တနင်္ဂနွေနေ့ မနက်ပိုင်းက Vitality ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက အိမ်ရှင်ဘုန်းမောက် အသင်းအား ၁ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ခရစ္စတိုဖာ အန်ကွန်ကူ ၏ အဆုံးအဖြတ် အနိုင်ဂိုး၊ ပထမဆုံး ပွဲထွက်ခွင့်ရသည့်ပွဲတွင် ပွဲစဉ်အလိုက် အကောင်းဆုံးဆုခဲ့သည့် ဂျေဒန် ဆန်ချို ၏ ခြေစွမ်းနှင့် ချယ်လ်ဆီးအသင်း၏ ကစားပုံအပေါ် ချယ်လ်ဆီးအသင်း ဂန္ထဝင်နောက်ခံလူဟောင်း ဂယ်ရီ ကာဟေးလ် နှင့် အဲဗာတန်အသင်း ကွင်းလယ် ကစားသမားဟောင်း လီယွန် အော့စ်မန်း တို့က Matchday Live ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း အသေးစိတ် သုံးသပ်၊ ဆွေးနွေး သွားခဲ့ပါသည်..။
ဆီမာ ဂျက်စ်ဝဲလ် - ချယ်လ်ဆီးအသင်းဟာ ဒီနေ့မှာဆိုရင် ဘုန်းမောက်အသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ပြီး အနိုင်ရရှိသွားခဲ့တာကြောင့် ဒီနေ့ပွဲရလဒ်ဟာ အခုနှစ်ဘောလုံးရာသီအပေါ် သက်ရောက်မှု ကြီးမားပါလိမ့်မယ်..။ ဒီနေ့ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ပွဲစဉ်အချက်အလက်တွေကို အခုပူးတွဲပုံမှာ ပြသထားပါတယ်..။
စိတ်ဝင်စားစရာကောင်းတာက အောက်ဆုံးမှာမြင်တွေ့နေရတဲ့ အဝါကတ်ဒ် ပြသခံရတဲ့ အရေအတွက် ဖြစ်ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် နှစ်သင်းစလုံးစုစုပေါင်း အဝါကတ်ဒ် (၁၄) ကြိမ် ပြသခံခဲ့ရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် အဝါကတ်ဒ်အများဆုံး ပြသခံရတဲ့ပွဲအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်..။
ပြီးခဲ့တဲ့စံချိန်ဟောင်းက ‘Battle of Stamford Bridge’ ဆိုပြီး နာမည်ကျော်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ချယ်လ်ဆီးနဲ့ တော့တင်ဟမ် အသင်းတို့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ရင်ဆိုင်ခဲ့တဲ့ပွဲဖြစ်ပြီး အဲဒီပွဲမှာ အဝါကတ်ဒ် စုစုပေါင်း (၁၂) ကြိမ် ပြသခံခဲ့ရပါတယ်..။ ဂယ်ရီ ရေ… အဲဒီပွဲမှာ ရှင်လည်းပါခဲ့တယ်နော်…။ ရှင်ရော အဝါကတ်ဒ်ပြခံရတဲ့ ကစားသမားတွေထဲမှာ ပါခဲ့သေးလား..?
ဂယ်ရီ ကာဟေးလ် - No.. အဲဒီနေ့က ကျွန်တော်ဟာ လူကောင်းလေးပါဗျာ… ဟားဟား..။ ဒါပေမယ့် အမှန်တကယ် ကြမ်းတမ်းခဲ့တဲ့ပွဲ ဖြစ်ခဲ့ပါတယ်..။ မှတ်မှတ်ရရဆိုရင် တော့တင်ဟမ်အသင်းက နှစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ရာကနေ ချယ်လ်ဆီးရဲ့ ပထမချေပဂိုးကို ကျွန်တော်သွင်းပေးခဲ့တာဗျ..။ ဒါပေမယ့် ကျွန်တော့်ရဲ့ဂိုးဟာ အီဒင် ဟာဇက် ရဲ့ ထူးရှယ်သွင်းဂိုး.. ဒုတိယချေပဂိုးကြောင့် မှေးမှိန်သွားခဲ့ရတာပေါ့..။ တကယ်တော့ အဲဒီနေ့က အီဒင် သွင်းပေးခဲ့တဲ့ဂိုးမျိုးကို ထပ်မံမြင်တွေ့ရဖို့ သိပ်တော့မလွယ်လှပါဘူး..။ အခုလိုအမှတ်ရစရာ အတိတ်ကပွဲကောင်းတစ်ပွဲကို ပြန်ပြီးအစဖော်ပေးခဲ့တာ ကျေးဇူးပါပဲ.. ဟားဟား..
