feature-image

Match of the Day သုံးသပ်ချက် စကားဝိုင်း (ဝုလ်ဖ် vs ချယ်လ်ဆီး)

တနင်္ဂနွေနေ့ညပိုင်းက Molinex ကစားကွင်းတွင် ဝုလ်ဖ်အသင်းအား အနိုင်ရရှိခဲ့သည့် ချယ်လ်ဆီးအသင်းမှ ခြေစွမ်းပြပြီး hattrick ရယူနိုင်ခဲ့သည့် တောင်ပံကစားသမား နိုနီ မာဒူအီကေး နှင့် ကိုးလ် ပါးမား တို့၏ တွဲလုံးများ၊ ချယ်လ်ဆီးအသင်း၏ တိုက်စစ်ဖန်တီးမှုများတွင် အရေးပါခဲ့သည့် ကိုးလ် ပါးမား ၏ လှုပ်ရှားမှုများနှင့် နည်းပြအင်ဇို မာရက်စ်ကာ ၏ နည်းစနစ်ပိုင်း အစီအမံများကို လီဗာပူးလ် အမျိုးသမီးအသင်း ကွင်းလယ် ကစားသမားဟောင်း ဖာရာ ဝီလီယံစ် နှင့် ဝုလ်ဖ်အသင်း တိုက်စစ်မှူးဟောင်း ထရွိုင် ဒီနေး တို့က BBC Sports သတင်းဌာန၏ Match of the Day စကားဝိုင်း အစီအစဉ်တွင် ယခုလို သုံးသပ်ပြောကြားခဲ့ပါသည်..။

မာ့ခ် ချက်ပ်မန်း - ကဲ.. ပထမဆုံးအနေနဲ့ ဒီနေ့ပွဲရဲ့ ဒုတိယပိုင်းမှာ သုံးဂိုးဆက်တိုက် သွင်းယူပေးခဲ့တဲ့ ညာတောင်ပံ တိုက်စစ်မှူး နိုနီ မာဒူအီကေး ရဲ့ ခြေစွမ်းကို သုံးသပ်ပေးပါလား..?

ဖာရာ ဝီလီယံစ် - ပွဲစတယ်ဆိုကတည်းက နိုနီ မာဒူအီကေး ဟာ ကွင်းလယ်ဖန်တီးရှင်အဖြစ်နဲ့ ပွဲထွက်လာခဲ့တဲ့ ကိုးလ် ပါးမား နဲ့ အတွဲအဖက်မိခဲ့ပါတယ်…။ ဒါ့အပြင် သူဟာဒီနေ့ပွဲရဲ့ပထမဆုံးကန်ချက်ကို ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ညာခြေကန်ချက်ကို ဂိုးသမား ဟိုဆေး ဆားရ် ကာကွယ်နိုင်ခဲ့ပါတယ်..။ သူ့ရဲ့လှုပ်ရှားမှုနဲ့ အမြန်နှုန်းတွေဟာ ဝုလ်ဖ်အသင်းရဲ့ ဘယ်နောက်ခံလူ ရာယန် အတ် နိုရီ ကို အခက်တွေ့စေခဲ့ပြီး တစ်ယောက်ချင်း 1 vs 1 ရင်ဆိုင်တွေ့ချိန်တွေမှာလည်း အတွင်းဘက်ကို ချိုးဝင်မလား..? ဘေးစည်းအတိုင်း ဆွဲပြေးမလား..? ဆိုတာ ဝေခွဲမရနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။

ဒီနေ့ပွဲမှာဆိုရင် သူဟာဘောလုံးကိုရလာတာနဲ့ ရှေ့ကိုဆွဲပြေးမယ်..၊ ပြီးရင်ဂိုးဧရိယာထဲမှာ ရှိနေတဲ့ အသင်းဖော်တွေကို ဖြတ်တင်ပေးပို့မယ်..၊ တွဲလုံးတွေ ဖန်တီးပေးမယ်ဆိုတဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ ကြိုးစားအားထုတ်မှု လုံးဝမလျော့တာကို တွေ့ခဲ့ပါတယ်..။ အရင်တုန်းကဆိုရင် အဲဒီလို ဘောလုံးတိုင်းကို အကျိုးရှိအောင် မခိုမကပ် ကြိုးစားမယ်ဆိုတဲ့ ခံယူချက်မျိုးကို မတွေ့ခဲ့တာကြောင့် ကျွန်မတို့ဟာ ‘မာဒူအီကေး’ နောက်တစ်ယောက်များ တွေ့နေလား.. ထင်ခဲ့ရပါတယ်..။



