တနင်္ဂနွေနေ့ညက စတန်းဖို့ဒ် ဘရစ်ချ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ခရစ္စတယ် ပဲလေ့စ်အသင်းတို့ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်မှ နည်းပြအင်ဇို မာရက်စ်ကာ ၏ နည်းစနစ်ပိုင်း အစီအမံ၊ ပွဲစဉ်အပေါ်သုံးသပ်ချက်နှင့် ချယ်လ်ဆီးအသင်း၏ ရှေ့အလားအလာ ထင်မြင်ချက်များကို ချယ်လ်ဆီးအသင်း ဂန္ထဝင်ကွင်းလယ် ကစားသမား ဖရန့် လမ်းပတ် နှင့် နယူးကာဆယ်အသင်း ဂိုးသမားဟောင်း ရှေး ဂစ်ဗင်း တို့က BBC Sports သတင်းဌာန၏ Match of the Day စကားဝိုင်း အစီအစဉ်တွင် ယခုလို သုံးသပ်ပြောကြားခဲ့ပါသည်..။
မာ့ခ် ချက်ပ်မန်း - ဖရန့် ရေ… ဒီနေ့ပွဲအပြီးမှာ နည်းပြအင်ဇို မာရက်စ်ကာ က အခုလက်ရှိ ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့သုံးနှစ်က ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့အသင်း အဆင့်အတန်းမျိုး မဟုတ်သေးဘူးလို့ ပြောကြားသွားခဲ့ပါတယ်..။ ဒီနေ့ပွဲမှာ သူတို့ရဲ့ကစားပုံအပေါ် ခင်ဗျားအနေနဲ့ ကျေနပ်မိရဲ့လားဗျ..။ အထူးသဖြင့် ခင်ဗျားတို့ချယ်လ်ဆီးအသင်း တောင်ပံကစားသမားတွေရဲ့ အင်အားတောင့်တင်းမှုဟာ ဒီနှစ်ဘောလုံးရာသီရဲ့ ပရိသတ်စိတ်ဝင်စားမယ့် အချက်တစ်ချက် ဖြစ်လာနိုင်ပါတယ်..
ဖရန့် လမ်းပတ် - Yeah..! မှန်တာပေါ့…။ တောင်ပံ ကစားသမားတွေရဲ့ အင်အားတောင့်တင်းတဲ့အတွက် ပွဲထွက်နေရာ တိုက်ပွဲဝင်ဖို့လည်း ပိုပြီးပြင်းထန်လာမှာပါ..။ ကျွန်တော့်ရဲ့အမြင်အရဆိုရင် နည်းပြအင်ဇို မာရက်စ်ကာ ရဲ့ ကစားကွက် အခင်းအကျင်းမှာ တောင်ပံ ကစားသမားတွေရဲ့ နေရာယူ၊ ရွှေ့လျားမှုဟာ အဓိက အခြေခံအချက် ဖြစ်နိုင်ပါတယ်..။ ဒါ့ကြောင့်လည်း အခုလိုဂရုတစိုက် အားဖြည့်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။