ဆီမာ ဂျက်စ်ဝဲလ် - ဒါပေါ့..။ ရှင်ဟာတကယ့်ကို သမိုင်းဝင်ခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်တွေ၊ ထိပ်တန်းအသင်းကြီးတွေရဲ့ ထိပ်တိုက်ပွဲစဉ်တွေ အများကြီးဆင်နွှဲခဲ့ဖူးခဲ့တဲ့ ဂန္ထဝင်ကစားသမားကြီး တစ်ယောက် ဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒီပွဲတွေဟာ တကယ်လည်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တယ်..၊ တစ်ဘက်နဲ့တစ်ဘက် ဘတစ်ပြန်၊ ကျားတစ်ပြန် ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်ခဲ့ကြတာကိုး..။ မနေ့ကပွဲမှာ ကြည့်နေတဲ့ပရိသတ်တွေအတွက် အဲဒီလိုပွဲတွေက ခံစားချက်မျိုး မရခဲ့ပဲ အခုလိုအဝါကတ်ဒ်တွေ ပလူပျံသွားခဲ့တာ အံ့ဩဖို့မကောင်းဘူးလားရှင့်..?
ဂယ်ရီ ကာဟေးလ် - ကျွန်တော်လည်း ထပ်တူခံစားမိပါတယ်..။ အဲဒီလောက် အဝါကတ်ဒ်ပြခံရဖို့ ထိုက်တန်တဲ့ပွဲလို့ မထင်မိပါဘူး..။
လီယွန် အော့စ်မန် - မှန်ပါတယ်..။ အဝါကတ်ဒ်တွေ အများကြီးပြခံရလောက်အောင် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာလည်း မဟုတ်ပါဘူး..။ နှစ်သင်းစလုံးက အနိုင်ရချင်စိတ်အပြည့်နဲ့ အားသွန်ခွန်စိုက် ကစားခဲ့ကြပါတယ်..။ မိုက်မဲတဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေ ရှိခဲ့တာလည်း ပါနိုင်တာပေါ့..။
ကွင်းလယ်ဒိုင်လူကြီး အန်တော်နီ တေလာ ဟာ ပွဲကိုထိန်းနိုင်ဖို့ကြိုးစားရင်း အဲဒီလိုပြစ်ဒဏ်ကျူးလွန်မှုတွေကို ထိထိရောက်ရောက် အရေးဃူခဲ့တာ ဖြစ်ပါမယ်..။ ဒီနေ့ပွဲမှာ တစ်ဘက်နဲ့တစ်ဘက် တွန်းကြဆွဲကြတာတွေ၊ စောဒကတက်ကြတာတွေ ရှိခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလိုအဝါကတ်ဒ်အပြခံရတဲ့ အရေအတွက်မှာ စံချိန်တင်ရတဲ့အထိ ကြမ်းတမ်းခဲ့တဲ့ ပွဲစဉ်တစ်ပွဲလို မခံစားခဲ့ရပါဘူး..။ ဒါ့ကြောင့်အံ့အားသင့်ဖို့ ကောင်းတယ်လို့ ပြောရမှာပဲဗျ..။
ဒီနေ့ပွဲဟာ တစ်ဘက်နဲ့တစ်ဘက် အနိုင်ရရှိဖို့ အကြိတ်အနယ် ကြိုးစားခဲ့ကြတဲ့ ပွဲစဉ်တစ်ပွဲ.. ဆိုတဲ့ အဆင့်လောက်ပဲ သတ်မှတ်ရမှာပါ..။ ဘုန်းမောက်အသင်းဟာ အနိုင်ရလောက်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် ဂိုးသွင်းအဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် သူတို့နဲ့ထိုက်တန်တဲ့ ရလဒ်ကို မရရှိခဲ့ပါဘူး..။ ချယ်လ်ဆီးကတော့ လိုအပ်တဲ့အနိုင်သွင်းဂိုးကို ရရှိအောင် စွမ်းဆောင်သွားနိုင်ခဲ့တဲ့ ကွာခြားချက်ပဲ ရှိခဲ့ပါတယ်..။