အထူးသဖြင့် ကွင်းလယ် ဖန်တီးရှင် ကိုးလ် ပါးမား နဲ့ တွဲဖက်ညီခဲ့တာဟာ သူ့ရဲ့ကစားပုံကို ပိုပြီးတိုးတက်လာစေခဲ့ပါတယ်..။ ဒုတိယပိုင်း (၄၉) မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ပထမဂိုးမှာဆိုရင် ကိုးလ် ပါးမား ရဲ့ ပေးပို့မှုကို အစွန်ဘက်ကို နည်းနည်းထွက်ပြီး လက်ခံယူတယ်..၊ ဘယ်ခြေနဲ့အတွင်းဘက်ကို တစ်ချက်ချိုးပြီး ကန်သွင်းခဲ့ရာမှာ လူထိပြီး လမ်းကြောင်းပြောင်းသွားတာက သူ့အတွက် ကံကောင်းခဲ့တာပေါ့..(ပုံ - ၁)။


ပွဲချိန် (၅၈) မိနစ်မှာ ရရှိခဲ့တဲ့ ဒုတိယဂိုးမှာတော့ ကိုးလ် ပါးမား ပေးတဲ့အချိန် လူမကျွံအောင် တစ်ချက်စောင့်ပြီး ပြေးထွက်ခဲ့ရပါတယ်..။ အဲဒီဂိုးမှာ မာဒူအီကေး ပြေးထွက်မယ့်အချိန် တစ်ချက်ဆိုင်းပြီး အချိန်ကိုက်ပေးပို့ခဲ့တဲ့ ပါးမား ရဲ့ ပါးနပ်မှုကိုလည်း အသိအမှတ်ပြုရမှာပါ..။ အဲဒီလိုတစ်ချက်ဆိုင်းလိုက်တာကြောင့် ပြေးထွက်ဖို့ ပြင်နေတဲ့ နောက်ခံလူ တိုတီ ဂိုးမက်ဇ် ဟာ ဟန်ချက်ပျက်သွားခဲ့ပြီး မာဒူအီကေး ရဲ့ ပြေးထွက်မှုကို အမှီမလိုက်နိုင်ခဲ့ပါဘူး..။

ပွဲချိန် (၆၃) မိနစ်မှာ ရရှိခဲ့တဲ့ တတိယဂိုးမှာတော့ ပါးမား ခင်းပေးလိုက်တဲ့ ဘောလုံးကို မနားတမ်း ကန်သွင်းမယ်ဆိုရင် ရနိုင်ပေမယ့် ယုံကြည်မှုအပြည့်နဲ့ တစ်ချက်ထိန်းပြီးမှ ကန်သွင်းယူခဲ့ပါတယ်..။ ဒါ့ကြောင့်ဒီနေ့ပွဲဟာ သူ့အတွက်တော့ တကယ့်ကို ပြီးပြည့်စုံတဲ့ ညနေခင်းတစ်ခုလို့ ပြောရမှာပါပဲ..။



မာ့ခ် ချက်ပ်မန်း - သူကဘယ်သန် လို့သာ ပြောပေမယ့် ဘယ်ခြေရော၊ ညာခြေရော ကန်ချက်တွေ ကောင်းမွန်တာ တွေ့ရပါတယ်…။ တခြားတောင်ပံ ကစားသမားတွေနဲ့ ကွဲပြားနေတယ်လို့ မထင်ဘူးလား..?

