ချယ်လ်ဆီးအသင်းမှာ ၂၀၂၄/၂၅ ဘောလုံးရာသီကြို ပြင်ဆင်မှုအဖြစ် အမေရိကန် ပြည်ထောင်စုသို့ ခရီးထွက်ခွာပြီး ခြေစမ်းပွဲ (၅) ပွဲ ယှဉ်ပြိုင်ခဲ့ပါသည်..။ အဆိုပါပွဲစဉ်များမှ အသင်း၏အနေအထားနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များအပေါ် ချယ်လ်ဆီးအသင်း ဂန္ထဝင်နောက်ခံလူဟောင်း ဖရန့်ခ် လီဘော့ဖ်၊ အဲဗာတန်အသင်း တိုက်စစ်မှူးဟောင်း ဒွန် ဟတ်ချင်ဆန် နှင့် အာဆင်နယ်အသင်း ကွင်းလယ် ကစားသမားဟောင်း စတီးဝပ် ရော့ဘ်ဆင် တို့က ESPN FC အစီအစဉ်မှတင်ဆက်သော ‘Chelsea’s preseason struggles worries Frank Leboeuf’ စကားဝိုင်းတွင် အောက်ပါအတိုင်း သုံးသပ်၊ ဆွေးနွေးခဲ့ကြပါသည်..။
ဒန် သောမတ်စ် - ဖရန့်ခ် ရေ.. ရာသီအသစ်ကနေ ကြိုဆိုလိုက်ပါတယ်…။ ခင်ဗျားတို့ ချယ်လ်ဆီးအသင်းဟာ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်မှာ Club America တစ်သင်းကိုပဲ အနိုင်ရခဲ့ပြီး ကျန်တဲ့ပွဲတွေမှာ ရလဒ်မကောင်းခဲ့ပါဘူး..။ အဲဒီလိုကျေနပ်ဖို့ မကောင်းခဲ့တဲ့ ရလဒ်တွေနဲ့ နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ဖြေရှင်းချက်တွေအပေါ် ခင်ဗျားရဲ့အမြင် ပြောပြနိုင်မလား..?
ဖရန့်ခ် လီဘော့ဖ် - အသင်းရဲ့လာမယ့်ရာသီ အနေအထားအပေါ် ရာသီကြိုခြေစမ်းပွဲတွေက ခြေစွမ်း၊ ရလဒ်တွေနဲ့ မဆုံးဖြတ်ချင်ဘူးလို့ အရင်လကတည်းက ပြောခဲ့ပါတယ်..။ ရာသီကြို ခြေစမ်းပွဲတွေကို လေ့ကျင့်ခန်းအစီအစဉ်လို့ပဲ သတ်မှတ်ရမှာပါ..။ ဒါပေမယ့် အခုလက်ရှိ အခြေအနေတွေအရဆိုရင် လာမယ့်ပထမဆုံးပွဲ.. မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲမှာ ကျွန်တော်တို့ မြင်တွေ့ရမယ့် အသင်းရဲ့ အနေအထားအပေါ် စိတ်ပူမိနေပါပြီ..။
ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းမှာ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်မယ့် အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူးစစ်စစ် မရှိပါဘူး.. လို့ ပြီးခဲ့တဲ့နှစ်နှစ်လုံးလုံးမှာ ကျွန်တော်တို့ တသွင်သွင်ပြောခဲ့ကြပါတယ်..။ ဒါပေမယ့် အသင်းဘက်က အရေးတယူ မပြုခဲ့ပါဘူး..။ အဲဒီပြဿနာအပြင် အခုနည်းပြသစ် အင်ဇို မာရက်စ်ကာ လက်ထက် နောက်ထပ်စိတ်ပူစရာကောင်းတဲ့ နေရာတစ်နေရာက အသင်းရဲ့ ‘ခံစစ်ကြောင်း’ ဖြစ်လာပါတယ်..။ သူတို့အသင်းရဲ့ခံစစ်ကြောင်းမှာ ဘယ်သူ့ကိုပဲထည့်ထည့် လာမယ့်ရက်ပိုင်းအတွင်း အရမ်းကိုပြောင်းလဲ သွားလိမ့်မယ်လို့ မထင်မိပါဘူး..။
