စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက ဝက်စ်ဟမ်း အသင်းအား ၅ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ သွင်းဂိုးများအပေါ် လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်၊ ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူးဟောင်း ဂျာမိန်း ဒီဖိုး နှင့် ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်အသင်း နည်းပြဟောင်း ဂလင်း ဟော်ဒယ်လ် တို့က MatchDay Live ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။
စတိဗ် ဘိုးဝါး - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ပွဲစပွဲဆုံးနီးပါး ထိန်းချုပ်ကစား သွားနိုင်ခဲ့တာဟာ တစ်လမ်းမောင်း highway လမ်းမပေါ်က ကားတွေကို ကြည့်နေရတဲ့အတိုင်းပါပဲ..။ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံဟာ တိုက်စစ်ရော၊ ခံစစ်မှာပါ ပြီးပြည့်စုံခဲ့တယ်လို့ ပြောရမှာပါ..။ အဲဒီတော့ ပထမဆုံးအနေနဲ့ ပွဲစဉ်ရဲ့အရေးပါတဲ့ အဆုံးအဖြတ် ဖြစ်ခဲ့တဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကိုးလ် ပါးမား ရဲ့ ကစားပုံနဲ့ သွင်းဂိုးအပေါ် အရင်ဆုံး သုံးသပ်ပေးပါလား..
ဂလင်း ဟော်ဒယ်လ် - သူဟာအသက် (၂၁) နှစ်ပဲရှိသေးပေမယ့် တကယ့်ကို ပြီးပြည့်စုံတဲ့ ‘စူပါကစားသမား’ အဆင့်ကို ရောက်နေပြီလို့ ပြောနိုင်နေပါပြီ..။ ဒီနေ့မှာ ပွဲစတယ်ဆိုတာနဲ့ ချယ်လ်ဆီးဘက်ကပဲ ပွဲကိုလွှမ်းမိုးထားခဲ့ပါတယ်..။ ဂီယာ နံပါတ်နှစ်တောင် တင်စရာမလိုလိုက်ပဲ ဂိုးတွေတောက်လျှောက် ရခဲ့တာဆိုတော့ ပထမပိုင်းကတည်းက ပွဲပြီးသွားတယ်လို့ ပြောရမှာပါ…။ ဒီနေ့မှာ ဝက်စ်ဟမ်းရဲ့ ကစားပုံကလည်း အတော်လေးကို ဆိုးရွားခဲ့ပါတယ်..။ ဒါ့အပြင် ကိုးလ် ပါးမား လို ကစားသမားမျိုးကို ဘာမှဝင်ပြီး ဖျက်ထုတ်တာတွေ၊ တားဆီးတာတွေ မပြုလုပ်ပဲ မတ်တတ်ရပ်ပြီး ကြည့်နေလို့က ဒုက္ခတွေ့မှာ အသေအချာပါပဲ..။ ဘယ်လိုနည်းနဲ့မှ သူ့ကိုလူမကပ်၊ အတင်းလိုက် မဖျက်ထုတ်မှုတွေ မပြုလုပ်ပဲ လွှတ်ထားပေးလို့ မရပါဘူး..။
