feature-image

မန် စီးတီးအသင်းနှင့်ပွဲမှ မက်တီယို ကိုဗာဆစ် ၏ လက်ထိဘောအပေါ် သုံးသပ်ချက်

ချယ်လ်ဆီးအသင်းနှင့် မန်ချက်စတာ စီးတီးအသင်းတို့ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် (၁) ဒုတိယပိုင်း (၇၆) မိနစ်တွင် ချယ်လ်ဆီးအသင်း ဂိုးဧရိယာအတွင်း၌ မာလို ဂတ်စ်တို ၏ ဖြတ်တင်ပေးပို့မှုအား မက်တီယို ကိုဗာဆစ် က တားဆီးရန် ကြိုးစားရာတွင် သူ၏ညာဘက်လက်နှင့် ထိသွားခဲ့သော်လည်း ဒိုင်လူကြီး အန်တော်နီ တေလာ က လက်ထိဘော စည်းမျဉ်းသစ်အရ ချယ်လ်ဆီးအသင်းအား ပင်နယ်တီ ပြစ်ဒဏ်ပေးရန် ငြင်းဆန်ခဲ့သည်..။ အဆိုပါဖြစ်ရပ်အပေါ် Premier League Production က တင်ဆက်သည့် ‘Match Officials Mic’d Up’ အစီအစဉ်တွင် လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် နှင့် ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ (PGMOL) အကြီးအကဲ (Chief Referee Officer) ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဒ် ဝက်ဘ် တို့က VAR အဖွဲ့သားများနှင့် ကွင်းလယ်ဒိုင်လူကြီးတို့ အပြန်အလှန် ပြောကြားခဲ့သည့် အသံဖိုင်အပေါ် မူတည်ပြီး ယခုလိုသုံးသပ်၊ ဆွေးနွေးခဲ့ကြသည်..။  

မိုက်ကယ် အိုဝင် - ဟောင်းဝဒ် ရေ.. ပထမဆုံးအနေနဲ့ အခုတင်ဆက်ပေးတဲ့ Match Officials Mic’d Up အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးနိုင်မလား..?

ဟောင်းဝဒ် ဝက်ဘ် - အခုတင်ဆက်ပေးမယ့် အစီအစဉ်နဲ့ ရှင်းပြချက်တွေဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဒိုင်လူကြီးတွေဟာ သူတို့ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ခဲ့တယ်ဆိုတာ ပရိသတ်တွေအနေနဲ့ ပိုပြီးရှင်းရှင်းလင်းလင်း သိရှိဖို့ (open) နဲ့ ပိုပြီးပွင့်လင်း၊ မြင်သာမှုရှိဖို့ (transparent) ရည်ရွယ်ပါတယ်..။ ဒါ့အပြင် ကျွန်တော်တို့ဒိုင်လူကြီးတွေအနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမှာ သတင်းအချက်အလက်တွေ ဘယ်လိုမျှဝေကြတယ်..၊ ဒိုင်လူကြီးတွေဟာ အကူဒိုင်လူကြီးတွေ၊ VAR အဖွဲ့ဝင်တွေနဲ့ ဘယ်လိုပုံစံ ဆက်သွယ်မှုတွေ ပြုလုပ်ကြတယ်၊ ဘယ်လိုနည်းနဲ့ အလုပ်လုပ်ကြတယ်ဆိုတာ သိစေချင်ပါတယ်..။ နောက်ပြီးအခုပြောကြားခဲ့တဲ့ ဆွေးနွေးမှုတွေ၊ ဒိုင်လူကြီးနဲ့ VAR အဖွဲ့တို့ ဆွေးနွေးခဲ့ကြတဲ့ အသံဖိုင်တွေဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်လို့ ယုံကြည်မိပါတယ်..။

မိုက်ကယ် အိုဝင် - ဒါဆိုရင် ခင်ဗျားတို့မျှဝေမယ့် အသံဖိုင်တွေမှာ ဘယ်သူတွေရဲ့ ပြောကြားချက်တွေ ပါဝင်ဖို့ရှိလဲ..?

