feature-image

‘Match of the Day’ မှ ချယ်လ်ဆီးအသင်းအပေါ် သုံးသပ်ချက် (လီဗာပူးလ် vs ချယ်လ်ဆီး)

တနင်္ဂနွေနေ့က အန်ဖီးလ် ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ တိုးတက်ရန် လိုအပ်သည့်နေရာများအပေါ် လီဗာပူးလ်အသင်း မန်နေဂျာဟောင်း ရာဖာ ဘင်နီးတက်ဇ်၊ လီဗာပူးလ် ကွင်းလယ်ကစားသမားဟောင်း ဒယ်နီ မာဖီနှင့် အာဆင်နယ်အသင်း တောင်ပံ ကစားသမားဟောင်း သီယို ဝဲလ်ကော့တ် တို့က BBC ရုပ်သံဌာနမှ တင်ဆက်သော ‘Match of the Day’ အစီအစဉ်မှတဆင့် ယခုလို သုံးသပ်သွားခဲ့သည်..။

မားကပ်စ် ချက်ပ်မန်း - လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းမှာ တိုးတက်လာတဲ့အရာတွေ အများကြီးမြင်တွေ့ခဲ့ရပါတယ်..။ ဒါပေမယ့် မနေ့ကပွဲမှာသူတို့ဟာ အသင်းတစ်သင်းအနေနဲ့ ဟန်ချက် (balance) ညီဖို့ နည်းနည်းလေး လိုနေသေးလားလို့..?

သီယို ဝဲလ်ကော့တ် - Yes.. မှန်ပါတယ်…။ လီဗာပူးလ်အသင်းနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် သူတို့ဟာ အသင်းတစ်သင်းအနေနဲ့ ကျစ်လျစ်စုစည်းမှု (structure)၊ ဟန်ချက်ညီမှု (balance) အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်..။ ချယ်လ်ဆီးဟာ အခုအချိန်ထိ တကယ့်ကို ကျစ်လျစ်တဲ့ အသင်းတစ်သင်း (team) အဖြစ် မရောက်လာသေးဘူးဗျ..။ အန်ဖီးလ် လို အဝေးကွင်းတွေကို သွားရောက်ယှဉ်ပြိုင်တဲ့အခါ ရဲရဲရင့်ရင့် တိုက်စစ်ဆင်ရဲဖို့ လိုအပ်ပါတယ်..။ ဒါပေမယ့် သူတို့ဟာ အရမ်းကိုရဲရင့်ခဲ့တာကြောင့် တိုက်စစ်ကျွံထွက်သွားပြီး ဟိုဘက်က အဝေးဘောနဲ့ တစ်ချက်ကန်တင်လိုက်တာနဲ့ ကိုယ့်ရဲ့ခံစစ်ကြောင်းမှာ အခုပူးတွဲပုံ (ပုံ- ၁) မှာ ပြထားတဲ့အတိုင်း 4 VS 3 အနေအထားတွေ ဖြစ်သွားပါတယ်..။



လီဗာပူးလ်အသင်းမှာ ပြိုင်ဘက်အသင်းရဲ့ အမှားသေးသေးလေးတစ်ချက်ကို ကောင်းကောင်းအသုံးချတတ်တဲ့ မိုဟာမက် ဆာလာ တို့လို ကစားသမားတွေ ရှိနေတာကြောင့် အဲဒီအနေအထားတွေဟာ ကိုယ့်အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲ..။ ဒါ့အပြင်ပြိုင်ဘက်အသင်းက fast break တွေနဲ့ ထိုးဖောက်တဲ့အချိန် ကွင်းလယ် ကစားသမားတွေဟာ နောက်ကိုအချိန်မှီ ပြန်မဆင်းနိုင်တောကြောင့် နောက်ကပြေးတက်လာတဲ့ ကားတစ်စ် ဂျုံးစ် တို့အတွက် ဂိုးဧရိယာထိပ်မှာ နေရာလွတ်တွေအများကြီး ရခဲ့ပါတယ်..(ပုံ- ၂)။



ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ပတ်သက်ရင် အားမရမိဆုံးအချက်က ခံစစ်ပိုင်းကူညီနိုင်ဖို့ နောက်ကိုပြန်ဆင်းတဲ့ လှုပ်ရှားမှုတွေ (recovery runs) အရမ်းကိုနှေးကွေးနေတာပါ..။ အဲဒီ off the ball လှုပ်ရှားမှုတွေမှာ နားလည်မှု အားနည်းတာကြောင့် အခုအောက်ကပူးတွဲပုံ (ပုံ- ၃) မှာ ပြထားတဲ့အတိုင်း နောက်တန်းနဲ့ ရှေ့တန်းကြားက ကွက်လပ်ကြီးဖြစ်နေပြီး အသင်းဟာ နှစ်ပိုင်းပြတ်နေတဲ့ အနေအထားတွေ မကြာခဏ မြင်တွေ့ခဲ့ရပါတယ်..။



