feature-image

ကြာသာပတေးနေ့ ဘောလုံးစကားဝိုင်း.. (ချယ်လ်ဆီး vs တော့တင်ဟမ်)

စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက တော့တင်ဟမ် အသင်းအား ၂ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ သွင်းဂိုးများနှင့် ပွဲစဉ်နှင့်ပတ်သက်သည့် သုံးသပ်ချက်များကို ချယ်လ်ဆီးအသင်း ဂန္တဝင်နောက်ခံလူဟောင်း ဂယ်ရီ ကာဟေးလ် နှင့် ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်အသင်း နည်းပြဟောင်း ဂလင်း ဟော်ဒယ်လ် တို့က MatchDay Live ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။

ဂျူလီယာ စတူးဝပ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်း မြောက်လန်ဒန်အခြေစိုက် အစဉ်အလာဒါဘီပြိုင်ဘက် တော့တင်ဟမ်အသင်းကို အနိုင်ရရှိပြီး သူတို့ရဲ့လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ပေးဂိုးတွေများနေတဲ့ ချယ်လ်ဆီးအသင်းဟာ ထူးခြားတဲ့အနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၈) ပွဲမှာ ဒုတိယမြောက် ပေးဂိုးမရှိ (clean sheet) ကိုပါ ရရှိခဲ့ပါတယ်…။ အဲဒီအချက်ဟာ ကြီးမားတဲ့ တိုးတက်မှုတစ်ခုလို့ ပြောရမှာပါ.၊ ဟုတ်တယ်မလားရှင့်..

ဂယ်ရီ ကာဟေးလ် - မှန်တာပေါ့..။ ဒီနေ့ညပွဲစဉ်ဟာ ချယ်လ်ဆီးအသင်းအတွက် သိပ်ကိုကောင်းမွန်ခဲ့တဲ့ စတန်းဖို့ဒ် ဘရစ်ချ် ညချမ်းတစ်ခု ဖြစ်ခဲ့သလို ခါးသီးတဲ့ မြို့ခံပြိုင်ဘက်အသင်းကို နှစ်ဂိုးပြတ် အနိုင်ရတယ်..၊ ပေးဂိုးမရှိ clean sheet ကိုပါ ဆက်လက်၊ ထိန်းသိမ်းနိုင်ခဲ့ပါတယ်..။ သူတို့ဟာ ဒီနေ့မှာရရှိခဲ့တဲ့ ပုံစံကောင်း၊ ရလဒ်ကောင်းတွေကို ရာသီကုန်အထိ ဆက်လက်ထိန်းသိမ်းသွားနိုင်အောင် ကြိုးစားသွားကြမှာပါ..။ နောက်ပြီးခုနက ခင်ဗျားပြောခဲ့တဲ့ ပေးဂိုးတွေများပြားနေတဲ့အချက်ကို ပြင်ဆင်နိုင်အောင် သုံးသပ်၊ ဆွေးနွေးမှုတွေ ပြုလုပ်သွားပြီး အမြန်ဆုံးပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်..။  

ဂလင်း ဟော်ဒယ်လ် - ပြီးခဲ့တဲ့ ရက်သတ္တပါတ် (၆) ပါတ်၊ (၇) ပါတ်လောက်က အချိန်တွေကို ပြန်ပြီးကြည့်မယ်ဆိုရင် မော်ရစ္စစီယို ဟာ အနှေးနဲ့အမြန် ထုတ်ပယ်ခံရမှာပဲ.. ဆိုတဲ့ တီးတိုးသံတွေ ပျံ့လွှင့်လာခဲ့ပါတယ်..။ ကျွန်တော်ကတော့ သူ့ကိုနည်းပြတစ်ယောက် အနေနဲ့ရော၊ လူပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ပါ သဘောကျပါတယ်..။ ခင်မင်ဖို့ကောင်းတဲ့သူ တစ်ယောက်ပါ..။ ဒါ့ကြောင့်အခုလို ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်းမှာပါ တိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပေါ် ချီးကျူးမိပါတယ်..။ သူ့အနေနဲ့ ရလဒ်ပိုင်းမှာ အခုထက်ပိုပြီး တည်ငြိမ်မှုရရှိအောင် (consistency) စွမ်းဆောင်ပေးနိုင်ဖို့ လိုအပ်ပါလိမ့်ဦးမယ်..။

ချယ်လ်ဆီးအသင်းဟာ အသင်းကောင်းတွေ၊ ထိပ်တန်းအသင်းတွေနဲ့ဆိုရင် စွမ်းဆောင်ရည် ကောင်းလေ့ရှိတာ ထူးဆန်းတယ်လို့ ပြောရမှာပါ..။ နောက်ပြီးဖလားတွေမှာလည်း ခြေစွမ်းကောင်းတာပါပဲ..။ FA ဖလား၊ အကြိုဗိုလ်လုပွဲမှာ ဂိုးသွင်းသေချာခဲ့ရင် မန်ချက်စတာ စီးတီးကို အနိုင်ရသွားနိုင်ခြေ ရှိခဲ့ပါတယ်..။ အခုဆိုရင် သူတို့ဟာ ‘ဥရောပပြိုင်ပွဲဝင်ခွင့်’ ဆိုတဲ့မျှော်လင့်ချက်ပါ ရှိနေပါသေးတယ်..။ ဒါ့ကြောင့်လွန်ခဲ့တဲ့ ရက်သတ္တပါတ် (၆) ပါတ်၊ (၇) ပါတ်လောက်အချိန်ကနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် တကယ့်ကို ကြီးမားတဲ့ အပိုဆုလာဘ်တစ်ခုလို့ ပြောရပါလိမ့်မယ်..။ ဒါ့ကြောင့်မော်ရစ္စစီယို ပိုချက်တီနို ဟာ သူ့အသင်းရဲ့ ကစားပုံကို ကျေနပ်မိတယ်လို့ ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်..။



