောက်ဖြစ်မှာပေါ့.. ဟားဟား..

စတိဗ် ဘိုးဝါး - သီယို တော့ မရနိုင်ဘူးဗျ.. ဟားဟား..။ မိုက်ကယ် ရေ.. ခင်ဗျားဟာ ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ၊ နော့တင်ဟမ် ဖောရက်စ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသက် (၁၈) နှစ်အရွယ်နဲ့ လေးဂိုးသွင်းပေးခဲ့တယ်လေ…။ ပြန်ပြီးမှတ်မိပြီလား..?
 
မိုက်ကယ် အိုဝင် - အန်ဖီးလ် ကွင်းမှာ ဖောရက်စ် ကို ၅ဂိုး- ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ..။ ဟုတ်တယ်မလား..? တစ်ပွဲထဲမှာ ဂိုးတွေအများကြီးသွင်းပေးနိုင်တဲ့ စံချိန်တွေ၊ မှတ်တမ်းတွေကို တိုက်စစ်မှူးတွေပဲ ရရှိလေ့ ရှိတာကြောင့် ကိုးလ် ပါးမား ဟာ အခုလိုသွင်းဂိုးတွေ အများကြီးရရှိလိမ့်မယ်ဆိုပြီး လုံးဝမစဉ်းစားမိခဲ့ပါဘူး..။ သူဟာအသင်းမှာ ‘No.10’ နေရာမှာ ကစားတဲ့သူ ဖြစ်တာကြောင့် အသင်းဖော်တွေကို ဂိုးဖန်တီးပေးဖို့၊ ကစားကွက် ဖန်တီးပေးမယ့် တာဝန်ကို ပိုပြီးယူရမှာပေါ့..။

ဒါပေမယ့် အခုအချိန်ကစလို့ သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ တွေးခေါ် ရှုမြင်ပုံတွေကို ပြောင်းလဲရတော့မယ်လို့ ထင်မိတာပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာဂိုးသွင်းအဆုံးသတ်ပိုင်း အရမ်းသေချာတယ်..၊ ကန်ချက်တွေ အရမ်းတိကျတယ်..၊ ဆုံးဖြတ်ချက်တွေ မှန်ကန်ပြီး သိပ်ကိုသွေးအေးလွန်းတယ်.. ဆိုတာ တွေ့ရှိနေခဲ့တာကြောင့်ပါပဲ..။ အခုဆိုရင် ဒီနှစ်ရာသီအတွက် သူ့ရဲ့ပရီးမီးယားလိဂ် သွင်းဂိုးအရေအတွက်ဟာ အားလင်း ဟာလန်း နဲ့ တူညီသွားပြီနော… တကယ့်ကို အံ့ဩစရာပါပဲ..။



ဟာလန်း နဲ့ တခြားတိုက်စစ်မှူးတွေ ရရှိခဲ့တဲ့ သွင်းဂိုးတွေနဲ့ သူ့ရဲ့သွင်းဂိုးတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပါးမား ရဲ့ဂိုးတွေဟာ ပိုပြီးခက်ခဲတာပေါ့..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီနှစ်ရာသီဟာ သူတို့တွေရဲ့ ရုန်းကန်နေရတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ပါတယ်..။ အဲဒီထက်ပိုပြီး ပြောရမယ်ဆိုရင် သူဟာအသင်းကို တစ်ယောက်တည်း ရုန်းကန်၊ မောင်းနှင်ရင်း သူ့ရဲ့သွင်းဂိုးတွေနဲ့ အသင်းကို ဆွဲတင်နေရတာဗျ..။

ပုံမှန်အားဖြင့် ကစားသမား တစ်ယောက်ဟာ အများတကာထက် အခုလိုထူးထူးခြားခြား ချွန်ထွက်နေဖို့ဆိုရင် အဲဒီကစားသမားကို ဝိုင်းဝန်း ပံ့ပိုးပေးနိုင်မယ့် အသင်းဖော်တွေ ရှိနေဖို့ လိုအပ်ပါတယ်..။ ဒါပေမယ့် အခုလက်ရှိ သူ့ရဲ့အသင်းဖော်တွေကို ကြည့်မယ်ဆိုရင် အများစုဟာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့သူတွေ၊ ခြေစွမ်းပျောက်ဆုံးနေတဲ့သူတွေ ဖြစ်နေပါတယ်..။ အဲဒီလိုအသင်းဖော်တွေကြားထဲမှာ သူ့ရဲ့ပုံမှန်ခြေစွမ်း၊ သွင်းဂိုးတွေနဲ့ အဆင့်အတန်းတစ်ခုကို ထိန်းထားနိုင်ဖို့ဆိုတာ တကယ့်ကိုခက်ခဲမှာ အသေအချာပဲဗျ..။  