ဖာရာ ဝီလီယံစ် - မှန်ပါတယ်..။ ကျွန်မလည်း အံ့ဩမိပါတယ်..။ ဒီနေ့ပွဲမှာ သူ့ကိုတစ်ဦးချင်း ထိန်းခဲ့ရတဲ့ ရာယန် အတ် နိုရီ လည်း အဲဒီလိုပဲ တွေးခဲ့မှာပါပဲ..။ နိုနီ ဟာ ညာတောင်ပံတစ်လျှောက် down the line ဆွဲပြေးရာမှာ သူအားသန်တဲ့ ဘယ်ခြေကို အများဆုံး အားကိုးခဲ့ပေမယ့် ညာခြေကိုလည်း နိုင်နင်းတာကြောင့် အတွင်းဘက်ကို ချိုးမလား..? ဘေးစည်းအတိုင်း ဆွဲပြေးမလား..? သူ့အတွက် နှစ်မျိုးစလုံး အဆင်ပြေနေတာကို တွေ့ရပါတယ်..။

ဒီနေ့ဆိုရင် သူဟာညာခြေနဲ့ ဖြတ်တင်ဘောတွေ ပေးပို့နိုင်သလို အားနည်းတယ်.. လို့ ယူဆထားတဲ့ ညာခြေကန်ချက်နဲ့ နှစ်ဂိုးရသွားခဲ့တာကြောင့် နောက်လာမယ့်ပွဲတွေမှာ သူနဲ့ရင်ဆိုင်ရမယ့် နောက်ခံအစွန်လူတွေဟာ ပုံစံတစ်မျိုးပြောင်းပြီး ရင်ဆိုင်၊ ထိန်းချုပ်ကြဖို့ ပြင်ဆင်ကြပါလိမ့်မယ်..။



မာ့ခ် ချက်ပ်မန်း - ထရွိုင် ရေ… ဒီနေ့ပွဲမှာ ခင်ဗျားကိုအားနာမိတဲ့အတွက် ခင်ဗျားရဲ့ဝုလ်ဖ် အသင်းအပေါ် အမြင်နဲ့ သုံးသပ်ချက်တွေ မမေးသေးဘူးဗျာ.. ဟားဟား..။ ခုနက မာဒူအီကေး..၊ ကိုးလ် ပါးမား တို့ရဲ့ တစ်ဦးချင်း ခြေစွမ်းတွေကို သုံးသပ်ပြီးသွားပြီဆိုတော့ ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ် အစီအမံနဲ့ ကစားပုံကို ပြောပြပေးပါလား..?

ထရွိုင် ဒီးနေး - မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ပွဲချဉ်းကပ်ပုံနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ချဉ်းကပ်ပုံ၊ နည်းစနစ် အစီအမံတွေဟာ လုံးဝခြားနားပါတယ်..။ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်လို့က အခုအသင်းပိုင်ရှင်တွေ လက်ထက်မှာ အဆိုးမြင်နဲ့ ဝေဖန်မှုတွေ ပိုပြီးများပြားနေပါတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ အခုနည်းပြသစ် အင်ဇို မာရက်စ်ကာ ရဲ့ လက်ထက်မှာ လက်ရှိကစားသမား အစုအဖွဲ့နဲ့ သူတို့ဟာ ရလဒ်ကောင်းတွေ ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်..။

အရင်အပါတ် ရာသီအဖွင့်ပွဲမှာ မန်ချက်စတာ စီးတီးအသင်းဟာ ချယ်လ်ဆီးရဲ့ ကွင်းလယ်ကို ကစားကွက်ကျဉ်းကျဉ်းနဲ့ ပိတ်ဆို့ပြီး ကစားသွားခဲ့ပါတယ်..(ပုံ- ၂)။



ချယ်လ်ဆီးဘက်က ဘောလုံးရတဲ့အချိန်မှာ အတွင်းဘက်ကို အဝင်မခံပဲ ဘယ်၊ ညာတောင်ပံတွေမှာ အပေးအယူလုပ်ရင်း အချိန်ကုန်သွားအောင် မောင်းပြီးကစားသွားခဲ့ပါတယ်..။ ဒါ့အပြင်အခုပူးတွဲပုံ (ပုံ- ၃) မှာ ပြထားသလို ကွင်းလယ်ခြမ်းကို ဘောလုံးရောက်လာရင်လည်း နောက်ကိုပဲပြန်ပေးဖြစ်အောင် pressing လုပ်ပြီး ပိတ်ဆို့ ကစားသွားခဲ့ပါတယ်..။



