feature-image

‘အင်ဇို မာရက်စ်ကာ’ နှင့် ပွဲပြီးစကားဝိုင်း (ဝက်စ်ဟမ်း vs ချယ်လ်ဆီး)

စနေနေ့ညပိုင်းက London Stadium ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းက အိမ်ရှင်ဝက်စ်ဟမ်း အသင်းအား ၃ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီးတွင် နည်းပြ အင်ဇို မာရက်စ်ကာ မှာ အဆိုပါပွဲစဉ်မှ အသင်း၏နည်းစနစ် အစီအမံများနှင့် ပတ်သက်ပြီး ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် လိဒ် ယူနိုက်တက် အမျိုးသမီးအသင်း ကစားသမားဟောင်း လူစီ ဝါ့ဒ် တို့၏ မေးမြန်းချက်များကို TNT Sports ရုပ်သံဌာနမှတင်ဆက်သည့် ပွဲပြီးစကားဝိုင်း အစီအစဉ်တွင် အောက်ပါအတိုင်း ဖြေကြားသွားခဲ့ပါသည်..။

ဂျိုး ကိုးလ် - Hello.. ဘော့စ်..၊ ဒီနေ့မှာတော့ ခင်ဗျားတို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ အနိုင်ပွဲတစ်ပွဲလို့ ပြောရမှာပါပဲ..။ ခင်ဗျားတို့ရဲ့ စွမ်းဆောင်မှုကို အထူးချီးကျူး၊ ဂုဏ်ပြုလိုက်ပါတယ်ဗျ..။
လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..။ ဒီနေ့ပွဲဆိုရင် ရှင်တို့အသင်းဟာ တကယ့်ကို လျှင်မြန်လှတဲ့ တန်ပြန်တိုက်စစ်တွေနဲ့ အိမ်ရှင်ဝက်စ်ဟမ်းအသင်းကို တစစီ ချိုးခြေနိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ..။ ပထမဆုံး မေးချင်တာက ဒီနေ့ပွဲမှာ အခုလိုရလဒ်မျိုးကို လွယ်လွယ်ကူကူနဲ့ ရရှိခဲ့တဲ့အပေါ် အံ့အားမသင့်မိဘူးလား…?

အင်ဇို မာရက်စ်ကာ - လွယ်လွယ်ကူကူနဲ့ အနိုင်ရခဲ့တယ်လို့ ကျွန်တော်မထင်မိပါဘူး..။ သွင်းဂိုးတွေ စောစောစီးစီး ရခဲ့လို့သာ အဲဒီလိုတွေးခဲ့ကြတာ ဖြစ်ပါလိမ့်မယ်..။ ဒါ့အပြင်စောစောစီးစီး သွင်းဂိုးတွေ ပေးလိုက်ရတာကြောင့် သူတို့ဘက်မှာလည်း စိတ်ပိုင်းဆိုင်ရာမှာရော၊ ပွဲချဉ်းကပ်ပုံ.. နည်းစနစ်ပိုင်းအရမှာပါ အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်..။

ဒါပေမယ့် ပွဲမစခင်ကတည်းက ပြောခဲ့သလို ဝက်စ်ဟမ်းအသင်းဟာ သိပ်ကိုထူးချွန်တဲ့ မန်နေဂျာတစ်ယောက် ကိုင်တွယ်နေတဲ့ အသင်းကောင်းတစ်သင်း ဖြစ်သလို မိုဟာမက် ကူဒို့စ်၊ လူးကပ်စ် ပါကွဲတား တို့လို ထိပ်တန်း ကစားသမားကောင်းတွေလည်း အသင်းမှာရှိနေပါတယ်..။ တစ်ပွဲလုံးအနေနဲ့ ခြုံငုံပြီး ပြောရမယ်ဆိုရင် ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ အနိုင်ပွဲတစ်ပွဲကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ကစားသမားတွေဟာ  ရှင့်ရဲ့နည်းစနစ် အစီအမံတွေကို အသေအချာ နားလည်နေပြီး အကျွမ်းတဝင် ဖြစ်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ အသင်းသားတွေဟာ ရှင့်ရဲ့ညွှန်ကြားမှုအောက်မှာ တသွေးတည်း၊ တသားတည်း ဖြစ်နေပြီလို့ ပြောလို့ရနိုင်ပြီပေါ့.။ ဒီနေ့ပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ရှင့်စိတ်ထဲမှာ အားရကျေနပ်မှု အဖြစ်ရဆုံး အရာတစ်ခုခုကို ပြောပြနိုင်မလား..?