ဂျူလီယာ စတူးဝပ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာတစ်ဂိုး၊ ဒုတိယပိုင်းမှာတစ်ဂိုးစီ သွင်းယူပေးနိုင်ခဲ့ပါတယ်..။ ပွဲအပြီးကျွန်မတို့ရဲ့ သတင်းထောက်တွေနဲ့ တွေ့တဲ့အချိန်မှာ ဂိုးသမား ပက်ထရိုဗစ် က အသင်းရဲ့ပထမပိုင်းကစားပုံ ပိုပြီးကောင်းတယ်လို့ ပြောသွားပါတယ်..။ ဂယ်ရီ ရေ.. သူပြောသွားသလိုပါပဲ.. ရှင်တို့ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာ ကစားပုံ အထူးကောင်းမွန်ခဲ့ပြီး ပွဲကိုအကောင်းဆုံး ထိန်းချုပ် ကစားသွားနိုင်ခဲ့တယ်နော်…

ဂယ်ရီ ကာဟေးလ် - တော့တင်ဟမ်အသင်းဟာ ဒီနေ့ပွဲမှာ တိုက်စစ်ကစားသမား လေးယောက်ကို ပွဲထုတ်လာခဲ့ပါတယ်..။ ဒါ့ကြောင့်ပွဲမစခင်က တော့တင်ဟမ်အသင်းရဲ့ တိုက်စစ်လေးယောက်နဲ့ ချယ်လ်ဆီးရဲ့ ခံစစ်ကစားသမား လေးယောက် ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ တိုက်ပွဲဖြစ်လိမ့်မယ်လို့ မှန်းဆခဲ့ပါတယ်..။ ဒါ့အပြင် အခုပွဲမှာ ပွဲထွက်လာတဲ့ ခံစစ်ကစားသမား လေးယောက်ဟာ ပွဲတွေအများကြီး တွဲဖက်ကစားခဲ့ကြတာ မရှိခဲ့ပါဘူး..။ အခြားတစ်ဘက်က သူတို့ရဲ့ပြိုင်ဘက် တိုက်စစ်မှူး လေးယောက်စလုံးဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့်မှီတိုက်စစ်မှူးတွေ ဖြစ်ကြပါတယ်..။

ဒါ့ကြောင့်ချယ်လ်ဆီးရဲ့ ခံစစ်ကြောင်း ဟန်မှဟန်ပါ့မလား..? စိုးရိမ်ခဲ့ပေမယ့် တကယ်ပွဲကန်တဲ့အချိန်မှာ လုံးဝဆန့်ကျင်ဘက်ပါပဲ..။ ချယ်လ်ဆီးရဲ့ ခံစစ်ကစားသမား လေးယောက်ဟာ တော့တင်ဟမ်အသင်းရဲ့ တိုက်စစ်ကို လုံးဝထိန်းချုပ် ကစားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်..။
ကစားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်..။
ဂျူလီယာ စတူးဝပ် - ပြီးခဲ့တဲ့ပွဲနဲ့ လုံးဝခြားနားသွားတာပေါ့ရှင့်..။ လွန်ခဲ့တဲ့သုံးရက်က ဗီလာအသင်းနဲ့ ယှဉ်ပြိုင်စဉ်တုန်းက ရှင်တို့အသင်းဟာ ဒုတိယပိုင်းမှာ ပိုပြီးကောင်းမွန်ခဲ့တာပါ..။

ဂလင်း ဟော်ဒယ်လ် - ပွဲရဲ့ရလဒ်..၊ ပွဲရဲ့အခြေအနေပေါ်လည်း မူတည်ပါလိမ့်မယ်..။ ဗီလာနဲ့ပွဲတုန်းက ပထမပိုင်းမှာ နှစ်ဂိုးပြတ် ရှုံးနေတာကြောင့် ကစားကွက်အပြောင်းအလဲ မဖြစ်မနေ ပြုလုပ်ဖို့ လိုအပ်လာပါတယ်..။ ဒါ့ကြောင့်ကူကူရယ်လာ ကို ကွင်းလယ်မှာထည့်ပြီး စမ်းသပ်ကြည့်ပါတယ်..။ ဒါ့အပြင်အဲဒီလိုနှစ်ဂိုးရှုံးနေတဲ့အခြေအနေဟာ ကစားသမားတွေကို စိတ်လွတ်ကိုယ်လွတ် ကစားခွင့်ရရှိစေခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ ဒီထက်ပိုပြီး ဆုံးရှုံးဖို့ မရှိတော့ဘူးလေ..။