အဲဒီပွဲက ချယ်လ်ဆီးအသင်းရဲ့ ကစားပုံဟာ တိုက်စစ်ကိုမဖွင့်ရဲပဲ ခံစစ်ကိုပဲ ပိုပြီးအာရုံစိုက်၊ အားပြုကစားခဲ့တာ (negative approach) တွေ့မိပါတယ်..။ အခုအောက်က ပူးတွဲပုံ (ပုံ -၄) မှာဆိုရင် ချယ်လ်ဆီးအသင်း နောက်တန်းမှာ play from the back ပုံစံနဲ့ ကစားကွက် စတင်ဖို့ ကြိုးစားနေချိန်မှာ စီးတီးအသင်း ကစားသမားတွေဟာ တောက်လျှောက် pressing ပေးပြီး ကစားနေပါတယ်..။ အဲဒီအချိန်မှာ ကွင်းလယ်က အင်ဇို ဖာနန်ဒက်စ် ဟာ ပုံထဲမှာမြင်ရတဲ့အတိုင်း နေရာလွတ်အကျယ်ကြီး ရထားပေမယ့် နောက်တန်းကစားသမားတွေဟာ သူ့ဆီကို ရဲရဲဝံ့ဝံ့ မပို့ရဲခဲ့တာကို တွေ့မိပါတယ်..။



ဒါ့ကြောင့်အဲဒီပွဲက ချယ်လ်ဆီး ကစားသမားတွေရဲ့ စွန့်စားမှုမပါတဲ့ နောက်ပြန်၊ ဘေးတိုက်ပေးပို့မှုတွေမှုတွေ ပြုလုပ်ခဲ့တဲ့အပေါ် မန်နေဂျာ အင်ဇို မာရက်စ်ကာ ကလည်း ပွဲအပြီးမှာ ဝေဖန်ပြောကြားခဲ့ပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ အဲဒီလိုမဟုတ်ဘူးဗျ..။ ကစားသမားတွေရဲ့ နေရာယူ ရွှေ့လျားမှုတွေ မှန်ကန်ခဲ့ပါတယ်..။

အခုပူးတွဲပုံ (ပုံ- ၅) မှာဆိုရင် ကွင်းလယ်က အင်ဇို ဖာနန်ဒက်စ် ဟာ ကွင်းလယ်က ဂျာအို ဂိုးမက်စ် ကို ဆွဲထုတ်သွားခဲ့တယ်..၊ မာရီယို လာမီးနား က ကိုးလ် ပါးမား ကို လူကပ်ထားရပါတယ်..။ အဲဒီအချိန်မှာ ဘယ်တောင်ပံက မာ့စ် ကူကူရယ်လာ ဟာ ဝုလ်ဖ်အသင်းရဲ့ ကွင်းလယ်နေရာလွတ်ကြားကနေ တိုက်စစ်မှူး ဂျက်ဆင် ဆီကို ရဲရဲရင့်ရင့် ပေးပို့ခဲ့ပါတယ်..။



ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ အရေးပါခဲ့တဲ့ နည်းစနစ် အစီအမံတစ်ခုက ကိုးလ် ပါးမား ရဲ့ နေရာယူပုံ ဖြစ်ပါတယ်..။ သူ့ရဲ့နေရာယူပုံကြောင့် ကွင်းလယ်အဖျက်နေရာမှာ ကစားရတဲ့ လာမီးနား..၊ ဒါမှမဟုတ် ဂိုးမက်စ် တို့ဟာ ရှေ့မတက်ရဲတော့ပဲ ဗဟိုနောက်ခံလူနေရာကို ဝင်ဖြည့်ပြီး ကစားပေးနေရပါတယ်..။ ဒါ့ကြောင့်လည်း ချယ်လ်ဆီးဘက်က ကွင်းလယ်ကို ပိုပြီးစိုးမိုးနိုင်ခဲ့ပါတယ်..။

ဒါ့အပြင်ကွင်းလယ်နဲ့ နောက်တန်းကြားက နေရာလွတ်တွေကို အသုံးချတတ်တဲ့ ပါးမား ရဲ့ နေရာယူပုံ ဥပမာတစ်ခုကို အောက်ကပုံ (ပုံ- ၆) မှာ တွေ့နိုင်ပါတယ်..။ သူ့ကိုစောင့်ကြည့်နေတဲ့ ကွင်းလယ်အဖျက် ကစားသမားက ခံစစ်ကြောင်းကို ဆင်းသွားပြီဆိုရင် သူဟာညာဘက်ကို ထွက်သွားခဲ့ပါတယ်..။ ဒါ့ကြောင့်ကွင်းလယ်ဘယ်အခြမ်းကနေ မာဒူအီကေး ဆီကို အဝေးဘောနဲ့ ပေးပို့လိုက်ချိန်မှာ ဘယ်နောက်ခံလူ အတ် နိုရီ ဟာ ပုံမှာမြင်ရတဲ့အတိုင်း 2 vs 1 ဖြစ်သွားတာကြောင့် ဘယ်သူ့ကိုဦးတည် ဖျက်ထုတ်ရမယ်ဆိုတာ မှန်းဆရခက်ခဲသွားပါတယ်…။