ဟောင်းဝဒ် ဝက်ဘ် - ကွင်းလယ်ဒိုင်လူကြီး (REF) နဲ့ ဒိုင်အဖွဲ့အချင်းချင်းကြားက ပြောဆိုချက်တွေ၊ VAR အခန်းထဲမှာ အဓိကတာဝန်ယူရတဲ့ Video Assistant Referee ဒိုင်လူကြီး (VAR) နဲ့ လက်ထောက် Assistant Video Assistant Referee (AVAR) တွေရဲ့ ပြောဆိုချက်တွေ ပါဝင်ပါတယ်..။ VAR နဲ့ AVAR ဒိုင်တွေဟာ ကွင်းလယ် ဒိုင်လူကြီးရဲ့ အဆုံးအဖြတ် မှန်ကန်မှုရှိ၊ မရှိ ပြန်လည်စစ်ဆေးပြီး VAR အဖွဲ့ဘက်က ပါဝင်ပေးဖို့ လို၊ မလို ဆုံးဖြတ်ရပါတယ်..။ ဒါ့အပြင် အနှေးပြကွက်တွေ၊ VAR ဒိုင်တွေ၊ ကွင်းလယ်ဒိုင်တွေအတွက် အကောင်းဆုံးပြကွက်တွေကို စီစဉ်ပေးရတဲ့ Replay Operator (RO) ရဲ့  ပြောကြားချက်တွေလည်း ပါဝင်ပါမယ်..။



မိုက်ကယ် အိုဝင် - ဟုတ်ကဲ့ပါ..။ နောက်ထပ်ပြီး သိချင်တာက အခု ၂၀၂၄/၂၅ ဘောလုံးရာသီမှာ ခင်ဗျားတို့ PGMOL ရဲ့ VAR အသုံးပြုပုံမှာ ဘာတွေအပြောင်းအလဲ ပြုလုပ်ခဲ့တာ ရှိခဲ့လဲဗျ..?

ဟောင်းဝဒ် ဝက်ဘ် - ဒီနှစ်ဘောလုံးရာသီမှာ ကျွန်တော်တို့ဟာ ‘ဒိုင်လူကြီးရဲ့ အဆုံးအဖြတ် (Referee’s call)’ ဆိုတာကို စတင်မိတ်ဆက်ခဲ့ပါတယ်..။ ပြီးခဲ့တဲ့ရာသီမှာ ဒိုင်လူကြီးတွေနဲ့ VAR အဖွဲ့သားတွေ ကျူးလွန်ခဲ့တယ်လို့ဆိုတဲ့ ‘သိသာ၊ ထင်ရှားတဲ့ အမှားအယွင်းတွေ (clear and obvious error)’ နဲ့ ပတ်သက်ပြီး ဝေဖန်သံ ဆူညံခဲ့တာကို ကျွန်တော်တို့ သတိပြုမိခဲ့ပါတယ်..။ အဲဒီအမှားအယွင်းတွေကို ချေဖျက်နိုင်ဖို့ ကြိုးစားရာမှာ ကွင်းလယ်ဒိုင်လူကြီးတွေရဲ့  ကွင်းအတွင်းက ဆုံးဖြတ်ချက်တွေကို (on field decision) ပိုပြီးအလေးပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ခဲ့ပါတယ်..။