ဆီမာ ဂျက်စ်ဝဲလ် - ဟုတ်ကဲ့ပါရှင့်..။ ကျွန်မတို့ အဲဒီဂိုးအကြောင်း ဆွေးနွေးကြရအောင်လား..။ ခရစ္စတိုဖာ အန်ကွန်းကူ ဟာ ပွဲချိန် (၇၉) မိနစ်မှာ နီကိုလပ်စ် ဂျက်ဆင် ရဲ့ နေရာကို လူစားဝင်လာခဲ့ပြီး (၇) မိနစ်အကြာမှာပဲ အဆုံးအဖြတ် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးသွားခဲ့ပါတယ်..။ ဒီနေ့ပွဲမှာနည်းပြ အင်ဇို မာရက်စ်ကာ ရဲ့ လူစားမှုတွေ၊ နည်းစနစ် အပြောင်းအလဲတွေ မှန်ကန်ခဲ့ပါတယ်..။ ပြီးတော့ အဲဒီသွင်းဂိုးမှာ နောက်ထပ်လူစားဝင် ကစားသမား တစ်ယောက်ဖြစ်တဲ့ ဂျေဒန် ဆန်ချို ကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါခဲ့တာကိုးရှင့်..
ဂယ်ရီ ကာဟေးလ် - မှန်ပါတယ်..။ ခုနက လီယွန် ပြောခဲ့သလိုပေါ့..။ ကျွန်တော်တို့ ချယ်လ်ဆီးအသင်းမှာ အနိုင်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်မယ့် အရည်အသွေးမြင့် ကစားသမားတွေကို လိုအပ်တဲ့အချိန် လူစားသွင်းနိုင်ဖို့ ရှိနေခဲ့တာက နှစ်သင်းကြားက ကွာခြားချက် ဖြစ်သွားပါတယ်..။
အဲဒီသွင်းဂိုးမှာ ဆန်ချို ရဲ့ ပေးပို့မှု သိပ်ကိုကောင်းခဲ့ပါတယ်..။ ဒါပေမယ့် အန်ကွန်းကူ ဟာ ဘောလုံးကို လက်ခံပြီး လှည့်ထွက်သွားတဲ့အချိန် တစ်ဖက်နောက်ခံလူတွေရဲ့ အနေအထားတွေကို သေသေချာချာရော သိနေခဲ့လား.. ကျွန်တော် သံသယရှိပါတယ်..။ သူလှည့်ထွက်သွားတဲ့အချိန် နောက်ခံလူတွေဟာ ဖျက်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးမှာ အရှိန်လေးနည်းနည်း ပါနေတာရယ်..၊ မရရအောင် ကန်သွင်းမယ်.. ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကြောင့်သာ အဲဒီလိုကန်သွင်းခွင့် ရခဲ့တာပါ..။
ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်ကို အသုံးပြုတဲ့ပုံစံပေါ့ဗျာ..၊ သူ့ရဲ့ခန္ဓာကိုယ်ကိုခုပြီး ကန်သွင်းခွင့်ရအောင် ဖန်တီးသွားခဲ့တာဟာ အရမ်းကိုပါးနပ်တယ်လို့ ပြောရမှာပါ..။ အဲဒီသွင်းဂိုးမှာ ဂျေဒန် ဆန်ချို ရဲ့ အခန်းကဏ္ဍက အရေးကြီးခဲ့တယ်ဆိုတာ ထပ်ပြောပါတယ်..။ သူဟာဂိုးရဖို့ ဖန်တီးပေးရုံသာမက ဒုတိယပိုင်းမှာ သူဝင်လာပြီးနောက်ပိုင်း အသင်းရဲ့ ကစားပုံ လုံးဝကိုပြောင်းလဲ သွားခဲ့ပါတယ်..။
လီယွန် အော့စ်မန်း - ဆန်ချို ဟာ ဘောလုံးလက်ခံယူတဲ့ပုံစံ အရမ်းကောင်းမွန်သလို အပြင်ဘက် ဘေးစည်းတစ်လျှောက် ဆွဲထွက်နိုင်တယ်..၊ ဒါမှမဟုတ် အတွင်းဘက်ကို တမဟုတ်ချင်း ချိုးထွက်သွားနိုင်တဲ့ အရည်အချင်း ရှိပါတယ်..။ ဒါ့ကြောင့်နောက်ခံလူတွေဟာ ဘယ်လိုပိတ်ရမလဲ..? ဝေခွဲရခက်နေတာနဲ့ နေရာလွတ်တွေ ပေါ်လာတာပါပဲ..။
