feature-image

စနေနေ့ ဘောလုံးစကားဝိုင်း.. (နော့တင်ဟမ် ဖောရက်စ် vs ချယ်လ်ဆီး)

City Ground ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက အိမ်ရှင်နော့တင်ဟမ် ဖောရက်စ် အသင်းအား ၃ဂိုး - ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်းနှင့် နော့တင်ဟမ် ဖောရက်စ် အသင်းတို့၏ သွင်းဂိုးများအပေါ် လီဗာပူးလ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် နှင့် နော့တင်ဟမ် ဖောရက်စ်အသင်း နောက်ခံလူဟောင်း မိုက်ကယ် ဒေါ်ဆင် တို့က Sky Sports သတင်းဌာန၏ Saturday Night Football ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း အသေးစိတ် သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။

ဂျေမီ ရက်ဒ်နပ် - ဒီနေ့ပွဲရလဒ်ဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ကြီးမားတဲ့ အနိုင်ပွဲရလဒ်တစ်ခုလို့ ပြောလို့နိုင်သလို တကယ့်ကို ကြည့်လို့ကောင်းတဲ့ သဲထိပ်ရင်ဖို ပွဲတစ်ပွဲပါပဲ..။ သူတို့ဟာ ပြီးခဲ့တဲ့ပွဲတွေကလောက် စွမ်းဆောင်ရည် မကောင်းခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ပွဲကို ရအောင်ယူနိုင်ခဲ့တာဟာ ကျေနပ်စရာပါ..။ ကဲ.. မိုက်ကယ် ရေ.. နိဒါန်းတွေ မချီနေတော့ပဲ သွင်းဂိုးတွေအကြောင်း ခပ်မြန်မြန် ဆွေးနွေးကြရအောင်ဗျာ..

ပထမဆုံးအနေနဲ့ နှစ်သင်းစလုံးရဲ့ ကစားကွက် အခင်းအကျင်းတွေကို ကြည့်မယ်ဆိုရင် အိမ်ရှင်အသင်းဟာ ခံစစ်ကစားသမား ငါးယောက် (five at the back) နဲ့ အထိုင်ချခဲ့ပါတယ်..။ ခံစစ်ကြောင်းရဲ့ရှေ့မှာ ကွင်းလယ်အဖျက် ကစားသမားနှစ်ယောက်ရှိတယ်..။ သူတို့ရဲ့ရှေ့မှာ ဘယ်ဘက်က ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ မော်ဂန် ဂစ်ဘ်-ဝှိုက် က ‘No.10’ အဖြစ်နဲ့ ရွှေ့လျား ကစားပါတယ်..။ ရှေ့မှာ တိုက်စစ်မှူးတစ်ယောက် ရှိတာပေါ့..။ ဒါပေမယ့် ညာဘက်ခြမ်းကို ဂရုမစိုက်သလို ဖြစ်နေတာကြောင့် ချယ်လ်ဆီးအသင်းဘက်က အခုပူးတွဲပုံ (ပုံ- ၁) မှာ ပြထားတဲ့ နေရာလွတ်ကြီးကို အကောင်းဆုံး အသုံးချသွားခဲ့တာဗျ..။



မိုက်ကယ် ဒေါ်ဆင် - မှန်ပါတယ်..။ အခုခင်ဗျားပြထားတဲ့ပုံဟာ ချယ်လ်ဆီးအသင်းရဲ့ ခြေထဲမှာ ဘောလုံးရှိနေတဲ့အချိန် ဖြစ်ပါတယ်..။ အမှန်တော့ ဖောရက်စ်အသင်းရဲ့ အခင်းအကျင်းဟာ ဘယ်နောက်ခံလူ မာ့စ် ကူကူရယ်လာ အတွင်းကိုဝင်လာတဲ့ ကစားဟန်ကို တုံ့ပြန်နိုင်ဖို့ ဆင်ထားခဲ့တာဗျ..။ ချယ်လ်ဆီးအသင်း ဘောလုံးရတာနဲ့ ကူကူရယ်လာ ဟာ အတွင်းဘက်ကိုဝင်ပြီး ကစားလေ့ ရှိတာကြောင့်လည်း အခုလိုဘယ်အခြမ်းမှာ အများကြီးလွတ်နေတာပါ..။ ဖောရက်စ် အသင်းဟာ ကွင်းလယ်မှာ လူတွေကျပ်အောင်လုပ်ပြီး (overload) ကစားကွက် အသာစီးရယူဖို့ ကြိုးစားနေတာကို နည်းပြမော်ရစ္စစီယို ကလည်း ဒုတိယပိုင်းကျမှ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်..။ ဒါပေမယ့် ကိုးလ် ပါးမား ကလည်း ‘No.10’ နေရာမှာ ကစားနေတာဆိုတော့ နေရာအကျယ်ကြီး ဖြစ်နေတဲ့ အဲဒီဘယ်အခြမ်းမှာ အသာလေးရွေ့ပြီး ဘောလုံးလက်ခံဖို့ စောင့်နေခဲ့တာဗျ..။