အဲဒီဂိုးရသွားတဲ့ အခိုက်အတန့်ကို ပြန်ပြီးကြည့်မယ်ဆိုရင် ကိုးလ် ပါးမား နဲ့ ကော်နာ ဂါလက်ချာ တို့နှစ်ယောက်ဟာ ဂိုးဧရိယာထိပ်ကို ပြန်လျှံထွက်လာမယ့် ဘောလုံးတွေကို ပိတ်သွင်းယူနိုင်ဖို့ အသင့်ရှိနေပါတယ်..။ ဒါပေမယ့် ဝက်စ်ဟမ်းဘက်က ကွင်းလယ်အဖျက်ကို တာဝန်ယူရတဲ့ အက်ဒ်ဆင် အယ်လ်ဗာရက်ဇ် ဟာ သူတို့နှစ်ယောက်ကို စိတ်မဝင်စားပဲ နောက်ကနေ ပြေးတက်လာမယ့် ကူကူရယ်လာ ကို ပိုပြီးဂရုစိုက်နေတဲ့ပုံ ရှိနေပါတယ်..(ပုံ- ၁)။
တကယ်တမ်းဆိုရင် သူဟာ ပါးမား နဲ့အတူ ဂိုးဧရိယာထဲကို လိုက်ပါသွားရမှာပါ…။ ညာတောင်ပံကနေ မာဒူအီကေး ဖြတ်တင်တဲ့အချိန်မှာ ဗဟိုခံစစ်မှူးတွေက ဂိုးဧရိယာထဲ..၊ (၆) ကိုက်စည်းဝန်းကျင်ကနေ နေရာယူ ဖျက်ထုတ်ရပါမယ်..။ အဲဒီတော့ ဂိုးဧရိယာထိပ်… (၁၈) ကိုက်ဝန်းကျင်ဟာ ကွင်းလယ် ကစားသမားတွေရဲ့ တာဝန်ဖြစ်ပါတယ်..။ ကိုးလ် ပါးမား ရဲ့ အနားမှာ ဘယ်သူမှရှိမနေပါဘူး..(ပုံ- ၂)။ သူ့ကိုအဲဒီလို လွှတ်ထားပေးလို့ မရဘူးဗျ…။ သူ့ရဲ့ရှေ့ကို ကျလာတဲ့ဘောလုံးကို ကန်သွင်းသွားတဲ့ နည်းစနစ်ကလည်း သိပ်ကိုကောင်းပါတယ်..။ လူထိပြီး လမ်းကြောင်းနည်းနည်းပြောင်းသွားတယ် ဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဂိုးဝင်မှာပါ..။
စတိဗ် ဘိုးဝါး - အခုအပေါ်မှာ ပြထားတဲ့ အချက်အလက်တွေအရဆိုရင် ကိုးလ် ပါးမား ဟာ ချယ်လ်ဆီးအသင်းရဲ့ တစ်ရာသီအတွင်း အိမ်ကွင်းသွင်းဂိုးအများဆုံး စံချိန်ကို (၁၆) ဂိုးနဲ့ လမ်းပတ်၊ ဒရော့ဘာ တို့နဲ့အတူ ပူးတွဲရရှိနေပါပြီ..။ နောက်ထပ်တစ်ဂိုးထပ်ပြီး သွင်းပေးလိုက်တာနဲ့ ‘ဘောလုံးတစ်ရာသီအတွင်း စတန်းဖို့ဒ် ဘရစ်ချ်မှာ သွင်းဂိုးအများဆုံး ရရှိခဲ့တဲ့ ချယ်လ်ဆီးကစားသမား’ ဆိုတဲ့ စံချိန်မှတ်တမ်းသစ် တစ်ခုကို ရေးထိုးနိုင်မှာ ဖြစ်ပါတယ်..။ ဒါ့အပြင် အခုနှစ်ရာသီမှာဆိုရင် သူ့ထက်ပိုပြီး ပရီးမီးယားလိဂ် သွင်းဂိုးရရှိထားတာ တိုက်စစ်မှူး အားလင်း ဟာလန်း တစ်ယောက်ထဲ ရှိနေပါတယ်..။
အဲ.. ကျွန်တော်တို့ဟာ ဒုတိယဂိုးကို သွင်းယူပေးခဲ့တဲ့ ကော်နာ ဂါလက်ချာ ရဲ့အကြောင်းလည်း ဆွေးနွေးသင့်တာပေါ့.. မဟုတ်ဘူးလားဗျ..။ ဂျာမိန်း ရေ.. ပွဲချိန်မိနစ် (၃၀) မှာ သူသွင်းယူပေးခဲ့တဲ့ drop shot မြေမကျ ကန်ချက်ဟာ ခင်ဗျားသွင်းနေကျ ကန်ချက်သွင်းဂိုးမျိုး မဟုတ်ဘူးလားဗျ..။