ဒါ့ကြောင့် လီဗာပူးလ်အသင်းဟာ ခံစစ်ကြောင်းပေါ်ကို အဝေးဘောတွေ ပေးပို့ပြီး ပြန်ကျလာတဲ့ second ball တွေကို အသုံးချခဲ့တဲ့ နည်းဗျူဟာကို ပြန်လည်ပြောင်းလဲခဲ့ပါတယ်..။ အထူးသဖြင့် နောက်တန်းလူတွေရဲ့ ခံစစ်ကြောင်း နေရာယူမှုတွေဟာ အခုထက်ပိုပြီး ကျစ်လျစ်မှုရှိဖို့ လိုအပ်ခဲ့သလို အခုအောက်ကပူးတွဲပုံ (ပုံ- ၄) မှာ ပြထားတဲ့ လီဗာပူးလ်အသင်း ပင်နယ်တီရသွားတဲ့ ထိုးဖောက်မှုမှာဆိုရင် ကားတစ်စ် ဂျုံးစ် ဟာ ညာတောင်ပံက မို ဆာလာ ဆီ ဘောလုံးပေးပြီး ဂိုးဧရိယာထဲကို ပြေးတက်သွားတယ်..။ အဲဒီအချိန်မှာ ချယ်လ်ဆီးကွင်းလယ်က ကိုင်ဆီဒို နဲ့ ရိုမီယို လာဗီးယား တို့ရဲ့ recovery runs တွေဟာ နောက်ကျနေခဲ့တာကို တွေ့ရမှာပါ..။



ချယ်လ်ဆီးပရိသတ်တွေကတော့ ပင်နယ်တီမပေးသင့်ဘူးလို့ ငြင်းကြပေမယ့် ကိုးဝဲလ် ရဲ့ ဖျက်ထုတ်မှုဟာ ပင်နယ်တီပေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်..။ အခုအောက်ကပုံ (ပုံ- ၅) မှာ လီဗာပူးလ်အသင်းက အနိုင်ဂိုးရသွားတဲ့ ထိုးဖောက်မှုကို ပြသထားပါတယ်..။ ညာတောင်ပံက မို ဆာလာ ဆီ ဘောလုံးနဲ့အတူ အတွင်းကိုချိုးဝင်လာချိန်မှာ ချယ်လ်ဆီး ကစားသမားအားလုံးဟာ မို ဆာလာ နဲ့ ဘောလုံးကိုပဲ အာရုံစိုက်နေကြတယ်ဗျ..။

အတွင်းကိုဖြတ်ပြေးဝင်လာတဲ့ ကားတစ်စ် ဂျုံးစ် ကို ဘယ်သူကမှ သတိမထားမိကြဘူး..။ ရိစ် ဂျိမ်းစ် က သူ့ကိုတွေ့လိုက်ပေမယ့် ပြေးလိုက်ဖို့မစဉ်းစားပဲ လူကျွံဘောဖမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ တကယ်တော့ အတွင်းကိုဖြတ်ပြေးမယ့်သူကို ပိုပြီးအာရုံစိုက်ရမယ်လို့ ထင်မိပါတယ်..။ တစ်ယောက်နဲ့တစ်ယောက်ကြားက နားလည်မှုနဲ့ ဆက်သွယ်မှု (communication) ပိုင်းမှာ အားနည်းခဲ့တာပေါ့..။



ဒါပေမယ့် မို ဆာလာ ရဲ့ ပေးပို့မှုကို ကားတစ်စ် ဂျုံးစ် တစ်ချက်ထိန်းလိုက်ချိန်မှာ နည်းနည်းများသွား (heavy touch) ပါတယ်..။ အဲဒီနေရာမှာ ဂိုးသမားဟာ အခုထက်ပိုပြီး လျှင်မြန်ဖျက်လတ်ဖို့၊ အထွက်စောဖို့ လိုတာပေါ့..။ ဟိုဘက်ကစားသမား ဘောလုံးကိုထိန်းလိုက်ချိန်ကတည်းက ရဲရဲရင့်ရင့်နဲ့ ဝင်ဆွဲရမှာဗျာ..။ ဆန်းချက်ဇ် ဟာ အဲဒီလို အဝင်အထွက်ရဲတင်းတဲ့ ဂိုးသမားလို့ ကျွန်တော်မထင်မိပါဘူး..။