အသင်းရဲ့ခံစစ်ကြောင်း နေရာယူမှုပြဿနာကို ရီးရဲလ် မက်ဒရစ် အသင်းနဲ့ပွဲက ပေးလိုက်ရတဲ့နှစ်ဂိုးမှာ မြင်လိုက်ရမှာပါ..။ ဒါ့အပြင်ပထမဂိုး မပေးရခင်မှာ play from the back ပုံစံနဲ့ ကစားကွက် တည်ရာကနေ ဘောလုံးကို ရှေ့ရောက်လာအောင် မပေးနိုင်တာကြောင့် ဂိုးပေးရမလို ဖြစ်ခဲ့ပါသေးတယ်..။ ဒါ့ကြောင့်နည်းပြ မာရက်စ်ကာ အနေနဲ့ ရာသီကြိုပွဲတွေမှာ မြင်တွေ့လိုက်ရတဲ့ ခံစစ်ကြောင်း ပြဿနာကြီးနှစ်ခုကို အလျှင်မြန်ဆုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။ တကယ်လို့ အသင်းရဲ့ခံစစ်ဟာ အခုပုံစံအတိုင်းပဲ.. ဆက်လက် တိုးတက်မလာခဲ့ဘူးဆိုရင် အနိုင်ရဖို့အတွက် ရှေ့ကတိုက်စစ်မှူးတွေက ဂိုးတွေအများကြီး သွင်းပေးရမလို ဖြစ်နေပါတယ်..။
ဒန် သောမတ်စ် - ရော့ဘ်ဆင် ရေ.. ရီးရဲလ် မက်ဒရစ်နဲ့ပွဲကို ခင်ဗျားကြည့်ခဲ့တယ်မလား..? ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်း ကစားပုံအပေါ် ခင်ဗျားရဲ့သုံးသပ်ချက် ပြောပြပေးပါဦးလား..?
စတီးဝပ် ရော့ဘ်ဆင် - မှန်ပါတယ်..။ ခံစစ်ကြောင်း နေရာယူတဲ့ပုံစံဟာ ရှေ့ကိုအရမ်းရောက်လွန်း (defense line too high) နေတဲ့အပြင် အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်း အားနည်းနေပါတယ်..။ ဗဟိုခံစစ်မှူးတွေ နေရာယူတဲ့အခါမှာ ပြိုင်ဘက်တိုက်စစ်မှူးက ဗဟိုနောက်ခံလူ တစ်ယောက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဆိုရင် ကျန်တဲ့နောက်တစ်ယောက်က အဲဒီနေရာကို ချက်ချင်းရောက်လာပြီး ကာကွယ်နိုင်ရပါမယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှူးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကူအညီပေးနိုင်စွမ်း ကင်းမဲ့နေတာ တွေ့မိပါတယ်..။
အင်ဇို မာရက်စ်ကာ ကတော့ အသင်းရဲ့ခံစစ်ကြောင်းဟာ အခုပုံစံထက် အနည်းဆုံး (၅) ကိုက်လောက် နောက်ဆုတ်ပြီး နေရာယူသင့်တယ်လို့ ပြောသွားပါတယ်..။ သူဟာအခုအချိန်ထိ အဲဒီအပိုင်းကို သေသေချာချာ မကိုင်တွယ်ရသေးဘူး..၊ ချယ်လ်ဆီးကိုရောက်လာတဲ့ လေးပါတ်၊ ငါးပါတ်အတွင်းမှာ play out from the back ပုံစံနဲ့ ဘောလုံးတွေကို တိုက်စစ်ဇုန်ဆီ ရောက်လာအောင် ဘယ်လိုပေးပို့မယ်… ဆိုတဲ့အပိုင်းကိုပဲ လေ့ကျင့်ရသေးတယ်လို့ ယူဆရပါမယ်..။
ဒါပေမယ့် သူ့ရဲ့အသင်းဟာ with the ball နဲ့ တိုက်စစ်ဆင်တဲ့ အပိုင်းမှာလည်း အရမ်းကြီးတိုးတက်လာတာ မရှိသေးပါဘူး..။ ဒါ့ကြောင့်ဒီအတိုင်းသာ ဆက်သွားဦးမယ်ဆိုရင် ရာသီစတင်ချိန်မှာ ပြဿနာအကြီးကြီး တက်လာပါလိမ့်မယ်..။ အခုဆိုရင် ရာသီအသစ် စတင်ဖို့က (၁၀) ရက်ပဲ ကျန်တော့တယ်ဗျာ..။ အင်ဇို မာရက်စ်ကာ အတွက် စိတ်ပူမိပါတယ်..။
ဒန် သောမတ်စ် - ဒွန် ရေ.. နည်းပြအင်ဇို မာရက်စ်ကာ အနေနဲ့ ရာသီစတင်ချိန်မှာ အသင်းရဲ့ပြဿနာတွေကို အချိန်မှီဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ခင်ဗျားယူဆထားလား..?