ဂျာမိန်း ဒီဖိုး - ခင်ဗျားမေးတာကို အရင်ဆုံးဖြေရရင် ဟုတ်ပါတယ်.. ပေါ့ဗျာ.. ဟားဟား..။ အခုဒီဂိုးမှာလည်း ကိုးလ် ပါးမား ရဲ့အကြောင်းကို ထည့်မပြောလို့ မရပြန်ပါဘူး..။ ကွင်းလယ်ညာခြမ်းကနေ ဂိုးဧရိယာထဲမှာ အသင့်ရှိနေတဲ့ ဂျက်ဆင် ဆီကို ဖြတ်ပေးလိုက်တဲ့ ပေးပို့ချက်.. line breaking pass မျိုးကို မြင်တွေ့ရဖို့ လွယ်ကူလှတာ မဟုတ်ပါဘူး..။ ဘောလုံးပေးပို့မှု တစ်ချက်ထဲ (one pass) နဲ့ ကစားသမား (၃) ယောက်၊ (၄) ယောက်လောက်ကို ငုတ်တုတ်မေ့စေခဲ့တဲ့ ပေးပို့မှုတွေပေါ့ဗျာ..။
ဒါ့အပြင် ကော်နာ ဂါလက်ချာ ရဲ့ ကန်သွင်းချက်ကလည်း နည်းစနစ်ပိုင်းအရ ခက်ခဲတဲ့ကန်ချက် ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလိုကန်ချက်တွေဟာ ထိချက်မမှန်ရင် အပေါ်ထောင်ပြီး ဂိုးဘားတန်းကျော်သွားတာ များပါတယ်..။ ဒီတစ်ကြိမ်မှာတော့ ထိချက်မှန်သွားတဲ့အတွက် ဘောလုံးဟာ ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲ အဖြောင့်ပဲဗျာ..။ လှပပါတယ်..။ ဒါပေမယ့် တကယ်အရေးကြီးတာက ကိုးလ် ပါးမား ရဲ့ ပေးပို့မှုပဲဗျ..။ သူ့လိုကစားသမားမျိုးကို လွတ်လွတ်ကျွတ်ကျွတ် ပေးလို့မရအောင် စောစောစီးစီး ဖျက်ထုတ်နိုင်ဖို့၊ ပိတ်ဆို့နိုင်ဖို့ လိုပါတယ်..။
ကိုးလ် ပါးမား ဟာ တစ်ကွင်းလုံးအနှံ့ ရွှေ့လျားနေပြီး ကိုယ်တိုင်လည်း ဂိုးသွင်းတယ်..၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးတယ်..၊ အသင်းရဲ့ကစားကွက်အရှိန် အတင်အချ (tempo) ကိုလည်း ထိန်းညှိပေးပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ အရာရာအားလုံးဟာ သူနဲ့ပတ်သက်နေတာဆိုတော့ ဝက်စ်ဟမ်းအသင်းရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သူ့ကိုအခုထက်ပိုပြီး ထိထိရောက်ရောက် တားဆီးနိုင်ခဲ့သင့်ပါတယ်..။ ဒီတစ်ကြိမ်မှာလည်း အက်ဒ်ဆင် အယ်လ်ဗာရက်ဇ် ပေါ့ဗျာ..(ပုံ- ၃)။ ကိုးလ် ပါးမား ကို နေရာလွတ် အကျယ်ကြီးမရရှိအောင် စောစောစီးစီး ရှေ့တက်ပြီး ပိတ်ဆို့ရမယ်..၊ ဖိအားပေးနိုင်ရပါမယ်..။
စတိဗ် ဘိုးဝါး - တတိယဂိုးမှာဆိုလည်း ချယ်လ်ဆီးအသင်းက ထောင့်ကန်ဘော ကန်တင်ချိန်မှာ ဝက်စ်ဟမ်းအသင်းရဲ့ လူကပ်ကစားပုံတွေဟာ သိပ်မစွံလှပါဘူး..။ ဒါပေမယ့် ဒီနေ့ပွဲမှာ နိုနီ မာဒူအီကေး ရဲ့ ခြေစွမ်းကို ခင်ဗျားလည်း သဘောကျတယ်မလား..? မိုက်ကယ် ရေ..