ဂျေမီ ရက်ဒ်နပ် - မိုက်ကယ် ရေ.. ခင်ဗျားဟာ ဗဟိုနောက်ခံလူ ဆိုတော့ အခုပူးတွဲပုံ (ပုံ- ၂) မှာ ပြထားသလို ကိုးလ် ပါးမား က ‘No.10’ နေရာကနေ ကွင်းလယ်နဲ့ နောက်တန်းကြားက နေရာလွတ်တွေမှာ အသင့်ရှိနေတယ်ဆိုရင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ..? ရှေ့ကိုတက်ပြီး အတင်းဝင်ဖျက်မယ်ဆိုလည်း ချိန်သားကိုက် ကွက်တိ ဝင်ဖျက်နိုင်မှ ရပါမယ်..။ နို့မို့ဆို ဘောလုံးထိန်းပြီး အသာလေး လှည့်ထွက်သွားတာနဲ့ (half turn) ကားယားကြီး ကျန်နေခဲ့မှာဗျ…။


မိုက်ကယ် ဒေါ်ဆင် - back three နဲ့ ကစားတဲ့အခါ အဲဒီပြဿနာ ရှိပါတယ်..။ ချယ်လ်ဆီးဟာ out out forward တွေမပါပဲ ကိုးလ် ပါးမား လို ကစားကွက်အမြင် အင်မတန် စူးရှတဲ့ ကစားသမားကို No. 10 အဖြစ် လွတ်လွတ်လပ်လပ် ရွှေ့လျား၊ ကစားစေခဲ့ပါတယ်..။ ပါးမား ဟာ ဗဟိုနောက်ခံလူတွေ ရှေ့မတက်လာနိုင်အောင် နောက်ကိုဆင်း၊ ဘယ်ခြမ်းကနေရာလွတ်ကနေတဆင့် ဘောလုံးရလာတာနဲ့ မူဒရပ်ခ် ရဲ့ ပြေးလမ်းကြောင်းထဲကို လှလှပပ အတိအကျ ဖန်တီးပေးခဲ့ပါတယ်..။

ဂျေမီ ရက်ဒ်နပ် - ပါးမား ရဲ့ပေးပို့မှုဟာ အရှိန်ရော၊ တိကျမှုမှာပါ အပြစ်ပြောစရာ မရှိခဲ့ပါဘူး..။ မူဒရပ်ခ် ရဲ့ ချိန်သားကိုက် ပြေးထွက်သွားမှု ကောင်းမွန်ခဲ့တာ မှန်ပေမယ့် ကိုးလ် ပါးမား ဟာ နှစ်သင်းစလုံးရဲ့ ကစားကွက် အခင်းအကျင်း၊ ရွှေ့လျားမှုတွေကို သူ့ရဲ့ခေါင်းထဲမှာ အတိအကျ ရှိနေခဲ့တာဗျ..။ မူဒရပ်ခ် ဟာ အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားသမားပါ..။ သူဟာအများကြီး သင်ယူဖို့ လိုအပ်နေသေးပေမယ့် မီတာ (၁၀၀) တာတိုအပြေးသမား တစ်ယောက်အလား အင်မတန်လျှင်မြန်တဲ့ ကစားသမား ဖြစ်ပါတယ်..။

ဒါ့ကြောင့်ကိုးလ် ပါးမား က ပြေးလမ်းကြောင်းထဲကို ဘောလုံးခင်းပေးလိုက်တဲ့အချိန် သူဟာဖောရက်စ် ညာနောက်ခံလူ မွန်တီရယ် ထက် (၁၀) ကိုက်၊ (၁၂) ကိုက်လောက် နောက်ကျနေပေမယ့် (ပူးတွဲပုံ- ၃) သူကပဲ ဦးအောင်ဖြတ်ပြီး အရယူသွားနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ပါးမား ပေးလိုက်တဲ့ ဘောလုံးရဲ့ တိကျမှု၊ အရှိန်ကြောင့်လည်း နောက်ခံလူတွေအနေနဲ့ ဖျက်ထုတ်နိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘူးဗျ..။