ဒွန် ဟတ်ချင်ဆန် - ‘ရာသီကြိုပွဲစဉ်တွေကို ရာသီကြိုမှာပဲ ထားခဲ့သင့်တယ်..’ ဆိုတာ အရမ်းကြီးတော့ မမှားပါဘူး..။ ဒါပေမယ့် သူတို့ပေးလိုက်ရတဲ့ သွင်းဂိုးအများစုဟာ ခံစစ်ကြောင်းနေရာယူမှု အမှားကြောင့် ပေးလိုက်ရတဲ့ဂိုးတွေ ဖြစ်နေပါတယ်..။ တကယ်တော့ ခံစစ်ကြောင်းကို high line ကစားမယ်..၊ midblock ကစားမယ်.. အဲဒီအရာတွေဟာ ဘောလုံးကစားနည်းရဲ့ တကယ့်အခြေခံတွေ (basic things) ဖြစ်ပါတယ်..။ တိုက်စစ်နဲ့ ကွင်းလယ်က ကစားသမားတွေဘက်က ဖိအားပေး ကစားပုံ (pressing) မကောင်းမွန်ပဲနဲ့ high line ကစားလို့ မရဘူးဆိုတာ ကလေးတွေတောင် သိပါတယ်..။
တကယ်လို့ လာမယ့်ရာသီအဖွင့်ပွဲစဉ်မှာ ပြီးခဲ့တဲ့ရီးရဲလ် မက်ဒရစ်အသင်းနဲ့ပွဲက ပုံစံအတိုင်း high line နဲ့သာ ဆက်ကစားဦးမယ်ဆိုရင် အားလင်း ဟာလန်း တို့လို လျှင်မြန်တဲ့ တိုက်စစ်မှူးတွေအကြိုက် ဖြစ်သွားမှာပေါ့..။ အဲဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အင်ဇို မာရက်စ်ကာ ပြောသလို ခံစစ်ကြောင်းအထိုင်ကို နောက်နည်းနည်းဆုတ် (drop off defense line)၊ ပြိုင်ဘက်ကစားသမားတွေကို တစ်ဦးချင်းလူကပ် (marking) ကစားတာကို ဖိဖိစီးစီးလုပ်.. စသဖြင့် နည်းလမ်းတွေ ရှိပါတယ်..။
ဒါ့အပြင် ချယ်လ်ဆီးနဲ့ကစားသွားတဲ့ မန်ချက်စတာ စီးတီးအသင်းမှာ သူတို့ရဲ့ပွဲထွက် ကစားသမား (၇) ယောက်၊ (၈) ယောက် လောက် ပါမလာခဲ့ပါဘူး..။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုကို ခရီးထွက်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အကောင်းဆုံးအသင်းလို့ ပြောလို့ရပါတယ်..။ လူစုံတက်စုံနီးပါး အကုန်ပါလာပါတယ်..။ အဲဒါကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် စိုးရိမ်စရာပါပဲ..။ ကစားသမားတွေဟာ အခုအချိန်ထိ မမှားသင့်တဲ့ တစ်ဦးချင်းအမှားတွေ အများကြီး လုပ်နေကြဆဲ ဖြစ်ပါတယ်..။
တကယ်တော့ ရာသီကြိုခြေစမ်းပွဲတွေဆိုတာ ကစားသမားတွေက သူတို့ဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ပါတယ်.. ဆိုပြီး အသင်းမန်နေဂျာကို သက်သေပြရတဲ့ပွဲတွေ ဖြစ်ပါတယ်..။ ဒါပေမယ့် သူတို့ကစားနေတဲ့ပုံကို ကြည့်ရတာက အသင်းကနေထွက်ဖို့ ကြိုးစားနေကြသလိုပါပဲ..။