အင်ဇို မာရက်စ်ကာ - တစ်သင်းလုံးရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်၊ အားရပါမိတယ်..။ တကယ်လို့ ကစားသမားတစ်ယောက်ဟာ ကျွန်တော့်ရဲ့ နည်းစနစ်ကိုမှ နားမလည်ဘူးဆိုရင် ကစားခွင့်ရမှာ မဟုတ်ပါဘူး..။ ရှင်းရှင်းလေးပါပဲ..။ အသင်းသားတွေနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှု အဖြစ်ရဆုံးအရာကို ပြောရမယ်ဆိုရင် သူတို့တွေဟာ အပြောင်းအလဲတွေကို လက်ခံနိုင်စွမ်း (open minded) ကောင်းမွန်တယ်..၊ သင်ယူချင်စိတ် ပြင်းပြနေတဲ့သူတွေ ဖြစ်ကြတာပါပဲ..။

အသင်းကိုရောက်စအချိန်မှာ သူတို့တွေအတွက် နည်းစနစ်ပိုင်းနဲ့ ပတ်သက်တဲ့ video သင်ခန်းစာ အများအပြား စီစဉ်ပေးခဲ့ပါတယ်..။ အတော့်ကိုပြင်းထန်ခဲ့တဲ့ သင်ကြားမှုတွေလို့ ပြောရမှာပါ..။ အခုအချိန်မှာတော့ အဲဒီသီအိုရီ.. သင်ခန်းစာတွေကို လက်တွေ့ကွင်းထဲက လှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ပြီး ကျွန်တော်တို့လိုချင်တဲ့ အစီအမံတိုင်း အတိအကျ ဖြစ်လာအောင် တွန်းအားပေး..၊ ဆောင်ရွက်နေပါတယ်..။

လူစီ ဝါ့ဒ် - အင်ဇို ရေ… ဒီနေ့ပွဲမှာဆိုရင် ရှင့်ရဲ့အသင်းက ကစားသမား အတော်များများ အထူးခြေစွမ်းပြသွားခဲ့ပြီး အထူးသဖြင့် နီကိုလပ်စ် ဂျက်ဆင်၊ မွိုက်စ် ကိုင်ဆီဒို၊ ဗဟိုခံစစ်မှူးနှစ်ယောက်ဖြစ်တဲ့ လီဗိုင်း ကိုဝဲလ် နဲ့ တိုဆင် အဒါယာဘိုင်ယိုရို တို့ဟာ ပွဲကြည့်ပရိသတ်တွေကို မျက်စိကျအောင် ကစားပြသွားနိုင်ခဲ့ပါတယ်..။ ရှင့်ရဲ့စိတ်ထဲမှာ သဘောအကျဆုံးက ဘယ်သူဖြစ်မလဲရှင့်..?

အင်ဇို မာရက်စ်ကာ - နီကိုလပ်စ် ဂျက်ဆင် နဲ့ ကိုးလ် ပါးမား တို့နှစ်ယောက် ဖြစ်ပါလိမ့်မယ်..။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ဟာ သူတို့အသင်းရဲ့ခံစစ်ဇုန်ထဲမှာ pressing ပြုလုပ်ရမယ်ဆိုရင် 3 vs 2 အနေအထားနဲ့ ဖိအားပေးနိုင်အောင် စီစဉ်ခဲ့ပါတယ်..။ သူတို့ဟာ back five အထိုင်နဲ့ ခံစစ်ဆင်မှာ ဖြစ်တာကြောင့် ဗဟိုခံစစ်မှာ သုံးယောက်ရှိပါမယ်..။ အဲဒီခံစစ်မှူးသုံးယောက်ကို နီကိုလပ်စ် နဲ့ ပါးမား တို့နှစ်ယောက်ထဲနဲ့ပဲ ဖိအားပေး ကစားဖို့ ညွှန်ကြားခဲ့ပါတယ်..။ ဒါ့ကြောင့်သူတို့တွေဟာ အရမ်းကိုအင်အား စိုက်ထုတ်ခဲ့ကြရပါတယ်..။