မိုက်ကယ် ဒေါ်ဆင် - မူဒရပ်ခ် ဟာ ဝီလီ ဘိုလီ ဆီ တည့်တည့်ဆွဲသွားပြီးမှ ကန်သွင်းလိုက်သလို ရှိပါတယ်..။ ဝီလီ ဘိုလီ ဟာ ဗဟိုနောက်ခံလူ သုံးယောက်ထဲမှာ right center back အဖြစ် ကစားနေတာဆိုတော့ သူသာ မွန်တီရယ် ဘက်ကို နည်းနည်းပိုတိုးပြီး နေရာယူလိုက်ရင် အဲဒီဂိုးကို တားဆီးနိုင်မလား..? ဒါပေမယ့် ပုံ (၃) မှာ မြင်ရတဲ့အတိုင်း ဂါလက်ချာ က အတွင်းဘက်နေ ဖြတ်ပြေးဖို့ အယောင်ပြထားတော့ သူဟာညာဘက်ကို အရမ်းထွက်ဖို့ ခက်ခဲသွားပါတယ်..။ မူဒရပ်ခ် ရဲ့ အဆုံးသတ်ကန်သွင်းချက်လည်း သိပ်ကိုကောင်းပါတယ်..။

ကယ်လီ ကိတ် - ချယ်လ်ဆီးဘက်က စောစောစီးစီး ဦးဆောင်ဂိုး ရသွားခဲ့ပေမယ့် ဖောရက်စ်အသင်းဟာ ဒီနေ့ပွဲမှာ တစ်မှတ်ရခဲ့မယ်ဆိုရင် တန်းဆင်းရမယ့် အန္တရာယ်ကနေ ကွင်းလုံးကျွတ် လွတ်ပြီဆိုတာ သိထားပါတယ်..။ မူဒရပ်ခ် ဂိုးရပြီး သိပ်မကြာလိုက်ပါဘူး.. ပွဲချိန် (၁၆) မိနစ်မှာပဲ သူတို့ချေပဂိုး ရရှိခဲ့ပါတယ်..။ ပြစ်ဒဏ်ဘောကနေ ရရှိခဲ့တာဖြစ်ပြီး ဝီလီ ဘိုလီ ဟာ တည်ကန်ဘောတွေကို အသုံးချတဲ့နေရာမှာ အတော်လေးကို ထူးချွန်တဲ့ ကစားသမားပဲရှင့်..

ဂျေမီ ရက်ဒ်နပ် - ဖောရက်စ်အသင်းက ပြစ်ဒဏ်ဘော ကန်တင်မယ့်အချိန် ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းရဲ့ နေရာယူမှုကို အခုပူးတွဲပုံ (၄) မှာ တွေ့နိုင်ပါတယ်..။ ဂိုးသွင်းသွားခဲ့တဲ့ ဝီလီ ဘိုလီ အနားမှာ နီကိုလပ်စ် ဂျက်ဆင် ရှိနေတာဆိုတော့ ဖောရက်စ် နောက်ခံလူ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရရှိသွားခဲ့တာဟာ ဂျက်ဆင် အနေနဲ့ သူကပ်ထားရမယ့်လူကို အဆုံးထိ ဆက်မလိုက်ပဲ ရပ်ပြီးကျန်နေခဲ့လို့ ဖြစ်ပါတယ်..။ တကယ်တော့ အခုပွဲမှာ မဟုတ်ပါဘူး..၊ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ တည်ကန်ဘောတွေ ကာကွယ်ရာမှာ ပြဿနာတွေရှိနေပြီး ပေးဂိုးတွေလည်း အတော်များခဲ့တယ်ဗျ..။