ဒါ့ကြောင့်ကွင်းလယ် ဒိုင်လူကြီးအနေနဲ့ ‘သူဘယ်လို ဆုံးဖြတ်ခဲ့ပါတယ်..’ ဆိုတာကို VAR အဖွဲ့ထံ အသိပေးဖို့က အရေးအကြီးဆုံး ဖြစ်လာပါတယ်..။ တကယ်တော့ ပွဲတစ်ပွဲကစားတဲ့အချိန်မှာ ပြစ်ဒဏ်ကျူးလွန်တယ်..၊ မကျူးလွန်ဘူး.. ဆိုတာကို တဒင်္ဂအတွင်း ဆုံးဖြတ်ရတာ ဖြစ်သလို ဖြစ်ရပ်အများစုဟာ တိကျတဲ့ ဆုံးဖြတ်ချက်ပေးဖို့ ခက်ခဲတဲ့ အရာတွေ၊ ‘သို့လော..၊ သို့လော (shade of gray)’ အရာတွေ ဖြစ်နေတတ်တာကြောင့် ဒိုင်လူကြီးတွေဟာ တိကျတဲ့ သက်သေ၊ သာဓကတွေ ရှာဖွေချိန်မရပဲ ကိုယ့်ရဲ့အတွေ့အကြုံ၊ ထင်မြင်ချက်တွေအပေါ်မှာပဲ အခြေခံပြီး (subjective decision) ဆုံးဖြတ်ရတာပါ..။

အဲဒီအတွက် အရမ်းကိုသိသာ၊ ထင်ရှားလွန်းတဲ့ အမှားအယွင်း မဟုတ်သရွှေ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်ကပဲ ‘အတည်’ ဖြစ်လိမ့်မယ် ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးတွေနဲ့ VAR အဖွဲ့သားတွေကို ကျွန်တော်တို့ မှာကြားထားပါတယ်..။ တကယ်လို့ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားပေးနိုင်ဖို့ သံသယရှိနေပြီဆိုရင် ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်ကိုပဲ လက်ခံဖို့ ဖြစ်ပါလိမ့်မယ်..။



နောက်ပြီးကျွန်တော်တို့ဟာ ဖြစ်ရပ်တွေအပေါ် အလွန်အမင်း အသေးစိတ်၊ အဏုစိတ် သုံးသပ်တာမျိုးလည်း မဖြစ်ချင်ပါဘူး..။ ခင်ဗျားတို့၊ ကျွန်တော်တို့ ကြည့်လိုက်တာနဲ့ သိသိသာသာကြီးကို လွဲနေပြီ.. ဆိုတဲ့အခါကျမှသာ VAR နဲ့ ကွင်းဘေးက pitch side monitor တွေကို အသုံးပြုဖို့ပါပဲ..။ အဓိကရည်ရွယ်ချက်က ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေ ပိုပြီးမြန်ဆန်လာဖို့ ဖြစ်ပါတယ်..။ VAR ကို အားကိုးလွန်းရင် အဆုံးအဖြတ်တစ်ခုပေးနိုင်ဖို့ ကြန့်ကြာလာတယ်..၊ အဲဒီလိုကြန့်ကြာမှုတွေဟာ အားလုံးအတွက် စိတ်ပျက်စရာ ဖြစ်ရတယ်.. ဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ်..။

ကဲ.. ကျွန်တော်တို့ ဒိုင်လူကြီးနဲ့ VAR အဖွဲ့ဝင်တွေ အပြန်အလှန် ပြောဆိုထားတဲ့ အသံဖိုင်တွေကို လေ့လာကြရအောင်....

+++      ++++     +++++
VAR - မာလို ဂတ်စ်တို ဂိုးရှေ့ကိုပြန်ချိုးပေးတာကို နောက်ခံလူက သူ့ရဲ့ကျောနဲ့ တားလိုက်တယ်..။ လက်တွေကို နောက်မှာဖွက်ထားတယ်ဗျ..။ ဘောလုံးဟာ လက်နဲ့ထိမိတဲ့ပုံ မရှိဘူး..
AR 1 - မှန်ပါတယ်..။ နောက်ကျောနဲ့ပဲ ထိမိသွားတာပါ..။ ရှင်းလင်းပါတယ်..။
REF - ဘောလုံးဟာ မာလို ဂတ်စ်တို ဆီပဲ ပြန်ရောက်လာပြီး သူကနောက်ထပ်တစ်ကြိမ် ထပ်ပေးတယ်..။ ကိုဗာဆစ်နဲ့ထိပြီး ထောင့်ကန်ဘော ဖြစ်ပါတယ်..။
AR 1 – ကိုဗာဆစ် နဲ့ လက်နဲ့ထိသွားတယ်..!! လက်နဲ့ထိသွားပါတယ်ဗျ…။ ဒါပေမယ့် ကြည့်ရတာ တမင်သက်သက် တားဆီးဖို့ ရည်ရွယ်ချက်မရှိပဲ ကန်တင်လိုက်တဲ့ ဘောလုံး လက်ရဲ့အလိုအလျောက် လှုပ်ရှားမှု (natural position) မှာပဲ ထိမိသွားပုံ ရပါတယ်..။ အနှေး၊ အမြန် နောက်ထပ်တစ်ကြိမ် ပြန်ကြည့်ပါမယ်..။