အင်ဇို မာရက်စ်ကာ က ကစားသမားတွေရဲ့ နေရာယူ ရွှေ့လျားမှု (positional game) နဲ့ ပွဲကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားပါတယ်..။ ဒါ့ကြောင့်တောင်ပံ ကစားသမားတွေရဲ့ နေရာယူမှုနဲ့ တစ်ဦးချင်း 1 vs 1 ကျော်ဖြတ်နိုင်စွမ်းဟာ သူ့ကစားကွက်ရဲ့ အနှစ်သာရတစ်ခု ဖြစ်ပါလိမ့်မယ်..။ ဒီနေ့ပွဲမှာဆိုရင်လည်း တောင်ပံ ကစားသမားတွေဟာ တစ်ချိန်လုံးလိုလို နေရာယူ၊ ရွှေ့လျားနေရပါတယ်..။
ခရစ္စတယ် ပဲလေ့စ်အသင်းဟာ နောက်တန်းငါးယောက် (back five) နဲ့ ခံစစ်ထိုင်ထားပါတယ်..။ အဲဒီ back five အထိုင်ကို ချယ်လ်ဆီးဘက်က အခုအပေါ်မှာ ပြထားတဲ့ပုံ (ပုံ- ၁) ထဲကအတိုင်း အရမ်းကိုတိုက်စစ် အားသန်တဲ့ အခင်းအကျင်းအဖြစ် တိုက်စစ်မှာ (၆) ယောက်အထိ လိုက်ပါတိုက်စစ်ဆင်ခဲ့ပါတယ်..။
တိုက်စစ်မှူး ဂျက်ဆင် က ဗဟိုနောက်ခံလူတွေကြားကနေ ပြေးထွက် (central run) ရမယ်..။ ဘယ်တောင်ပံ ကစားသမား ပီဒရို နက်တို နဲ့ ညာတောင်ပံက နိုနီ မာဒူအီကေး တို့က တောင်ပံဘေးစည်းတစ်လျှောက်မှာ နေရာယူမယ်..၊ ပဲလေ့စ်အသင်းရဲ့ ဂိုးပေါက်ဘက်ကို ဦးတည်ပြီး နောက်တန်းလူတွေကြားနေ ဖြတ်ပြေးနိုင်ဖို့ (ပုံ- ၂) ဖြစ်ပါတယ်..။
မာဒူအီကေး ဟာ နည်းပြညွှန်ကြားထားတဲ့အတိုင်း ပဲလေ့စ်အသင်းရဲ့ ဘယ်နောက်ခံအစွန်လူ နဲ့ ဗဟိုနောက်ခံလူ ကြားထဲကနေ ဖြတ်ပြေးနိုင်ခဲ့တာကြောင့် ဂိုးရနိုင်မယ့် အခွင့်အရေး နှစ်ကြိမ်လောက် ရရှိခဲ့ပါတယ်..။ ကံမကောင်းလို့သာ သူ့ရဲ့ကန်သွင်းချက်တွေ ဂိုးမရခဲ့တာပါ..။ ဘယ်ခြမ်းက ပီဒရို နက်တို လည်း အဲဒီလို အတွင်းဘက်ကို ပြေးဝင်ပြီး ဂိုးပေါက်ကိုဦးတည်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာ သတိပြုမိပါလိမ့်မယ်..။
ဒါ့အပြင် အဲဒီတောင်ပံ ကစားသမားတွေဟာ တိုက်စစ်ကို အားပြုရုံသာမက ခံစစ်ပိုင်းကိုလည်း လိုက်ပါကူညီ ရပါတယ်..။ သူတို့တွေဟာ ကိုယ့်အသင်းရဲ့ နောက်ခံအစွန်လူတွေကို အကာအကွယ် ပေးရတယ်..၊ ဘောလုံးပြန်ရတာနဲ့ သိပ်ကိုလျှင်မြန်လှတဲ့ အမြန်နှုန်းတွေနဲ့ တန်ပြန်တိုက်စစ်ကို တဟုန်တိုး စတင်နိုင်ရပါမယ်..။