မိုက်ကယ် ဒေါ်ဆင် - ခင်ဗျားပြထားတဲ့ပုံမှာဆိုရင် မော်ဂန် ဂစ်ဘ်-ဝှိုက် ကန်တင်မယ့်အချိန် ချယ်လ်ဆီးအသင်းက ကစားသမား (၇) ယောက်လောက် အတန်းလိုက်ရှိနေတာကြောင့် နေရာယူပုံ မှန်ကန်ပါတယ်..။ ဖောရက်စ် ဘက်က (၅) ယောက်ပဲ ရှိနေပါတယ်..။ ခရစ်စ် ဝုဒ် နားက မူဒရပ်ခ် ကိုပါ ထည့်ပြီးရေတွက်လိုက်ရင် (၈) ယောက်..  
ဂျေမီ ရက်ဒ်နပ် - ဖောရက်စ် ရဲ့ ကျောနံပါတ် (၁၁) - ခရစ်စ် ဝုဒ် ကို လူကပ်ရမှာက မာ့စ် ကူကူရယ်လာ ဗျ..။
မိုက်ကယ် ဒေါ်ဆင် - မှန်ပါတယ်..။ ကူကူရယ်လာ က ခရစ်စ် ဝုဒ် ကို လုံးဝမျက်ခြေပြတ်မခံခဲ့ပဲ ဂိုးဧရိယာထဲကို ဝင်မလာနိုင်အောင် ပိတ်ဆို့နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဂျက်ဆင် ကတော့ သူ့ရဲ့လူနဲ့အတူ နောက်လိုက်ဆင်းပြီး ဖျက်ထုတ်ဖို့ ပျက်ကွက်ခဲ့တယ်ဗျ..။ ဘာကြောင့်မလို့ တစ်ဝက်တစ်ပျက်နဲ့ ရပ်ပြီးကျန်နေခဲ့ဖို့ ဆုံးဖြတ်လိုက်တာလဲ..? ကျွန်တော်သေချာ မပြောတတ်ပါဘူး..။ အခုပူးတွဲပုံ (၅) မှာ မြင်ရအတိုင်း ဝီလီ ဘိုလီ ခေါင်းတိုက်ခါနီးမှာ သူနဲ့အနီးဆုံးဖြစ်တဲ့ ဂျက်ဆင် ဟာ အဝေးကြီးမှာ ကျန်ရစ်နေခဲ့ပါတယ်..။ အဲဒီလိုလုပ်ဖို့ မရပါဘူး.။



ဂျေမီ ရက်ဒ်နပ် - အင်းဗျ..။ အသင်းတစ်သင်းဟာ ကမ္ဘာမှာအကောင်းဆုံး ခံစစ်ဦးစားပေး နည်းပြတွေ၊ အကောင်းဆုံး set piece နည်းပြတွေကို ဘယ်လိုပဲ ခေါ်ယူအားဖြည့်ခဲ့သည် ဖြစ်ပါစေ.. ကစားသမားတွေဟာ တစ်ဦးချင်း တစ်ယောက်ချင်း ကိုယ်စီတာဝန်ကို မကျေပွန်ခဲ့ရင် အလကားပဲဗျ..။ အခုပေးလိုက်ရတဲ့ ချေပဂိုးမှာဆိုရင် ဂျက်ဆင် ဟာ ဘိုလီ နဲ့အတူ လိုက်ပါပြီး နောက်ကိုလိုက်ပြီးဆင်းရုံပဲ လုပ်ပေးရမှာပါ..။

မိုက်ကယ် ဒေါ်ဆင် - ကြည့်ရတာ ဂိုးသမားက ရှေ့ထွက်ပြီး ဆွဲဖမ်းလိမ့်မယ်လို့ ထင်လိုက်ပုံ ရပါတယ်..။ ဂျက်ဆင် နောက်ကိုလိုက်ပြီး မဆင်းလာတော့ ချာလိုဘာ က ဝင်ပြီးဖျက်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်..။ ဒါပေမယ့် သူ့ရဲ့နောက်မှာက မူရီလို ရှိနေတာကြောင့် သူလည်းဘာမှ မလုပ်နိုင်ခဲ့ပါဘူး..။ ဝီလီ ဘိုလီ အတွက် လွယ်လွယ်ကူကူ ခေါင်းတိုက်ခွင့်ရခဲ့တဲ့ သွင်းဂိုး၊ ချယ်လ်ဆီးဘက်ကဆိုရင် မပေးသင့်တဲ့ဂိုးလို့ ပြောရမှာပါ..။

ဂျေမီ ရက်ဒ်နပ် - ဟုတ်ကဲ့ပါ..။ ကျွန်တော်တို့ဟာ ပွဲမစခင်ကပဲ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ရဲ့ အကြောင်း ပြောခဲ့ကြပါသေးတယ်..။ မိုက်ကယ် ရေ.. နောက်ခံလူ တစ်ယောက်အနေနဲ့ဆိုရင် သူ့ရဲ့ဖော်မြူလာကွက်လို ဖြစ်နေတဲ့ ဘယ်တောင်ပံကနေ အတွင်းဘက်ကို တစ်ချက်ချိုးပြီး ညာခြေနဲ့ကန်သွင်းယူလေ့ရှိတဲ့ ကန်ချက်‌တွေ ကန်ခွင့်မရအောင် ဘယ်လိုနည်းနဲ့ တားဆီးသင့်လဲ..? ဒါပေမယ့် သူလိုမျိုး ခြေစွမ်းကောင်းတွေ ဆက်တိုက်ရနေတဲ့ ကစားသမား တစ်ယောက်ကို တားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်..



