feature-image

‘အင်ဇို မာရက်စ်ကာ’ ပြောပြတဲ့ ချယ်လ်ဆီးအသင်းနည်းစနစ် အစီအမံများ

ချယ်လ်ဆီးအသင်းနည်းပြ အင်ဇို မာရက်စ်ကာ မှာ ချယ်လ်ဆီးအသင်း အမျိုးသမီးအသင်း ကစားသမားဟောင်း ကယ်ရင် ကာနေး နှင့် ပြုလုပ်ခဲ့သော Tactical Master Class တွေ့ဆုံခန်း အစီအစဉ်တွင် ချယ်လ်ဆီးအသင်းနှင့် သူ၏နည်းစနစ် အစီအမံများ၊ ကြံစည်ထားသော ကစားကွက် အခင်းအကျင်းများကို ပြောပြခဲ့ပါသည်..။

ကယ်ရင် ကာနေး - အင်ဇို ရေ.. ကျွန်မတို့ရဲ့ အစီအစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်ပိုင်း အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီး အခုလိုရှင်းပြပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်မိပါတယ်..။ အခုရှေ့မှာရှိနေတဲ့ tactical board ပေါ်မှာ ကျွန်မတို့ စီစဉ်ထားတဲ့ ချယ်လ်ဆီးအသင်းရဲ့ ၄- ၂- ၃- ၁ ပုံစံအခင်းအကျင်း (ပူးတွဲပုံ- ၁) ဟာ အဆင်ပြေရဲ့လား..?



အင်ဇို မာရက်စ်ကာ - အဲဒီပုံစံနဲ့ နည်းနည်းလေး ကွဲပြားပါမယ်..။ ကျွန်တော်က နောက်ခံအစွန်လူနေရာက ‘No. 2’ ကို ကွင်းလယ်ကိုပို့ပြီး နောက်ခံလူ (၃) ယောက်၊ ကွင်းလယ်မှာ (၂) ယောက်နဲ့ တိုက်စစ်မှာ (၅) ယောက်.. ၃- ၂- ၅ ကစားကွက်ပုံစံနဲ့ (ပူးတွဲပုံ- ၂) စတင်ပါမယ်..။



ကျွန်တော်တို့ဟာ ကိုယ့်အသင်းခြေထဲ ဘောလုံးရှိနေတဲ့အချိန် (in possession) တိုက်စစ် (၅) ယောက်နဲ့ အမြဲတမ်း တိုက်စစ်ဆင်သွားမှာပါ..။ ဒါပေမယ့် ပြိုင်ဘက်အသင်းက ခံစစ်ကြောင်းမှာ (၅) ယောက်ထားပြီး ကာကွယ်ဖို့ စီစဉ်လာခဲ့တယ်ဆိုရင် တိုက်စစ် (၆) ယောက်နဲ့ ရင်ဆိုင်သွားပါမယ်..။

သူတို့ဘက်က နောက်တန်းခံစစ်ကြောင်းမှာ (၅) ယောက် ထားခဲ့မယ်ဆိုရင် ကွင်းလယ်မှာ (၃) ယောက်၊ တိုက်စစ်မှူး (၂) ယောက်နဲ့ ၅- ၃- ၂ ကစားကွက် ဖြစ်ပါမယ်..။ ဒါဆိုရင် ကျွန်တော်က ကွင်းလယ်ကစားသမား တစ်ယောက်… အခုအခင်းအကျင်းမှာဆိုရင် ညာအစွန် ကွင်းလယ် ကစားသမားအဖြစ် ကစားရမယ့် ‘No. 2’ ကို right attacking midfielder အဖြစ်နဲ့ တိုက်စစ်ဇုန်ထဲအထိ အားဖြည့်ပြီး (ပုံ- ၃) တိုက်စစ်မှာ (၆) ယောက်နဲ့ ရင်ဆိုင်ပါမယ်..။