ချယ်လ်ဆီးအသင်း ဦးဆောင်ဂိုးရသွားတဲ့ ထိုးဖောက်မှုမှာဆိုရင် နိုနီ မာဒူအီကေး ဟာ နောက်တန်းက လီဗိုင်း ကိုဝဲလ် ရဲ့ ပေးပို့မှုကနေတဆင့် ပဲလေ့စ်အသင်း ခံစစ်ကြောင်းကို အရှိန်အဟုန်နဲ့ ကျော်ဖြတ်၊ ဆွဲပြေးပါတယ်..။ ပဲလေ့စ်အသင်းရဲ့ ဂိုးဧရိယာထိပ်ကို ရောက်လာချိန်မှာ အခုအပေါ်မှာ ပြထားတဲ့ ပူးတွဲပုံ (ပုံ- ၃) ထဲကအတိုင်း 4 vs 2 အနေအထား ဖြစ်သွားတာကြောင့် သူ့အတွက် ရွေးချယ်စရာအများကြီး ရရှိခဲ့ပါတယ်..။ သိပ်ကိုကောင်းမွန်ခဲ့တဲ့ တန်ပြန်တိုက်စစ်ဆင်မှုလို့ ပြောရမှာပါပဲ..။
ဒါ့အပြင် ပါးမားလ် ရဲ့ ရွှေ့လျားမှုနဲ့ ဘယ်ဘက်မှာရှိနေတဲ့ ဂျက်ဆင် ဆီကို တစ်ချက်မဆိုင်းပဲ ပေးပို့လိုက်မှုဟာ အရမ်းကိုပါးနပ်ခဲ့ပါတယ်..။ တကယ်တော့ ကိုးလ် ပါးမား ဟာ ထိပ်တန်းအဆင့် ကစားသမားတစ်ယောက် ဖြစ်နေပြီဆိုတာ ကျွန်တော်တို့တွေ သိရှိပြီးသားပါ..။
ဒါ့ကြောင့်ချယ်လ်ဆီးအသင်းရဲ့ ပထမပိုင်း တိုက်စစ်ကစားပုံဟာ သိပ်ကိုစိတ်လှုပ်ရှားဖို့ ကောင်းခဲ့ပါတယ်..။ ကစားသမားတွေ အများစုဟာ တိုက်စစ်ကစားကွက် ဖန်တီးရာမှာ ဟန်ချက်ညီညီ ပါဝင်နိုင်ခဲ့ကြသလို ပက်ဒရို နက်တို ရဲ့ ဘယ်တောင်ပံ တိုက်စစ်ဟာ မာဒူအီကေး ရဲ့ ညာတောင်ပံတိုက်စစ်လို ထက်မြက်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ပြိုင်ဘက်အသင်းတွေကို ပိုပြီးအန္တရာယ်ပေးနိုင်ပါလိမ့်မယ်..။ အဲဒီပြဿနာဟာ ပြဿနာကောင်း တစ်ခုဖြစ်ပြီး မန်နေဂျာအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးနိုင်ပါလိမ့်မယ်..။ ကျွန်တော်တို့အသင်းဟာ ပထမပိုင်းမှာ တိုက်စစ်ဆင် ကစားပုံတွေ ကောင်းမွန်ခဲ့ပြီး အားရလောက်တဲ့ အနေအထား မြင်တွေ့ခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ခြေစွမ်းကျဆင်းသွားခဲ့ပြီး ပထမပိုင်းလောက် အားရဖို့မကောင်းခဲ့ပါဘူး..။
မာ့ခ် ချက်ပ်မန်း - ဒုတိယပိုင်းမှာ ခရစ္စတယ် ပဲလေ့စ် အသင်းဘက်က အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာကြောင့်လည်း ပါဝင်နိုင်ပါတယ်..။ ဒါပေမယ့် သူတို့ဟာ အဲဒီလူစားမှု (ဝီလ် ဟုချ် အား ချစ်ခ် အိုမာ ဒူကိုရေး နှင့် လူစားလဲမှု) ကို ကံကောင်းထောက်မလို့သာ ပြုလုပ်လို့ ရသွားခဲ့တာနော..