အဲဒီဂိုးအတွက် ဖန်တီးပေးလိုက်တဲ့ အခိုက်အတန့်မှာဆိုရင် ဗီယေဂါ ရဲ့ အယောင်ပြ ဖြတ်ပြေးမှုကြောင့် နေရာလွတ် (gap) ပေါ်လာတာနဲ့ ဂိုးဧရိယာထဲမှာ အသင့်စောင့်နေတဲ့ အန်ကွန်းကူ ဆီ ချက်ချင်းထိုးပေးခဲ့ပါတယ်..။ ကျွန်တော်ကတော့ အန်ကွန်းကူ ရဲ့ ခန္ဓာကိုယ် အသုံးချပုံထက်စာရင် နောက်ခံလူကို တွန်းတိုက်ရင်း ရအောင်ကန်သွားနိုင်တဲ့ သူ့ရဲ့ခွန်အား.. ခန္ဓာကိုယ်သန်စွမ်းမှုကို ချီးကျူးမိပါတယ်..။
သူ့ရဲ့ကန်ချက်ဟာ တကယ့်ကို ရည်ရွယ်ချက်ရှိရှိ ကန်သွင်းလိုက်တာလား..? ဆိုတာ ကျွန်တော်လည်း သံသယရှိပါတယ်..။ ဒါပေမယ့် အရေးမကြီးပါဘူး..။ အဲဒီသွင်းဂိုးမှာ အဓိကအရေးပါသွားတာက သူ့ဆီရောက်လာတဲ့ ဘောလုံးကိုမနားတမ်း လှည့်ထွက်သွားပြီး မရမက ကန်သွင်းယူသွားခဲ့တဲ့ ‘တုံ့ပြန်မှု လျှင်မြန်တာ’ ပဲ ဖြစ်ပါတယ်..။ ပြီးတော့ သူ့ရဲ့မူပိုင် ပူပေါင်းမှုတ်ပြီး အောင်ပွဲခံဖို့ကိုလည်း မမေ့ခဲ့ပါဘူး..။ ချယ်လ်ဆီးပရိသတ်တွေကတော့ အဲဒီလိုအောင်ပွဲခံတဲ့ဟန်တွေကို နောက်ထပ်ဆက်ပြီး မြင်တွေ့ချင်မှာ အသေအချာပါပဲ..။
ဆီမာ ဂျက်စ်ဝဲလ် - သူ့ရဲ့သားက ပူပေါင်းတွေကို အရမ်းကြိုက်တယ်လို့ အန်ကွန်းကူ က ပြောဖူးပါတယ်..။ ကျွန်မတို့ ဘောလုံးလောကရဲ့ ချစ်စရာကောင်းတဲ့ အရာလေးတွေပေါ့ရှင့်..။ ဒါ့အပြင်ဒီနေ့ပွဲက သူ့ရဲ့ခြေစွမ်းနဲ့ သွင်းဂိုးဟာ တိုက်စစ်မှူး ဂျက်ဆင် ကို ဖိအားပေးလိုက်တဲ့သဘောပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့ပွဲမှာ ဆီနီဂေါ တိုက်စစ်မှူးဟာ အခွင့်အရေးတစ်ချို့ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းနိုင်ခဲ့လို့ပါ..။
နောက်ပြီးဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ကစားခွင့်ရခဲ့တဲ့ ဂျေဒန် ဆန်ချို ရဲ့ ခြေစွမ်းအပေါ် ရှင်တို့ရဲ့အမြင်တွေကိုလည်း သိချင်ပါတယ်..။ အခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလမှာ သူ့ရဲ့အပြောင်းအရွှေ့အပေါ် လူတွေရဲ့စိတ်ဝင်စားခဲ့ကြသလို ချယ်လ်ဆီးကိုရောက်လာတဲ့အခါ သူ့အပေါ် မျှော်လင့်ချက်တွေ ကြီးမားခဲ့ကြပါတယ်..။ ခုနကပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ သူပြောခဲ့တဲ့အတိုင်း သူ့ရဲ့ဒုတိယပိုင်း ခြေစွမ်းဟာ ကျေနပ်အားရဖို့ ကောင်းခဲ့ရဲ့လား..?