ဒါဆိုရင် ကျွန်တော်တို့ရဲ့ ခံစစ်ဇုန်မှာ သူတို့အသင်းရဲ့ တိုက်စစ်မှူး နှစ်ယောက်ကို ခံစစ်ကစားသမား (၄) ယောက်က ထိန်းချုပ်ဖို့ ဖြစ်လာပါလိမ့်မယ်..။ အဲဒီအချိန်မှာ ကျွန်တော်တို့ကွင်းဘက်ခြမ်းကို ဘောလုံး ရောက်လာတဲ့အချိန် သူတို့ဘက်က ‘No. 9’ ကစားသမားကလည်း တိုက်စစ်ကို လိုက်ပါလာပါလိမ့်မယ်..(ပုံ- ၄)။



ကျွန်တော်တို့ရဲ့ ခံစစ်ဇုန်မှာ လေးယောက်စီ 4 vs 4 ဖြစ်လာမယ့် အနေအထားဆိုရင် တိုက်စစ်မှူးနောက်မှာ ရှိနေတဲ့ ‘No. 8’ ဟာ ပြိုင်ဘက်အသင်းရဲ့ ‘No. 9’ ရှေ့တက်သွားလို့ ပေါ်လာတဲ့ နေရာလွတ်ကို အသုံးချနိုင်ပါလိမ့်မယ်..။

ကယ်ရင် ကာနေး - ဟုတ်ကဲ့ပါရှင့်..။ တကယ်လို့ ပြိုင်ဘက်အသင်းက 4 back ခံစစ်ကြောင်းနဲ့ ရင်ဆိုင်မယ်ဆိုရင် ရှင့်ရဲ့အသင်းဟာ ဘယ်လိုအခင်းအကျင်း ဖြစ်သွားမလဲ..?
အင်ဇို မာရက်စ်ကာ - ဒါဆိုရင် သူတို့ရဲ့အခင်းအကျင်းဟာ ၄- ၂- ၃- ၁.. ဒါမှမဟုတ် ၄- ၃- ၃ တစ်ခုခု ဖြစ်မှာပေါ့…။ ကိစ္စမရှိပါဘူး…။ ကျွန်တော့်ရဲ့ တိုက်စစ်အစီအမံက နေရာတိုင်းမှာ လူအင်အား တစ်ယောက် အသာစီး ရရှိနေဖို့ ဖြစ်ပါတယ်..။ ဒါ့ကြောင့် သူတို့က back four ဆိုရင် ကျွန်တော်တို့ဘက်က တိုက်စစ် (၅) ယောက်နဲ့ ထိုးဖောက်ပါမယ်..(ပုံ- ၅)။



ဒါပေမယ့် ပြိုင်ဘက်အသင်းဘက်က ကွင်းလယ်မှာ အသာစီးမရှိစေဖို့ အတွင်းဘက်မှာ ကစားနေတဲ့ ‘No. 8’ ဒါမှမဟုတ် ‘No. 2’ တစ်ယောက်ယောက်က နောက်ကိုဆင်းပြီး (၅) ယောက်တန်း နှစ်ထပ်နဲ့ ရင်ဆိုင်ဖို့ (5 against 5) ဖြစ်ပါတယ်..။ ဒီလိုအခြေအနေမျိုးဆိုရင် ကွင်းလယ်မှာ ရရှိနိုင်မယ့် နေရာလွတ်တွေ (spaces) ရဲ့ အနေအထားဟာ ပြောင်းလဲသွားပါမယ်…။

ကယ်ရင် ကာနေး - ဒါဆိုရင် ရှင့်အတွက် ‘အရေးကြီးဆုံး’ လို့ ခံယူထားတဲ့ နေရာလွတ်တွေက (spaces) ဘယ်နေရာမှာလဲရှင့်..? ကွင်းလယ်မှာလား..? ဒါမှမဟုတ် ကွင်းလယ်နဲ့နောက်တန်းကြားက half spaces တွေလား.?