ဖရန့် လမ်းပတ် - မှန်ပါတယ်..။ ဒုတိယပိုင်းအစမှာ သူဟာပဲလေ့စ်အသင်းရဲ့ ဂိုးဧရိယာထိပ်မှာ ကိုးလ် ပါးမား ကို ဆွဲလှဲခဲ့ပါတယ်..။ ပထမပိုင်း (၁၉) မိနစ်မှာ အဲဒီပုံစံအတိုင်း ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ အဝါကတ်ဒ်တစ်ကြိမ် ပြသခံရပြီးသားပါ..။ ဒါ့အပြင် ပါးမား ကို ဆွဲလှဲခဲ့တဲ့ပြစ်ဒဏ်ဟာ ပိုပြီးရှင်းလင်းတာကြောင့် သေချာပေါက် ဒုတိယအဝါကတ်ဒ် ပြသရမှာပါ..။
ဒါပေမယ့် ဒိုင်လူကြီး ဂျာရတ်ဒ် ဂျီးလက် ဟာ ဒီတစ်ကြိမ်မှာတော့ ဘယ်လိုအကြောင်းနဲ့ မသိဘူး.. သည်းခံပေးလိုက်ပါတယ်..။ တကယ်တော့ ဂိုးဧရိယာထိပ်၊ အန္တရာယ်ရှိတဲ့ နေရာမှာလည်းဖြစ်တယ်..၊ ကိုးလ် ပါးမား ရဲ့ နောက်ကျောကနေ သိသိသာသာကြီး ဆွဲလှဲခဲ့တာကြောင့် ကျွန်တော့်အမြင်မှာ သေချာပေါက် အဝါကတ်ဒ်ပါပဲ..။ အဲဒီမှာ ပဲလေ့စ်အသင်းမန်နေဂျာက ဝီလ် ဟုချ် ကို မြန်မြန်ဆန်ဆန်ပဲ လူစားလဲလိုက်ပါတယ်..။
အဲဒီဆုံးဖြတ်ချက်ဟာ သူတို့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်သွားခဲ့ပါတယ်..။ လူစားဝင်လာတဲ့ အိုမာ ဒူကိုရေး ဟာ မနှစ်ကဘောလုံးရာသီမှာ ဒဏ်ရာကြောင့် ပါဝင်ခွင့် သိပ်မရခဲ့ပေမယ့် ဘောလုံးလမ်းကြောင်း ဖျက်တောက်၊ ဘောလုံးလုယူရာမှာ ကောင်းမွန်တဲ့သူ ဖြစ်ပါတယ်..။ သူဝင်လာခဲ့ပြီးနောက်ပိုင်း သူနဲ့ အဒမ် ဝါတန် တို့ရဲ့ ကွင်းလယ်ဟန်ချက် ပိုပြီးကောင်းမွန်သွားခဲ့ပါတယ်..။ အထူးသဖြင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာဆိုရင် ပြိုင်ဘက်အသင်းတွေအနေနဲ့ ဘောလုံးအဖျက်အတောက်ကောင်းတဲ့ ball winners တွေ ထည့်သွင်းဖို့ လိုအပ်ပါတယ်..။
သူဟာပွဲချိန် (၅၃) မိနစ်မှာ အက်ဇေး သွင်းယူပေးခဲ့တဲ့ ချေပဂိုးမှာလည်း အရေးပါတဲ့နေရာက ပါဝင်ခဲ့ပါတယ်..။ ချေပဂိုးရသွားခဲ့တဲ့ အီဘာရီချီ အက်ဇီ ရဲ့ ဝှေ့ဝှိုက်ကန်ချက်ဟာ အတော်လေးကို သပ်ရပ်လှပခဲ့သလို အဲဒီဂိုးရသွားပြီးတဲ့နောက်ပိုင်း ပဲလေ့စ်အသင်းသားတွေဟာ ယုံကြည်မှုပိုပြီး ကောင်းလာတာ တွေ့မိပါတယ်..။ ဒူကိုရေး ဟာ လူစားဝင်လာပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေကို အတော်များများ ဖြတ်တောက်နိုင်ခဲ့သလို အဒမ် ဝါတန် နဲ့ အနီးကပ်.. တွဲဖက်ညီခဲ့ပြီး (ပုံ - ၄) ကွင်းလယ်ဟန်ချက်ကို အကောင်းဆုံး ထိန်းညှိနိုင်ခဲ့ပါတယ်..။ ဒူကိုရေး နဲ့ ဝါတန် တို့ရဲ့ ကွင်းလယ်အတွဲအစပ်ဟာ ပွဲရဲ့ချိန်ခွင်လျှာကို ပြောင်းလဲစေခဲ့တယ်လို့ ပြောရမှာပါ..။