မိုက်ကယ် အိုဝင် - မှန်ပါတယ်..။ ဒီနေ့ပွဲမှာလည်း သူဟာခြေစွမ်းပြနိုင်ခဲ့သလို ဂိုးရသွားတဲ့ ထောင့်ကန်ဘောကလည်း သူ့ရဲ့ညာတောင်ပံဘက်က ထောင့်ဖြတ်ကန်ချက်ကနေတဆင့် ရရှိခဲ့တာပါ..။ အဲဒီအချိန်မှာဆိုရင် ချယ်လ်ဆီးအသင်းဟာ နှစ်ဂိုးအသာနဲ့ ဦးဆောင်နေတယ် ဆိုပေမယ့် ကစားအား လုံးဝမချခဲ့သလို ဘောလုံးဆုံးရှုံးချိန်တွေမှာ သူတို့ရဲ့ ဖိအားပေး ကစားပုံတွေဟာ ဟန်ချက်ညီပြီး ခွန်အားပါခဲ့ပါတယ်..။ သူတို့တွေရဲ့ ကြိုးစားအားထုတ်မှု ကောင်းမွန်ပုံကို ကြည့်မယ်ဆိုရင် တစ်သင်းလုံးဟာ ဂိုးတွေထပ်ပြီးရဖို့ စိတ်ဆန္ဒ အရမ်းထက်သန်နေတာ တွေ့ရတယ်ဗျ..။
ပွဲချိန် (၃၆) မိနစ်မှာ ပေးလိုက်ရတဲ့ တတိယဂိုးမှာတော့ ဒေးဗစ် မိုးယက်စ် ဟာ သူ့အသင်းရဲ့ ခံစစ်ကစားပုံ လျော့ရဲမှုအပေါ် အကြီးအကျယ်စိတ်ဆိုး၊ ဒေါသထွက်ခဲ့ပါလိမ့်မယ်..။ အဲဒီဂိုးပေးလိုက်တာဟာ သူ့ရဲ့ကစားသမား နှစ်ယောက်ဖြစ်တဲ့ တိုမက်စ် ဆူးချက်ခ် နဲ့ မီခေးလ် အန်တိုနီယို တို့မှာ အပြည့်အဝ တာဝန်ရှိပါတယ်..။ ဘယ်တောင်ပံ ထောင့်ကန်ဘောကို မူဒရပ်ခ် ကန်တင်ခါနီးမှာ ဂိုးဧရိယာထဲမှာရှိနေတဲ့ မာဒူအီကေး ကို ဆူးချက်ခ် က လူကပ်ထားပါတယ်..(ပုံ- ၄)။ ဒါပေမယ့် ဘာကြောင့်မလို့ ဂိုးစည်းပေါ်ကို နောက်ဆုတ်သွားခဲ့လဲ.. ကျွန်တော်မသိဘူးဗျ…။ တကယ်လို့ မာဒူအီကေး နားမှာ ဆက်ပြီးရှိနေခဲ့မယ်ဆိုရင် အဲဒီဂိုးမပေးရအောင် တားဆီးနိုင်လောက်ပါတယ်..။
နောက်ပြီးအဝေးဂိုးတိုင်မှာ ရှိနေတဲ့ မီခေးလ် အန်တိုနီယို ပေါ့..(ပုံ- ၄)။ သူ့ရဲ့တာဝန်ဟာ သီယာဂို ဆေးလ်ဗား ကို လူကပ်ရမှာ ဖြစ်ပေမယ့် မတားဆီးနိုင်ခဲ့တာကြောင့် ဘရာဇီးလ် နောက်ခံလူဟာ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရခဲ့ပါတယ်..။ ပေါ့လျော့မှုတွေ၊ တည်ကန်ဘော ကာကွယ်မှု အားနည်းချက်တွေပေါ့ဗျာ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းတစ်ပိုင်းလုံး လုံးဝလွှမ်းမိုးထားခဲ့တာဆိုတော့ ဂိုးတွေဒီထက်ပိုပြီး ရသင့်ခဲ့တာ မဟုတ်ဘူးလားဗျ..။