အင်ဇို မာရက်စ်ကာ - နေရာလွတ်တွေကို ဖန်တီးနိုင်ဖို့ ကျွန်တော့်ရဲ့ အစီအမံက ကွင်းရဲ့နေရာတိုင်းမှာ ကိုယ့်ရဲ့လူတွေက အမြဲတမ်း ‘တစ်ယောက်အသာရနေဖို့ (extra player)’ ဖြစ်ပါတယ်..။ အခုအခင်းအကျင်းမှာဆိုရင် သူတို့ဟာ back four ဆိုပေမယ့် ကျွန်တော်တို့ဘက်က (၅) ယောက်နဲ့ အသာစီးရယူ၊ ထိုးဖောက်မှာ ဖြစ်တဲ့အတွက် တစ်ယောက်အသာရနေပါမယ်..။ ဒါပေမယ့် ဘယ်နေရာမှာ နေရာလွတ် ရနိုင်မလဲ..? ဆိုတာက ပြိုင်ဘက်အသင်းရဲ့ အခင်းအကျင်း၊ ကစားကွက် တည်ဆောက်ပုံအပေါ်လည်း မူတည်သွားပါလိမ့်မယ်..။

ကယ်ရင် ကာနေး - ဒါဆိုရင်ရှင်က ကစားပွဲတစ်ပွဲကို သင်္ချာပုစ္ဆာတစ်ပုဒ် အဖြေရှာသလိုမျိုး စဉ်းစားနေခဲ့တာလား..? ဒါမှမဟုတ် စစ်တုရင်ပွဲ…
အင်ဇို မာရက်စ်ကာ - ကစားပွဲတစ်ပွဲဆိုတဲ့ ပုစ္ဆာတစ်ပုဒ်အပေါ် ကျွန်တော့်ရဲ့အဖြေ (solution) က ပြိုင်ဘက်အသင်းရဲ့ အခင်းအကျင်းပေါ် မူတည်ပြီး နေရာလွတ်တွေကို ဘယ်နေရာကနေ ရှာဖွေနိုင်မလဲ..? ဆိုတာ ဖြစ်ပါမယ်..။



ကယ်ရင် ကာနေး - အင်ဇို ရေ..၊ ရှင့်ရဲ့ build up from the back အယူအဆကို နည်းနည်းရှင်းပြပေးပါလား..? ရှင့်ရဲ့ကစားကွက် တည်ဆောက်မယ့်ပုံစံမှာ ကွင်းလယ်ကိုဝင်ပြီး ကစားမယ့် နောက်ခံအစွန်လူတွေ (inverted full back) တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အထိ အရေးပါနိုင်မလဲ..? (ပုံ- ၆) ဘာဖြစ်လို့လည်းဆိုတော့ ရှင့်ရဲ့အသင်းမှာ အဲဒီလိုအတွင်းကိုဝင်ပြီး ကစားနိုင်တဲ့ နောက်ခံအစွန်လူတွေဖြစ်တဲ့ မာ့စ် ကူကူရယ်လာ၊ ဘင် ချီးဝဲလ်၊ မာလို ဂတ်စ်တို၊ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် တို့ ရှိနေတာကိုး.။

အခုချယ်လ်ဆီးအသင်းရဲ့ အခင်းအကျင်းမှာ သူတို့တွေကို နောက်ခံအစွန်လူတွေ အနေနဲ့ပဲ တောင်ပံတစ်လျှောက် အတက်အဆင်း ရွှေ့လျားခိုင်းမှာလား..? ဒါမှမဟုတ် လက်စ်တာ အသင်းမှာ ရှင်ကစားခဲ့သလို inverted full back တွေအဖြစ် အတွင်းကိုဝင်ပြီး ကစားခိုင်းမှာလား..?