AVAR - မှန်ပါတယ်..။ နောက်ထပ်တစ်ကြိမ် သေသေချာချာ ပြန်ကြည့်ပါမယ်…။
VAR - လက်ထိဘောနဲ့ ပင်နယ်တီပြစ်ဒဏ် ဖြစ်နိုင်ချေရှိတဲ့အတွက် ပြန်ပြီးစစ်ဆေးကြည့်ပါမယ်..
REF - အိုကေပါ..။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကတော့ ‘ထောင့်ကန်ဘော’ ပဲနော်..။
RO - အခုအောက်မှာ ပြထားတဲ့ပုံ.. အဲဒီနေရာမှာ ‘ထိမိ’ တာနော်..
REF - မှန်ပါတယ်..။ ဘောလုံးဟာ လက်ကိုတည့်တည့်ထိပေမယ့် သူ့ရဲ့ခန္ဓာကိုယ်နဲ့ တစ်တန်းတည်းလောက် ဖြစ်နေတယ်နော်


VAR – Yeah..! ကျွန်တော်လည်း ပင်နယ်တီမပေးဖို့ သဘောတူပါတယ်..။ ကိုဗာဆစ် ရဲ့ လက်အတွင်းဘက်ကို ထိမိတာဖြစ်ပေမယ့် ဂတ်စ်တို ကန်တဲ့အချိန် သူနဲ့အရမ်းကို နီးကပ်လွန်းနေပါတယ်..
AR 1- ဘောလုံးကို လက်နဲ့တားဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုမရှိပါဘူး..။
VAR - မှန်ပါတယ်..။ ကိုဗာဆစ် ဟာ လက်ကိုဆန့်လိုက်တာ မှန်ပေမယ့် ဂတ်စ်တို ကန်လိုက်တဲ့ဘောလုံးဟာ သူနဲ့အရမ်းကို နီးကပ်လွန်းနေပါတယ်..။ ဒါ့အပြင်သူဟာ ဘောလုံးကို ဘယ်ခြေနဲ့တားဖို့ ကြိုးစားတာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ညာဘက်လက်က အလိုအလျောက် ပါလာမှာပဲ….။ ဒါ့ကြောင့်ပင်နယ်တီ မပေးသင့်ပါဘူး..။
AVAR – Ok.. သဘောတူပါတယ်..


VAR - ကွင်းလယ်ဒိုင်လူကြီးရဲ့ ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ချက်အတိုင်း အတည်ပြုပါတယ်..။ confirmed..
REF - ထောင့်ကန်ဘောပါ..။ confirmed…
+++      ++++     +++++

မိုက်ကယ် အိုဝင် - အိုကေ.. ဟောင်းဝပ်ဒ် ရေ… ‘လက်ထိဘော’ ဆိုတာ ခင်ဗျားလည်း သဘောတူပါတယ်..။ အဲဒီဆုံးဖြတ်ချက်မှာ ခင်ဗျားတို့ဟာ အရင်တုန်းကထက်စာရင် ပိုပြီးသဘောကောင်း.. (lenient) သည်းခံပေးခဲ့တဲ့ပုံ ဖြစ်နေတယ်လို့ မထင်မိဘူးလား..?