စတိဗ် ဘိုးဝါး - မှန်တာပေါ့..။ ကော်နာ ဂါလက်ချာ ဟာ အသင်းရဲ့လေးဂိုးမြောက်၊ သူ့ရဲ့ဒုတိယဂိုးကို ရလောက်နီးနီးပဲဗျ..။ သူ့ရဲ့အနီးကပ် ကန်သွင်းချက် ဂိုးဘားတန်းထိသွားခဲ့လို့သာ ဝက်စ်ဟမ်းအသင်း ကံကောင်းခဲ့တာပါ..။
ဂျာမိန်း ဒီဖိုး - ချယ်လ်ဆီးအသင်းဟာ တဖြည်းဖြည်းချင်း ကစားအားတင်သွားခဲ့တာ ပထမပိုင်းပြီးခါနီး ရောက်တဲ့အချိန်ကျ ဝက်စ်ဟမ်းအသင်းဟာ လည်မျိုညှစ်ခံထားရတဲ့သူ တစ်ယောက်အလား ဘာမှမလုပ်နိုင်တော့ပါဘူး..။ တိုက်စစ်ပြီးတိုက်စစ် ဆက်တိုက် ထိုးဖောက်လာခဲ့ရာမှာ ပါးမား ရဲ့ ညာတောင်ပံ ဖြတ်တင်ဘောကနေ ကော်နာ ဂါလက်ချာ ဟာ အနီးကပ်ပိတ်သွင်းခွင့် ရခဲ့ပါတယ်..။ တကယ့်အခွင့်အရေးကောင်းပဲဗျ..။
ဂလင်း ဟော်ဒယ်လ် - နေဦး.. အခုပြထားတဲ့ပုံ (ပုံ- ၅) မှာဆိုရင် ပါးမား ဖြတ်တင်မယ့်အချိန် ဂိုးဧရိယာထဲကို ပြေးဝင်သွားခဲ့တဲ့ ကော်နာ နဲ့ အနီးဆုံး ကွင်းလယ် ကစားသမားဟာ လူးကပ်စ် ပါကွဲတား ဗျ..။ အဲဒီအချိန်မှာ သူဟာ ချယ်လ်ဆီးကစားသမားတွေနဲ့အတူ ဂိုးဧရိယာထဲအထိ လိုက်ပါသွားရမှာ ဖြစ်ပေမယ့် နောက်မှာကျန်နေခဲ့တာကြောင့် ကော်နာ ဟာ အေးအေးဆေးဆေး ကန်သွင်းခွင့်ရခဲ့တာပါ..။ သူ့အနေနဲ့ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သင့်ပါတယ်..။
ဒီနေ့ပွဲမှာ ဝက်စ်ဟမ်းအသင်းရဲ့ ကစားပုံကိုကြည့်ရတာ ဘောလုံးခြေထဲ ရောက်လာမှပဲ ကစားချင်တဲ့ပုံ မြင်တွေ့နေရတယ်ဗျ..။ ဒါဟာကစားပွဲတစ်ပွဲရဲ့ အလွယ်ဆုံးအပိုင်းလေဗျာ..။ ချယ်လ်ဆီးရဲ့ခြေထဲ ဘောလုံးရောက်သွားတာနဲ့ တစ်ယောက်နဲ့တစ်ယောက် ဟစ်အော် သတိပေးတာလည်း မရှိဘူး..၊ ပိတ်ဆို့တာလည်း မရှိဘူး..၊ အားသွန်ခွန်စိုက် ကြိုးစားဖျက်ထုတ်တာလည်း မရှိခဲ့ပါဘူး..။