လီယွန် အော့စ်မန်း - ခုနကသူ့ရဲ့အင်တာဗျူးမှာ ကစားခွင့်ရတဲ့အပေါ် ကျေးဇူးတင်ထိုက်သူတွေကို ဂါရဝတရားအပြည့်နဲ့ အရင်ဆုံးရည်ညွှန်း ကျေးဇူးတင်လိုက်တာဟာ သိပ်ကိုကြည်နူးဖို့ကောင်းပါတယ်..။ ဒါ့အပြင်သူဟာ နည်းပြအဖွဲ့တွေ၊ အသင်းဝန်ထမ်းတွေနဲ့ အသင်းဖော် ကစားသမားတွေရဲ့ အကူအညီတွေ ရရှိခဲ့တာကြောင့် ကျေးဇူးတင်ထိုက်တဲ့သူတွေထဲမှာ ထည့်သွင်းရမယ်ဆိုပြီး ပြောပြခဲ့တဲ့အတွက် အသင်းသစ်မှာ မြန်မြန်ဆန်ဆန် အထိုင်ကျနေပြီလို့ ယူဆမိပါတယ်..။
လွန်ခဲ့တဲ့ နှစ်ရာသီလောက်အထိ သူ့ရဲ့ကစားပုံဟာ ဒီနေ့ပွဲမှာကစားသွားသလို မြူးကြွ၊ သွက်လက်နေတဲ့ ပုံစံမျိုး မမြင်ခဲ့ရပါဘူး..။ ဒါ့ကြောင့်အခုချယ်လ်ဆီးအသင်းမှာ အမှန်တကယ် ပျော်ရွှင်နေပြီး အသင်းမှာ အထိုင်ကျနေတဲ့ပုံ မြင်တွေ့နေရပါတယ်.။ တကယ်လို့ သူ့လိုမျိုး ပင်ကိုယ်ပါရမီ အရည်အချင်း အရမ်းကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ဟာ အသင်းတစ်သင်းမှာ အမှန်တကယ် ပျော်ရွှင်၊ အထိုင်ကျနေပြီဆိုရင် ဒီနေ့ပွဲကလိုမျိုး မြူးကြွ၊ တက်ကြွနေတဲ့ ကစားပုံ မြင်ကြရမှာပါပဲ..။
ဒါ့ကြောင့်ဆန်ချို ဟာ သူ့ရဲ့အိမ်အစစ်အမှန်ကို တွေ့ရှိခဲ့ပြီလို့ ယူဆချင်စရာပါ..။ သူ့ရဲ့အပြာရောင် အိမ်အသစ်ဟာ ဂျေဒန် ဆန်ချို ရဲ့ အကောင်းဆုံးခြေစွမ်းနဲ့ အရည်အသွေးတွေကို အမှန်တကယ် စားသုံးခွင့်ရကြလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်..။ ဒီနေ့ပွဲက ဂျေဒန် ဆန်ချို ဟာ လွန်ခဲ့တဲ့နှစ်တွေက ခင်ဗျားတို့၊ ကျွန်တော်တို့ သိခဲ့ကြတဲ့ ‘မူလလက်ဟောင်း ဒေါ့မွန်အသင်းက ဂျေဒန် ဆန်ချို’ ဖြစ်ပါတယ်..။ အဲဒီနောက်ပိုင်းမှာ သူ့ရဲ့အရင်က ခြေစွမ်းမျိုးကို ပြသခဲ့ဖူးလား.. ကျွန်တော်မသေချာပါဘူး..။ ချယ်လ်ဆီးအသင်းကတော့ ပြန်လည်ထွန်းတောက်ဖို့ အရှိန်အဟုန်ယူနေတဲ့ ကြယ်ပွင့်တစ်ပွင့်ကို ရှာဖွေ၊ ဖော်ထုတ်နိုင်ခဲ့ပြီလို့ ပြောရမှာပါ..။