အထူးသဖြင့် အသင်းတစ်သင်းဟာ နောက်တန်းခံစစ်မှာ back five နဲ့ထိုင်ပြီး ကစားနေပြီဆိုရင် ကွင်းလယ်နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အနီးဆုံးမှာရှိနေပြီး ခံစစ်ကြောင်းကို ကူညီပေးနိုင်ဖို့၊ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်ဖို့ ပြိုင်ဘက်အသင်းရဲ့ အနီးကပ်ပေးပို့မှုတွေကို တားဆီးနိုင်ဖို့ လိုအပ်ပါတယ်..။ ပဲလေ့စ်အသင်းဟာ ချေပဂိုးရပြီးနောက်ပိုင်း without the ball မှာ ပိုပြီးလုံခြုံတယ်..၊ စုစည်းမှုကောင်းလာတယ်.. လို့ ခံစားခဲ့ရသလို တိုက်စစ်ဆင်ရာမှာ wing back တွေ ပိုပြီး ပါဝင်လာနိုင်ခဲ့တယ်..၊ ပိုပြီးထိရောက်လာခဲ့တာ သတိပြုမိပါတယ်..။
မာ့ခ် ချက်ပ်မန်း - မှန်ပါတယ်..။ ဒီနေ့ပွဲမှာ အက်ဇီ ခြေစွမ်းပြနိုင်ခဲ့သလို ပဲလေ့စ်အသင်းရဲ့ ကွင်းလယ်ပိုင်းကလည်း မာကျောခဲ့ပါတယ်..။ ဒါ့အပြင်ခံစစ်ပိုင်း ကာကွယ်မှုတွေလည်း အတော်ကောင်းခဲ့တယ် မဟုတ်လားဗျ..? သူတို့ဟာ ခုနက ဖရန့် ပြောခဲ့သလို back five ခံစစ်အထိုင်နဲ့ အကောင်းဆုံး ကာကွယ်နိုင်ခဲ့သလို ဂိုးသမား ဒင်း ဟန်ဒါဆင် ရဲ့ လက်စွမ်းပြမှုတွေကလည်း အရေးပါခဲ့ပါတယ်..။
ရှေး ဂစ်ဗင်း - ဒါပေါ့..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းလို အဝေးကွင်းမှာ ဂိုးသမားတွေ အလုပ်များမယ်ဆိုတာ အသေအချာပါပဲ..။ ပွဲအပြီးမှာ မန်နေဂျာ အိုလီဗာ ဂလက်စ်နာ ကလည်း ဂိုးသမား ဟန်ဒါဆင် ရဲ့ ကာကွယ်မှုတွေကို ချီးမွမ်းပြောဆိုသွားခဲ့သလို သူ့ရဲ့ပထမဆုံး စွမ်းစွမ်းတမံ ကာကွယ်မှုဖြစ်တဲ့ မာဒူအီကေး ရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ပုံဟာ သိပ်ကိုကောင်းမွန်ပါတယ်..။ ဒုတိယပိုင်းအစမှာ ကိုးလ် ပါးမား ရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို ဂိုးဘားတန်းပေါ် ပုတ်ထုတ်ခဲ့တဲ့ ကာကွယ်မှုလည်း ကောင်းတာပါပဲ..။ ဒီနေ့ပွဲရဲ့ အရေးပါတဲ့ ကာကွယ်မှုလို့ ပြောလည်းရပါတယ်..။