မိုက်ကယ် အိုဝင် - ဂလင်း ရေ.. ပွဲမစခင်က ခင်ဗျားပြောခဲ့သလိုပါပဲ..။ ဒီနေ့ပွဲမှာ မာ့စ် ကူကူရယ်လာ ရဲ့ ကွင်းလယ်ကို အားဖြည့်နိုင်ခဲ့မှုတွေကြောင့် ကော်နာ ဂါလက်ချာ ဟာ ဂိုးဧရိယာထဲအထိ စိတ်ကြိုက်လိုက်ပါနိုင်ခဲ့ပြီး တစ်ဂိုးသွင်းနိုင်ခဲ့တယ်..၊ နောက်ထပ်တစ်ဂိုးရဖို့ အင်မတန်မှကို နီးစပ်ခဲ့ပါတယ်..။ လွတ်လွတ်လပ်လပ် ကစားခွင့်ရသွားတဲ့ သဘောပေါ့ဗျာ..။
ဂလင်း ဟော်ဒယ်လ် - ဝက်စ်ဟမ်းအသင်းဘက်က ကွင်းလယ် ကစားသမား နှစ်ယောက်ဖြစ်တဲ့ ကော်နာ ဂါလက်ချာ နဲ့ မွိုက်စ် ကိုင်ဆီဒို တို့ကို ဖိအားပေး ကစားမယ်ဆိုရင် ဘယ်ဘက်ကနေ အတွင်းကိုဝင်လာမယ့် မာ့စ် ကူကူရယ်လာ ရယ်..၊ ညာတောင်ပံကနေ လှုပ်ရှားနေတဲ့ ပါးမား တို့က ကွင်းလယ်ကိုဝင်ပြီး အားဖြည့်နိုင်ပါတယ်..။ အဲ.. ပါးမား ကို လုံးဝလွှတ်ထားလို့ မရဘူး.. သူ့ရဲ့နောက်ကို ထပ်ချပ်မကွာ လိုက်ပါတော့မယ်.. ဆိုရင် ကွင်းလယ်ကစားသမားတွေကို လွှတ်ထားရတော့မယ်..။ အဲဒါကြောင့် ကော်နာ ဂါလက်ချာ ဟာ လွတ်လွတ်လပ်လပ် ကစားခွင့်ရခဲ့ပြီး ဂိုးဧရိယာထဲမှာ အဆုံးသတ် ဂိုးသွင်းခွင့်တွေ ရနေခဲ့တာပါ..။
စတိဗ် ဘိုးဝါး - တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ဟာ ဒုတိယပိုင်းမှာ နှစ်ဂိုးထပ်ပြီး ရရှိခဲ့တာကြောင့် အခုဆိုရင် သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုး (၁၃) ဂိုး ရှိသွားခဲ့ပါပြီ..။ သူဟာ မနှစ်ကဘောလုံးရာသီမှာ ဗီလာရီးရဲလ် အသင်းနဲ့ လာလီဂါသွင်းဂိုး (၁၂) ဂိုး ရခဲ့တာဆိုတော့ တိုးတက်မှု ရရှိတဲ့သဘောလို့ ပြောနိုင်တာပေါ့..။ သူ့ရဲ့အဆုံးသတ် ဂိုးသွင်းတဲ့အပိုင်းနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ သုံးသပ်ချက်တွေလည်း ကြားချက်မိပါရဲ့…