ဂယ်ရီ ကာဟေးလ် - ပွဲတစ်ပွဲမှာ သူတင်ကိုယ်တင် အပြန်အလှန် ဖြစ်နေပြီဆိုရင် ဒီနေ့ပွဲက ဂျေဒန် ဆန်ချို လို ပွဲအဖြေကို ပြောင်းလဲပေးနိုင်မယ့်၊ အဆုံးအဖြတ် အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်မယ့် ကစားသမားတွေ ရှိနေဖို့ လိုအပ်ပါတယ်..။ ပြီးခဲ့တဲ့ရာသီနဲ့ အရင်ပွဲတွေအထိကတော့ ကိုးလ် ပါးမား ပေါ့ဗျာ..။ ဒါပေမယ့် ဒီနေ့ပွဲမှာ ပါးမား ဟာ အကောင်းဆုံး ခြေစွမ်းနဲ့ တောက်ပခွင့်မရခဲ့ပါဘူး..။ ဆန်ချို ဝင်လာတော့မှ အသင်းရဲ့ကစားပုံ လုံးဝပြောင်းလဲ သွားခဲ့သလို အင်္ဂလန်တောင်ပံ ကစားသမားဟာ ဒီနေ့ပွဲကခြေစွမ်းနဲ့ သူ့အပေါ် သံသယရှိသူတွေရဲ့ ဝေဖန်မှုတွေကို ချေဖျက်ပြနိုင်ခဲ့တယ်လို့ ပြောရမှာပါ..။
ဒါ့အပြင် ဆန်ချို ဟာ အသက် (၂၄) နှစ်ပဲ ရှိသေးတယ်.. ဆိုပေမယ့် အသက်အရွယ်နဲ့မလိုက်အောင် အတွေ့အကြုံတွေ အများကြီးရှိနေပြီး ဖြစ်ပါတယ်..။ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲပေါင်း (၁၀၀) နီးပါး ကစားခဲ့ဖူးတယ်..၊ အင်္ဂလန်အသင်းအတွက် (၂၃) ပွဲ ကစားခဲ့ဖူးတယ်.. ဆိုတဲ့ မှတ်တမ်းတွေဟာ ဝါရင့်ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်လို့ရပါတယ်..။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းအတွက် မှန်ကန်တဲ့ အားဖြည့်မှုလို့ သတ်မှတ်ချင်ပါတယ်.။
ဆီမာ ဂျက်စ်ဝဲလ် - ဒါပေမယ့် ရှင်တို့အသင်းမှာ သူ့ရဲ့နေရာအတွက် ပြိုင်ဆိုင်မှုပြင်းထန်မယ့် အနေအထားကလည်း ကြောက်ခမန်းလိလိပါပဲ..။ ဒါ့ကြောင့်သူဟာပွဲထွက်နေရာ ပုံမှန်ရရှိဖို့ဆိုရင် သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..