ဟောင်းဝဒ် ဝက်ဘ် - ကွင်းလယ်ဒိုင်လူကြီးဟာ ကျွန်တော်တို့ရည်ရွယ်ထားတဲ့ စည်းမျဉ်းဘောင်အတွင်းမှာပဲ ဆုံးဖြတ်သွားခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်..။ ဒီနှစ်ရာသီမစတင်ခင်မှာ ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး အသင်းမန်နေဂျာတွေ၊ အသင်းခေါင်းဆောင်တွေ၊ ခင်ဗျားတို့လို မီဒီယာလောကကို ရောက်ရှိနေတဲ့သူတွေနဲ့ပါ တိုင်ပင်၊ ဆွေးနွေးပြီး သူတို့တွေရဲ့ သုံးသပ်ချက်တွေ၊ ထင်မြင်ယူဆချက်တွေကို နားထောင်ခဲ့ပါတယ်..။

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဥပမာပေးရမယ်ဆိုရင် ‘ဆုံးဖြတ်ချက်ပေးသင့်တဲ့ အနေအထား (justifiable position)’ ဆိုတာ ဘာလဲ..? ဆိုတာကို အားလုံးနားလည်၊ သဘောတူညီနိုင်ဖို့ပါပဲ..။ တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဘောလုံးကို လက်နဲ့ပုတ်ထုတ်ဖို့ ကြိုးစားခဲ့တာလား..? သူ့ရဲ့အလိုအလျှောက် လှုပ်ရှားမိခဲ့တဲ့လက်ကို ဘောလုံးကလာပြီး ထိခဲ့တာလား..? ဆိုတဲ့အပေါ် အားလုံးရဲ့ရှုမြင်ပုံတွေ တူညီနေဖို့ လိုပါတယ်..။



အခုဖြစ်ရပ်မှာဆိုရင် ပူးတွဲပုံမှာ ပြထားတဲ့အတိုင်း မက်တီယို ကိုဗာဆစ် ဟာ မာလို ဂတ်စ်တို ရဲ့ ပေးပို့မှုကို တားဆီးနိုင်ဖို့ ကြိုးစားပါတယ်..။ အဲဒီအချိန်မှာ သူ့ရဲ့လက်တွေဟာ အလိုက်သင့် လိုက်ပါလာပါတယ်..။ ဘယ်ခြေကိုဆန့်ထုတ်လိုက်ရင် ညာဘက်လက်က အလိုအလျောက်ပါလာမှာပဲလေ..။ ဒါပေမယ့် ဂတ်စ်တို ကန်လိုက်တဲ့အချိန် သူနဲ့အရမ်းကို နီးကပ်လွန်းနေပါတယ်…။ ဒါ့ကြောင့်လည်းပွဲကစားနေရင်း အလိုအလျောက် နောက်ဆက်တွဲ ပါလာတဲ့ ဖြစ်ရပ်တွေအဖြစ် ကျွန်တော်တို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်..။

မှန်ပါတယ်..။ ပြီးခဲ့တဲ့ရာသီတွေမှာဆိုရင် အဲဒီလိုဖြစ်ရပ်မျိုး.. တားဆီးမှုမျိုးကို ပင်နယ်တီပေးဖြစ်ချင် ပေးဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့်ကျွန်တော့်တို့တွေဟာ လက်ထိဘောတွေကို ပင်နယ်တီပြစ်ဒဏ်ပေးတာ များလွန်းနေတယ်ဆိုပြီး ခင်ဗျားတို့ပဲ ဝေဖန်ခဲ့ကြတာ မဟုတ်ဘူးလား..? ကစားသမားတွေဟာ တစ်ချိန်လုံးလိုလို လက်ကြီးတွေဖွက်ပြီး ဘောလုံးကစားနေကြတာ ကျွန်တော်တို့လည်း မမြင်တွေ့ချင်ပါဘူး..။ အဲဒါဟာ သဘာဝ မကျပါဘူး..။ ဒါ့ကြောင့်နောက်ပိုင်းမှာ အခုလိုဖြစ်ရပ်မျိုးမှာ လက်ထိဘောအဖြစ် ပြစ်ဒဏ်ပေးတာတွေ ပိုပြီးနည်းပါးလာပါလိမ့်မယ်..။