သူတို့နှစ်ယောက်စလုံးဟာ ကျွန်တော်လိုချင်တဲ့ pressing အစီအမံအတိုင်း အတိအကျ ကစားနိုင်ခဲ့သလို သွင်းဂိုးတွေပါ ရရှိခဲ့တာကြောင့် အတိုးထက်အလွန်ပါပဲ…။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့နှစ်ယောက်ရဲ့ off the ball လှုပ်ရှားမှုတွေနဲ့ pressing ပိုင်း ကစားပုံတွေကို ပိုပြီးနှစ်သက်ခဲ့ပါတယ်..။



ဂျိုး ကိုးလ် - တစ်ခုလောက် မေးလို့ရမလား..? အင်ဇို ရေ..။ ဝက်စ်ဟမ်း အသင်းဟာ ကွင်းလယ်အဖျက် ကစားသမား အက်ဒ်ဆင် အယ်လ်ဗာရက်ဇ် ကို ဗဟိုခံစစ်မှူးနှစ်ယောက်ကြားထဲ ဆင်းခိုင်းခဲ့ပြီး back five ခံစစ်အထိုင်ချ ကစားခဲ့ပါတယ်..။ ဒါ့ကြောင့်ညာအစွန် နောက်ခံလူ ဝမ်-ဘီဆာကာ ဟာ right wing back ပုံစံဖြစ်သွားပြီး မာ့စ် ကူကူရယ်လာ နဲ့ တစ်ဦးချင်း ရင်ဆိုင်ခဲ့ရပါတယ်..။

သူတို့ရဲ့အခင်းအကျင်းဟာ ကျွန်တော်တို့အတွက် အရမ်းကိုအဆင်ပြေစေခဲ့ပြီး အဖွင့်ဂိုးမှာဆိုရင် နီကိုလပ်စ် ဂျက်ဆင် ဟာ အဲဒီ right wing back နဲ့ center back ကြားထဲက နေရာလွတ်ကြီးကို အသုံးချပြီး သွင်းယူနိုင်ခဲ့ပါတယ်..။ သူတို့ခံစစ်ကစားတဲ့ပုံစံမှာ ပေါ်လာနိုင်မယ့် အားနည်းချက်ကို အသုံးချပြီး အဲဒီအတိုင်း ဖြစ်လာဖို့ ခင်ဗျားတို့ကြိုတင် မျှော်လင့်ခဲ့တာလား..?

အင်ဇို မာရက်စ်ကာ - ဟုတ်ပါတယ်..။ ရာသီစကတည်းက ဝက်စ်ဟမ်းအသင်းဟာ ပွဲတိုင်းလိုလို ကွင်းလယ်အဖျက် ကစားသမားကို ဗဟိုခံစစ်မှူးတွေကြားထဲဆင်းပြီး ကစားခိုင်းခဲ့တာ သတိပြုမိပါတယ်..။ မန်ချက်စတာ စီးတီး၊ ဖူးလ်ဟမ်းနဲ့ပွဲတွေမှာလည်း ကွင်းလယ်က တစ်ယောက်ယောက်ကို ဗဟိုခံစစ်ကြောင်းကို ဆင်းခိုင်းပြီး ပွဲချိန်တစိတ်တပိုင်းတော့ ကစားခဲ့ပါတယ်..။ ဒါ့ကြောင့်ဒီနေ့မှာလည်း အဲဒီပုံစံနဲ့ ရင်ဆိုင်လိမ့်မယ်လို့ ကြိုတင်မျှော်လင့်ထားခဲ့ပါတယ်..။