ဖရန့်ခ် လီဘော့ဖ် - ကျွန်တော်လည်း အဲဒါကြောင့် စိုးရိမ်မိတယ်လို့ ပြောတာပါ..။ အသင်းဟာ ဒီနှစ်နွေရာသီမှာလည်း ကစားသမားသစ်တွေ အများကြီးခေါ်ယူခဲ့ပါတယ်..။ ဒါပေမယ့် ဗဟိုခံစစ်ကြောင်းနဲ့ အသင်းရဲ့ကျောရိုး.. အထိုင်မှာ ခေါင်းဆောင်ပေးနိုင်မယ့်သူ၊ အသင်းကို မောင်းနှင်ပေးနိုင်မယ့်သူ တစ်ယောက်မှ ရှိမနေပါဘူး..။ အထူးသဖြင့် အသင်းရဲ့ခံစစ်ကြောင်းမှာ အတွေ့အကြုံရင့် ကစားသမား အလုံအလောက် ရှိမနေပါဘူး..။
ရီးရဲလ် မက်ဒရစ်နဲ့ပွဲမှာ ပေးလိုက်ရတဲ့ ပထမဂိုးဟာ 3 vs 2 အနေထားနဲ့ ခွင့်ပြုလိုက်ရတာဖြစ်ပြီး ဘယ်တောင်ပံကနေ ပြေးတက်လာတဲ့ ကစားသမားကို လူကပ်ပေးမယ့်သူမရှိဘူး ဖြစ်နေခဲ့ပါတယ်..။ ဗဟိုခံစစ်မှူးတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးနိုင်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိမနေခဲ့ပါဘူး..။ ဒါ့ကြောင့် ဘာဒီယာရှီလေး ဟာ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ပြီး ဘောလုံးကိုင်ထားတဲ့ ပြိုင်ဘက်ကစားသမားဆီကို ပြေးဝင်၊ ဖျက်ထုတ်ဖို့ မကြိုးစားပဲ နောက်ကိုပြေးဆင်းသွားခဲ့ပါတယ်..။
ရိစ် ဂျိမ်းစ် ဆိုလည်း ဘယ်နေရာကနေ စောင့်ပြီးဖျက်ထုတ်ရမယ်..၊ ဘယ်နေရာကိုပြေးဝင် နေရာယူရမယ်.. ဆိုတာ သိမနေပါဘူး..။ ပြင်ဆင်မှုအပိုင်း အားနည်းသလို ကွင်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် စကားပြော၊ အဆက်အသွယ်ရှိနေပုံ မရပါဘူး..။ အဲဒီလိုကစားတွေထဲမှာ နားလည်မှု၊ ဆက်သွယ်မှု ပျောက်ဆုံးနေတဲ့ အနေအထားကို အခုလာမယ့် (၁၀) ရက်အတွင်း ဖြေရှင်းနိုင်ဖို့ ဘယ်လိုမှ စဉ်းစားကြည့်လို့ မရပါဘူး..။ ဒါ့ကြောင့်’ စိုးရိမ်မိတယ်’ လို့ ပြောရတာ ဖြစ်ပါတယ်..။
ဒန် သောမတ်စ် - ဒါဆိုရင် ဒီနေ့အစီအစဉ်အတွက် ချယ်လ်ဆီးနဲ့ပတ်သက်ပြီး ခင်ဗျားဆီက နောက်ဆုံးပေးချင်တဲ့ မက်ဆေ့ချ် တစ်ခုလောက် ပြောပြပေးပါလား..?
ဖရန့်ခ် လီဘော့ဖ် - ကျွန်တော်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ချယ်လ်ဆီးအသင်း ပရိသတ်တွေနဲ့ အမြဲတမ်းအဆက်အသွယ် ရှိနေပါတယ်..။ အပြာရောင်ပရိသတ်တွေကတော့ ရာသီကြိုကာလက ဆိုးရွားခဲ့တဲ့ခြေစွမ်း၊ ရလဒ်တွေကို ချန်ထားခဲ့ပြီး ဘောလုံးရာသီအသစ်ကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်အသင်းကို ချစ်မြတ်နိုးကြတာကိုးဗျ..။ တစ်ချို့.. အနည်းစုက အသင်းဟာ အပြောင်းအလဲကာလ (transition period) မှာ ဖြစ်နေတာကြောင့် မကြာခင်အချိန်တိုအတွင်းမှာ အစစအရာရာ ကျေနပ်ဖို့ကောင်းတဲ့ ကာလကို ပြန်ပြီးရောက်လာလိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်..။