စတိဗ် ဘိုးဝါး - အင်းဗျ..။ ဒါ့အပြင်ချယ်လ်ဆီးအသင်းဟာ သူ့ရဲ့အသင်းသစ်၊ လန်ဒန်မြို့တော်ဟာ ဒီနှစ်မှ ခြေချရတဲ့ နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်၊ အသက်အရွယ်ကလည်း (၂၁) နှစ်ပဲ ရှိပါသေးတယ်..။
သီယို ဝဲလ်ကော့တ် - သူ့အတွက် တစ်ခုအားသာတာက အင်္ဂလန်လူငယ်အသင်း အဆင့်ဆင့်မှာ သူနဲ့အတူ တွဲဖက်ကစားခဲ့ဖူးတဲ့ ကော်နာ ဂါလက်ချာ၊ နိုနီ မာဒူအီကေး တို့လို ကစားသမားတွေ အသင်းမှာ ရှိနေခဲ့တယ်..၊ English connection ပေါ့ဗျာ..။

အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ကလည်း အသင်းသစ်မှာ မြန်မြန်ဆန်ဆန် အထိုင်ကျနိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါလိမ့်မယ်..။ ကိုးလ် ပါးမား ကို ကျွန်တော်နှစ်သက်မိတဲ့အချက်က သူ့ရဲ့ရွှေ့လျားမှုတွေ၊ ဘောလုံးပေးပို့မှုတွေဟာ နောက်ခံလူတွေကို ခန့်မှန်းရခက်ခဲစေတာ ဖြစ်ပါတယ်..။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် သူဟာတောင်ပံတွေထွက်ပြီး ဘောလုံးကိုလက်ခံယူတယ်..၊ ပြိုင်ဘက်နောက်ခံအစွန်လူတွေက သူ့ကိုဝိုင်းပြီး အာရုံစိုက်လာပြီဆိုရင် သူကတခြားတစ်နေရာကို ရောက်သွားပြီ..။ နောက်ပြီးဘယ်သူမှ သတိမထားမိတဲ့အချိန်ကျရင် အဲဒီနေရာကို ပြန်ပြီးရောက်လာပြန်ရော..

ဒါ့ကြောင့်သူဟာ ဘယ်နေရာကို ရွှေ့လျားမယ်..၊ ဘယ်နေရာကနေ ဘောလုံးလက်ခံယူမယ်.. ဆိုတာဟာ ပြိုင်ဘက်နောက်ခံလူတွေအတွက် ပဟေဠိပုစ္ဆာ ဉာဏ်စမ်းစာမေးပွဲ ဖြေရသလို ဖြစ်နေတာပါပဲ..။ အခုလိုအင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ လာမယ့်ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်လက်‌ရွေးစင် အင်္ဂလန်အသင်းအတွက် အကြီးအကျယ် ခေါင်းစားနေလောက်ပြီဗျ..။



စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ ကျန်တဲ့သွင်းဂိုးတွေအကြောင်း ဆက်ပြောကြတာပေါ့..။ ဒီနေ့ပွဲမှာ နီကိုလပ်စ် ဂျက်ဆင် ကလည်း ခေါင်းကြီးသတင်း ဖြစ်လောက်တဲ့ အကြောင်းအရာတွေ ပြုလုပ်ခဲ့သေးတာဗျ..။ ဒါပေမယ့် ကိုးလ် ပါးမား ကြောင့် သူဟာမှေးမှိန်သလို ဖြစ်သွားပါတယ်..။ ဒါပေမယ့် သူသွင်းယူပေးခဲ့တဲ့ လေးဂိုးမြောက် သွင်းဂိုးဟာ အတော်လေးကို လှတာဗျ..။ ဟုတ်တယ်မလား..