သူတို့ရဲ့ခံစစ်မှူးသုံးယောက်ကို နီကိုလပ်စ် နဲ့ ပါးမား တို့နဲ့ ရင်ဆိုင်မယ့် ကျွန်တော့်ရဲ့ 3 vs 2 pressing set up ကလည်း အဲဒီပုံစံ ကစားလာမယ်ဆိုတာ ကြိုတင်တွေးထားမိခဲ့လို့ ဖြစ်ပါတယ်..။ ဗဟိုခံစစ်မှာ သုံးယောက်ထိုင်မယ်ဆိုရင် ညာဘက်က ဝမ်-ဘီဆာကာ၊ ဘယ်ဘက်က အီမာဆန် ပါလ်မီးရီ တို့ဟာ wing back တွေအဖြစ် တိုက်စစ်ကို ပိုမိုလိုက်ပါကြလိမ့်မယ်..။ ဒါ့ကြောင့်သူတို့ဆီက ဘောလုံးပြန်ရတာနဲ့ wing back နဲ့ ဗဟိုခံစစ်မှူးတွေကြားထဲက အဲဒီနေရာလွတ်တွေဆီကို အမြန်ဆုံးပေးပို့ပြီး အသုံးချဖို့ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်..။ ဂျက်ဆင် ရဲ့ ပထမအဖွင့်ဂိုးလိုပေါ့ဗျာ..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ချယ်လ်ဆီးအသင်းကို ရောက်လာပြီးတဲ့နောက်ပိုင်း နီကိုလပ်စ် ဂျက်ဆင် ဟာ ပွဲပေါင်း (၅၀) အတွင်းမှာ သွင်းဂိုး (၂၁) ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်..။ အဲဒီစွမ်းဆောင်ရည် အချက်အလက်ဟာ ကျေနပ်ဖို့ကောင်းတဲ့အဆင့်ထဲ ပါဝင်ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ဂိုးသွင်းအဆုံးသတ်ပိုင်း စွမ်းရည်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ သံသယတွေ များပြားနေခဲ့တာ ရှင်လည်းသိမှာပါ..။ ရှင်ကတော့ သူ့ကိုအထောင်တိုက်စစ်မှူး ‘No.9’ အဖြစ် ယုံယုံကြည်ကြည်နဲ့ နေရာပေးနေခဲ့ပါတယ်..။ ဒါ့ကြောင့်သူဟာ အသင်းအတွက် သွင်းဂိုးတွေအပြင် အခြားဘယ်လိုနည်းတွေနဲ့ ပံ့ပိုးပေးနေတယ်ဆိုတာ ပြောပြပေးလို့ ရနိုင်မလား..?

အင်ဇို မာရက်စ်ကာ - သူ့ရဲ့လုပ်အားနှုန်းနဲ့ off the ball ပေးဆပ်ခဲ့မှုတွေအကြောင်း ခုနကပဲ ပြောခဲ့ပြီးပြီလေ..။ နောက်ပြီးကစားသမားတစ်‌ယောက်ဟာ ဂိုးသွင်းခွင့်တွေ လွဲချော်တယ်.. ဆိုပေမယ့် အဲဒီလိုလွဲချော်တိုင်း ကစားပုံ ညံ့ဖျင်းတယ်လို့ ပြောလို့မရတဲ့အကြောင်း အရင်တစ်ပါတ်ကပဲ ပြောခဲ့ဖူးပါတယ်..။ ဘုန်းမောက်အသင်းနဲ့ပွဲမှာဆိုရင် သူဟာအခွင့်အရေး နှစ်ကြိမ်၊ သုံးကြိမ်လောက် လွဲချော်ခဲ့ပါတယ်..။ အဲဒါဆိုနည်းနည်းတော့ များတယ်ပေါ့ဗျာ..။ ဒါပေမယ့် တိုက်စစ်မှူး တစ်ယောက်ဟာ ဂိုးသွင်းခွင့်တွေ လွဲချော်တယ်ဆိုတာ ဖြစ်တတ်ပါတယ်..။