ဒါပေမယ့် အများစုကတော့ အသင်းရဲ့အခြေအနေ၊ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေအပေါ် အရမ်းကိုစိတ်ပျက် နေကြတယ်ဗျ..။ တကယ်လို့ အင်ဇို မာရက်စ်ကာ နဲ့သာ အလုပ်မဖြစ်ခဲ့ဘူးဆိုရင် ဆန္ဒပြပွဲ အကြီးကြီးတွေ၊ အဓိကရုဏ်းတွေပါ ဖြစ်လာမလား..? မသိပါဘူးဗျာ..။ ပရိသတ်အများစုဟာ အသင်းနဲ့ဘုတ်အဖွဲရဲ့ လုပ်ရပ်တွေအပေါ် အားရကျေနပ်မှု မရှိကြပါဘူး..။ ကျွန်တော်ကတော့ အကောင်းဆုံး ရလဒ်တွေနဲ့ တာထွက်လှပဖို့ကိုပဲ မျှော်လင့်ထားပါတယ်..။ အဲဒီလိုမှမဟုတ်ပဲ နှစ်ပွဲ၊ သုံးပွဲလောက် ရလဒ်တွေ ဆိုးရွားနေခဲ့မယ်ဆိုရင် အခြေအနေတွေ ဘယ်လိုမှထိန်းလို့ရတော့မှာ မဟုတ်ပါဘူး..။
ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ..၊ ဝါရင့်.. အတွေ့အကြုံရင့် ကစားသမားတွေမရှိပဲ လူငယ် ကစားသမားလေးတွေဟာ ပရိသတ်တွေဆီက တောင်းဆိုလာမယ့် ပြင်းထန်တဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေလို့လား..?
ဒွန် ဟတ်ချင်ဆန် - အင်းဗျ.. ခင်ဗျားတို့ ချယ်လ်ဆီးအသင်း ပရိသတ်တွေဆိုတာ ဂျွန် တယ်ရီ၊ ဖရန့် လမ်းပတ်၊ ဒီဒီယာ ဒရော့ဘာ တို့လို ကစားသမားတွေကို တစိုက်မတ်မတ် အားပေးလာကြရာကနေ အခုဆိုရင် ဘာမှကိုယ်ရောင်ကိုယ်ဝါ မရှိတဲ့ ကစားသမားလေးတွေကို စိတ်ပျက်လက်ပျက်နဲ့ အားပေးနေရတယ်..၊ အသင်းပိုင်ရှင်တွေရဲ့ (၇) နှစ်၊ (၈) နှစ် သက်တမ်းရှည်ကြီးတွေနဲ့ ခေါ်ယူထားတဲ့ ကစားသမားလေးတွေကနေ ထွန်းတောက်လာမယ်ဆိုတဲ့ မသေချာတဲ့ အနာဂတ်တစ်ခု မျှော်လင့်နေရသလို ဖြစ်နေပါတယ်..။
ချယ်လ်ဆီးပရိသတ်တွေဟာ ‘အပြောင်းအလဲကာလ (transition period)’ ဆိုတာကြီးကို ကြားရဖန်များလို့ စိတ်ပျက်လာကြပုံ ရနေပါပြီ..။ (၆) လတစ်ကြိမ် မန်နေဂျာတွေ ပြောင်းနေတယ်..၊ ဂရေဟမ် ပေါ်တာ၊ အင်ဇို မာရက်စ်ကာ တို့လို မန်နေဂျာတွေအတွက် ပိုက်ဆံတွေအများကြီး ပေးနေပါတယ်..။ အခြေအနေကောင်းလာ ပြန်တော့လည်း ဖြုတ်လိုက်တာပါပဲ..။ အဲဒီတော့ ပရိသတ်တွေဟာ အသင်းရဲ့ဘုတ်အဖွဲ့နဲ့ တသားတည်း ရှိမနေတော့ဘူး..၊ သူတို့ရဲ့လုပ်ရပ်တွေကို နားမလည်နိုင်တော့ပါဘူး..။