ဒီနေ့ပွဲမှာတော့ သူတို့ဟာ ပွဲရဲ့အခြေအနေကိုကြည့်ပြီး လိုက်လျောညီထွေဖြစ်အောင် အတင်အချပြုလုပ် ကစားသွားတယ်လို့ ပြောရမှာပါ..။ တော့တင်ဟမ်အသင်းဟာ ပထမပိုင်းမှာ ကစားပုံမကောင်းခဲ့ဘူး..၊ ချယ်လ်ဆီးရဲ့ ခံစစ်ကြောင်းကို ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့တာကြောင့် ဒုတိယပိုင်းကျရင် မဖြစ်မနေ တိုက်စစ်မြှင့်ပြီး ကစားဖို့ လိုအပ်လာပါတယ်..။ အဲဒီတော့ ချယ်လ်ဆီးအသင်းဟာ သူတို့ကိုကိုယ့်အသင်းရဲ့ ခံစစ်ကြောင်းရှေ့မှာ ဘောလုံးပေးကိုင်ထားပေမယ့် လုံးဝအကျော်မခံခဲ့ပါဘူး..။ ပြီးရင်ဘောလုံးပြန်ရတာနဲ့ တန်ပြန်တိုက်စစ်နဲ့ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ ဒုတိယပိုင်း ပွဲချဉ်းကပ်ပုံ၊ အစီအမံကို ကြည့်မယ်ဆိုရင် လူငယ်လေးတွေဟာ သင်ယူရင်း တဖြည်းဖြည်းနဲ့ တိုးတက်နေတယ်လို့ သုံးသပ်နိုင်ပါတယ်..။

ဂျူလီယာ စတူးဝပ် - ချယ်လ်ဆီးအသင်းရဲ့ ဒီနေ့ကစားကွက်အခင်းအကျင်းမှာ ဘယ်နောက်ခံလူ မာ့စ် ကူကူရယ်လာ ရဲ့ နေရာယူ၊ ကစားပုံ ထူးခြားမှုရှိတယ်လို့ မပြောနိုင်ဘူးလားရှင့်..။ ဂလင်း ရေ… သူ့ရဲ့ကစားပုံအပြောင်းအလဲဟာ အသင်းအပေါ်ကို ဘယ်လိုအကျိုးပြုခဲ့တယ်..၊ ကိုးလ် ပါးမား ကို ဘယ်လိုပုံစံနဲ့ ပံ့ပိုးပေးနိုင်ခဲ့တယ်.. ဆိုတာ ကျွန်မတို့ကို အလင်းပြပေးလို့ရမလား..?

ဂလင်း ဟော်ဒယ်လ် - မှတ်မိသလောက်ဆိုရင် မာ့စ် ကူကူရယ်လာ ရဲ့ ကစားပုံ အပြောင်းအလဲကို ပြီးခဲ့တဲ့ အက်စ်တွန် ဗီလာအသင်းနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်..။ အဲဒီလို ပြောင်းလဲလိုက်တဲ့ အချိန်ကစပြီး သူတို့ဟာ ဗီလာအသင်းကို လုံးဝလွှမ်းမိုးသွားနိုင်ခဲ့ပါတယ်..။ အဲဒီလိုဘယ်နောက်ခံ ကစားသမားကို အတွင်းဘက်ကိုဝင်ပြီး အားဖြည့်ကစားစေတာကြောင့် ညာတောင်ပံမှာ အများဆုံးနေရာယူ ကစားတဲ့ ကိုးလ် ပါးမား ဟာ နေရာလွတ်တွေ ပိုပြီးရရှိလာပါတယ်..။

အထူးသဖြင့် သူနဲ့မာဒူအီကေး တို့ဟာ တော့တင်ဟမ်အသင်းရဲ့ ဘယ်နောက်ခံလူ အီမာဆန် ရွိုင်ရယ်လ် ကို နှစ်ယောက်၊ တစ်ယောက် (2 vs 1) အခြေအနေ လူအားအသာစီးရယူ ထိုးဖောက်နိုင်ခဲ့ပါတယ်..(ပူးတွဲပုံ- ၁)။ ဒါဟာတကယ့်ကို လိမ္မာပါးနပ်တဲ့ နည်းစနစ်အခင်းအကျင်း ဖြစ်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကူကူရယ်လာ အတွင်းဘက်ကိုဝင်ပြီး ကစားခဲ့တာကြောင့် စပါးအသင်းရဲ့ ကွင်းလယ် ကစားသမားတွေဟာ ကိုးလ် ပါးမား ရှိနေတဲ့ ညာအစွန်ဘက်ကိုထွက်ပြီး ခံစစ်အားဖြည့်လို့ မရတော့ပါဘူး..။



ကွင်းလယ်မှာ တော့တင်ဟမ် ကွင်းလယ်ကစားသမား နှစ်ယောက်ဟာ ချယ်လ်ဆီးရဲ့ double pivot ကွင်းလယ်နှစ်ယောက်နဲ့ အပြန်အလှန် ထိန်းချုပ်နေပြီး ဖြစ်နေပါတယ်..။ ဒါ့ကြောင့် အတွင်းကိုဝင်လာခဲ့တဲ့ ကူကူရယ်လာ ဟာ အပိုကစားသမားအနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှား၊ ကစားခွင့်ပါ ရခဲ့ပါတယ်..။ ပိုချက်တီနို ဟာ ဗီလာအသင်းကို နှစ်ဂိုးပြတ် ရှုံးနေတဲ့အချိန်မှာ အဲဒီအပြောင်းအလဲ ပြုလုပ်ဖို့ အကြံရသွားပုံ ရပါတယ်..။