အင်ဇို မာရက်စ်ကာ - နည်းနည်းတော့ ကွာခြားသွားနိုင်ပါတယ်..။ ဒီနှစ်ဘောလုံးရာသီမှာ ရာသီကြိုပွဲစဉ် (၆) ပွဲ ကစားသွားခဲ့ရာမှာ ကစားကွက် အခင်းအကျင်း မပြောင်းလဲပေမယ့် ကွင်းလယ်မှာ inverted full back ပုံစံ မသုံးစွဲပဲ မွိုက်စ် ကိုင်ဆီဒို၊ ရိုမီယို လာဗီးယား တို့နဲ့ ကစားခဲ့တာလည်း ရှိပါတယ်..။ ဒါ့ကြောင့်မတူညီတဲ့ အစီအမံ၊ အခင်းအကျင်းတွေ ရှိလာနိုင်ပါတယ်..။

လက်စ်တာအသင်းမှာတုန်းကတော့ ညာနောက်ခံအစွန်လူ ရီကာဒို ပါရဲရား ကို inverted full back အဖြစ် အများဆုံး သုံးစွဲခဲ့ပါတယ်..။ ချယ်လ်ဆီးမှာ မာလို ဂတ်စ်တို၊ ရိစ် ဂျိမ်းစ် တို့နဲ့ စမ်းသပ်ခဲ့သလို inverted full back အဖြစ် အကောင်းဆုံး ကစားနိုင်တဲ့ မာ့စ် ကူကူရယ်လာ ရှိနေပါသေးတယ်..။ ဒါ့အပြင် ကွင်းလယ်မှာ ကိုင်ဆီဒို၊ လာဗီးယား တို့မဟုတ်ပဲ တခြားကွင်းလယ် ကစားသမားတွေနဲ့ စမ်းသပ်ခဲ့တာလည်း ရှိခဲ့ပါတယ်..။



ကယ်ရင် ကာနေး - ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ပြိုင်ဘက်အသင်းတွေဟာ ရှင်တို့အသင်းကို high press ပုံစံနဲ့ အတင်းလိုက် ဖိအားပေးလာဖို့ များပါလိမ့်မယ်..။ အဲဒါလို high press.. နဲ့ aggressive ဖြစ်တဲ့ ဖိအားပေး ကစားပုံနဲ့ ရင်ဆိုင်ဖို့ကိုရော အသင့်ဖြစ်နေပြီလား..?

အင်ဇို မာရက်စ်ကာ - သူတို့ဘက် high press နဲ့ ကျွန်တော်တို့ခံစစ်ကြောင်းကို အတင်းတက်ပြီး ဖိအားပေးခဲ့ပေမယ့် သူတို့ရဲ့ခံစစ်ကြောင်းနောက်မှာ နေရာလွတ်တွေ ပေါ်လာပါလိမ့်မယ်..(ပုံ- ၇)။ ဒါ့ကြောင့်သူတို့ရဲ့ ခံစစ်ကြောင်းနောက်ထဲကို အဝေးဘောတွေနဲ့ ပေးပို့၊ တိုက်စစ်ဆင်သွားနိုင်အောင် ကြိုးစားရပါလိမ့်မယ်..။

တကယ်လို့ ပြိုင်ဘက်အသင်းဟာ သူတို့ရဲ့ခံစစ်ဇုန်ထဲမှာပဲ စုပြုံခံနေမယ်ဆိုရင် အမြန်ပေးပို့ပြီး တိုက်စစ်ဆင်လို့ မရနိုင်ပါဘူး..။ အဲဒီလိုအခြေအနေတွေမှာ မာကျော၊ ကျစ်လျစ်တဲ့ ခံစစ်ကြောင်းတွေကို ထိုးဖောက်နိုင်မယ့် တိကျတဲ့ ချိန်သားကိုက် ပေးပို့မှုတွေ ပြုလုပ်နိုင်ဖို့ လိုအပ်ပါမယ်..။