ဂျာမိန်း ဒီဖိုး - သူ့ရဲ့ဒုတိယဂိုး..၊ အသင်းရဲ့ (၅) ဂိုးမြောက် သွင်းဂိုးမှာ ဂျက်ဆင် ဟာ အဆုံးသတ်ပိုင်း အတော်လေး သပ်ရပ်၊ သွေးအေးခဲ့တာကို တွေ့ခဲ့ပါတယ်..။ အရင်တုန်းကဆိုရင် သူဟာဂိုးပေါက်ရှေ့ကိုရောက်ရင် အလောတကြီးနဲ့ အဆုံးသတ်ခဲ့တာကြောင့် ရသင့်တဲ့ဂိုးတွေ ဆုံးရှုံးခဲ့ရတဲ့အကြောင်း ကျွန်တော်တို့ မကြာခဏ ဆွေးနွေးခဲ့ကြပါတယ်..။ သူ့ရဲ့ပထမဂိုးကတော့ လူမရှိတဲ့ဂိုးပေါက်ထဲကို အသာအယာ ပိတ်သွင်းတာ (tap in) ဖြစ်တဲ့အတွက် အထူးပြု ဆွေးနွေးစရာ မလိုပါဘူး..။
ချယ်လ်ဆီးရဲ့ စတုတ္ထဂိုးဟာ ဝက်စ်ဟမ်းအသင်းဘက်က ကြည့်မယ်ဆိုရင် ခံစစ်ပိုင်းအာရုံစူးစိုက်မှု အားနည်းခဲ့တာကြောင့် ခွင့်ပြုလိုက်ရတာလို့ ပြောနိုင်ပါတယ်..။ ဘယ်နောက်ခံလူ အီမာဆန် ဟာ မာဒူအီကေး က သူ့ရဲ့အပြင်ဘက် (outside) ကနေပဲ ပြေးလိမ့်မယ်လို့ တထစ်ချ တွက်ထားပုံ ရပါတယ်..။ အမှန်တော့ အခုလို အတွင်းဘက်ကနေ ဖြတ်ပြေးခွင့်မရအောင် ပိုပြီးအာရုံစိုက်ဖို့ လိုအပ်မှာပေါ့..(ပုံ- ၆)။
ဂလင်း ဟော်ဒယ်လ် - ချယ်လ်ဆီးက စတုတ္ထဂိုးရသွားတဲ့အချိန်ဟာ ဒုတိယပိုင်းပြန်စပြီး (၃) မိနစ်ကျော်နေပြီ ဖြစ်ပေမယ့် ဘယ်နောက်ခံလူ အီမာဆန် ရဲ့ စိတ်အာရုံဟာ အဝတ်လဲခန်းထဲမှာပဲ ကျန်နေရစ်ခဲ့ပုံ ရပါတယ်..။ သူ့ရဲ့နေရာပုံဟာ အတော်လေးကို မှားယွင်းနေခဲ့တယ်ဗျ..။ ထရေဗာ ချာလိုဘာ ရဲ့ ပေးပို့ချက် ကောင်းမွန်ခဲ့တာ မှန်ပေမယ့် အီမာဆန် အနေနဲ့ အခုထက်ပိုပြီး ကောင်းမွန်တဲ့ နေရာယူမှု၊ ကာကွယ် ဖျက်ထုတ်နိုင်မှုတွေ ပြုလုပ်နိုင်ခဲ့သင့်ပါတယ်..။ အထူးသဖြင့် ပထမပိုင်းမှာ ဂိုးတွေအများကြီး ခွင့်ပြုလိုက်ရပြီး ဖြစ်တာကြောင့် ဒုတိယပိုင်းမှာ ဂိုးတွေထပ်မပေးရအောင် ဂရုတစိုက် ကာကွယ်နိုင်ဖို့ လိုအပ်လာပါတယ်..။
မိုက်ကယ် အိုဝင် - ဂျက်ဆင် ဟာ လူကျွံဘောမဖြစ်အောင် သတိထားပြီး ချိန်သားကိုက် ပြေးထွက်နိုင်ခဲ့တာကို တွေ့မိပါတယ်..။ ဂျာမိန်း ရေ.. ဂျက်ဆင် နဲ့ ဂိုးသမား အာရီယိုလာ တို့ တစ်ယောက်ချင်း တွေ့တဲ့ အနေအထားမှာ တိုက်စစ်မှူး အတော်များများဟာ သူ့လိုမျိုး အနီးတိုင် (near post) ဘက်ကို အဆုံးသတ် ကန်သွင်းလေ့ မရှိဘူးဗျ..