ဂယ်ရီ ကာဟေးလ် - နောက်ခံအစွန်လူတွေကို ကွင်းလယ်မှာ အပိုကစားသမားအနေနဲ့ ကူညီစေတဲ့ ကစားပုံဟာ ချယ်လ်ဆီးမှာသာ ထူးခြားနေပေမယ့် မန်ချက်စတာ စီးတီး၊ အာဆင်နယ် အသင်းတွေမှာ ကျွန်တော်တို့ တွေ့မြင်နေကျ ကစားဟန်ဖြစ်ပါတယ်..။ သူတို့ဟာ အခုလိုမတူညီတဲ့ နည်းစနစ်အပြောင်းအလဲနဲ့ အလုပ်ဖြစ်ခဲ့တယ်လို့ ပြောရမှာပါ..။ ကူကူရယ်လာ ကို လိုက်ပြီးကစားဖို့အတွက် (track back) တော့တင်ဟမ်အသင်းဟာ သူတို့ရဲ့ တိုက်စစ်ကစားသမား တစ်ယောက်ကို နောက်ကိုဆင်းခိုင်းရပါတယ်..။ ဒါ့ကြောင့် တိုက်စစ်မှာ လူတစ်ယောက် အားလျော့သွားခဲ့ပြီး ချယ်လ်ဆီးက ဗဟိုခံစစ်မှူးနှစ်ယောက်အတွက် အေးအေးဆေးဆေး ထိန်းချုပ်လို့ရသွားပါတယ်..။

ဒါ့အပြင် အခုလိုကွင်းလယ်မှာ လူတစ်ယောက်အပို အားဖြည့်လိုက်ခြင်းအားဖြင့် ခုနက ဂလင်း ပြောခဲ့သလို ကိုးလ် ပါးမား ဟာ အတွင်းဘက်ကို သိပ်ပြီးဝင်လာစရာ မလိုတော့ပဲ ညာတောင်ပံဘက်က နေရာလွတ်တွေ ရှာဖွေ၊ ရွှေ့လျားမှု ပြုလုပ်သွားနိုင်ခဲ့ပါတယ်..။

ဂလင်း ဟော်ဒယ်လ် - တခြားပွဲတွေမှာ ကိုးလ် ပါးမား ရဲ့ ရွှေ့လျားကစားပုံ (touch map) ကို ကြည့်မယ်ဆိုရင် ဘယ်.. ညာ.. ရှေ့.. နောက်.. တစ်ကွင်းလုံးအနှံ့ လှုပ်ရှားကစားနေတာ တွေ့ရမှာပါ..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ သူဟာညာဘက်အခြမ်းမှာပဲ အားပြုကစားသွားတာ သတိပြုမိကြပါလိမ့်မယ်..(ပူးတွဲပုံ- ၂)။ ကူကူရယ်လာ ရဲ့ touch map က ကွင်းလယ် ကစားသမား တစ်ယောက်အတိုင်းပါပဲ..။ သူ့ရဲ့မူလတာဝန်ဖြစ်တဲ့ ဘယ်တောင်ပံ ခံစစ်ကြောင်းကိုလည်း တာဝန်ယူရပါတယ်..။ ကျွန်တော်တော့ သူတို့ရဲ့အခုနည်းစနစ် အပြောင်းအလဲကို သဘောကျမိပါတယ်..။



ဂျူလီယာ စတူးဝပ် - ပထမပိုင်း (၂၄) မိနစ်မှာ ချယ်လ်ဆီးအသင်း ရရှိသွားခဲ့တဲ့ အဖွင့်ဂိုးမှာ မာ့စ် ကူကူရယ်လာ ဟာ ဘရန်နန် ဂျွန်ဆင် ကို ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တယ်.. ဆိုပြီး တော့တင်ဟမ်အသင်းနည်းပြ ပိုစတယ်ဂိုဂလူး က ပြောသွားပါတယ်..။ ဂလင်း နဲ့ အမြင်တူမှာပေါ့… မဟုတ်ဘူးလားရှင့်..?
ဂယ်ရီ ကာဟေးလ် - ကျွန်တော်နဲ့တော့ အမြင်မတူပါဘူး..။ ပြစ်ဒဏ်ဘော မဖြစ်ဘူးဗျ..။

ဂလင်း ဟော်ဒယ်လ် - ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တယ်လို့ ထင်ပါတယ်..။ ဒါပေမယ့် ဂျွန်ဆင် ဟာ မြေကြီးပေါ် မလှဲချလိုက်သရွှေ့ ပြစ်ဒဏ်ဘောပေးမှာ မဟုတ်ပါဘူး..။ ဂိုးဝင်သွားတဲ့အချိန်ကျမှ VAR နဲ့ ကွင်းလယ်ဒိုင်တို့ဟာ ပြစ်ဒဏ်ဘော ပေးရလောက်အောင် ပြင်းထန်ရဲ့လား..၊ ပြစ်ဒဏ်ဘော ပေးသင့်ရဲ့လား.. ဆိုပြီး ပြန်ကြည့်ကြတာကိုးဗျ..။

အနှေးပြကွက်တွေကို ထောင့်ပေါင်းစုံက သေသေချာချာ ပြန်ကြည့်မယ်ဆိုရင် ကူကူရယ်လာ ဟာ ဂါလက်ချာ တို့ ညာဘက်ခြမ်းက ပြစ်ဒဏ်ဘော ကန်တင်မှာကို လုံးဝစိတ်မဝင်စားနေပါဘူး..။ သူဟာဘောလုံးလာမှာကို လုံးဝကြည့်မနေပဲ တောတင်ဟမ်အသင်းရဲ့ ခံစစ်ကြောင်း အစွန်ဆုံးမှာရှိနေတဲ့ ဂျွန်ဆင် ပြေးတက်ပြီး ဖျက်ထုတ်မရအောင် ပိတ်ဆို့ရမယ့် တာဝန်ကိုပဲ လုံးဝအာရုံစိုက်ထားပါတယ်..။ အဲဒီပေးလိုက်ရတဲ့ဂိုးမှာ တော့တင်ဟမ်အသင်းရဲ့ ခံစစ်နေရာယူပုံ အတော်လေး အားနည်းတယ်လို့ ပြောရမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ အခုပူးတွဲပုံ (ပုံ- ၃) မှာ ပြထားတဲ့အတိုင်း ချယ်လ်ဆီးအသင်းရဲ့ ခေါင်းတိုက်အကောင်းဆုံး ခံစစ်မှူးနှစ်ယောက်ဟာ ဘယ်ဘက်အစွန်ဆုံး.. အဝေးတိုင်ဘက်မှာ လုံးဝကို လွတ်ထွက်နေပါတယ်..။