ဒါ့ကြောင့်ကျွန်တော့်ဆီမှာ နည်းစနစ် အစီအမံနှစ်မျိုး ရှိပါမယ်..။ ပထမတစ်မျိုးက ပြိုင်ဘက်အသင်းက high press နဲ့ ကျွန်တော်တို့ကွင်းဘက်ကို ဖိအားပေး တိုက်စစ်ဆင်လာရင် သူတို့ရဲ့ခံစစ်ကြောင်းနောက်ထဲကို အမြန်ဆုံးပေးပို့ တိုက်စစ်ဆင်နိုင်ရပါမယ်..။ တကယ်လို့ သူတို့တွေဟာ ခံစစ်ဇုန်ထဲကပဲ ပိတ်ဆို့ခဲ့နေခဲ့မယ်ဆိုရင် ဘောလုံးပိုင်ဆိုင်မှု အသားပေးပြီး ဖြေးဖြေးမှန်မှန်ပဲပေးပို့၊ တိုက်စစ်ဆင်သွားပါမယ်..။

ကယ်ရင် ကာနေး - မနှစ်ကဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်၊ မောင်းနှင်ခဲ့တဲ့ ကိုးလ် ပါးမား ကို ဘယ်လိုနေရာမှာထားပြီး ကစားသွားဖို့ စဉ်းစားထားလဲရှင့်..? ရှင်ဟာ မန်ချက်စတာ စီးတီး လူငယ်အသင်းမှာ သူနဲ့လက်တွဲခဲ့ဖူးတယ်ဆိုတော့ အခုရှင့်ရဲ့နည်းစနစ် အယူအဆ၊ အခင်းအကျင်းအောက်မှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်း ရရှိလာအောင် ဘယ်လိုပုံစံ စီစဉ်ထားပါသလဲ..?

အင်ဇို မာရက်စ်ကာ - ကိုးလ် ပါးမား ဟာ တိုက်စစ် (၅) နေရာစလုံးမှာ ကစားပေးနိုင်တဲ့သူ ဖြစ်ပါတယ်..။ သူ့ကို ဘယ်နေရာမှာဖြစ်ဖြစ် ထားပြီးကစားလို့ ရပါတယ်..။ ဒါပေမယ့်သူဟာ ဘောလုံးကိုများများလက်ခံရရှိဖို့ လိုအပ်တယ်..၊ သူ့ဆီက အကောင်းဆုံး ဖန်တီးမှုတွေ ရရှိနိုင်ဖို့ဆိုရင် အတွင်းဘက်မှာ ကစားခိုင်းတာ ပိုပြီးကောင်းပါလိမ့်မယ်..။

ဒါပေမယ့် မန် စီးတီးလူငယ် (အသက် ၂၃ နှစ်အောက်) အသင်းမှာတုန်းက ကျွန်တော်ဟာ သူ့ကိုဘယ်၊ ညာတောင်ပံတွေမှာ အများဆုံး ကစားစေခဲ့ပါတယ်..။ အဲဒီနေရာတွေမှာလည်း သူဟာခြေစွမ်းပြ ကစားနိုင်ခဲ့တယ်ဆိုတော့ သူဟာဘယ်နေရာမှာပဲဖြစ်ဖြစ် အသင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်တဲ့ ထိပ်တန်းကစားသမား တစ်ယောက် ဖြစ်ပါတယ်..။



ကယ်ရင် ကာနေး - ကျွန်မတို့ဟာ ဘောလုံးခြေထဲရှိနေတဲ့အချိန် (on the ball) မှာ ဘယ်လိုတိုက်စစ်ဆင်မယ် ဆိုတဲ့ အစီအမံတွေကို ဆွေးနွေးခဲ့ပါပြီ..။ တကယ်လို့ ဘောလုံးဆုံးရှုံးသွားပြီ (out of position) ဆိုရင် ဘယ်လိုပုံစံနဲ့ ပြန်လည်အရယူဖို့ စဉ်းစားထားပါသလဲ..? high press နဲ့ အမြန်ဆုံး ပြန်လည်အရယူမလား..? ဒါမှမဟုတ် ကိုယ့်အသင်း ကွင်းဘက်ခြမ်းကနေပဲ စောင့်ပြီးဖျက်ထုတ်ဖို့ စီမံထားပါလား..?