ပွဲချိန်မိနစ် (၈၀) မှာ ရရှိခဲ့တဲ့ ဂျာအို ဖဲလစ် ရဲ့ သွင်းဂိုးမှာ ပါးမား ရဲ့ နေရာယူ လှုပ်ရှားမှုတွေကို ပိုပြီးဥပမာပေးလို့ ကောင်းပါတယ်..။ အခုအောက်မှာပြထားတဲ့ ပူးတွဲပုံ (ပုံ- ၇) မှာဆိုရင် ပါးမား ဟာ ကွင်းလယ်စက်ဝိုင်းနားမှာ နေရာယူထားပါတယ်..။ play from the back ပုံစံနဲ့ ဂိုးသမားဆန်းချက်ဇ် က ဘောလုံးဖြန့်ဝေဖို့ ပြင်ဆင်နေချိန်မှာ ပါးမား က နောက်ကိုဆင်းပြီး ဘောလုံးလက်ခံယူဖို့ ပြင်ဆင်ပါတယ်..။ အဲဒီတော့ သူ့ကိုလူကပ်ထားတဲ့ နောက်ခံလူ ယာဆင် မော့စ်ကွယ်ရာ က ထပ်ချပ်မကွာ လိုက်ပါသွားပါတယ်..။



အဲဒီအချိန်မှာ ကွင်းလယ် ကစားသမား ဒူးစ်ဘာရီ-ဟောလ် က မော့စ်ကွယ်ရာ ရှေ့တက်သွားလို့ လွတ်နေတဲ့ နေရာလွတ်ဆီကို ပြေးဝင်သွားဖို့ အသင့်ဖြစ်နေပါပြီ.. (ပုံ- ၈)။ ဒူးစ်ဘာရီ-ဟောလ် ဟာ အင်ဇို မာရက်စ်ကာ ရဲ့ ကစားကွက်၊ နည်းစနစ်ကို အပြည့်အဝ နားလည်ထားပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အဲဒါ့ကြောင့် သူ့ကိုခေါ်ယူလိုက်တာ ဖြစ်နိုင်ပါတယ်..။

အဲဒီအခိုက်အတန့်မှာ မော့စ်ကွယ်ရာ အနေနဲ့ ပါးမား နဲ့အတူ ထပ်ချပ်မကွာ လိုက်ပါပြီး ရှေ့ကိုဆက်လိုက်သွားရမလား..? ဒါမှမဟုတ် ဒူးစ်ဘာရီ-ဟောလ် ကို စောင့်ကြည့်ဖို့ နောက်ကိုပြန်ဆင်းရမလား..? ဆိုပြီး ရွေးစရာနှစ်ခု ဖြစ်လာပါပြီ..။ အဲဒါကြောင့် ညာနောက်ခံလူ မတ် ဒိုဟာတီ ဟာ အတွင်းကိုပြန်ပြီး ကူညီလာရဖို့ ဖြစ်လာပါတယ်..။



အဲဒီအခင်းအကျင်းဆိုရင် အခုပူးတွဲပုံ (ပုံ- ၉) မှာ မြင်ရတဲ့အတိုင်း ပါးမား ဟာ ဗဟိုနောက်ခံလူ နှစ်ယောက်ရဲ့ကြားကနေ ပြေးထွက်သွားဖို့ အသင့်ဖြစ်သွားပါပြီ..။

ဒါပေမယ့် ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ ကွင်းလယ်ဘယ်အခြမ်း ဇုန်ထဲမှာ လူအင်အား အသာစီးနဲ့ စိုးမိုးနိုင်ဖို့ အဓိကဦးစားပေးခဲ့တာကြောင့် ပီဒရို နက်တို ဟာ ကွင်းလယ်ခံစစ်ဇုန်ထဲအထိ ဆင်းကူတယ်..၊ ဒူးစ်ဘာရီ-ဟောလ် က နောက်ကိုဆင်းသွားတဲ့ နက်တို ရဲ့ နေရာကို ပြန်ဖြည့်ထားပါတယ်..။