မိုက်ကယ် ဒေါ်ဆင် - ဖောရက်စ်အသင်းရဲ့ ဦးဆောင်ဂိုးဟာ ဂိုးသမား မက်ဇ် ဆဲလ်စ် ကနေစတင်ခဲ့တဲ့ build up play ကတဆင့် ရရှိခဲ့တာပါ..။ ဒါပေမယ့် နောက်တန်းလူတွေနဲ့ အပေးအယူ build up play ပြုလုပ်မယ့်အစား ညာတောင်ပံမှာ လွတ်နေတဲ့ right wing back မွန်တီရယ် ဘက်ကို ကန်တင်လိုက်ပါတယ်..။ မွန်တီရယ် က ခေါင်းတိုက်ပြန်ချပေးတဲ့ ဘောလုံးကို မော်ဂန် ဂစ်ဘ်-ဝှိုက် ဟာ အီလန်ဂါ နဲ့ လှပတဲ့တွဲလုံးတွေနဲ့ ချိတ်ဆက်ပြီး ချယ်လ်ဆီးရဲ့ ကွင်းလယ် ခံစစ်ဇုန်ကို ကျော်ဖြတ်ခဲ့တာဗျ..။ ပြီးတော့ ဘယ်တောင်ပံမှာ အသင့်နေရာယူထားတဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ကို ထိုးပေးလိုက်ပါတယ်..။

ဂျေမီ ရက်ဒ်နပ် - ခဏလေးဗျ..။ အဲဒီမှာပြောစရာလေးတွေ နည်းနည်းရှိတယ်..။ အခုပူးတွဲပုံ (ပုံ- ၆) မှာဆိုရင် အိုဒွိုင်း နဲ့ ဂတ်စ်တို တို့ တစ်ဦးချင်း ရင်ဆိုင်မိချိန်မှာ ဟယ်ရီ တော့ဖ်လို (ကျောနံပါတ် - ၁၅) က နောက်ကနေ ကပ်ပြီးပါလာပါတယ်..။ အဲဒီမှာ ဂတ်စ်တို က ပြဿနာတက်တော့တာပါပဲ..။ ချာလိုဘာ ကလည်း သူ့ရဲ့နောက်မှာ ခရစ်စ် ဝုဒ် ရှိနေတော့ ရှေ့ကိုတက်ပြီးကူလို့ မရပါဘူး..။ ဂတ်စ်တို ဟာ အိုဒွိုင်း နဲ့ တစ်ယောက်ချင်း 1 vs 1 ဆိုပေမယ့် နောက်ကနေ ပြေးတက်လာတဲ့ တော့ဖ်လို ဟာ အန္တရာယ်ကောင်ပါ..။ ကဲ.. ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ အတွင်းဘက်ကို ချိုးဝင်လိမ့်မယ်ဆိုတာ သိထားပေမယ့် အခုလို 2 vs1 နှစ်ယောက်၊ တစ်ယောက်ဆိုရင် ခင်ဗျားဘာလုပ်မလဲ..? မိုက်ကယ် ရေ..



မိုက်ကယ် ဒေါ်ဆင် - မလွယ်ပါဘူး..။ တကယ်ပြောတာပါ..။ ဂတ်စ်တို အနေနဲ့ ချာလိုဘာ ညာဘက်ကို ထွက်လာပြီး သူ့ကိုကူပေးမှပဲ ရမှာပါ..။ ချာလိုဘာ ဟာ ဟတ်ဒ်ဆန် အိုဒွိုင်း အတွင်းဘက်ကို ချိုးဝင်လာတဲ့အချိန် ပိတ်ဆို့နိုင်အောင်လို့ ရှေ့ကိုတက်လာသင့်ပါတယ်..။ နောက်ကနေ ပြေးတက်လာခဲ့တဲ့ ဟယ်ရီ တော့ဖ်လို ရဲ့ နေရာယူမှုဟာ ဂတ်စ်တို ကို အခက်တွေ့စေခဲ့ပါတယ်..။ ဒါပေမယ့် နောက်ခံအစွန်လူတွေအနေနဲ့ အဲဒီလိုအခြေအနေတွေမှာဆိုရင် အိုဒွိုင်း ကို အတွင်းဘက်ချိုးဝင်လာဖို့မရပဲ တောင်ပံတစ်လျှောက်သာ ဆွဲပြေးနိုင်အောင် ပိတ်ဆို့နိုင်ဖို့ လိုအပ်နိုင်ပါတယ်..။ အထူးသဖြင့်သူဟာ ဘယ်လိုကစားသမား ဖြစ်တယ်ဆိုတာ သိနေတာပဲလေ..။ အတွင်းဘက်ကို ချိုးဝင်ပြီး အဝေးတိုင်ဘက်ကို ကွေးညွှတ်ပြီး ကန်ခွင့်ပေးလိုက်လို့က ဂိုးပေးရဖို့ များပါတယ်..။