သီယို ဝဲလ် ကော့တ် - ဒီနေ့ပွဲမှာ နီကိုလပ်စ် ဂျက်ဆင် ရဲ့ကစားပုံ အတော်လေးကောင်းမွန်ပြီး အဲဗာတန်အသင်း နောက်ခံလူတွေကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်..။ မာ့စ် ကူကူရယ်လာ ဘယ်တောင်ပံက ပေးပို့လိုက်တဲ့ ဘောလုံးကို တစ်ချက်ထိန်းပြီး ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို အဆုံးသတ်ခဲ့တဲ့ ကန်သွင်းချက်ဟာ ဒီဒီယာ ဒရော့ဘာ နဲ့ နှိုင်းယှဉ်လို့ ရပါတယ်..။ ကိုးလ် ပါးမား က overlap လုပ်ပြီး ပြေးတက်လာတဲ့ ကူကူရယ်လာ ရဲ့ ပြေးလမ်းကြောင်းထဲကို ချပေးလိုက်တဲ့အချိန် အဲဗာန်အသင်းဘက်က ဘရန့်တ်ဝိတ် က လူကျွံဘောဖြစ်မယ်. ထင်မိပြီး တစ်ချက်တုံ့သွားခဲ့ပါတယ်..။

အခုခေတ်မှာတော့ ဒိုင်လူကြီးရဲ့ ဝီစီမမှုတ်မချင်း၊ VAR ရဲ့ အဆုံးအဖြတ် မပေးမချင်း ဆက်ပြီးကစားရမှာပဲ..။ ဒါပေမယ့် ဂျက်ဆင် ရဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ လှည့်ပြီးကန်သွင်းချက်ဟာ အတော်လေးကို ကောင်းပါတယ်..။

မိုက်ကယ် အိုဝင် - မှန်ပါတယ်..။ သူဟာနည်းစနစ်ပိုင်းအရ တကယ့်ကို ခက်ခဲတဲ့ ကန်သွင်းချက်ကို အင်မတန်မှ လွယ်ကူသယောင် ထင်မှတ်ရအောင် ကန်သွင်းယူသွားနိုင်ခဲ့ပါတယ်..။ တကယ်တော့ ကိုးလ် ပါးမား ရဲ့ ထူးရှယ်ခြေစွမ်းနဲ့ hattrick ကြောင့်သာ မဟုတ်ဘူးဆိုရင် ဂျက်ဆင် ရဲ့ အဲဒီသွင်းဂိုးအကြောင်းကို ကျွန်တော်တို့ တခုတ်တရ ဆွေးနွေးဖြစ်ခဲ့ကြမှာပါ..။ ထိပ်တန်းတိုက်စစ်မှူး တစ်ယောက်ရဲ့ ကစားပုံမျိုး ဖြစ်တယ်လို့ပဲ သတ်မှတ်ချင်ပါတယ်..။



သူဟာဂိုးပေါက်ကို ကျောပေးပြီး ကန်သွင်းရတာ ဖြစ်ပါတယ်..။ ဘယ်လိုနည်းနဲ့မှ ဂိုးပေါက်ကို လှမ်းပြီးကြည့်လို့ မရပါဘူး..။ ကိုယ်ရှိနေတဲ့နေရာနဲ့ ဂိုးပေါက်ရဲ့တည်နေရာကို ခန့်မှန်းနိုင်ရမယ်..၊ ကိုယ်ကန်သွင်းရမယ့် ထောင့်နေရာကို အတိအကျ မှန်းဆနိုင်ရပါမယ်..။ ဒါ့အပြင်သူဟာ တစ်ချက်ထိန်းပြီး မနားတမ်း ကန်သွင်းခဲ့တာ ဖြစ်တဲ့အတွက် အတော်လေးကို လှပသလို ရနိုင်ဖို့ခက်ခဲတဲ့ သွင်းဂိုးတစ်ဂိုးလို့ ပြောရမှာပါပဲ..။