အဲဒီအချိန်မှာ ကွင်းလယ်ကနေ ပြန်ရလာတဲ့ ဘောလုံးကို အင်ဇို က ဘယ်အစွန်မှာရှိနေတဲ့ ဒူးစ်ဘာရီ-ဟောလ် ဆီပေးတယ်..၊ ဟောလ် က တစ်ချက်ထိန်း.. ဒုတိယထိချက် (second touch) မှာ ပါးမား ဆီကို ထိုးပေးတယ်..၊ ပါးမား က တစ်ချက်ထိန်း၊ second touch မှာ နောက်ကနေ overlap လုပ်ပြီး ပြေးတက်လာတဲ့ ပီဒရို နက်တို ရဲ့ ပြေးလမ်းကြောင်းထဲကို အတိအကျ ဖန်တီးပေးခဲ့ပါတယ်..(ပုံ- ၁၀) ။



ချယ်လ်ဆီးအသင်းရဲ့ လျှင်မြန်လှတဲ့ နှစ်ချက်ထိတွဲလုံး (two touches combination) တွေကြောင့် ဘယ်အခြမ်းကနေ လွတ်ထွက်သွားခဲ့တဲ့ ပီဒရို နက်တို ဟာ ဂိုးဧရိယာထဲကို ပြန်ချိုးပေးရာမှာ အသင့်ရှိနေတဲ့ ဂျာအို ဖဲလစ် က အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်..။ အဲဒီသွင်းဂိုးကို အသေအချာ ပြန်သုံးသပ်မယ်ဆိုရင် အဓိကအကျဆုံးက ကိုးလ် ပါးမား ရဲ့ လှုပ်ရှားမှုတွေ ဖြစ်နေတာကို တွေ့ရမှာပါ..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ အခုအသင်းမှာ ရရှိထားတဲ့ လူငယ်သွေးသစ်တွေရဲ့ အရည်အသွေးတွေကို အသင်းတစ်သင်းအဖြစ် စုစည်းနိုင်ခဲ့မယ်ဆိုရင် ဒီအသင်းဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့အသင်း ဖြစ်လာမှာပါ..။

မာ့ခ် ချပ်မန်း - ခင်ဗျားပြခဲ့တဲ့ ဥပမာတွေမှာဆိုရင် ကိုးလ် ပါးမား ဟာ တခါတလေမှာ ဘာမှမရွှေ့လျားပဲ ရပ်စောင့်နေတာလည်း ရှိတာပဲ..။ ဒါပေမယ့် သူဟာမတ်တပ်ရပ်နေတယ်.. ဆိုတာက အဲဒီနေရာဟာ တကယ့်ကို အချက်အချာကျတဲ့ နေရာလွတ် ဖြစ်နေတာကိုးဗျ..

ထရွိုင် ဒီနေး - သေချာတာပေါ့..။ သူ့ရဲ့ဘေးက ကစားသမားတိုင်းဟာ ဘောလုံးလက်ခံယူတယ်..၊ ပြေးလွှားနေကြပါတယ်..။ ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာ ဘာမှမလုပ်ပဲ ရပ်စောင့်နေတာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်..။ ကိုးလ် ပါးမား ဟာ ဘယ်အချိန်မှာ ပြေးလွှားရမယ်..၊ ဘယ်အချိန်မှာ ရပ်စောင့်သင့်တယ်.. ဆိုတာကို ကောင်းကောင်းနားလည်ထားတဲ့သူ ဖြစ်ပါတယ်..။



ဖာရာ ဝီလီယံစ် - ကျွန်မတို့လို ကွင်းလယ် အဖျက်ကစားသမားတွေအတွက် အခက်အခဲအတွေ့ရဆုံး အနေအထားကို ပြောပြပါမယ်..။ ဘောလုံးက ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်ခြမ်းမှာ ရှိနေပါတယ်..။ ကျွန်မတို့ ကွင်းဘက်ခြမ်းမှာ ကွင်းလယ်အဖျက် ကစားသမား နှစ်ယောက်ရှိနေပြီဆိုရင် ပထမတစ်ယောက်ဟာ ဒုတိယ ကွင်းလယ်ကစားသမား လွတ်ထွက်လာတဲ့ ထိုးဖောက်မှုတွေကို ချက်ချင်းလက်ငင်း တားဆီးနိုင်ဖို့ အသင့်ရှိနေရပါမယ်..။