အရင်ပွဲတွေမှာတစ်ပွဲလုံးခြုံငုံသုံးသပ်ရရင် သူ့ရဲ့စွမ်းဆောင်ရည်ဟာ ကျေနပ်ဖို့ကောင်းမွန်ခဲ့သလို ဒီနေ့ပွဲဆိုရင်လည်း အသင်းအပေါ် ပေးဆပ်မှုအပိုင်းမှာသာမက သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေဆိုတဲ့ အချက်အလက်ပိုင်းအရပါ ကျေနပ်ဖို့ကောင်းခဲ့ပါတယ်..။ အထူးသဖြင့် သူနဲ့ကိုးလ် ပါးမား တို့ရဲ့ off the ball လုပ်ရှားမှုတွေ၊ လုပ်အားနှုန်းတွေအပေါ် ပိုပြီးအားရမိပါတယ်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့အချိန်မှာ အသင်းပိုင်ရှင်တွေက ရှင့်ကို ရာသီကုန်ချိန်ကျရင် ‘ထိပ်ဆုံးလေးသင်း နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရမယ်..’ လို့  ဖိအားမပေးခဲ့ဘူးလို့ သိထားခဲ့ပါတယ်..။ ဒါပေမယ့် အခုလက်ရှိအသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ခြေစွမ်းတွေဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ လုံလောက်ပြီလို့ ယူဆနိုင်ပြီလားရှင့်..?

အင်ဇို မာရက်စ်ကာ - No… ။ ကျွန်တော်တို့ဟာ ဒီနေ့ပွဲက စွမ်းဆောင်ရည်အပေါ် အထူးကျေနပ်မိတယ်.. လို့ပဲ ပြောလို့ရပါမယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့မှာကျွန်တော်တို့ဟာ အနိုင်ပွဲရတယ်..၊ clean sheet လည်း ရရှိခဲ့တာကြောင့် ဖြစ်ပါတယ်..။ ဒါပေမယ့် အရေးအကြီးဆုံးက တိုက်စစ်ဆင်တဲ့နေရာမှာ အခုထက် ကောင်းမွန်ဖို့ လိုအပ်နေသေးသလို ခံစစ်ပိုင်း ကာကွယ်မှုတွေမှာလည်း ပိုပြီးတိုးတက်ဖို့ လိုအပ်ပါသေးတယ်..။ အသင်းမှာ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေတဲ့အရာတွေ အများကြီးပါပဲ..။ ဒါ့ကြောင့်အခုလက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့ ဦးစားပေး ရည်မှန်းချက်ဟာ ကိုယ့်ရဲ့အသင်းကို အခုထက်ပိုပြီး တိုးတက်၊ ကောင်းမွန်လာအောင် ဘယ်လိုပုံစံနဲ့ ကြိုးစား၊ ဆောင်ရွက်မလဲ..? ဆိုတာပဲ ဖြစ်သင့်ပါတယ်..။



လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..။ လာမယ့်အပါတ်ကစပြီး ရှင်တို့ဟာ အိမ်ကွင်းမှာ လေးပွဲဆက်တိုက် ကစားရတော့မှာပါ..။ အခုလိုအဝေးကွင်းပွဲစဉ်တွေမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကို အိမ်ကွင်းပွဲစဉ်တွေကျရင် ကိုယ့်ရဲ့ပရိသတ်ရှေ့မှာ ဆက်လက်သယ်ဆောင်ပြီး အိမ်ကွင်းရလဒ်ပိုင်း ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်နိုင်ပြီလား..?