ချယ်လ်ဆီးဘက်က အဝေးဂိုးတိုင်မှာ သုံးယောက်နဲ့တစ်ယောက် (3 vs 1) လူအင်အား အသာစီးရထားပြီး (overload) သူတို့ကို လူကပ်မယ့်သူ တစ်ယောက်မှ ရှိမနေပါဘူး..(ပူးတွဲပုံ - ၃)။ ပြီးတော့ အနီးဆုံးမှာ ရှိနေတဲ့ ဂျွန်ဆင် ဆိုတာ ဘာဒီယာ ရှီလေး၊ ချာလိုဘာ တို့နှစ်ယောက်နဲ့ ယှဉ်လိုက်ရင် ‘ဆိတ်နဲ့ဆင်’ လို ဖြစ်နေပါတယ်..။ ဂါလက်ချာ ရဲ့ ပေးပို့မှုကလည်း တကယ့်အတိအကျ.. သိပ်ကိုကောင်းမွန်ပါတယ်..။ ချာလိုဘာ ရဲ့ ခေါင်းတိုက်ချက်က ပိုပြီးတော့တောင် လှပ၊ သပ်ရပ်ပါသေးတယ်..။ ဂယ်ရီ ရေ.. ချာလိုဘာ ရဲ့ ခေါင်းတိုက်ချက်ကို ခင်ဗျားလည်း ချီးကျူး၊ ဂုဏ်ပြုချင်လာပြီမလား..?

ဂယ်ရီ ကာဟေးလ် - သေချာတာပေါ့ဗျာ..။ သိပ်ကိုလှပတဲ့ ခေါင်းတိုက်ချက်ပါပဲ..။ တကယ်တော့ အဲဒီလိုရွှေ့လျားမှုတွေကို လေ့ကျင့်ကွင်းမှာ အကြိမ်ကြိမ်အခါခါ တဖန်တလဲလဲ ဇာတ်တိုက်၊ လေ့ကျင့်ခဲ့ရတာပါ..။ ဘောလုံးကန်တင်လာတာနဲ့ ဘယ်နေရာကနေ ပိတ်ဆို့မယ်..၊ အနီးဂိုးတိုင်ဘက်ကို ဘယ်သူက အယောင်ပြ ဖြတ်ပြေးမယ်..၊ အဝေးဂိုးတိုင်က အဆုံးသတ်ဂိုးသွင်းမယ့်နေရာမှာ ဘယ်သူတွေ ရှိနေမယ်.. စသဖြင့်ပေါ့ဗျာ..။

မာ့စ် ကူကူရယ်လာ ဟာ ဘရန်နန် ဂျွန်ဆင် ကို ဖျက်ထုတ်မရအောင် ပိတ်ဆို့ခဲ့တာ မှန်ပါတယ်..။ ဒါပေမယ့် အင်္ကျီအတင်းဆွဲတာ..၊ မြက်ခင်းပေါ်ကို အတင်းဆွဲလှဲတဲ့အထိ မလုပ်ခဲ့ပါဘူး…။ ဒါ့အပြင်သူဟာ ခန္ဓာကိုယ်ကိုပဲ အားပြုပြီး သူရပ်နေတဲ့နေရာကနေ ရွေ့မသွားရအောင် ခုထားတာ ဖြစ်တဲ့အတွက် ပြစ်ဒဏ်ဘော ပေးရလောက်အောင် မပြင်းထန်ဘူးလို့ ယူဆပါတယ်..။



ဂျူလီယာ စတူးဝပ် - စပါးအသင်းမှာ ဒီနှစ်ဘောလုံးရာသီမှာ တည်ကန်ဘောတွေကနေတဆင့် ပေးဂိုး (၁၁) ဂိုးထိ ခွင့်ပြုခဲ့ရပါတယ်..။ ဒါပေမယ့် နည်းပြပိုစတယ်ကိုဂလူး က အဲဒီလိုပြစ်ဒဏ်ဘောတွေကနေ ဂိုးမပေးရအောင် ခံစစ်ပိုင်းပြင်ဆင်ဖို့ကို ဦးစားပေး စဉ်းစားထားတာ မရှိဘူးလို့ ပြောသွားပါတယ်..။ သူတို့ဟာ ဒီနေ့ပွဲမှာ နှစ်ဂိုးစလုံးကို တည်ကန်ဘောတွေကနေပဲ ခွင့်ပြုလိုက်ရတာနော..