အင်ဇို မာရက်စ်ကာ - အခုပူးတွဲပုံ (ပုံ- ၈) မှာ ပြထားတဲ့ အခင်းအကျင်းမှာဆိုရင် ဘောလုံးက ပြိုင်ဘက်အသင်းရဲ့ နောက်တန်းခံစစ် ကစားသမားတွေဆီမှာ ရှိနေမယ်..။ သူတို့အသင်းရဲ့ နောက်တန်း (၃) ယောက်ရှေ့မှာ ကွင်းလယ် (၅) ယောက်နဲ့ တိုက်စစ်မှူး (၂) ယောက် ရှိပါမယ်..။ ကျွန်တော်တို့ရဲ့ pressing ကစားပုံက သူတို့အသင်း နောက်တန်းခံစစ်က ကစားသမား (၄) ယောက်ကို 4 vs 4 ဖိအားပေး ကစားဖို့ ဖြစ်ပါမယ်..။



တိုက်စစ်မှူး (၂) ယောက်ကို ကွင်းလယ်နှစ်ယောက်က လူကပ် (tight marking) ကစားပါမယ်..။ အခုပုံမှာ မြင်နေတဲ့အတိုင်း တောင်ပံအစွန်က နှစ်ယောက်ကို လွှတ်ထားပါမယ်..။ ဒါပေမယ့် သူတို့ဆီကို ဘောလုံးရလာတာနဲ့ နောက်ခံအစွန်လူ တစ်ယောက်က ချက်ချင်းပြေးတက်ပြီး 3 vs 3 ရင်ဆိုင်ပါမယ်..။ ကျွန်တော်တို့ဟာ off the ball မှာလည်း ဘောလုံးဆုံးတာနဲ့ အတင်းလိုက်.. ချက်ချင်းဖျက်ထုတ်တဲ့ aggressive ပုံစံ ကစားပါမယ်..။

ကယ်ရင် ကာနေး - တကယ်လို့ ကျွန်မဟာ တောင်ပံ ကစားသမားအဖြစ် ကစားမယ်ဆိုရင် ရှင့်အနေနဲ့ ဘယ်လိုညွှန်ကြားချက်တွေပေးဖို့ ရှိနေလဲ..?

အင်ဇို မာရက်စ်ကာ - ဘေးစည်းတစ်လျှောက်မှာပဲ အတက်အဆင်း လှုပ်ရှားပါ..၊ ကိုယ်နဲ့ရင်ဆိုင်ရမယ့် နောက်ခံလူကို တစ်ဦးချင်း ကျော်ဖြတ်နိုင်အောင် ကြိုးစားပါ.. လို့ပဲ မှာကြားပါမယ်..။ ကျွန်တော့်ရဲ့ တောင်ပံ ကစားသမားတွေကို ဘေးစည်းအထိ နေရာချဲပြီး ယူထားတာကို သဘောကျပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ရဲ့ တိုက်စစ်အခင်းအကျင်းမှာ တောင်ပံကစားသမားတွေရဲ့ ချိန်သားကိုက် လှုပ်ရှားမှုတွေနဲ့ပဲ အဆုံးသတ်ပါမယ်..။

ကျွန်တော်တို့ ကစားခဲ့တဲ့ပွဲတွေကို ခင်‌ဗျားတို့သေသေချာချာ ပြန်ပြီးကြည့်မယ်ဆိုရင် တောင်ပံကစားသမားတွေကို တစ်ပွဲမှာ အနည်းဆုံး (၆) ကြိမ်၊ (၇) ကြိမ်လောက် 1 vs 1 တစ်ဦးချင်း ကျော်ဖြတ်မှူတွေ ပြုလုပ်ဖို့ ကြိုးစားခဲ့တာကို တွေ့ရမှာပါ..။