ဂျေမီ ရက်ဒ်နပ် - အတွင်းကိုချိုးဝင်လာခွင့်မရေအောင် ဦးစားပေး၊ ပိတ်ဆို့ပြီး တောင်ပံတစ်လျှောက် ဆွဲပြေးနိုင်ဖို့ လမ်းဖွင့်ပေးသင့်တယ်လို့သာ ခင်ဗျားပြောပေမယ့် အစောပိုင်းမှာ သူ့ရဲ့တောင်ပံကနေ ဆွဲပြေးပြီး ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂစ်ဘ်-ဝှိုက် အနီးကပ်ခေါင်းတိုက်ရာမှာ ဂိုးတိုင်ထိသွားလို့သာ ချယ်လ်ဆီးအသင်း သက်သာရာ ရသွားခဲ့တာ မဟုတ်ဘူးလားဗျ.။

ဒါပေမယ့် စဉ်းစားစရာနှစ်မျိုး ဖြစ်နေတဲ့အခါမှာ ဂတ်စ်တို အနေနဲ့ အိုဒွိုင်း ရဲ့ အားအသာဆုံး ကစားပုံဖြစ်တဲ့ အတွင်းဘက်ကိုချိုးဝင်၊ ညာခြေနဲ့ကန်သွင်းခွင့် မပြုလုပ်နိုင်ဖို့ကိုပဲ ဦးစားပေး တားဆီးရမှာပါ..။ အိုဒွိုင်း ဟာ အရင်အပါတ်က ရှက်ဖီးလ် ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ပွဲမှာလည်း အဲဒီပုံစံအတိုင်း နှစ်ဂိုးသွင်းပေးခဲ့တာ မဟုတ်ဘူးလားဗျ..။



ကယ်လီ ကိတ် - ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း သွင်းယူပြီး သိပ်မကြာခင်မှာပဲ ရာဟင်း စတာလင်း က အဲဒီပုံစံအတိုင်း ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်..။ ‘မင်းကန်သလို ငါလည်းကန်တတ်ပါတယ်..’ ဆိုတဲ့သဘောပေါ့ရှင့်.. ဟားဟား..။ ရာဟင်း ဟာ ဘယ်ဘက်ကနေ ချိုးဝင်ပြီး ညာခြေနဲ့ဝှေ့ဝိုက် ကန်သွင်းယူတာဟာ သူသွင်းယူနေကျ ပုံစံတစ်ခုလို့ ပြောရမှာပဲရှင့်..

မိုက်ကယ် ဒေါ်ဆင် - ရာဟင်း စတာလင်း ရဲ့ဂိုးကို ပိုပြီးသဘောကျမိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ရှေ့မှာ ပိတ်ဆို့ထားတဲ့ နော့တင်ဟမ် ဖောရက်စ် ကစားသမားတွေ ပိုပြီးများတဲ့အတွက် တစ်ယောက်ချင်း 1 vs 1 ကျော်ဖြတ်မှုတွေ ပိုမိုပြုလုပ်ခဲ့ရတာကြောင့် ဖြစ်ပါတယ်..။

ဂျေမီ ရက်ဒ်နပ် - စတာလင်း ရဲ့ ချေပဂိုးမတိုင်ခင်မှာ ဖောရက်စ် အသင်းဟာ ဒီနေ့ပွဲမှာ အထူးခြေစွမ်းပြပြီး ကွင်းလယ်မှာ စိုးမိုးထားနိုင်ခဲ့တဲ့ ရိုင်ယန် ရိတ်စ် ကို လူစားလဲခဲ့ပါတယ်..။ ဒါ့ကြောင့် မော်ဂန် ဂစ်ဘ်-ဝှိုက် က ခံစစ်ကိုပိုပြီး ကူပေးရပါတယ်..။ အခုပြထားတဲ့ပူးတွဲပုံ (ပုံ - ၇) မှာဆိုရင် သူဟာ ကိုးလ် ပါးမား ရဲ့ အနားမှာ ရှိနေပါတယ်..။ သူကကိုးလ် ပါးမား ကို အာရုံစိုက်နေခဲ့တာကြောင့် စတာလင်း အတွင်းကိုချိုးဝင်လာတဲ့အချိန်မှာ ဖျက်ထုတ်နိုင်ဖို့ ခြေတစ်လှမ်းနောက်ကျသွားတယ်လို့ ပြောနိုင်ရဲ့လား..? မိုက်ကယ်‌ ရေ..