ပြီးတော့ အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာ ‘ချယ်လ်ဆီးအသင်း.. ဆိုတာ ဘာလဲ..? ဆိုတဲ့ ဝိညာဉ်’ (identity) ပျောက်နေပါတယ်..။ အပြာရောင်ပရိသတ်တွေဟာ လူငယ်ကစားသမားလေးတွေကိုကြည့်ပြီး အေး.. ဒီကောင်လေးကတော့ ပြောင်းရွှေ့ကြေးတွေ အများကြီးပေးထားရတာဆိုတော့ တစ်ချိန်ကျကောင်းလာမှာပဲ.. လို့သာ မျှော်လင့်နေရပါတယ်..။ ချယ်လ်ဆီးဟာ ပိုက်ဆံမသုံးတာ မဟုတ်ဘူးဗျ..။ မွိုက်စ် ကိုင်ဆီဒို ကို သန်း (၁၀၀)၊ အင်ဇို ဖာနန်ဒက်စ် ကို သန်း (၁၀၀)၊ ရိုမီယို လာဗီးယား ဆိုလည်း (၄၅) သန်းလား..? မူဒရစ်ခ် ဆိုရင် စတာလင်ပေါင် (၇၅) သန်း.. စသဖြင့်ပေါ့ဗျာ..။
ဒါပေမယ့် နောက် (၆) လကျ ဘာဖြစ်လာမလဲ..? ချယ်လ်ဆီးပရိသတ်တွေကို မေးကြည့်စမ်းပါ..။ ဘယ်သူမှ ဖြေနိုင်မှာ မဟုတ်ဘူး..။ အဲဒီအချိန်.. နောက် (၆) လဆိုရင် အင်ဇို မာရက်စ်ကာ လည်း ဖိအားတွေ များနေလောက်ပါပြီ..။ ဘာဖြစ်လို့လည်းဆိုတော့ အခုလာမယ့်ရာသီအစပိုင်းမှာ ချယ်လ်ဆီးနဲ့ အင်ဇို မာရက်စ်ကာ တို့ ဘယ်လိုပုံစံနဲ့ အသုံးတော်ခံ၊ တာထွက်လာမလဲ..? ဆိုတာ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတာကြောင့် ဖြစ်ပါတယ်..။
ဒန် သောမတ်စ် - ဒါဆိုရင်လာမယ့်ရာသီမှာ ချယ်လ်ဆီးပရိသတ်တွေအနေနဲ့ ဘယ်လိုမျှော်လင့်ချက်မျိုး ထားရှိသင့်တယ်လို့ ခင်ဗျားယူဆမိလဲ..? စတီးဝပ် ရေ…
စတီးဝပ် ရော့ဘ်ဆင် - ချယ်လ်ဆီးလို အသင်းအနေနဲ့ အနည်းဆုံး ထိပ်ဆုံးလေးသင်းနေရာကို စိန်ခေါ်နိုင်သင့်ပါတယ်..။ သူတို့ဟာ ကမ္ဘာအရပ်ရပ်က အကောင်းဆုံးဆိုတဲ့ လူငယ်သွေးသစ်တွေကို ခေါ်ယူထားတယ်..၊ ပြီးခဲ့တဲ့သုံးနှစ်အတွင်း အပြောင်းအရွှေ့ဈေးကွက်မှာ သုံးစွဲခဲ့တဲ့ ငွေကြေးတွေကလည်း ကြောက်ခမန်းလိလိပါပဲ..။ ဒါ့ကြောင့်အခုအချိန်ဟာ သူတို့တွေရဲ့ တိုးတက်လာမယ့်အချိန် မြင်တွေ့နေတာ ဖြစ်သင့်ပါတယ်..။ ဒါပေမယ့် သူတို့တွေဟာ လူငယ်ကစားသမား အသစ်တွေကိုပဲ ဆက်ပြီးဆက်ပြီး အတောမသတ် ဝယ်ယူနေဆဲ ဖြစ်နေပါတယ်…
ဒန် သောမတ်စ် - ဝါရင့်ကစားသမားတွေ မပါဝင်ပဲ လူငယ်သွေးသစ်လေးတွေကို ပြုစု၊ ပျိုးထောင်… တိုးတက်အောင် ပြုလုပ်နေရင်းနဲ့ပဲ ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်ပါ့မလား..?
စတီးဝပ် ရော့ဘ်ဆင် - No..။ အပြောင်းအရွှေ့ရာသီ အသစ်စတိုင်း ကစားသမား အသစ်တွေကို အားဖြည့်နေမယ်၊ ဘောလုံးတစ်ရာသီကို မန်နေဂျာ နှစ်ယောက်နှုန်းနဲ့ ပြောင်းလဲနေမယ်ဆိုရင် အဲဒီကစားသမားလေးတွေဟာ တိုးတက်ဖို့အတွက် ဘယ်လိုလုပ်ပြီး အခွင့်အရေး ရနိုင်တော့မှာလဲ..? သူတို့တွေရဲ့ မဟာဗျူဟာ အစီအမံ (strategy) တစ်ခုလုံးကိုက တစ်လွဲကြီး.. မှားယွင်းနေပြီဗျ..။