အင်ဇို မာရက်စ်ကာ - သေချာတာပေါ့ဗျာ..။ အိမ်ကွင်းမှာ ပထမဆုံးသုံးမှတ်အပြည့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်..။ အဲဒီနည်းနဲ့ ကျွန်တော်တို့ဟာ အိမ်ကွင်းပရိသတ်တွေကို ပျော်ရွှင်ကျေနပ်ဖို့ အကောင်းဆုံးနေ့တစ်နေ့ ယူဆောင်ပေးနိုင်ပါလိမ့်မယ်..။ အဝေးကွင်းမှာ ကျွန်တော့်တို့ပရိသတ်တွေဟာ တကယ့်ကိုကျယ်ကျယ်လောင်လောင် အားပေးသံတွေနဲ့ ကစားသမားတွေကို ကျေနပ်အားရစေခဲ့ပါတယ်…။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကျရင်လည်း အဲဒီလိုပုံစံနဲ့ အားပေးကြဦးမယ်လို့ မျှော်လင့်ထားပါတယ်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - အင်ဇို ရေ.. ကျွန်မတို့ရဲ့ တွေ့ဆုံပြီး အခုလိုပြည့်ပြည့်စုံစုံ ဖြေကြားပေးတာ အထူးကျေးဇူးပါပဲရှင့်..။ နောက်ပွဲတွေကျရင် ထပ်မံဆုံစည်းကြဖို့ ပြောကြားရင်း နှုတ်ဆက်ပါတယ်နော…။ လူစီ ရေ… ခုနက အင်ဇို ပြောသွားတဲ့အထဲမှာ ‘သူ့ရဲ့နည်းစနစ်တွေကို နားမလည်ဘူးဆိုရင် ကစားခွင့်ရမှာ မဟုတ်ဘူး..’ လို့ ရှင်းရှင်းလင်းလင်း ပြောသွားခဲ့တာ ကျွန်မတော့ သဘောကျမိတာပဲ..။

ပြီးခဲ့တဲ့အပြောင်းအရွှေ့ရာသီအပြီးမှာ ချယ်လ်ဆီးအသင်းဟာ ကစားသမားအင်အား များပြားနေတဲ့အပေါ် ဝေဖန်မှုတွေ အများကြီးရှိနေခဲ့ပါတယ်..။ ဒါပေမယ့် အင်ဇို မာရက်စ်ကာ ဟာ သူရွေးချယ်ထားတဲ့ လူစာရင်းနဲ့ပဲ အာရုံစိုက်ပြီး အသင်းကိုပြင်ဆင်နေပါတယ်..။ အခုဆိုရင် သူ့ရဲ့လူစာရင်းဟာ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတွေအတွက် လုံလောက်မှုရှိနေပြီလို့ ပြောနိုင်ပြီလား..?

လူစီ ဝါ့ဒ် - Yeah…! ကျွန်မလည်း အဲဒီလို ယူဆပါတယ်..။ ဒီနေ့ပွဲမတိုင်ခင် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ အင်ဇို မာရက်စ်ကာ က အသင်းရဲ့နေရာတိုင်းမှာ ကစားသမား နှစ်ယောက်ရှိဖို့ လိုအပ်တဲ့အကြောင်း၊ အထူးသဖြင့် တိုက်စစ်နေရာမှာ ကစားသမားတွေကို ဘယ်လိုပုံစံ စီစဉ်၊ နေရာချထားတဲ့အကြောင်း ရှင်းပြသွားခဲ့ဖူးပါတယ်…။ ဒါ့အပြင်အစောက ပြောသွားတဲ့အထဲမှာ ကစားသမားတွေဘက်က သူ့ရဲ့နည်းစနစ် အစီအမံတွေကို လိုက်နာနိုင်ရမယ်..၊ လိုက်လျောညီထွေ ရှိနေရမယ်..၊ သူ့ဘက်ကတော့ အလျော့ပေးမှာ မဟုတ်ဘူ.. လို့ သတင်းစကား ပေးသွားတဲ့အချက်က အရေးကြီးပါတယ်..။



ဒါပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲက နည်းစနစ်အစီအမံ၊ ပွဲချဉ်းကပ်ပုံတွေအကြောင်း ရှင်းပြရာမှာ  သူဟာတစ်ဘက်အသင်းက စီစဉ်လာမယ့် အခင်းအကျင်းကို ကြိုတင်မှန်းဆနိုင်ခဲ့တာ ရှင်တို့လည်း သတိပြုမိမှာပါ..။ ဝက်စ်ဟမ်းအသင်းရဲ့ ခံစစ်အခင်းအကျင်းအပေါ် မူတည်ပြီး ဂျက်ဆင်၊ ပါးမား တို့ နှစ်ယောက်ရဲ့ ထိထိရောက်ရောက် pressing ပေးနိုင်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်..။ သူ့ရဲ့ပြောကြားချက်ကို နားထောင်လိုက်ရင်တော့ အရမ်းကိုလွယ်ကူ၊ ရိုးရှင်းလွန်းနေသလိုပါပဲ..။ ဒါပေမယ့် ကျွန်မကတော့ သူပြောတာ နားထောင်နေရင်း ချယ်လ်ဆီးအသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်ရှိနေပြီလို့ ခံစားမိနေခဲ့ပါတယ်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဟုတ်ကဲ့ပါရှင့်..။ အသင်းပိုင်ရှင်တွေဘက်ကတော့ ‘ထိပ်ဆုံးလေးသင်း ဝင်ခွင့်ရရမယ်’ လို့ ဖိအားပေးထားတာ မရှိဘူးလို့ သိရပါတယ်..။ ဒါပေမယ့် ရှင်တို့ရဲ့ ချယ်လ်ဆီးလို အသင်းအနေနဲ့ အခုနှစ်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ထပ်ပြီးလွဲချော်ဦးမယ်ဆိုရင် ဆိုးရွားတယ်လို့ မထင်မိဘူးလား..? ဂျိုး ရေ..။ ချန်ပီယံလိဂ် ဝင်ခွင့်ကို နှစ်စဉ်ဆက်တိုက် လွဲချော်နေတာဟာ အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ပျံ့နှံ့မှုကိုအပြင် ဘဏ္ဍာရေးပိုင်းအရပါ ဆုံးရှုံးမှုတွေ ဖြစ်စေမှာပါပဲ..။

ဂျိုး ကိုးလ် - ပထမဆုံးအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အကြောင်း မပြောခင် ကျွန်တော်တို့ရဲ့ မေးခွန်းတွေအပေါ် အင်ဇို ရဲ့ ဖြေကြားမှုတွေကို သဘောကျမိတယ်ဗျ..။ အထူးသဖြင့် ‘ကျွန်တော့်ရဲ့ နည်းစနစ်တွေကို နားမလည်၊ အံမဝင်ရင် ကစားခွင့်ရမှာ မဟုတ်ဘူး..’ လို့ ခပ်ရိုးရိုးပဲ ပြောကြားသွားခဲ့တာဟာ ကစားသမားတွေအတွက် ရည်ရွယ်ပြောကြားခဲ့တဲ့ ကြေငြာချက်တစ်ခုပါပဲ..။ နည်းနည်းမှ လျော့ပေးလို့မရဘူး… ငါကဘော့စ်၊ မင်းတို့ဟာ ကစားသမားတွေဖြစ်တာနဲ့အညီ ငါတို့အတူ လျှောက်ရမယ့်လမ်းအတိုင်း မယိမ်းမယိုင် လျှောက်လှမ်းနိုင်ဖို့ လိုအပ်ပါတယ်လို့ အသိပေးလိုက်တာပါ..။ တကယ်လို့ သူနဲ့သဘောမထား မညီဘူးလား..? ရတယ်… တခြားအသင်းကိုသာ ပြောင်းပေတော့.. လို့ ဆိုလိုတဲ့သဘော ဖြစ်ပါတယ်..။

ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ပတ်သက်လို့က ကျွန်တော်တို့အသင်းဟာ သူတို့ရင်းနှီးမြုပ်နှံထားခဲ့တဲ့ ငွေကြေးသုံးစွဲမှုတွေအရဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရကိုရရှိသင့်ပါတယ်..။ ‘ချန်ပီယံလိဂ်ဝင်ခွင့်ကို မဖြစ်မနေ ယူဆောင်ပေးပေါ..’ လို့ အသင်းဘက်က အတိအကျ ထုတ်မပြောတာ အကြောင်းတစ်ခုခု ရှိပါလိမ့်မယ်..။ ဒါပေမယ့် သူတို့ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ… ချယ်လ်ဆီးလို အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကို ပရိသတ်တွေက မျှော်လင့်ကြတယ်..၊ ကစားသမားတွေကလည်း မျှော်လင့်ကြတယ်..၊ ဘောလုံးကမ္ဘာကြီးကလည်း မျှော်လင့်ကြမှာပါပဲ..။ ဒါ့ကြောင့်အသင်းဘက်က ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရမယ်လို့ ပြောသည်ဖြစ်စေ.. မပြောသည်ဖြစ်စေ.. ကျွန်တော်တို့ရဲ့ အခုနှစ်ရာသီ ရည်မှန်းချက်ဟာ ‘ချန်ပီယံလိဂ်ဝင်ခွင့်’ ပဲ ဖြစ်ရပါမယ်..။  