မားကပ်စ် ချက်ပ်မန်း - အင်းဗျ..။ ကျွန်တော်တို့ဟာ အသင်းရဲ့ဟန်ချက် (balance) ဆိုတဲ့ စကားလုံးကိုပဲ ဦးတည်၊ ဆွေးနွေးခဲ့ကြလို့ပါ..။ ဒါပေမယ့် အခုအောက်ကပူးတွဲပုံ (ပုံ- ၆) မှာ ပြထားတဲ့ အချက်အလက်တွေအရဆိုရင် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းဟာ ကျေနပ်ဖို့ကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်..။ သူတို့အနေနဲ့ အသင်းက တစ်ဦးချင်း အရည်အသွေးကောင်းမွန်တဲ့ တိုက်စစ်ကစားသမားတွေကို အစုအဖွဲ့ (unit) တစ်ခုအဖြစ် စုစည်းမှု၊ နားလည်မှု ပိုကောင်းလာအောင် လုပ်ဆောင်ပေးဖို့ပဲ လိုအပ်တော့တာ မဟုတ်ဘူးလား..? နောက်ထပ် တိုးတက်ဖို့ လိုအပ်တဲ့အချက်က နောက်တန်းခံစစ်ကြောင်းရဲ့ နေရာယူမှု၊ အတက်အဆင်း မှန်ကန်ဖို့ပဲ ဖြစ်မှာပါ..



သီယို ဝဲလ်ကော့တ် - သူတို့ဟာ ကိုယ်သန်ရာသန်ရာ တစ်ဦးချင်း တစ်ယောက်ချင်း ကစားနေသလို ဖြစ်နေပါတယ်..။ အသင်းတစ်သင်းအနေနဲ့ဆိုရင် တကယ့်ထိပ်တန်း အသင်းကြီးတစ်သင်းလို့ ပြောနိုင်ဖို့ နည်းနည်းလေး လိုအပ်နေပါသေးတယ်..။ ကစားသမားတိုင်းဟာ ကိုယ့်ရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကျတယ်ပေါ့ဗျာ..။ ဒါပေမယ့် အသင်းတစ်သင်းဆိုတာ တစ်ချို့တာဝန်တွေကို အတူတူပူးတွဲ တာဝန်ယူရတာပါ..။

ဒယ်နီ မာဖီ - အသင်းက အရမ်းငယ်နေသေးတာကိုးဗျ..။ ဒါ့ကြောင့်တခါတလေမှာ အချင်းချင်းကြားက နားလည်မှု (communication)၊ ဦးဆောင်မှုစွမ်းရည် (leadership) နဲ့ ပွဲရဲ့အခြေအနေအပေါ် လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်း (game management) တွေမှာ လိုအပ်ချက်တွေ ရှိဦးမှာပါ..။ အဲဒီအတွက် သမ္ဘာရင့်ကစားသမားတွေရှိရင် ကောင်းပါမယ်..။ အခုအသင်းဟာ အတွေ့အကြုံ အားနည်းလွန်းနေပါတယ်..။

မားကပ်စ် ချက်ပ်မန်း - နည်းပြအင်ဇို မာရက်စ်ကာ တာဝန်ယူတာ လပိုင်းပဲရှိနေပါသေးတယ်..။ ဒါ့ကြောင့်တကယ့်ကို ပြည့်စုံတဲ့ အသင်းတစ်သင်း ဖြစ်လာဖို့ အချိန်တစ်ခုတော့ ပေးရဦးမှာပေါ့..။

ရာဖာ ဘင်နီးတက်ဇ် - အနယ်အရပ်ရပ်၊ နိုင်ငံအသီးသီးက လာတဲ့ကစားသမားတွေကို တစုတစည်းထဲဖြစ်အောင် လုပ်နေရတာဆိုတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ အမှန်ပါပဲ..။ အန်ဖီးလ် လိုကွင်းမှာ ရဲရဲရင့်ရင့်နဲ့ တိုက်စစ်ဆင်ကစားခဲ့တဲ့ သူတို့ရဲ့ ခြေစွမ်းဟာ ချီးကျူးဖို့ ကောင်းပါတယ်..။ ဒါပေမယ့် သူတို့တွေဟာ ဆုဖလားတွေကို ဆွတ်ခူးနိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာချင်တယ်ဆိုရင် ခုနကကျွန်တော်တို့ပြောနေတဲ့ ‘ဟန်ချက် (balance)’ ကိုပဲ ပြန်ပြီးညွှန်းရပါမယ်..။ ခံစစ်ပိုင်းကာကွယ်မှုတွေ သေချာနေဖို့ လိုအပ်သလို တိုက်စစ်ပိုင်း ထိုးဖောက်မှုတွေ တိကျ၊ သေချာနေရပါမယ်..။ ဒီနေ့ပွဲစဉ်အချက်အလက်တွေအရဆိုရင် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းဟာ ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်..။ ဒါပေမယ့် ခံစစ်ပိုင်းကာကွယ်မှုတွေမှာ လုံလောက်နေပြီလို့ ပြောနိုင်ဖို့ မသေချာသေးပါဘူး..။