ဒီနေ့ပွဲမှာ ကျွန်တော်တို့ဟာ ဒူကိုရေး..၊ ဝါတန် တို့ရဲ့ ခြေစွမ်းကိုသာ ချီးကျူးခဲ့ကြပေမယ့် မာ့ခ် ဂူဟီ ခေါင်းဆောင်တဲ့ back five ရဲ့ ကျစ်လျစ်မှုကိုလည်း ထည့်ပြောရပါမယ်..။ သူဟာအသင်းခေါင်းဆောင် ဖြစ်သလို ခံစစ်ကြောင်းတစ်ခုလုံးကို ဦးဆောင်မောင်းနှင်ပေးတဲ့သူလည်း ဖြစ်ပါတယ်..။ အခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၅) မှာဆိုရင် ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ဆင်နေပေမယ့် ဘယ်လိုမှ ထိုးဖောက်ဖို့ နေရာလွတ်မရှိတာ တွေ့ရမှာပါ..။ သူတို့အသင်း ခံစစ်ကြောင်းရဲ့ စုစည်းမှု၊ ကျစ်လျစ်မှု အရမ်းကိုကောင်းပါတယ်..။
ဒါ့ကြောင့်ဂိုးဧရိယာထဲကို ထိုးဖောက်ရခက်ခဲ့သလို ဂိုးဧရိယာထဲကို ဖြတ်တင်၊ ပေးပို့မှုတွေကိုလည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ဘယ်လိုမှကို ထိုးဖောက်လို့ မရနိုင်ခဲ့ပါဘူး..။ ပွဲပြီးခါနီးမှာ မူဒရပ်ခ် ရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင် ဟာ ပဲလေ့စ်အသင်းရဲ့ လူကျွံဘော ထောင်ချောက်ကို ဖြတ်ကျော်နိုင်ခဲ့ပေမယ့် ဂိုးသမား ဟန်ဒါဆင် ဟာ တကယ့်ကို အရေးပါတဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ပဲလေ့စ်အသင်းအတွက် အဖိုးတန်တစ်မှတ်ကို အရယူနိုင်ခဲ့ပါတယ်..။
မာ့ခ် ချက်ပ်မန်း - အင်းဗျ.. အဲဒီကာကွယ်မှုကို ပြုလုပ်ခဲ့အပြီး ဂိုးသမား ဟန်ဒါဆင် ရဲ့ အားပါးတရ အောင်ပွဲခံတဲ့ပုံစံဟာ အနိုင်ဂိုးသွင်းယူပြီး အောင်ပွဲခံခဲ့တဲ့အတိုင်းပါပဲ..။ အဲဒီလိုပွဲအဖြေကို အပြောင်းအလဲ ဖြစ်နိုင်တဲ့ ကာကွယ်မှုကို ပြုလုပ်နိုင်ခဲ့တဲ့ ဂိုးသမား ဟန်ဒါဆင် ကိုလည်း ချီးကျူးရမှာပါ..။ ဖရန့် ရေ.. အခုလက်ရှိ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်..။
ခင်ဗျားကိုမေးချင်တာက အခုအချိန်မှာ ခင်ဗျားတို့ရဲ့အသင်းဟာ ဘယ်လိုနေရာ၊ ဘယ်လိုအဆင့်ကို ရောက်နေတယ်လို့ ထင်မိပါလဲ..? ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားတို့အသင်းဟာ ပြီးခဲ့တဲ့အပါတ်က ဝုလ်ဖ်အသင်းကို ခြောက်ဂိုးသွင်းနိုင်ခဲ့ပေမယ့် အခုတစ်ပါတ်ကျ အိမ်ကွင်းမှာ သရေကျအောင် မနည်းကြိုးစား ယှဉ်ပြိုင်ခဲ့ရပါတယ်..။ ခင်ဗျားအနေနဲ့ အဲဒီလိုရလဒ်တွေ မတည်ငြိမ်တာမျိုး ကြိုတင်မျှော်လင့်ထားလား..? လက်ခံလို့ရနိုင်တဲ့ အနေအထားလို့ ခင်ဗျားယူဆထားလား..?