ဂလင်း ဟော်ဒယ်လ် - တော့တင်ဟမ်အသင်းဟာ ပြစ်ဒဏ်ဘောတွေကနေ ဂိုးပေးရတာ များနေပါတယ်..။ အသင်းမန်နေဂျာတွေဆိုတာ ကိုယ့်အသင်းဟာ ဘယ်လိုပုံစံ (pattern) နဲ့ ဂိုးတွေပေးနေရလဲ.. အမြဲတမ်း ဆန်းစစ်နေရပါမယ်..။ တကယ်လို့ တစ်ပုံစံထဲကနေ ပေးဂိုးတွေများနေရင် ပြင်ဆင်နိုင်ဖို့ လေ့ကျင့်ခန်းတွေ ချက်ချင်း ဆောင်ရွက်ရပါလိမ့်မယ်..။ အခုလို တည်ကန်ဘောတွေကနေ ဆက်တိုက်ဂိုးတွေ ပေးနေရတာကို ပြင်ဆင်နိုင်ဖို့ဆိုတာ လေ့ကျင့်ကွင်းကနေ အစပြုကြရမှာပါပဲ..။

ဂျူလီယာ စတူးဝပ် - ဂလင်း ရေ.. ဒါဆိုရင် ဒုတိယပိုင်း (၇၅) မိနစ်မှာ ခွင့်ပြုလိုက်ရတဲ့ ဒုတိယဂိုးမှာ တော့တင်ဟမ် အသင်းရဲ့ ခံစစ်ပိုင်းဖျက်ထုတ်မှု လျော့ရဲမှုအပေါ် စိတ်ပျက်မိမှာပဲ..၊ ဟုတ်တယ်မလားရှင့်…
ဂလင်း ဟော်ဒယ်လ် - ဟုတ်ပါတယ်..။ ကိုးလ် ပါးမား ရဲ့ တိုက်ရိုက် ပြစ်ဒဏ်ဘော ကန်သွင်းချက် ဂိုးဘားတန်းထိပြီး ပြန်ထွက်လာချိန်မှာ စပါးအသင်းက ဆွန် ဟောင်မင်း နဲ့ ပယ်ရီ ဟွိုင်းဘတ် တို့ နှစ်ယောက် အနားမှာရှိနေပါတယ်..။ ပါးမား ရဲ့ ကန်ချက်ကတော့ တကယ်ကောင်းတယ်ဗျ..။ ကံမကောင်းလို့ ဂိုးမရခဲ့တာပါ..။

ဒါပေမယ့် ဆွန် နဲ့ ဟွိုင်းဘတ် တို့ဟာ ပြန်ကျလာတဲ့ဘောလုံးကို ဖျက်ထုတ်ဖို့ မကြိုးစားပဲ နှစ်ယောက်စလုံးပြိုင်တူ နောက်ကိုပဲ ပြေးဆုတ်လာကြပါတယ်..။ တစ်ယောက်က နောက်ပြန်ပြေးရင် နောက်တစ်ယောက်က အဲဒီပြန်ကျလာတဲ့ ဘောလုံးကို ဂျက်ဆင် နဲ့ယှဉ်ပြီး ဖျက်ထုတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်..။  မြေကြီးတစချက်ထောက်ပြီး ခုန်ထွက်သွားတဲ့ ဘောလုံးဟာ ဂိုးဘားတန်းထက်တောင် မြင့်သေးတာဆိုတော့ တကယ်တမ်း ဖျက်ထုတ်ဖို့ ကြိုးစားမယ်ဆိုရင် အချိန်ရပါတယ်..။



ဂျက်ဆင် ရဲ့ ခုန်အား၊ လည်ပင်းကြွက်သားအားကို အပြည့်အဝ အသုံးချပြီး ခေါင်းတိုက်သွားချက်ဟာ သိပ်ကိုကောင်းမွန်တယ်.. ဆိုပေမယ့် သူ့ကိုဟန်ချက်ပျက်သွားအောင်၊ ခေါင်းတိုက်မရအောင် တားဆီးမယ့် နောက်ခံလူ တစ်ယောက်မှ ရှိမနေပါဘူး..။ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရလိုက်တဲ့ သဘောမှာ ရှိပါတယ်..။ တကယ်လို့ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်က နောက်ကိုပြေးဆင်းသွားမယ်..၊ နောက်တစ်ယောက်က ဂျက်ဆင် နဲ့ယှဉ်ပြီး ခေါင်းတိုက်နိုင်အောင် ကြိုးစားမယ်ဆိုရင် ဂိုးသမားအတွက် အချိန်ရနိုင်မယ်..၊ အနည်းဆုံးဂိုးစည်းပေါ်က ရှင်းထုတ်နိုင်မယ့် အခွင့်အရေး ရနိုင်ပါလိမ့်မယ်..။

ဒါ့အပြင် မျှော်လင့်မထားပဲ ဖြစ်လာခဲ့တဲ့ အခြေအနေအပေါ်မှာ အမြန်ဆုံးတုံ့ပြန်ပြီး ဂိုးရအောင် အသုံးချသွားခဲ့တဲ့ နီကိုလပ်စ် ဂျက်ဆင် ရဲ့ တုံ့ပြန်မှုလျှင်မြန်မှုဟာ တိုက်စစ်မှူးကောင်းတစ်ယောက်ရဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတယ်လို့ ပြောရမှာပါ..။