ကိုးလ် ပါးမား ရဲ့ နေရာယူ ရွှေ့လျားမှုတွေဟာ ကွင်းလယ်အဖျက် double pivot ကစားသမား နှစ်ယောက်စလုံးကို သူလိုက်ရမလို..၊ ကိုယ်လိုက်ရမလို ဝေဝေဝါးဝါး ဖြစ်စေတဲ့အပြင် ကွင်းလယ်နဲ့ ခံစစ်ကြောင်းကြားမှာပါ တာဝန်ခွဲဝေရ ခက်ခဲအောင် ရွှေ့လျားတတ်ပါတယ်..။ ဒါ့ကြောင့်ကွင်းလယ် ကစားသမားတွေသာမက ဗဟိုခံစစ်မှူးတွေကိုပါ အခက်တွေ့ရပါတယ်..။



မာ့ခ် ချက်ပ်မန်း - ခင်ဗျားတို့ရဲ့ ပြောကြားချက်တွေကနေ အများကြီးမှတ်သားရပါတယ်..။ ချယ်လ်ဆီး ကစားသမားတွေဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲမှာ သူတို့တွေရဲ့ ဘောလုံးပေးပို့မှု၊ ထိုးဖောက်မှုတွေဟာ ဒီနေ့ပွဲကလို ရဲရင့်မှုမရှိဘူး..၊ ဘေးတိုက်ပေး.. နောက်ပြန်ပေးတွေ များနေပါတယ်..။ ဒါ့ကြောင့်သူတို့ဟာ ဘယ်အသင်းနဲ့ဖြစ်ဖြစ် ရင်ဆိုင်ရချိန်တွေမှာ ဘောလုံးပေးပို့မှုတွေ၊ ထိုးဖောက်မှုတွေကို ရဲရဲရင့်ရင့် ပြုလုပ်ရဲဖို့ ဆိုတာဟာ နောက်ထပ်တစ်ဆင့် တိုးတက်လာဖို့ လိုအပ်နေတဲ့အရာ ဖြစ်နိုင်ပါလား..?  

ထရွိုင် ဒီနေး - အဲဒီလို အပေးအယူတွေ၊ ထိုးဖောက်မှုတွေ ရဲရင့်လာဖို့ဆိုရင် နောက်တန်းခံစစ်ကြောင်းရဲ့ နောက်ကနေ လှုပ်ရှားရဲတဲ့..၊ တောင်ပံတွေမှာ ရွှေ့လျားရင်း ချိန်သားကိုက် ပြေးထွက်ရဲတဲ့ ကစားသမားတွေရှိနေဖို့ လိုအပ်ပါတယ်..။ မန်ချက်စတာ စီးတီးနဲ့ပွဲမှာတုန်းက ပါးမား ဟာ ညာတောင်ပံကနေ အတွင်းဘက်ဝင်ပြီး ဘောလုံးလက်ခံယူနေရတယ်..၊ ဘယ်တောင်ပံက ခရစ္စတိုဖာ အန်ကွန်းကူ ကလည်း အတွင်းဘက်ကိုဝင်ပြီး ဘောလုံးလက်ခံ ယူနေရတယ်ဆိုတော့ ကွင်းလယ်ကိုပဲ အကုန်စုပြုံတိုးနေရင်း ကစားကွက် ကျပ်သွားတဲ့သဘော ဖြစ်ပါတယ်..။

ဒါ့ကြောင့်နောက်ခံလူတွေအနေနဲ့ဆိုရင် အမြဲတမ်းရွှေ့လျား လှုပ်ရှားနေပြီး အတွင်းကိုဝင်မလား..? တောင်ပံတစ်လျှောက် နေရာယူ ဆွဲပြေးမလား..? ခန့်မှန်းရခက်ခဲတဲ့ ကစားသမားတွေ ပါဝင်လာမယ်ဆိုရင် ကာကွယ်ဖျက်ထုတ်နိုင်ဖို့ ပိုပြီအခက်တွေ့ရမှာ အမှန်ပါပဲ..။