မိုက်ကယ် ဒေါ်ဆင် - မှန်ပါတယ်..။ စတာလင်း ဟာ အိုလာ အေးနား ကို ကျော်ဖြတ်လာချိန်မှာ အန်တော်နီ အီလန်ဂါ လည်း အချိန်မှီပြေးဝင်ပိတ်ဆို့နိုင်ဖို့ ကြိုးစားရှာပါသေးတယ်..။ တကယ်တော့ အိုလာ အေးနား ဟာ စတာလင်း ကို အတွင်းဘက်ကို ချိုးဝင်လာလို့ မရအောင် ပိတ်ဆို့ရမှာပါ..။ ရာဟင်း သာ အတွင်းဘက်ကို ချိုးဝင်မရလို့ down the line ဆွဲပြေးမယ်ဆိုလည်း သူဟာလိုက်ပြီး ပိတ်ဆို့နိုင်မယ့်အမြန်နှုန်း ရှိပါတယ်..။

တကယ်တော့ စတာလင်း ဆွဲဝင်လာတဲ့အချိန် ဖောရက်စ် ကစားသမား လေးယောက်တောင် ရှိတာဗျ..။ ဘယ်သူကမှ သေသေချာချာ ဖျက်ထုတ်ဖို့ကြိုးစားတာ မတွေ့လိုက်ရပါဘူး..။ တကယ်လို့ မော်ဂန် ဂစ်ဘ် ရဲ့ နေရာမှာ ရိုင်ယန် ရိတ်စ် သာ ရှိနေခဲ့မယ်ဆိုရင် စတာလင်း ကန်ခွင့်မရအောင် အတင်းဝင် ပိတ်ဆို့၊ ဖျက်ထုတ်နိုင်ခဲ့မလား..? ပေါ့ဗျာ.. တွေးမိတာပါပဲ..။ စတာလင်း လို ကစားသမားမျိုးကို လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်မရအောင် တစ်ယောက်ကတော့ မဖြစ်မနေရအောင် ပိတ်ဆို့နိုင်ဖို့ လိုအပ်ပါတယ်..။ သူ့ရဲ့ကန်ချက်က သိပ်ကိုကောင်းမွန်ခဲ့ပြီး ဂိုးထောင့်ထဲဆိုတော့ ဂိုးသမားလည်း ဘာမှမတတ်နိုင်ပါဘူး..။

ဂျေမီ ရက်ဒ်နပ် - အင်းဗျ..။ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပျောက်ဆုံးနေလို့ အဝေဖန်ခံနေရတဲ့ ရာဟင်း စတာလင်း ဟာ အရန်ခုံကနေ လူစားဝင် ကစားသမားအဖြစ် ပွဲအဖြေကို ပြောင်းလဲပေးနိုင်ခဲ့တာ ကျေနပ်စရာပါ..။ အဲဒီချေပဂိုးနဲ့ မရှေးမနှောင်းမှာပဲ အနိုင်ဂိုးကို ဆက်တိုက်ရရှိခဲ့ပါတယ်..။ အသင်းလိုက် တွဲလုံးတွေနဲ့ ရယူသွားခဲ့တဲ့ တကယ့်ကို ကောင်းမွန်တဲ့ ဂိုးတစ်ဂိုးပါပဲ..။ အထူးသဖြင့် အဲဒီဂိုးမှာ မွိုက်စ် ကိုင်ဆီဒို ရဲ့ လှုပ်ရှားမှု‌၊ ပေးပို့မှုတွေဟာ အဓိကကျခဲ့ပြီး အီကွေဒေါ ကွင်းလယ် ကစားသမားဟာ သူ့ရဲ့တန်ဖိုးကို ပြသနိုင်တယ်လို့ ပြောရမှာပါ..။

ကိုင်ဆီဒို ဟာ ဘယ်တောင်ပံက မာ့စ် ကူကူရယ်လာ ကနေ ပေးပို့လိုက်တဲ့ ဘောလုံးကို ကွင်းလယ်တစ်လျှောက် ဆွဲတက်လာပြီး မာလို ဂတ်စ်တို ဆီကို ပေးပို့ပါတယ်..။ ဂတ်စ်တို က သူ့ဆီချက်ချင်း ပြန်ပြီးပေးပို့ပါတယ်..။ အဲဒီအချိန် တပြိုင်နက်ထဲလိုလို ပူးတွဲပုံ (ပုံ- ၈) ညာဘက်ထောင့်ဆုံးမှာ မြင်တွေ့နေရတဲ့ ရိစ် ဂျိမ်းစ် ဟာ ဖောရက်စ် ကစားသမားတွေ သတိမထားမိလိုက်ခင် အသာလေး ပြေးတက်သွားပါတယ်..။ အဲဒီလိုပြေးတက်မှုမျိုးကို third man running လို့ ခေါ်ပါတယ်..။