စတိဗ် ဘိုးဝါး - ချယ်လ်ဆီးအသင်းရဲ့ စတန်းဖို့ဒ် ဘရစ်ချ်က အနိုင်ပွဲဟာ အသင်းကို တစိုက်မတ်မတ် အားပေးခဲ့ပြီး အသက် (၁၀) နှစ်အရွယ်ကတည်းက လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့တဲ့ ကစားသမားလေး အယ်လ်ဖီ ဂေးလ်ခရစ်စ် ရဲ့  နောက်ဆုံးပိတ်.. အပိတ်ဂိုးနဲ့အတူ ‘အချိုပေါ်သကာဆင့်’ လို့ အဆုံးသတ်နိုင် ခဲ့တာပေါ့ဗျာ..။ ဒါ့အပြင် သူတို့မိသားစု တစ်စုလုံးဟာ ‘ချယ်လ်ဆီးမှ ချယ်လ်ဆီး’ ဆိုတဲ့ ပရိသတ်မျိုးတွေလို့ သိရပါတယ်..။ အဲဒီတော့ စတန်းဖို့ဒ် ဘရစ်ချ် က သူ့ရဲ့ပထမဆုံးဂိုးဟာ တကယ့်ကို ပြီးပြည့်စုံတဲ့ အိပ်မက်တစ်ခု အကောင်အထည်ပေါ်တာလို့ ပြောရမှာပဲ..။

မိုက်ကယ် အိုဝင် - ဂိုးဝင်သွားတဲ့အချိန် သူ့ရဲ့အောင်ပွဲခံတဲ့ဟန်တွေကို ကြည့်ခြင်းအားဖြင့် အဲဒီသွင်းဂိုးဟာ သူ့အတွက် ဘယ်လောက်တောင် အဓိပ္ပါယ်ရှိခဲ့လဲ.. ဆိုတာ ပေါ်လွင်၊ ထင်ဟပ်နေပါတယ်..။ အမှန်တော့ ချယ်လ်ဆီးဟာ ဂိုးပြတ်နိုင်နေပြီးသားဆိုတော့ သူ့ရဲ့သွင်းဂိုးဟာ ပွဲအဖြေပေါ် သက်ရောက်မှု မရှိပါဘူး..။ သူ့ရဲ့တကိုယ်ရည် အမှတ်တရ.. မကြာသေးခင်ကမှ အသင်းကြီးကို ရောက်လာတဲ့ ကစားသမား တစ်ယောက်အတွက်ကတော့ အပြာရောင်အင်္ကျီကို ဆင်မြန်းခွင့်ရတယ်..၊ စတန်းဖို့ဒ် ဘရစ်ချ် မြက်ခင်းစိမ်းပေါ် ခြေချခွင့်ရခဲ့တယ်.. ဆိုတာနဲ့တင် ပြည့်စုံနေပါပြီ..။ အဲဒါအပြင် အဖွင့်ဂိုးပါရခဲ့တယ်ဆိုတော့ အတိုင်းထက်အလွန်ပါပဲ..။

စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..။ ဒီနေ့ပွဲစဉ်ကတော့ ချယ်လ်ဆီးအသင်း ပရိသတ်တွေနဲ့ အယ်လ်ဖီ ဂေးလ်ခရစ်စ တို့အတွက်က တကယ့်ကို မမေ့နိုင်မယ့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းက ညချမ်းတစ်ခု ဖြစ်နေလိမ့်မယ်ဆိုတာ ဂိုးသွင်းအပြီး ပွဲကြည့်စင်ပေါ် ပြေးတက်လုနီးနီး အောင်ပွဲခံတဲ့ဟန်ပန်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်..။ အဲဗာတန်အသင်းအတွက်က ချက်ချင်းကိုမေ့ပျောက်ချင်တဲ့ အိပ်မက်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ညချမ်းတစ်ခု ဖြစ်ခဲ့ပြီး သူတို့ရဲ့မန်နေဂျာ ရှောင် ဒိုက်ခ် အနေနဲ့ အဆိုးရွားဆုံး အရှုံးရလဒ်ကို ကြုံတွေ့ရခဲ့တာဖြစ်ကြောင်း တင်ဆက်ရင်း ကျွန်တော်တို့ရဲ့ သုံးသပ်ချက်အစီအစဉ်ကို ခေတ္တခဏ ရပ်နားခွင့်ပြုပါခင်ဗျ..။