ဂယ်ရီ ကာဟေးလ် - တော့တင်ဟမ်အသင်းရဲ့ လူတံတိုင်းမှာ ကစားသမား အများကြီးရှိနေပေမယ့် အားလုံးဟာ ဂိုးဘားတန်းထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အမြန်ဆုံးဖျက်ထုတ်ဖို့ သတိမရကြပါဘူး..။ အားလုံးဟာ ပွဲကြည့်နေကြတယ်ဗျ..။ ဂျက်ဆင် တစ်ယောက်ပဲ အမြန်ဆုံးတုံ့ပြန်ခဲ့ပါတယ်..။ ဒါ့အပြင် အနီးဆုံးမှာ ရှိနေတဲ့ စပါးအသင်း ကစားသမား နှစ်ယောက်စလုံး ဆုံးဖြတ်ချက်တူသွားပြီး ပြိုင်တူနောက်ပြန်ဆုတ်မိကြပါတယ်..။ တစ်ယောက်က ဂျက်ဆင် နဲ့ယှဉ်ပြီး ဖျက်ထုတ်နိုင်ဖို့ ကြိုးစားမယ်..၊ နောက်တစ်ယောက်က ဂိုးစည်းပေါ် နောက်ပြန်ပြေးပြး ဖျက်ထုတ်ဖို့စောင့်မယ်.. အဲဒီလိုဖြစ်သင့်တာပေါ့..။

ဒါပေမယ့် အခုကျွန်တော်တို့ဟာ ပွဲပြီးသွားမှ သေသေချာချာ ပြန်ကြည့်ပြီး သုံးသပ်နေကြတာ ဖြစ်တဲ့အတွက် ပိုပြီးကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို ပြောနိုင်တာပေါ့ဗျာ..။ တကယ်တမ်း ပွဲကန်တ့အချိန်တွေမှာ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် ရွေးချယ်မိဖို့ ဆုတောင်းရမှာပါပဲ..။ အဲဒီသွင်းဂိုးမှာ ပါးမား ရဲ့ ပြစ်ဒဏ်ဘော ကန်သွင်းချက်ရော၊ ဂျက်ဆင် ရဲ့ မြန်ဆန်တဲ့ တုံ့ပြန်မှုနဲ့ ခေါင်းတိုက်ဂိုးသွင်းသွားပုံကို ချီးကျူးရမှာပါ..။



ဂျူလီယာ စတူးဝပ် - အခုနှစ်ဘောလုံးရာသီမှာ နီကိုလပ်စ် ဂျက်ဆင် ဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၁) ဂိုး ရရှိထားပြီး (၄) ဂိုးကို စပါးအသင်းနဲ့ပွဲတွေမှာ သွင်းယူနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူဟာ ပွဲတိုင်းကို တော့တင်ဟမ်နဲ့ပဲ ကန်ချင်တယ်.. ဆိုပြီး စိတ်ပြင်းပြနေတော့မှာပါပဲ..။ ဒါ့အပြင် ဒီနေ့ပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးသွားခဲ့တဲ့ ထရေဗာ ချာလိုဘာ ကလည်း သူတို့ဟာ အခုတစ်ပါတ်လုံးလုံး လေ့ကျင့်ခန်းတွေမှာ တည်ကန်ဘောတွေကို အထူးပြုပြီး သေသေချာချာ လေ့ကျင့်ခဲ့ကြတယ်လို့ ပွဲအပြီးမှာ ပြောသွားပါသေးတယ်..။ သူတို့ဟာ တော့တင်ဟမ်အသင်းရဲ့ အားနည်းချက်ကို အသုံးချနိုင်ဖို့ ကြိုတင်၊ ပြင်ဆင်ခဲ့တယ်လို့ ပြောရမှာပဲရှင့်..

ဂလင်း ဟော်ဒယ်လ် - ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အသင်းတိုင်းလိုလိုဟာ တည်ကန်ဘောတွေအတွက် အချိန်တွေအများကြီးပေးပြီး လေ့ကျင့်ကြပါတယ်..။ တည်ကန်ဘောတွေ ကာကွယ်တာရော၊ တည်ကန်ဘောတွေကနေ ဂိုးသွင်းနိုင်ဖို့တွေရော ပါတာပေါ့ဗျာ..။ အထူးသဖြင့် ထောင့်ဖြတ်နေရာတွေကနေ ပြစ်ဒဏ်ဘောတွေ ကန်တင်ရချိန်မှာ အဝေးဂိုးတိုင်ဘက်မှာ ခန္ဓာကိုယ်အသေးဆုံးလူတွေ ထားရှိတတ်တာ ထုံးစံပါပဲ..။ ဥပမာ- ပထမဂိုးမှာ စပါးအသင်းက ဂျွန်ဆင် လိုပေါ့ဗျာ.။

အသင်းတွေဟာ ခေါင်းတိုက်ကောင်းတဲ့သူတွေ၊ ခန္ဓာကိုယ်ကြီးမားပြီး အရပ်အမောင်း မြင့်မားတဲ့သူတွေကို ဂိုးတိုင်နှစ်တိုင်ကြား.. အလယ်မှာ နေရာယူခိုင်းလေ့ ရှိပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကတော့ စပါးအသင်းရဲ့ ခံစစ်ပိုင်းနေရာချထားမယ့်ပုံစံကို ခန့်မှန်းပြီး အားနည်းမယ့် အဝေးဂိုးတိုင်ဘက်မှာ ခေါင်းတိုက်အကောင်းဆုံးလူ နှစ်ယောက်ရယ်..၊ ပိုပြီးသေချာအောင် ကူကူရယ်လာ ကိုပါ ပိတ်ဆို့၊ ဖြတ်တောက်မယ်တာဝန် ပေးထားခဲ့ပါတယ်..။ နည်းပြတွေအနေနဲ့ဆိုရင် အဲဒီလိုတည်ကန်ဘောတွေ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေကနေ ဂိုးရသွားပြီဆိုရင် အရမ်းကိုကျေနပ်ရပါတယ်..။ အသင်းလိုက် စုစည်းမှု၊ နားလည်မှုတွေနဲ့ ရရှိခဲ့တဲ့ သွင်းဂိုးတွေပေါ့ဗျာ..။