ကိုင်ဆီဒို ဟာ ဂတ်စ်တို ဆီက ပြန်လာတဲ့ဘောလုံးကို တစ်ချက်မဆိုင်းပဲ ရိစ် ဂျိမ်းစ် ရဲ့ ပြေးလမ်းထဲကို အတိအကျ ထိုးပေးလိုက်ပါတယ်..။ ညာတောင်ပံ လွတ်လွတ်ကျွတ်ကျွတ် လွတ်ထွက်သွားခဲ့တဲ့ ဂျိမ်းစ် ဟာ ဂိုးသမား ဆဲလ် ထွက်ဆွဲလို့မရနိုင်တဲ့ အမြင့်လောက်နဲ့ ဂျက်ဆင် ရဲ့ ခေါင်းပေါ်ကို အတိအကျ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးဟာ သိပ်ကိုသေသပ်၊ လှပပါတယ်..။

ရိစ် ဂျိမ်းစ် ပြေးထွက်သွားတဲ့ပုံကို နော့တင်ဟမ် ဖောရက်စ်အသင်းရဲ့ ရှုထောင့်ကနေ ပြန်ကြည့်ရအောင်ဗျာ..။ အခုပူးတွဲပုံ (ပုံ- ၉) မှာ မွိုက်စ် ကိုင်ဆီဒို ဆီမှာ ဘောလုံးရှိနေတဲ့အချိန် ညာဘက်အစွန်ဆုံးမှာ ရိစ် ဂျိမ်းစ် နဲ့အတူ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ရှိနေပါတယ်..။ အဲဒီအတိုင်းဆိုရင် ကာလန် ဟာ ရိစ် ဂျိမ်းစ် နဲ့အတူ တောက်လျှောက် ဆက်ပြီးလိုက်သွားရမှာပါ..။ ဟယ်ရီ တော့ဖ်လို ဟာ မာလို ဂတ်စ်တို ကို စောင့်ကြည့်ရပါမယ်..။ ဒါပေမယ့် တကယ့်နောက်ဆုံးအချိန်ကျမှ သူတို့နှစ်ယောက်စလုံး ဆုံးဖြတ်ချက် မှားသွားခဲ့တယ်ဗျ..။



သူတို့နှစ်ယောက်စလုံးဟာ ဘောလုံးလက်ခံယူခဲ့တဲ့ မာလို ဂတ်စ်တို ဆီမှာပဲ စုပြုံပြီး အာရုံရောက်သွားခဲ့တာကြောင့် third man running အနေနဲ့ ညာဘက်က ပြေးတက်သွားတဲ့ ရိစ် ဂျိမ်းစ် ဟာ လွတ်လွတ်ကျွတ်ကျွတ် ဖြတ်တင်ခွင့်ရသွားခဲ့ပါတယ်..။

မိုက်ကယ် ဒေါ်ဆင် - အားးး.. ချယ်လ်ဆီးအသင်း ပရိသတ်တွေအတွက်က သိပ်ကိုလှပတဲ့ သွင်းဂိုးပေါ့ဗျာ..။ မှန်ပါတယ်.. ပွဲပြီးတဲ့အချိန် ဒီဂိုးကိုပြန်ပြီး သုံးသပ်တဲ့အချိန်ကျရင် နည်းပြနူနို ဆန်းတို့စ် ဟာ ခင်ဗျားပြောခဲ့သလို ဟယ်ရီ တော့ဖ်လို နဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း တို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲမှား သွားခဲ့တဲ့အချက်ကို ပြန်ပြီးထောက်ပြမှာ အသေအချာပါပဲ..။

တော့ဖ်လို က ဂတ်စ်တို ဆီကို ပြေးကပ်လိုက်တယ်..၊ ဂတ်စ်တို ဆီကလာတဲ့ ဘောလုံးကို ကိုင်ဆီဒို က ရိစ် ဂျိမ်းစ် ရဲ့ ပြေးလမ်းထဲကို ချပေးလိုက်တာ တစ်စက္ကန့်တောင် မကြာလိုက်ပါဘူး..။ အဲဒီဂိုးမှာ လှပတဲ့ဖြတ်တင်ဘောနဲ့ ဖန်တီးပေးခဲ့တဲ့ ရိစ် ဂျိမ်းစ် ကိုရော ခေါင်းတိုက်အဆုံးသတ်နိုင်ဖို့ နေရာယူပုံ ကောင်းမွန်ခဲ့တဲ့ နီကိုလပ်စ် ဂျက်ဆင် ကိုပါ ချီးကျူးရမှာပါ..။