မိုက်ကယ် အိုဝင် - Yeah..! အခုဖြစ်ရပ်မှာ ကိုဗာဆစ် ရဲ့ လက်ထိဘောကို ပင်နယ်တီပြစ်ဒဏ်မပေးတာ ကျွန်တော်လက်ခံပါတယ်..။ လက်ထိတိုင်း ပင်နယ်တီပေးမယ်.. ဆိုတာကလည်း သဘာဝမကျပါဘူး..။ တကယ်လို့ အခုလိုဖြစ်ရပ်နဲ့ အလားတူအခြေအနေမျိုးမှာ ဒိုင်လူကြီးက ပင်နယ်တီပေးခဲ့မယ်ဆိုရင် ခင်ဗျားတို့ VAR တွေဘက်က သူ့ရဲ့စိတ်ပြောင်းသွားအောင် ဝင်ရောက်စွက်ဖက်ပေးဖို့ ရှိနိုင်လား..?



ဟောင်းဝက်ဒ် ဝက်ဘ် - ကျွန်တော်တို့ ဝင်ရောက်စွက်ဖက်လိမ့်မယ်လို့ မထင်ပါဘူး..။ အခုဖြစ်ရပ်မှာ ပင်နယ်တီပေးမယ်.. ဆိုရင်လည်း အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံပေးနေတဲ့အချက်.. လက်ကိုမြှောက်လိုက်တယ်..၊ သူ့ရဲ့ခန္ဓာကိုယ်ကို ပိုပြီးကြီးလာအောင် လုပ်လိုက်တယ်.. ဆိုတဲ့ လှုပ်ရှားမှုကလည်း ရှိနေပါတယ်..။ ပွဲပြီးတဲ့အချိန် ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ ထင်မြင်ချက်ကို နားထောင်ကြည့်တဲ့အခါ လက်ထိဘောအဖြစ်နဲ့ ပင်နယ်တီပေးသင့်တယ်.. ဆိုတဲ့သူတွေကလည်း မနည်းလှပါဘူး..။

ဒါ့ကြောင့်အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင်လည်း ကျွန်တော်တို့ဟာ ’ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်တယ်..’ ဆိုတဲ့ ‘referee’s call’ ကိုပဲ ပြန်ပြီးရည်ညွှန်းရမှာပါပဲ..။ ကျွန်တော်တို့ဟာ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို လေးစား၊ လိုက်နာရပါမယ်..။ ဒိုင်လူကြီးတွေဟာ သူတို့မြင်တဲ့အရာတွေကို သူတို့ရဲ့အတွေ့အကြုံ၊ သင်ကြားမှုတွေပေါ် မူတည်၊ ဆုံးဖြတ်ပါမယ်..။ အရမ်းကြီးလွှဲမှားနေရင်တော့ VAR က ဝင်ရောက်၊ ပါဝင်ပါမယ်..။

အခုဖြစ်ရပ်ကိုပြန်ပြီး ခြုံငုံပြောရမယ်ဆိုရင် ဘောလုံးဟာ ကိုဗာဆစ် ရဲ့ မြှောက်ထားတဲ့လက်နဲ့ ထိမိခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကလည်း ‘ပင်နယ်တီပေးသင့်တယ်’ လို့ မထင်မိသလို ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကလည်း ပင်နယ်တီပေးသင့်တဲ့ဖြစ်ရပ်လို့ မယူဆခဲ့ပါဘူး..။ VAR နဲ့ ပြန်ပြီး စစ်ဆေးကြည့်တဲ့အခါမှာလည်း အဲဒီအတိုင်း ထပ်တူကျခဲ့ပါတယ်..။