လူစီ ဝါ့ဒ် - ဟုတ်ကဲပါတယ်..။ ရှင်တို့အသင်းအနေနဲ့ အခုရရှိထားတဲ့ အနိုင်ပွဲတွေရဲ့ အရှိန်အဟုန်ကို ဆက်လက်သယ်ဆောင်သွားနိုင်ဖို့ လိုအပ်တာပေါ့..။ ပြီးခဲ့တဲ့ဘုန်းမောက်အသင်းနဲ့ပွဲမှာ အနိုင်ရဖို့ မထိုက်တန်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့အနိုင်ဂိုးနဲ့ လိုအပ်နေတဲ့ရလဒ်ကို စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ အဲဒီလိုကျားကုတ်ကျားခဲ အနိုင်ပွဲတွေ ရရှိဖို့ဆိုတာ အသင်းတစ်သင်းအဖြစ် စုစည်း၊ ကျစ်လျစ်မှုရှိနေမှ ရရှိနိုင်မှာပါ..။

ဒီနေ့ဆိုရင် ဝက်စ်ဟမ်းအသင်းရဲ့ကွင်းဟာ ခက်ခဲတဲ့ကွင်းတစ်ကွင်း ဖြစ်တယ်..၊ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တယ်..၊ ဝက်စ်ဟမ်းအသင်းဟာ ခြေစွမ်းမပြနိုင်ခဲ့ဘူးဆိုရင်တောင် သူတို့အသင်းမှာ လိုအပ်တဲ့ဂိုးတွေ သွင်းပေးနိုင်မယ့် ကစားသမားတွေ ရှိနေပါတယ်..။ ဒါ့အပြင်ဂျက်ဆင် ရဲ့ ဒုတိယဂိုးမှာ သူ့ရဲ့ကန်သွင်း၊ အဆုံးသတ်ချက်ဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပြည့်ဝနေတဲ့ တိုက်စစ်မှူးတစ်ယောက်ရဲ့ တိကျ၊ သေသပ်တဲ့ အဆုံးသတ် ကန်သွင်းချက် ဖြစ်ပါတယ်..။

လင်းဆေး ဟစ်ပ်ဂရေ့ဗ် - ဒါဆိုရင် ရှင့်ရဲ့ထိပ်ဆုံးလေးသင်း စာရင်းထဲမှာ ချယ်လ်ဆီးကို ထည့်ထားမှာလား..?
လူစီ ဝါ့ဒ် - ထည့်ထားရမှာပေါ့..၊ ချယ်လ်ဆီးကို ထည့်သွင်းမစဉ်းစားဘူးလို့ ဖြေလိုက်ရင် ဂျိုး ကိုးလ် ငိုသွားလိမ့်မယ်.. ဟားဟား..
ဂျိုး ကိုးလ် - Just… just.. အခုမှထည့်လိုက်တာမလား..? ရာသီကုန်ချိန်ကျရင် စပါးအသင်းဟာ ချယ်လ်ဆီးရဲ့ အထက်မှာ ရှိနေလိမ့်မယ်လို့ ခင်ဗျားအခုအချိန်ထိ ယူဆနေတုန်းပဲလားဗျ.. ဟားဟား..။ အခုအထိတော့ ခင်ဗျားရဲ့အသင်းဟာ ဘရန့်တ်ဖို့ဒ်ကို တစ်ဂိုးနဲ့ရှုံးနေသေးတယ်နော်… ဆောရီးပါ..
လူစီ ဝါ့ဒ် - အင်းပါ.. ပွဲပြီးမှဆက်ပြောကြတာပေါ့..။ ကျွန်မရဲ့စိတ် ပြောင်းချင်လည်း ပြောင်းသွားမှာပဲ.. ဟားဟား..