ဖရန့် လမ်းပတ် - ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားသမားတွေ အများကြီးခေါ်ယူ ထားတာကြောင့် ခြေစွမ်းမတည်ငြိမ်မှု (inconsistency) တွေ ရှိနေဦးမှာပါပဲ..။ ဒီနေ့ပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းဟာ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့ပါတယ်..။ ဒါ့ကြောင့်တခါတလေမှာ ပြိုင်ဘက်အသင်းဘက်ကို ပွဲရဲ့ချိန်ခွင်လျှာ ပြန်ပြီးပါသွားတတ်တာတွေ ရှိပါတယ်..။
တကယ်လို့ သူတို့အသင်းဟာ အခုထက်ပိုပြီး အတွေ့အကြုံ (experience) များခဲ့မယ်..၊ အသင်းမှာ ခိုင်မာတဲ့ ကျောရိုးအထိုင် (spine) ရှိလာခဲ့မယ်ဆိုရင် အခုထက်ပိုပြီး ပွဲကိုထိန်းချုပ်နိုင်ပါလိမ့်မယ်..။ အခုအချိန်မှာတော့ အဲဒီလိုအပ်ချက်တွေ ပြည့်စုံလာဖို့ စောင့်ရဦးမှာပါ..။ ဒါပေမယ့် အသင်းမှာ တကယ့်ကို ပင်ကိုယ် အရည်အသွေး အရမ်းကိုကောင်းမွန်တဲ့ လူငယ်ကစားသမားတွေ ရှိနေတာ အသေအချာပါပဲ..။
ဒါဆိုရင် သူတို့ဘယ်လိုအဆင့်ကို ရောက်နေပြီလဲ..? နည်းပြအင်ဇို မာရက်စ်ကာ ကတော့ ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့သုံးနှစ်က ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့အသင်းမျိုး ဟုတ်မနေဘူး.. လို့ ဒီနေ့ပွဲအပြီးမှာ ပြောသွားတာ မှန်ကန်ပါတယ်..။ လွန်ခဲ့တဲ့ (၁၈) လက သူ့ရဲ့နေရာမှာ ကျွန်တော်ရှိနေခဲ့ပါတယ်..။ ကျွန်တော့်ရဲ့အမြင်၊ ရှုထောင့်အရဆိုရင် အဲဒီအချိန်တုန်းက အသင်းဟာ အနိမ့်ပါးဆုံး ကာလကို ရောက်နေတယ်လို့ ပြောရမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်တုန်းက ကျွန်တော်ဖြတ်သန်းခဲ့ဖူးတဲ့၊ အောင်မြင်မှုတွေ အလီလီ ဆွတ်ခူးခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလအသင်းလို့ ပြောလို့ကိုမရတဲ့ အနေအထားမျိုး ဖြစ်နေခဲ့တာကြောင့်ပါ..။
အခုဆိုရင် အဲဒီလိုအခြေအနေကနေ ရုန်းထွက်လာခဲ့ပြီး လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောနိုင်ပါတယ်..။ အသင်းဟာ တိုးတက်မှုတွေ မြင်တွေ့နေရတဲ့ ဂရပ်မျဉ်းကြောင်းပေါ်မှာပါ..။ ဒါပေမယ့် လက်ရှိအသင်းသားတွေရဲ့ အနေအထားအရ သာယာတဲ့နေ့တွေ ရှိဦးမယ်..၊ မုန်တိုင်းထန်တဲ့ နေ့ရက်တွေကိုလည်း ရင်ဆိုင်ရပါဦးမယ်..။
ဒါပေမယ့် အသင်းမှာ ပင်ကိုယ်အရည်အသွေး အရမ်းကိုထူးချွန်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် သူတို့တွေဟာ ဆက်လက်တိုးတက်နေမယ်.. အထူးသဖြင့် တိုက်စစ်ပိုင်းမှာ အခုထက်ပိုပြီး ထက်မြက်လာခဲ့မယ်ဆိုရင် တကယ့်ကို အန္တရာယ်ပေးနိုင်တဲ့ အသင်းကောင်းတစ်သင်း ဖြစ်လာမှာပါ..။