။ ခင်ဗျားတော့ ဘယ်လိုသဘောရှိလဲ မသိဘူး..။ ဂိုးသမားရဲ့ ကာကွယ်.. ပြေးပိတ်တဲ့ အနေအထားကို ကြည့်ရင်လည်း အနီးတိုင်ဘက်မှာ အများကြီးလွတ်နေတာဆိုတော့ ဂျက်ဆင် ဟာ ပိုပြီးသေချာမယ့်ဘက်ကို ကန်သွင်းခဲ့ပုံ ရပါတယ်…။ ကိုင်ဆီဒို ရဲ့ ဖျက်ထုတ်ခဲ့မှုနဲ့ ဂျက်ဆင် ရဲ့ ပြေးလမ်းထဲကို အတိအကျ ချပေးလိုက်တဲ့ ပေးပို့မှုလည်း သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ သပ်ရပ်တဲ့ သွင်းဂိုးတစ်ဂိုးပါ..။
စတိဗ် ဘိုးဝါး - ဒေးဗစ် မိုယက်စ် နဲ့ ဝက်စ်ဟမ်း အသင်းအတွက် အခုနှစ်ရာသီမှာ တစ်ပွဲထဲ (၅) ဂိုးအထိ ခွင့်ပြုလိုက်ရတာ တတိယမြောက်ပွဲ ဖြစ်ခဲ့ပါတယ်..။ ဒါ့အပြင်အခုနှစ် ဘောလုံးရာသီမှာ ဝက်စ်ဟမ်းအသင်းဟာ ပေးဂိုး (၇၀) အထိ ခွင့်ပြုခဲ့ရပြီး ဖြစ်တာကြောင့် ဒေးဗစ် မိုယက်စ် ရဲ့ အသင်းနဲ့မတူညီသလို မိုယက်စ် အတွက်လည်း သူ့ရဲ့ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပေးဂိုးအများဆုံး ခွင့်ပြုခဲ့ရတဲ့ ဘောလုံးရာသီ ဖြစ်ခဲ့ရပါပြီ..။
ဂျာမိန်း ဒီဖိုး - ဒီနေ့ပွဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ ကျွန်တော်တို့ ဝက်စ်ဟမ်းအသင်းရဲ့ အင်္ကျီနဲ့ မထိုက်တန်ပါဘူးဗျာ..။ သူတို့တွေဟာ ပထမဆုံးအနေနဲ့ အသင်းအတွက် အစွမ်းကုန် ကြိုးစား၊ ပေးဆပ်ဖို့ လိုအပ်ပါတယ်..။ ဒါ့အပြင်နည်းပြအနေနဲ့ ခံစစ်ပိုင်းကာကွယ်မှုအပိုင်းကို အခုထက်ပိုပြီး ပြင်ဆင်ခဲ့သင့်ပါတယ်..။ ဒါဆိုရင် အခုလောက်ပေးဂိုးများမှာ မဟုတ်ပါဘူး..။ ဒီနေ့ကစားသမားတဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းကောင်း တစ်သင်းဆိုပေမယ့် လွန်ခဲ့တဲ့ဆယ်စုနှစ်က ချယ်လ်ဆီးအသင်း အဆင့်အတန်းမျိုးမှ မဟုတ်တာဗျာ..။ ဒီလိုအသင်းမျိုးကို (၅) ဂိုးအထိ ပေးလိုက်ရတယ်ဆိုတာ စိတ်ပျက်စရာပါပဲ..။