ဂယ်ရီ ကာဟေးလ် - ခုနက တော့တင်ဟမ်အသင်းရဲ့ တည်ကန်ဘောတွေမှာ ကစားသမား နေရာချထားပုံတွေကို အသင်းတိုင်းက သေသေချာချာ လေ့လာ၊ သုံးသပ်ကြမှာပါ..။ ဒါဟာအံ့ဩစရာ မဟုတ်ပါဘူး..။ သူတို့ဟာ တည်ကန်ဘောတွေကနေ ဂိုးတွေပေးနေရတယ်ဆိုတာ ပြိုင်ဘက်အသင်းတွေက သူတို့တွေရဲ့ အားအနည်းဆုံး နေရာတွေကို ပစ်မှတ်ထား၊ အသုံးချပြီး ဂိုးရအောင် ဖန်တီးနေကြလို့ ဖြစ်ပါတယ်..။ အသင်းတစ်သင်းဟာ သူတို့ရဲ့အားနည်းချက်လို ဖြစ်နေတဲ့နေရာတွေကို ဘာကြောင့်မို့ အမြန်ဆုံးအဖြေမရှာနိုင် ဖြစ်နေရတာလဲ..? ဘာအတွက်ကြောင့် ပြင်ဆင်နိုင်ဖို့ မကြိုးစားနိုင်တာလဲ..? ဆိုတာက ပိုပြီးအံ့ဩဖို့ကောင်းမှာပါ..။


     
ဂျူလီယာ စတူးဝပ် - ဟုတ်ကဲ့ပါရှင့်..။ ချယ်လ်ဆီးအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေနဲ့ သူတို့ရဲ့အမှတ်ပေးဇယား ရပ်တည်မှုအရဆိုရင် သူတို့ဟာ ဥရောပပြိုင်ပွဲဝင်ခွင့် တစ်နေရာကို မျှော်လင့်နိုင်တဲ့ အနေအထား ရှိလာပါတယ်..။ FA ဖလားပြိုင်ပွဲ ဗိုလ်လုပွဲရလဒ်ကို စောင့်ကြည့်ရပါဦးမယ် ဆိုပေမယ့် အဆင့် (၆) နေရာရခဲ့ပြီး ယူရိုပါလိဂ် ပြိုင်ပွဲကဆင့် ဥရောပပြိုင်ပွဲ ဝင်ခွင့်တစ်နေရာ ရရှိသွားနိုင်ပါတယ်..။ ဒါ့ကြောင့်သူတို့ဟာ လက်ရှိရရှိနေတဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်လို့ မျှော်လင့်ထားနိုင်ပြီလားရှင့်..

ဂယ်ရီ ကာဟေးလ် - ဒီပွဲမကန်ခင်တုန်းက အသင်းရဲ့အနေအထားကို အားမရခဲ့တာ အမှန်ပါပဲ..။ ဒါပေမယ့် အခုအချိန်မှာတော့ ဥရောပပြိုင်ပွဲအကြောင်းကို မဖြစ်မနေ ထည့်ပြောရမှာပါ…။ ပြီးတော့လက်ကျန်ပွဲစဉ်တွေမှာ ပြိုင်ဘက်အသင်းတွေကို ကြည့်မယ်ဆိုရင် အနိုင်ရနိုင်တဲ့ ပွဲစဉ်တွေလို့ ပြောနိုင်ပါတယ်..။ ဒါ့ကြောင့်သူတို့သာ ဒီနေ့ပွဲလို ခြေစွမ်းနဲ့ ရလဒ်မျိုး ရရှိအောင် ဆက်လက်စွမ်းဆောင်ပြနိုင်မယ်ဆိုရင် လက်ကျန်လေးပွဲစလုံးကို အနိုင်ရနိုင်ပါလိမ့်မယ်..။ လာမယ့်ပွဲတွေမှာ သူတို့တွေဘယ်လို ကစားပြမလဲ..? စောင့်ကြည့်ရမှာပါပဲ..။

ဂလင်း ဟော်ဒယ်လ် - ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဉ်တွေကို စာရွက်ပေါ်မှာကြည့်ရင် လွယ်ကူမယ် ထင်ရပေမယ့် တကယ်တမ်းကျရင် ပွဲစဉ်တိုင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ လက်ကျန်လေးပွဲထဲမှာ ဝက်စ်ဟမ်း၊ ဘရိုက်တန်နဲ့ ဘုန်းမောက် တို့သုံးသင်းဟာ အမှတ်ပေးဇယား အလယ်က အသင်းတွေ ဖြစ်နေပါတယ်..။ နော့တင်ဟမ် ဖောရက်စ် ကတော့ တန်းမဆင်းရဖို့ အစွမ်းကုန်ရဖို့ ရှိနေပါတယ်..။ သူတို့ကတော့ တစ်မှတ်ဆိုလည်းတစ်မှတ် အရေးကြီးနေပါတယ်...။ ဒါပေမယ့် အခုလိုရာသီကုန်ခါနီးအချိန်တွေမှာ ကျန်တဲ့သုံးသင်းလို တန်းဆင်းဖို့လည်းမရှိ၊ ဥရောပပြိုင်ပွဲ မျှော်လင့်ချက်လည်းမရှိ.. ရာသီကုန်ဖို့ ထိုင်စောင့်နေတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့ အကောင်းဆုံးအချိန်ပါပဲ..။