လီယွန် အော့စ်မန်း - မှန်တာပေါ့..။ ဒီနေ့ပွဲမှာဆိုရင် ပီဒရို နက်တို ရဲ့ ပထမပိုင်းခြေစွမ်းဟာ အားရဖို့မကောင်းခဲ့ပါဘူး..။ အဲဒီလိုအခြေအနေတွေမှာ မန်နေဂျာတွေဟာ လူစားလဲရင် ပွဲပြီးခါနီး (၁၀) မိနစ်၊ (၁၅) မိနစ်လောက်မှ လူစားလဲပြီး ‘ပွဲအဖြေကို ပြောင်းလဲသွားအောင် အစွမ်းကို ကြိုးစားပြပြီး မင်းရဲ့အရည်အချင်းကို သက်သေပြပေးပါ…’ လို့ မှာကြားလေ့ရှိပါတယ်..။
ဒါပေမယ့် ချယ်လ်ဆီးမှာကျတော့ တကယ့် အရည်အသွေးမြင့် ကစားသမားကောင်းတွေ ရွေးစရာအများကြီး ရှိနေတာကြောင့် ဒုတိယပိုင်းအစကတည်း လူစားလဲပြီး ပြောင်းလဲမှုတွေကို ရဲရဲဝံ့ဝံ့ ပြုလုပ်နိုင်ခွင့် ရှိနေပါတယ်..။ ကစားသမားတွေဘက်ကလည်း ပွဲစပြီဆိုကတည်းက အကောင်းဆုံး ခြေစွမ်းပြနိုင်မှ၊ အသင်းအတွက် မချွင်းမချန် အစွမ်းကုန် ပေးဆပ်မှသာ ကစားခွင့်ရဖို့ အာမခံချက်ရှိလိမ့်မယ်ဆိုတာ ကောင်းကောင်း နားလည်ထားကြပါလိမ့်မယ်..။
ဒါ့ကြောင့်တောင်ပံ ကစားသမားတွေဆီကနေ ပွဲစကတည်းက အမြင့်မားဆုံး ကြိုးစားပြရမယ့် အကောင်းဆုံးခြေစွမ်းတွေ ရရှိခဲ့မယ်ဆိုရင် အသင်းရဲ့ခြေစွမ်းအတက်အကျနဲ့ အသင်းရဲ့ရလဒ် အကောင်းအဆိုးကို ထမ်းပိုးထားရတဲ့ ကိုးလ် ပါးမား အပေါ် ဖိအားလျော့ချပေးရာ ရောက်ပါတယ်..။ ဒါ့ကြောင့် ခုနက ဂယ်ရီ ပြောခဲ့သလို ‘ဒီနေ့ကတော့ ကိုလ်း ပါးမား ရဲ့ ပွဲမဟုတ်ဘူး..’ ဆိုလည်း ကိစ္စမရှိပါဘူး..။ ဂျေဒန် ဆန်ချို ရှိနေပါတယ်..။ ဒီနေ့ဆိုရင် သူဟာ လူစားဝင်လာပြီး ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခံခဲ့ရတဲ့အထိ ခြေစွမ်းပြသွားခဲ့ပါတယ်..။
ဂယ်ရီ ကာဟေးလ် - တကယ်တော့ အသင်းကြီးတစ်သင်း ဖြစ်ချင်ရင် အဲဒီလိုဖိအားတွေ အမြဲတမ်းရှိနေရပါလိမ့်မယ်..။ ဒါ့အပြင် အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာဆိုရင် ကစားသမားတွေဟာ ကစားရဖို့ တန်းစီနေကြရတဲ့ အခြေအနေလို ဖြစ်နေတာပေါ့..။ တကယ်တော့ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်ချင်ဆိုရင် အဲဒီလိုပွဲကစားခွင့်ရဖို့ အရမ်းကိုစိတ်အားထက်သန်နေတဲ့ ကစားသမားတွေ အများကြီးရှိနေဖို့ လိုအပ်ပါတယ်..။ အခွင့်အရေးရလာပြီ.. ဆိုတာနဲ့ အဲဒီခြေစွမ်းကို ရာသီကုန်အထိ တစ်နှစ်ပတ်လုံး ထိန်းထားနိုင်အောင်သာ ကြိုးစားပေတော့…။ ဒါမှမဟုတ်ရင် နေရာပျောက်သွားပါလိမ့်မယ်..။ အခုအသင်းက ချာတိတ်တွေရဲ့ စိတ်ထဲမှာ အဲဒီအတိုင်းပဲ ရှိနေပါလိမ့်မယ်…
လီယွန် အော့စ်မန်း - မှန်ပါတယ်..။ အသင်းတစ်သင်းက ကစားသမားတွေတိုင်းမှာ အဲဒီလိုအမြင့်မားဆုံး ခံယူချက်တွေ၊ စိတ်ဓါတ်တွေ ရှိနေရပါမယ်..။ ဥပမာဗျာ.. ဂယ်ရီ က ဒီတစ်ပါတ်မှာ အကောင်းဆုံး ခြေစွမ်းပြနေပေမယ့် နောက်တစ်ပါတ်ကျ နားချင်နားနေရမှာပဲ.. ဆိုတဲ့ အတွေးမျိုးတွေရှိနေလို့ မရပါဘူ..။ ထိပ်တန်းကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ထိပ်တန်းအသင်းကြီး တစ်သင်းဆိုတာ ပွဲစဉ်တိုင်း၊ အပါတ်စဉ်တိုင်းမှာ အကောင်းဆုံးခြေစွမ်း၊ အမြင့်ဆုံးခြေစွမ်းကို တသမှတ်တည်း ထိန်းသိမ်းထားနိုင်ရပါမယ်..။
ဒါပေမယ့် တစ်သင်းလုံးအနေနဲ့ဆိုရင် ချယ်လ်ဆီးအသင်းဟာ final third တိုက်စစ်အဆုံးသတ်ပိုင်းတွေမှာ အကောင်းဆုံးအဆင့်၊ အမြင့်မားဆုံး အဆင့်အတန်းမှာ ရှိမနေပါဘူး..။ ဒါပေမယ့် အရေးကြီးတဲ့အချိန်မှာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေ အရန်ခုံမှာ အသင့်ရှိနေတဲ့ အားသာချက် ရှိနေပါတယ်..။ ဒီနေ့ပွဲဆိုရင် ခင်ဗျားတို့ချယ်လ်ဆီးအသင်းဟာ ခက်ခဲတဲ့ အဝေးကွင်းပွဲစဉ်ဖြစ်တယ်..၊ ဒါပေမယ့် ပေးဂိုးမရှိအောင် ထိန်းထားခဲ့ပြီး clean sheet ရအောင် ယူနိုင်ခဲ့ပါတယ်..။
ဒါ့အပြင် အကောင်းဆုံး ခြေစွမ်းမရခဲ့ပေမယ့် ပွဲပြီးခါနီးမှာ လိုအပ်တဲ့အနိုင်ဂိုးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ ဒါဆိုရင်အသင်းသားတွေရဲ့ စိတ်ထဲမှာ ငါတို့ရဲ့အသင်းမှာ ယုံကြည်အားထားလို့ရတဲ့ ကစားသမားတွေ ရှိနေတယ်.. ဆိုတဲ့ ခံစားချက်ကို ရရှိပါလိမ့်မယ်..။ အနည်းဆုံးတော့ ပြိုင်ဘက်အသင်းရဲ့ ထိုးဖောက်မှုတွေကို ကြံ့ကြံ့ခံထား..၊ အချိန်တန်လို့ ကိုယ့်အလှည့်ရောက်ရင် သေချာပေါက် ဂိုးရမှာပဲ.. ဆိုတဲ့ ယုံကြည်မှုမျိုးတွေ မွေးဖွား၊ တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်..။ ဒါ့ကြောင့်ဒီနေ့လိုပွဲမှာ ပြသခဲ့တဲ့ စိတ်ဓါတ်မာကျောမှုနဲ့ အနိုင်ရလဒ်ကို ကျားကုတ်ကျားခဲ ကြိုးစားထိန်းသိမ်းနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက် သယ်ဆောင်သွားနိုင်ဖို့ အရေးကြီးပါတယ်..။
ဆီမာ ဂျက်စ်ဝဲလ် - တကယ်တော့ ချယ်လ်ဆီးပရိသတ်တွေဟာ သူတို့အသင်းကို တည်ငြိမ်တဲ့ခြေစွမ်းနဲ့ ရလဒ်ကောင်းတွေကို ဆက်တိုက်ရရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့ (consistent) အသင်းတစ်သင်းအဖြစ် မြင်တွေ့ချင်ကြတာပါ..။ သူတို့တွေဟာ ဂယ်ရီ တို့ခေတ်ကလို စုစည်းမှုကောင်းမွန်ပြီး ကျစ်လျစ်တဲ့အသင်း၊ အနိုင်မခံ အရှုံးမပေးတတ်တဲ့ အသင်းတစ်သင်းကို အမြဲတောင့်တနေခဲ့ကြပါတယ်..။
ဒါ့ကြောင့်ဒီနေ့ပွဲမှာ ရရှိခဲ့တဲ့ ခက်ခဲတဲ့ အနိုင်ရလဒ်ကို လာမယ့်အပါတ် ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာရော ဆက်လက်သယ်ဆောင် သွားနိုင်မလား.. စောင့်ကြည့်ရဦးမှာပါ..။ ကဲ.. နောက်အပါတ်ကြရင် ထပ်ပြီးဆုံကြရအောင်ရှင့်..။